← Chapters

အပြင်ဘက်သို့ ထွက်ခြင်း

Vol. 015 Ch. 1416

အပြင်ဘက်သို့ ထွက်ခြင်း

Vol. 015 Ch. 1416

မှော်ဝိဇ္ဇာနှင့် နောက်ဆုံးတွေ့ခဲ့သူက ရီဖူရှင်း ဖြစ်နေခဲ့သည်မှာ အမှန်တကယ် မတော်တဆပေလော။

သူ့ကို အမှန်တကယ် မသိရှိသူဖြစ်ပါက သူ့တွင် အလွန် ပါရမီအရည်အချင်း ရှိနေလျှင်ပင် သူ့ကို မည်သည့် သံသယမှ ဝင်မည် မဟုတ်ပေ။ မှော်ဝိဇ္ဇာက အလွန် စွမ်းဆောင်နိုင်သော လူတစ်ယောက်ဖြစ်ပြီး နတ်ဆိုးဘုံတွင် အလွန် လေးစားခံရသူ ဖြစ်သည်။ မှော်ဝိဇ္ဇာသည် မယုံကြည်နိုင်လောက်သော ပါရမီရှင် အများအပြားနှင့် တွေ့ဆုံခဲ့ဖူးသည်။

သို့သော် ထိပ်တန်း နတ်ဆိုးသားရဲများသည်ပင် မှော်ဝိဇ္ဇာကို တွေ့ဆုံရန် ခက်ခဲလှပေသည်။

ထိုမှော်ဝိဇ္ဇာသည် သေချာပေါက် အလွန်အရည်အချင်း ရှိသည့် လူငယ်မျိုးဆက်များကြောင့် အသက်ကို စွန့်လွှတ်လိုက်ရန် ဆန္ဒရှိလိမ့်မည် မဟုတ်ပေ။

ထိုသည်က မတော်တဆသာ မဟုတ်ခဲ့လျှင် ရီဖူရှင်းသည် မျက်လုံးနှင့် မြင်နေရသည်ထက် ပိုမိုထူး​ခြားသည်ကို ပြသနေသော သက်သေပင် ဖြစ်သည်။

သူ့အကြောင်းနှင့် ပတ်သက်၍ ကြီးမားသော လျှို့ဝှက်ချက် ရှိနေလိမ့်မည် ဖြစ်ပြီး သူ့အတွက်နှင့် မှော်ဝိဇ္ဇာကို အသက်စွန့်သွားစေရန်ပင် စွမ်းဆောင်နိုင်သည်။

ရီဖူရှင်းသည် နတ်ဆင်အင်ပါယာထံသို့ ကြည့်လိုက်သည်။ သူသည် နတ်ဆင်အင်ပါယာက အပိုင်းအစလေးများစွာကို ချိတ်ဆက်၍ တွေးတောနိုင်သွား လိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။ အမှန်တွင် သူသည်လည်း မှော်ဝိဇ္ဇာက မည်သည့်အတွက် ထိုသို့ လုပ်ဆောင် သွားခဲ့သည်ကို ယခုထိ သိရှိခဲ့ခြင်းမရှိပေ။

“ကျွန်တော့်မှာ ဘယ်အရာကိုမဆို နားလည် သဘောပေါက်နိုင်တဲ့ အထူးစွမ်းရည် တချို့ရှိတယ်။ ပြီးတော့ ကျွန်တော်က မှော်ဝိဇ္ဇာနဲ့ နောက်ဆုံးတွေ့ခဲ့တဲ့ လူဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ မှော်ဝိဇ္ဇာက ကျွန်တော့်ကို ဒီအတိုင်းပဲ တစ်ချက် ကြည့်ပြီးတော့ ထွက်သွားခိုင်းလို့ နန်းတော်အပြင်ဘက်ကို ထွက်လာခဲ့တယ်။ ဘယ်လိုကြောင့် မှော်ဝိဇ္ဇာ သေဆုံးသွားလဲ ဆိုတာတော့ ကျွန်တော်လည်း သိပ်မရှင်းလှဘူး” ရီဖူရှင်းက ရှင်းပြလိုက်သည်။

သူက အမှန်ကို ပြောနေခြင်း ဖြစ်၏။

နတ်ဆင်အင်ပါယာက ဖြည်းညင်းစွာ ခေါင်းညိတ် လိုက်သော်လည်း သူက ရီဖူရှင်း၏ နားလည် သဘောပေါက်နိုင်စွမ်းနှင့် ပတ်သက်နေသည်လား အံ့သြနေမိသည်။

