မှောင်မိုက်သောအသံမဲ့တောကို ဖြတ်သန်းခြင်း
Vol. 32 Ch. 612
လဝက်ကြာပြီးနောက်၊ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က အရှေ့ပိုင်းနယ်နိမိတ်ကို ဖြတ်သန်းသွားကာ လူနေကင်းမဲ့သောမြေရိုင်းသို့ ရောက်သွားလေသည်။
ရှန်းရူယန်က၊ “ယောက်ျား၊ အကယ်၍ ကျွန်မတို့ ရှေ့ဆက်သွားရင် အသံမဲ့တောကိုရောက်ပြီ။
ကျွန်မတို့နှစ်ယောက်လုံး ကျွန်မတို့ရဲ့ ဆဠမအာရုံကို ပိတ်ပြီး သစ်တောထဲဖြတ်သွားဖို့ မတွေဝေ မယိမ်းယိုင်သောစိတ် ရှိဖို့လိုအပ်တယ်။
အဲ့လိုလုပ်မှသာ ကျွန်မတို့ အသံမဲ့တောထဲကနေ အမြန်ဆုံးနဲ့ အလုံခြုံဆုံးဖြတ်သွားနိုင်မှာဖြစ်တယ်။”
ထိုနည်းလမ်းသည် တကယ်ပင် အလုံခြုံဆုံးနှင့် အမြန်ဆုံးနည်းလမ်းပင် ဖြစ်သည်။
ထိုခရီးအတွက်အဓိကအချက်မှာ သတ္တိကို ထိန်းသိမ်းထားရန်သာ ဖြစ်သည်။ ရှန်းရူယန်၏ယခင်ရှေ့ဘဝတွင် ထိုနည်းလမ်းကိုသိကြသူမှာ များပြားသော်လည်း ကြိုးစားကြည့်သူမှာ အနည်းငယ်သာဖြစ်သည်။
အဆုံး၌ အသံမဲ့တောမှာ အလွန်ကျယ်ပြောကာ အရှိန်အပြည့်နှင့်ပင်လျှင် ထိုနေရာကိုဖြတ်ရန် အနည်းဆုံးတစ်လကြာမည်ဖြစ်သည်။
ထိုကဲ့သို့ အသံ၊ အနံ့၊ အထိအတွေ့တို့ ကင်းမဲ့ကာ အမှောင်ထုအပြည့် ဖုံးလွမ်းနေသာ ပတ်ဝန်းကျင်တွင် ထိုမျှလောက်ကြာအောင်နေရမည်ကို တွေးကြည့်ပါ။
ပြင်းထန်သောစိတ်ဓာတ်အင်အားနှင့် မချိုးဖျက်နိုင်သော ဆန္ဒတို့ မရှိဘဲနှင့် ကျင့်ကြံသူဖြစ်လျှင်ပင် ထိုလမ်းသို့သွားရန်မဖြစ်နိုင်ပါ။
အခြေတည်ဝိညာဉ်ကျင့်ကြံသူ အထွတ်အထိပ်အဆင့်များပင်လျှင် ခြွင်းချက်မရှိပါ။
.....
ယခုမူ၊ ထိုစုံတွဲက လူနေကင်းမဲ့သောမြေရိုင်းကို ဖြတ်သွားကာ မှေးမှိန်ကာ နိမိတ်မကောင်းသော အသံမဲ့တောထဲသို့ ဝင်သွားလေတော့သည်။
အပြင်မှကြည့်လျှင် ထိုသစ်တောသည် အရိပ်များနှင့် ဖုံးလွမ်းနေသလိုထင်ရကာ အပင်နှင့် ပန်းများကလည်း ခြောက်သွေ့ကာ အရောင်အဆင်းမှန်နေပြီး အပြင်လောကမှ အလင်းများကို စုပ်ယူထားသလိုဖြစ်နေသည်။
ကြည့်လိုက်ရုံနှင့်ပင် နိမိတ်မကောင်းသောခံစားချက်ကို ရရှိမည်ဖြစ်သည်။
အမှန်တကယ်ပင်။
ကျန်းချန်ရွှမ်သိသလောက်၊ အသံမဲ့တော၏ ဖြစ်တည်မှု သည် ၎င်း၏ကန့်သတ်ချက်ဘောင်အတွင်း၌ အမျိုးမျိုးသော ထူးခြားသောနည်းလမ်းများဖြင့် မရေမတွက်နိုင်သော သတ္တဝါများအား ဆွဲဆောင်ခြင်းက လူသိများသည်။
၎င်းတို့ထဲ၌ သေခြင်းသို့ကျရောက်ခြင်း၊ ငတ်ပြတ်ခြင်း၊ အေးခဲခြင်း၊ အပူလွန်ကဲခြင်း၊ ကြောက်လန့်ခြင်း၊ စိတ်လှုပ်ရှားမှုဖြင့်သေခြင်း စသည်တို့လဲပါ၀င်သည်။
နစ်နာသူသည် ချီသန့်စင်ခြင်းအဆင့်မှ မဟာကျင့်ကြံသူအဆင့်ထိ ကျင့်ကြံခြင်းသူများ၏ သက်တမ်းကိုယူသွားကာ ထိုနေရာတွင် ဝိညာဉ်ဖွဲ့စည်းခြင်းကျင့်ကြံသူများပါ ဆွဲဆောင်ခံရသော အတည်မပြုထားသော မှတ်တမ်းများလည်း ရှိသည်။
ထိုအရာသည် ထိုနေရာက မည်မျှကြောက်စရာကောင်းကာ ထူးဆန်းကြောင်းကို မြင်တွေ့နေရသည်။
“အဆင်သင့်ဖြစ်ပြီလား၊ ယောက်ျား?”