တစ်ချက်ကြည့်ရုံမျှဖြင့် နတ်ဆင်ခြေလှမ်း ကောင်းကင်ချနင်းကို နားလည်သဘောပေါက်၍ သင်ယူနိုင်စွမ်းမှာ မည်သို့သော အရည်အချင်းမျိုးနည်း။

ပုံမှန်ဆိုလျှင် ရီဖူရှင်းကဲ့သို့ အဆင့်ကို တိုက်ခိုက်ရန် ထိုမျှ ကောင်းမွန်သည့် အဓိက တိုက်ကွက်အချို့ကို အသုံးပြုရန် မထိုက်တန်ပေ။ နတ်ဆင်ကလန်မှ သူများပင်လျှင် သူတို့၏ စွမ်းရည်များ မနိုးထခင်တွင် ထိုနည်းစနစ်များကို သဘောပေါက် နားလည်နိုင်ရန် အချိန်အများကြီး ယူရပေသည်။

ရီဖူရှင်းသည် ရှန့်ထိုအဆင့်သာ ဖြစ်သည့်အတွက် သူ့တွင် မဟာလမ်းစဉ် သဘောပေါက်မှုက ထိုမျှထိ မြင့်မားလိမ့်ဦးမည် မဟုတ်ပေ။

ထို့ပြင် လူဝံမျိုးနွယ်၏ နှင်တံနည်းစနစ်သည် နတ်ဆိုးဘုံမှ ယခင် မိတ်ဆွေဟောင်းကြီးအား အမှတ်ရစေသည်။

သူသည် ထိုမိတ်ဆွေနှင့် ယခင်နှစ်များစွာက တစ်ကြိမ် တိုက်ခိုက်ခဲ့ဖူးသည့် အတွက် ထိုနှင်တံနည်းစနစ်နှင့် အလွန်ရင်းနှီးနေပေသည်။ ရီဖူရှင်း၏ နှင်တံနည်းစနစ်သည် အနည်းငယ် ကွဲပြားမှု ရှိနေသော်လည်း သူ ထိုနှစ်က မြင်တွေ့ဖူးခဲ့သော နည်းစနစ်များ ပေါင်းစပ် ပါဝင်နေသည် ဖြစ်ရာ နတ်ဆင်အင်ပါယာက ထိုနည်းစနစ်များကို ရင်းနှီးသလို ခံစားနေရသည်မှာ ထူးဆန်းခြင်းမရှိပေ။

ထိုသို့ ဆက်စပ်မှုများကို ပြုလုပ်ကြည့်သည့်အခါ ရီဖူရှင်းသည် သူ ပြောနိုင်သည်ထက် ပို၍ ထူးခြားပေလိမ့်မည်။

ရီဖူရှင်းသည် နတ်ဆင်ခြေလှမ်း ကောင်းကင်ချနင်းကို ချက်ချင်း အသုံးချနိုင်စွမ်း မရှိခဲ့လျှင်ပင် နတ်ဆင်အင်ပါယာက ထိုသည်ကို စိတ်ထဲထားလိမ့်မည် မဟုတ်ပေ။

သို့သော် သူက အရာအားလုံးကို ဆက်စပ် ကြည့်ပြီးသည့်အခါ သူက တစ်ခုခုကို ခပ်ရေးရေး ခံစားလာမိပေသည်။

“အကုန်လုံး ခေါင်းကိုက်စရာပါလား”

နတ်ဆင်အင်ပါယာက ရေရွတ်လိုက်သည်။ နတ်ဆင်တန်ခိုးရှင်များက စွမ်းအား အသုံးပြုခြင်းတွင် အစွမ်းထက် အကျွမ်းကျင်ဆုံး ဖြစ်သော်လည်း သူတို့က စဥ်းစား တွေးတောရခြင်းကို မနှစ်သက်ကြပေ။

အင်ပါယာသည် ခန့်မှန်းတွေးတောရသည်ကို ပင်ပန်းသွားလေသည်။

သူ ခန့်မှန်းသည်ကသာ အမှန်တကယ် ဖြစ်ပါက မှော်ဝိဇ္ဇာသည်ပင် လျှို့ဝှက်ချက်ကို မဖော်ထုတ်ဘဲ အသက်ကို စွန့်လွှတ်ရန် ရွေးချယ်ခဲ့သည် ဖြစ်ရာ သူက ထိုပြဿနာကို အစဆွဲထုတ်၍ သိလာလျှင်လည်း ကောင်းသည့်အရာ မည်သည်မှ ဖြစ်လာလိမ့်မည် မဟုတ်သည်ကို သူ သိရှိပေသည်။

“နတ်ဆင်တွေက ပြိုင်ဘက်ကင်း ခွန်အား ရှိတယ်။ အရမ်းမြင့်တဲ့ ကျင့်ကြံဆင့်တွေကို ရောက်တဲ့အခါ ကျုပ်တို့ အနီးမှာ ရှိတဲ့ မဟာလမ်းစဥ်စွမ်းအား အားလုံးကို ဖိနှိပ်နိုင်တယ်။ အရပ်ဆယ်မျက်နှာ နတ်ဆင်အင်ပါယာက လွန်ခဲ့တဲ့ နှစ်များစွာကတည်းက ကောင်းကင်လမ်းစဥ်ကို ချဥ်းကပ်နိုင်ခဲ့ပြီး ခြေတစ်ချက်နင်းရုံနဲ့ တလောကလုံးကို ဖိနှိပ်နိုင်စွမ်း ရှိတယ်။ မင်းက ကျုပ်တို့ နတ်ဆင်ကလန်ရဲ့ အထွတ်အမြတ် ဘိုးဘေး အရပ်ဆယ်မျက်နှာ နတ်ဆင်အင်ပါယာရဲ့ အရိုးကို ပေါင်းစပ်နိုင်ခဲ့ပြီး အဲဒီကနေ သင်ယူနိုင်ခဲ့တဲ့အတွက် မင်းက နတ်ဆင်ကလန်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်သွားပြီလို့ ပြောနိုင်တယ်”

နတ်ဆင်အင်ပါယာက ယခင်ကိစ္စရပ်များ အပေါ်တွင် နှိုက်နှိုက်ချွတ်ချွတ် မမေးမြန်းတော့ဘဲ ရီဖူရှင်းကို ပြောလိုက်သည်။ ထိုပေါ့ပါးသွားသည့် ဖိအားက ရီဖူရှင်းကို သက်သောင့်သက်သာ ခံစားသွားရစေသည်။

နတ်ဆင်အင်ပါယာက ထိုမေးခွန်းများကို မေးမြန်းရန် ရည်ရွယ်ချက် မရှိတော့ပုံ ရလေသည်။

ယခု သူတို့သည် နတ်ဆင်တို့၏ ပိုင်နက်တွင် ရှိနေပြီး နတ်ဆင်အင်ပါယာက တစ်စုံတစ်ခုအား အတင်းအကျပ် သိလိုပါက ဖုံးကွယ်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။

“နတ်ဆိုးကလန်တွေရဲ့ စွမ်းအားတွေ အားလုံးက ဖိနှိပ်နိုင်စွမ်းပြီး အရမ်း အစွမ်းထက်တယ်။ အရိုးကိုသန့်စင်တဲ့ နည်းလမ်းကလည်း နတ်ဆက်ကလန်ရဲ့ စွမ်းရည်တွေထဲက တစ်ခု ဖြစ်တယ်။ တခြားထက် နတ်ဆင်ခြေလှမ်း ကောင်းကင်ချနင်းက အဓိက တိုက်ခိုက်ရေး နည်းစနစ်တစ်ခု ဖြစ်ပြီးတော့ နောက်ထပ် စွမ်းရည်တစ်ခုကိုတော့ နတ်ဆင်လေဟာနယ်ခွဲ လက်သီးလို့ ခေါ်တယ်။ အဲဒီ တိုက်ခိုက်မှုစနစ်က အရမ်း ပြည့်ဝတဲ့ စွမ်းရည်နဲ့ အသုံးချနိုင်တယ်။ ရှေးတုန်းက ထိပ်တန်း နတ်ဆိုးကလန်တွေ အချင်းချင်း စစ်ပွဲဖြစ်ခဲ့တဲ့ အချိန်မှာ သူတို့ အားလုံး အထူးစွမ်းရည်တွေ ရှိကြတယ်။ ဥပမာဆိုရင် ကျုပ်တို့ နတ်ဆက်ကလန်က ဖိနှိပ်နိုင်တဲ့ စွမ်းအားလမ်းစဥ်တွေမှာ ကျွမ်းကျင်ပြီး ခွန်ပန်နဲ့ ဧရာမငှက်ကြီးတွေ ဆိုရင် ပြိုင်ဘက်ကင်း အမြန်နှုန်းကို ကျွမ်းကျင်တဲ့ နတ်ဆိုးသားရဲတွေ ဖြစ်တယ်။ ထိပ်တိုက်ရင်ဆိုင်တဲ့ အချိန်မှာ သူတို့က ဘယ်တော့မှ အရေးမသာဘဲ မနေခဲ့ဘူး”

ထို့နောက် အင်ပါယာက ဆက်ပြောလိုက်သည်။

“ကျုပ်တို့ နတ်ဆင်တွေက အဲဒီ အစွမ်းထက် ဖိနှိပ်နိုင်တဲ့ နည်းစနစ် နတ်ဆင်လေဟာနယ်ခွဲ လက်သီးကို တီထွင်ခဲ့တယ်။ အဲဒီနည်းစနစ်ကို သုံးရင် အလွန် ပြင်းထန်သည့် စွမ်းအားကို ဖော်ထုတ်ပြီး ဖိနှိပ်နိုင်တယ်။ လက်သီး တစ်ချက်တည်းနဲ့ပဲ လေဟာနယ်စွမ်းအားကို ဖြိုခွဲနိုင်ပြီးတော့ ကျယ်ပြောတဲ့ နေရာတစ်ခုလုံးကို ဖိနှိပ်နိုင်တယ်။ အခု ကျုပ် မင်းကို အဲဒါ သင်ပေးမယ်”

ရီဖူရှင်းက နတ်ဆင်အင်ပါယာကို အံ့အားသင့်သည့် ပုံစံနှင့် ကြည့်လိုက်သည်။ ထိုသည်က နတ်ဆင်တို့၏ အစွမ်းထက်ဆုံး တိုက်ခိုက်မှုများထဲမှ တစ်ခုဖြစ်ပြီး သူက ထိုသို့ သင်ကြားပေး၍လည်း ဖြစ်နိုင်သည်လား အံ့အားသင့်မိသည်။

“ဒါပေမဲ့ မင်း တစ်နေ့မှာ အရပ်ဆယ်မျက်နှာ နတ်ဆင်အင်ပါယာရဲ့ အရိုးကို မလိုအပ်တော့ရင် နတ်ဆင်ကလန်ကို ပြန်ပေးစေချင်တယ်” နတ်ဆင်အင်ပါယာက ဆက်ပြောလိုက်သည်။

“ကျွန်တော် အဲဒီလို လုပ်ပါ့မယ်” ရီဖူရှင်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။

သူ ပြောပြီးသည်နှင့် အလွန် အစွမ်းထက်သော အရှိန်အဝါတို့ ထွက်ပေါ်လာသည်။ သူက သီးခြား လေဟာနယ်အတွင်း ရပ်တည်နေသကဲ့သို့ ဖြစ်သွားပေသည်။

အင်ပါယာသည် သူ့အရှေ့တွင် ရပ်နေသည်။ ကြောက်မက်ဖွယ် ဖိအားက နေရာတစ်ခုလုံးကို လွှမ်းခြုံထားပြီး ထောင်ချီနေသည့် နတ်ဆင်ပုံရိပ်များက ထိုအင်ပါယာ၏ အနီးတွင် ပေါ်ပေါက်လာသည်။ ထိုအရိပ်များသည် အင်ပါယာနှင့် ပေါင်းစပ်သွားသည်ဟု ထင်မှတ်ရပေသည်။ အားလုံးသော စွမ်းအားများက သူ့ဆီသို့သာ ပေါင်းစပ်လာပေသည်။ အင်ပါယာက သူ၏ လက်သီးကို ဆုပ်လိုက်သည့်အခါ ပြင်းထန်သည့် စွမ်းအားများ ထွက်ပေါ်လာ၏။

ကြောက်မက်ဖွယ် စွမ်းအားလေပွေက နတ်ဆင်အင်ပါယာ၏ လက်အရှေ့တွင် ပေါ်ပေါက်လာသည်ဟု ထင်မှတ်ရသည်။ သူတို့၏ ဝန်းကျင်သည် မွန်းကျပ်သည့် စွမ်းအားများနှင့် ပြည့်နှက်လာသလို ခံစားရပေသည်။ ထို့​နောက် အင်ပါယာက ရှေ့သို့ လှမ်းကာ လက်ကို ဆန့်ထုတ်၍ လက်သီးကို ပစ်လွှတ်လိုက်သည်။

ဘုန်း ...

ချောက်ချားဖွယ် တုန်ခါသံများကို ကြားလိုက်ရသည်။ သူတို့ အနီးရှိ လေဟာနယ်က အားလုံး ပျက်စီးသွားသကဲ့သို့ မိုးကြိုးကဲ့သို့ တိုက်ခိုက်မှုအသံများကို ဖြစ်ပေါ်လာစေသည်။

ထို့နောက် သူက လက်သီးကို ပြန်ရုပ်ကာ ရီဖူရှင်းကို မေးလိုက်သည်

“မင်း အဲဒါကို နားလည်ရဲ့လား”

“ကျွန်တော် နားမလည်ဘူး”

ရီဖူရှင်းက ခေါင်းခါလိုက်သည်။ အင်ပါယာ၏ အဆင့်က အလွန် မြင့်လွန်း လှသည်။ သူရရှိထားသည့် စိတ်အခြေအနေကြောင့် သူတိုက်ခိုက်သည့်အခါ ရီဖူရှင်းက လွယ်လွယ်ကူကူ သဘောပေါက်နိုင်မည် မဟုတ်ပေ။

အင်ပါယာက မည်သည့်စကားမှ မဆိုဘဲ သူ့ကို ထပ်မံ ပြသပေးလေသည်။

အင်ပါယာက ခဏအကြာတွင် နတ်ဆင်ခြေလှမ်း ကောင်းကင်ချနင်း ကိုပါ ပြန်လည်ပြသ ပေးခဲ့သည်။ ရီဖူရှင်း ရှန်းမန်ဆန်းစစ်ခြင်းမှ ရရှိခဲ့သည့် တစ်ခုနှင့် အင်ပါယာ ပြန်လည် ပြသပေးသော တိုက်ခိုက်မှုက ကွဲပြားခြားနားမှု ရှိပေသည်။ အင်ပါယာက ထိုတိုက်ခိုက်မှုကို အသုံးပြုသည့်အခါ သူ၏ စိတ်အခြေအနေကိုပါ ပေါင်းစပ်လိုက်သည့်အခါ လှုပ်ရှားမှုသည် ပို၍ ပြင်းထန်ကာ အစွမ်းထက် လာခဲ့သည်။

ရီဖူရှင်းသည် ထိုတိုက်ခိုက်မှုကို နားလည် သဘောပေါက်သော်လည်း ကျွမ်းကျင်မှုကတော့ လိုအပ်နေသေးကာ ထပ်၍ လေ့လာရန် လိုအပ်ပေသည်။ သူသည် တိုက်ခိုက်မှုသည် ရှန်းမန်မှ အခြေခံထားသည့်အတွက် ရှန်းမန်နှင့် အတူညီဆုံး ဖြစ်ပေသည်။

သို့သော်လည်း ထိုသို့သော အဓိက တိုက်ခိုက်ရေး နည်းလမ်းမှာ တစ်စုံတစ်ယောက်၏ ကျင့်ကြံဆင့်ထက် မြင့်မားသည့် ခွန်အားကို ထုတ်ဖော်ပေးနိုင်သည်။

***

အချိန်က ကုန်လွန်သွားပြီး နတ်ဆိုးဘုံမှ များပြားလှသော တန်ခိုးရှင်များလည်း မူလတောင်တန်းသို့ တစ်ဖန် ဝင်ရောက်လာပြန်သည်။ သို့သော် မူလတောင်တန်းသည် သာမန်နေရာတစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်တာကြောင့် နတ်ဆိုးအားလုံးတို့က စိတ်ပျက်ကာ ပြန်လည်ထွက်ခွာ သွားကြလေသည်။

ထိုမုန်တိုင်းက ​ပြီးဆုံးသွားသော်လည်း ထိုကိစ္စ၏ အကျိုးသက်ရောက်မှုက ကောင်းကင်အာဏာစက်ဘုံမှ လူသားတန်ခိုးရှင်များ သာမက နတ်ဆိုးသားရဲများ အပေါ်တွင်ပါ ဆက်လက် သက်ရောက်ဆဲ ဖြစ်သည်။

ကောင်းကင်အာဏာစက် ပြည်ထောင်၏ အသက်ဆယ့်ရှစ်နှစ်၌ အိမ်ရှေ့စံ ဖြစ်လာသော ပါရမီရှင်တစ်ဦးသည် ဆက်လက်ကျင့်ကြံရန် လောကအတွင်း လှည့်လည် သွားလာပြီး အလွန် ထက်မြက်လှသော အစွမ်းနှင့် ပြည်ထောင်အတွင်းမှ ပြန်လည်မွေးဖွားခြင်းအဆင့် အများအပြားကို အနိုင်ရခဲ့သည်။ သူသည် ကြီးမြတ်သူတစ်ဦး ဖြစ်လာရန် မွေးဖွားလာသည်ဟု ချီးမြှောက်ခံရကာ သူက ရန်ဟောင်အဆင့် အထွတ်အထိပ်သို့ ရောက်ရှိ၍ ပြည်ထောင်၏ ဆက်ခံသူ ဖြစ်လာမည်ဟု ဆိုကြသည်။

ကောင်းကင်အာဏာစက်ဘုံ၏ အိမ်ရှေ့စံသည် လောကအတွင်း လှည့်လည်သွားလာ၍ အတော်လေး လှုပ်ခတ်စေခဲ့ကာ သူက ဂူထျန်းရှင်း ဖန်တီးခဲ့သော အမြင့်ဆုံး ပါရမီရှင်နှင့် ထိပ်တိုက်တွေ့နိုင်သူ ဖြစ်လာမည်လား လူအများက သိချင်နေကြ၏။

နောက်ပိုင်း ထွက်လာသည့် သတင်းများအရ ကောင်းကင်အာဏာစက်ဘုံ၏ အိမ်ရှေ့စံသည် ဗြဟ္မာ့သန့်စင် ကောင်းကင်သို့ သွားရောက် လည်ပတ်ခဲ့ပြီး ထိုနေရာမှ အချို့သော သမီးတော်များနှင့် ပတ်သက် သိကျွမ်းခဲ့သည်။ သို့သော် သူတို့သည် ပတ်သက်မှုကို ခိုင်မြဲလာအောင် မလုပ်ဆောင်နိုင်ရသေးခင် အိမ်ရှေ့စံက နံပါတ်တစ် သမီးတော် ချင်ဟယ်ကို မျက်စိကျသွားသည်ဟု ဆိုကြလေသည်။

ကောင်းကင်အာဏာစက်ဘုံသည် အိမ်ရှေ့စံကို ချင်ဟယ်နှင့် စုံဖက်မိသွားစေရန် ရည်ရွယ်နေပုံရသည်။

ထိုသည်မှာ ဂူထျန်းရှင်းကို ရင်ဆိုင်ရန် တစ်ခုခုအား လုပ်ဆောင်သည်ဟု ထင်မှတ်ရသည်။ ဂူထျန်းရှင်းသည် ဂူတုံးလျှိုကို ဗြဟ္မာ့သန့်စင်ကောင်းကင်မှ နတ်မိမယ်များနှင့် လက်ထပ်စေပြီး မဟာမိတ်များ ဖြစ်လာရန် ပြောခဲ့သည်။

ကောင်းကင်အာဏာစက်ဘုံသည် ထိုသည်ကို အခွင့်အရေးယူကာ ဗြဟ္မာ့သန့်စင် ကောင်းကင်နှင့် ပထမဆုံး မဟာမိတ်ဖြစ်ခွင့် ရလာရန် လုပ်ဆောင်နေသည်ဟု ဆိုနိုင်ပေသည်။

သို့ရာတွင် ဗြဟ္မာ့သန့်စင် ကောင်းကင်၏ နတ်မိမယ်က လက်ထပ်ဖို့ရာ အလွယ်တကူ သဘောတူရန် အကြောင်းမရှိပေ။

ထို့ကြောင့် ဤကိစ္စကို ဖြေရှင်းရန်မှာ အချိန်လိုအပ်ပေသည်။ ထိုသည်က ကောင်းကင်အာဏာစက် ပြည်ထောင်၏ ရည်ရွယ်ချက် သက်သက်သာ ဖြစ်ပေသည်။

သူတို့သာလျှင် တစ်ခုခု လုပ်ဆောင်ရန် ကြိုးစားနေကြသည် မဟုတ်ဘဲ အခြားသော ထိပ်သီးအင်အားစုမှ တန်ခိုးရှင်များသည်လည်း မူလတောင်တန်းမှ ပြန်လာပြီး ကတည်းက လှုပ်ရှားနေကြသည်။ လူတိုင်းသည် အနာဂတ်အတွက် ပြင်ဆင်နေကြခြင်း ဖြစ်ပေသည်။

ပိုပြီး ထိတ်လန့်ဖွယ် ကောင်းသည့် သတင်းအား မကြာခင်၌ ကြားလိုက်ကြရပေသည်။ ခရမ်းရင့်ကောင်းကင် နန်းတော်သည် ကောင်းကင်အာဏာစက်ဘုံ တစ်ခွင်မှ တန်ခိုးရှင်များကို စုစည်းပြီး မိုးကြိုးလမ်းစဥ် ကျင့်ကြံသူများထဲမှ အရည်အချင်းရှိသူတို့ကို စုစည်းစေ၍ စားသောက်ပွဲ ကျင်းပခဲ့သည်။

ထိုအချိန်၌ မိုးကြိုးလမ်းစဥ် ဒဏ္ဍာရီရှစ်ခု အင်အားစုများမှ ကျင်းပသည့် ရွေးချယ်ပွဲထက် ကောင်းကင်အာဏာစက်ဘုံ တစ်ခွင်မှ တန်ခိုးရှင်တိုင်းကို ပါဝင်ရန် ခွင့်ပြုပေးခဲ့သည်။ ထို့ပြင်ကောင်းကင် အာဏာစက်ဘုံရှိ ထိပ်တန်း အင်အားစုများကိုလည်း ဖိတ်ကြားခဲ့၏။

ပြောကြသည်မှာ ခရမ်းရင့်ကောင်းကင် နန်းတော်သည် အစွမ်းထက်ဆုံး မိုးကြိုးလမ်းစဥ်တို့ကို အမှန်တကယ် ဖြန့်ဝေပေးရန် ပြင်ဆင်နေခဲ့ပြီး နန်းတော်သခင်၏ ကိုယ်ရေးတပည့် ဖြစ်လာနိုင်သူများကို ချက်ချင်း ရွေးချယ်နေသည်ဟု ဆိုပေသည်။ အားလုံးသော ထိပ်သီးပုဂ္ဂိုလ်များသည် တစ်ယောက်ပြီး တစ်ယောက် အလွန်ထူးချွန်သည့် အနာဂတ် မျိုးဆက်သစ်များကို စတင်ရှာဖွေ နေကြပေသည်။

လူတိုင်းသည် ထိုသို့ သတင်းမျိုး ထွက်ပေါ်လာစေသည့် အခြေအနေကို ခန့်မှန်းကြည့်နိုင်ကြသည်။ ပုံမှန်နေ့ရက်များတွင် ခရမ်းရင့်ကောင်းကင် နန်းတော်မှ နန်းတော်သခင်ကဲ့သို့ အလွန်မြင့်မားသော အဆင့်အတန်းရှိ လူတစ်ယောက်ကို ထိုသူများက တွေ့ဆုံနိုင်ရန် အခွင့်အရေးပင် ရလိမ့်မည် မဟုတ်ပေ။

မရေတွက်နိုင်သည့် ရည်မှန်းချက်ကြီးသော တန်ခိုးရှင်များမှာ ​ထိုအခမ်းအနားကို တက်ရောက်ကြပြီး ခရမ်းရင့်ကောင်းကင် နန်းတော်သို့ ရောက်ရှိလာကြသည်။

ထိုသတင်းသည် ကောင်းကင်အာဏာစက်ဘုံ၏ လူသား တန်ခိုးရှင်များကိုသာ သက်ရောက်စေသည် မဟုတ်ဘဲ နတ်ဆိုးဘုံကိုပါ ကြီးစွာ လှုပ်ခတ် သွားစေသည်။ များပြားလှသည့် ကျော်ကြားသော ထိပ်တန်း အင်အားစုများမှ တန်ခိုးရှင်များသည် အပြင်ဘက်သို့ အရဲစွန့်၍ လူသားတန်ခိုးရှင် လောကကို သွားရောက်ရန် ပြင်ဆင်နေကြတော့သည်။

ကောင်းကင်အာဏာစက်ဘုံ တစ်ခွင်မှ မရေတွက်နိုင်သည့် တန်ခိုးရှင်များမှာ ခရမ်းရင့်ကောင်းကင် နန်းတော်မှ ကျင်းပသော အခမ်းအနားကို မျက်မြင်တွေ့ရန် ဖိတ်ကြားခံရပေသည်။

ခရမ်းရင့်ကောင်းကင် နန်းတော်မှ အခမ်းအနားကြီးကို ကျင်းပသည့်အခါ ရီဖူရှင်းနှင့် သူ့လူများမှာ နတ်ဆင်နယ်မြေမှ ကောင်းကင်နတ်ဆိုးမြို့သို့ ရောက်ရှိနေကြသည်။ ထို့နောက် သူတို့သည် ကောင်းကင်နတ်ဆိုးမြို့၏ နတ်ဆိုးအင်ပါယာ နန်းတော်သို့ သွားရောက်ခဲ့ကြသည်။

နတ်ဆိုးအင်ပါယာ ကျူးယန့်သည် သူတို့ကို လူကိုယ်တိုင် လက်ခံတွေ့ဆုံခဲ့သည်။ ထို့နောက် ကျူးယန့်သည် ရီဖူရှင်းနောက်မှ လူများကို ​ကြည့်လိုက်လျှင် နတ်ဆင်ကလန်မှ လူများလည်း အတူရောက်ရှိ လာသည်ကို အံ့အားသင့်ဖွယ် တွေ့ခဲ့ရသည်။ သူက ပြုံးပြုံးရွှင်ရွှင်နှင့် မေးလိုက်သည်။

“ကြည့်ရတာ မင်း နတ်ဆင်အင်ပါယာဆီက ခွင့်ပြုချက် ရခဲ့ပြီ ထင်တယ်”

“ကျွန်တော် ဒီကို လာတာ ကျေးဇူးတင်ချင်လို့ပါ စီနီယာ”

ရီဖူရှင်းက အရိုအသေပေးရင်း ပြောလိုက်သည်။ ကျူးယန့်သာ သူတို့အတွက် စကားမပြောပေးခဲ့လျှင် ကိစ္စများက မတူညီစွာ အဆုံးသတ် သွားနိုင်ပေသည်။

“ဒါက ပြောပရလောက်အောင် မခက်ခဲပါဘူး။ နတ်ဆင်အင်ပါယာက ​ကျုပ်ရဲ့ စီနီယာ တစ်ယောက်ပါပဲ။ ဒါကြောင့် သူ့စိတ်နဲ့သူ ရှိတယ်။ ကျုပ်ပြောတဲ့ ဘယ်စကားကမှ သူ့ကို ပြောင်းလဲစေနိုင်မှာ မဟုတ်ဘူး။ မင်းကသာ နတ်ဆင်တွေရဲ့ ဘိုဘေးအရိုးကို ဆက်ခံနိုင်လို့ သူတို့နဲ့ ရေစက်ကို တည်ဆောက်နိုင်ခဲ့တာပါ။ အဲဒါကြောင့် မင်း ကိုယ့်ကိုယ်ကိုယ်ပဲ ကျေးဇူးတင်သင့်တယ်” ကျူးယန့်က လက်ကို ယမ်းကာ ပြောလိုက်သည်။ သူက ထိုအရိုးကို ရရှိခဲ့စဥ်က မည်သည့် အရာကိုမှ ဖော်ထုတ်နိုင်ခြင်းမရှိခဲ့ပေ။

ရီဖူရှင်းကသာ ကိုယ်တိုက် အခြေအနေကို ပြောင်းပြန်လှန်ပစ်ခဲ့ခြင်း ဖြစ်ပေသည်။

“ကိုယ့်အိမ်လိုသာ သဘောထားပြီးနေ”

ကျူးယန့်က ထိုသို့ ပြောပြီးနောက် ထွက်ခွာသွားလေသည်။ ရီဖူရှင်းက ကျူးကျောက်ကို ကြည့်ကာ ပြောလိုက်သည်။

“အခုတလော ဘာတွေများ ဖြစ်နေသေးလဲ။ ကျွန်တော့် အစ်ကိုနဲ့ ပတ်သက်ပြီးတော့ရော သတင်းများ ကြားသေးလား”

“ကောင်းကင်အာဏာစက်ဘုံက ဒီတစ်လော သက်ဝင်လှုပ်ရှားနေတယ်။ ကြည့်ရတာ မင်းရဲ့ အစ်ကိုကို ဂူထျန်းရှင်း လုပ်ပေးခဲ့တာက အဲဒီထိပ်တန်း ပုဂ္ဂိုလ်တွေကို ငြိမ်ငြိမ်ထိုင် မနေနိုင်အောင် လုပ်လိုက်ပုံပဲ။ အင်အားစုအားလုံးက ပါရမီရှင်တွေ အခု လောကတစ်ခွင်မှာ လှည့်လည်ကျင့်ကြံဖို့ အပြင်ထွက်လာကြတယ်။ ခရမ်းရင့်ကောင်းကင် နန်းတော်ကလည်း အခု အခမ်းအနားကြီးတစ်ခု ကျင်းပပြီး ကောင်းကင်အာဏာစက်ဘုံက မရေတွက်နိုင်တဲ့ တန်ခိုးရှင်တွေကို စုစည်းထားတယ်။ အဲဒီကို နတ်ဆိုးဘုံက နတ်ဆိုးသားရဲတွေတောင်မှ တက်ရောက်လိမ့်မယ်”

ကျူးကျောက်က ရှင်းပြလိုက်သည်။

“မင်းရဲ့ အစ်ကိုကတော့ ကောင်းကင်နတ်တံခါးဂိုဏ်းက လူတွေ ခေါ်ဆောင်သွားခဲ့ပြီး ဘာတွေ ဖြစ်သွားလဲဆိုတာ သေချာမသိဘူး”

ရီဖူရှင်းက ခေါင်းညိတ်လိုက်လျှင် ကျူးကျောက်က မေးလိုက်သည်။

“ဒါဆို မင်းရော နတ်ဆိုးဘုံမှာ နေပြီး ကျင့်ကြံဖို့ အစီအစဥ်လေးများ မရှိဘူးလား။ မဟုတ်ရင် အဲဒီကို ပြန်သွားမှာလား”

“အဲဒီကို ပြန်သွားမယ်” ရီဖူရှင်းက ပြောလိုက်သည်။

“ကျုပ်လည်း အဲဒီကို သွားမလို့ စိတ်ကူးနေတာ။ အတူတူ သွားကြတာပေါ့”

ကျူးကျောက်က ပြောလိုက်သည်။ သူက လူသားတန်ခိုးရှင် လောကသို့ ဟိုးတုန်းကတည်းကပင် သွားကြည့်ချင်နေခဲ့ခြင်း ဖြစ်ပေသည်။

***

All Chapters