ရှန်းရူယန်က အပြုံးဖြင့်မေးသည်။
“ကျွန်မပြောသလိုသာလုပ်ပါ။ ဒါဆို အသံမဲ့တောက ဘယ်လောက်အန္တရာယ်များပြီး ထူးခြားဆန်းကြယ်နေပါစေ၊ ကျွန်မတို့ကို ထိခိုက်နိုင်မှာမဟုတ်ပါဘူး။”
သူ့မိန်းမစကားများကိုကြားလျှင်၊ ကျန်းချန်ရွှမ်က ပြုံးကာ ခေါင်းညိတ်သည်။
“ဒါဆိုသွားကြတာပေါ့။”
ထိုသို့ပြောကာ သူက ဦးဆောင်ပြီး ဆဠမအာရုံကိုစည်းချကာ အမြောက်ဆံကဲ့သို့ သစ်တောထဲ ဝင်ရောက်သွားလေတော့သည်။
ထိုအရာကိုမြင်လျှင် ရှန်းရူယန်သည်လည်း ခနလောက် ကြောင်အသွားလေသည်။ ပြီးမှ သူမသည် ပြုံးကာ သူ၏ဆဠမအာရုံကိုစည်းချလိုက်သည်။ ကျန်းချန်ရွှမ်ကဲ့သိူ့ပင် သူသည်လည်း သစ်တောထဲအမြန်ဝင်သွားတော့သည်။
.......
ဂျုန်း….
သူတို့၏အရှိန်က မယုံကြည်နိုင်စရာကောင်းလောက်အောင်ပင် မြန်ကာ သူတို့၏လမ်းပေါ်မှ ကြီးမားသော သစ်ပင်များနှင့် ကျောက်တုံးများကို ဖြိုခွဲခုတ်ထွင်ခဲ့ကြလေသည်။
ထူးဆန်းစွာပင်၊ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ ခုတ်ထွင်ဖြိုခွဲခဲ့ကာ ကျိုးပဲ့သွားသော သစ်ပင်များနှင့် ကျောက်တုံးများသည် အသံတစ်ခုမှ မထွက်လာပါ။
၎င်းသည် အသံတိတ်ရွေ့လျားနေသော ပန်းချီကားတစ်ချပ်ကဲ့သို့ပင်ဖြစ်သည်။
ဝှစ်…ဝှစ်…ဝှစ်….
လေဟာနယ်ထဲတွင်၊ စက်ဆုပ်ဖွယ်ကောင်းသည့် ရေဘဝဲလက်ကြီးကဲ့သို့ ဖြစ်နေသော အနက်ရောင်ရှိသည့် တွန့်ခေါက်နေသောနွယ်ပင်များသည် ထိုစုံတွဲအားဖမ်းရန် ကြိုးစားခဲ့သော်လည်း ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ဘေးမှ မမြင်ရသောအကာအရံနှင့်တိုက်မိကာ ပြိုလဲကျသွားကြတော့သည်။
၎င်းသည် အသံမဲ့တောထဲ၌ သူတို့တွေ့ရှိရသော များစွာသောဆန်းကြယ်သည့် တွေ့ရှိမှုများထဲမှ တစ်ခုသာရှိသေးသည်။
အသံမဲ့တောထဲရှိ လေးရက်မြောက်နေ့တွင် ကြီးမားသည့် အရိပ်ကြီးက ရုတ်တရက်ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ရှေ့တွင် ပေါ်လာခဲ့သည်။
၎င်းသည် အလွန်ထက်ရှသည့် အစွယ်များထွက်နေကာ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ သတိမထားမိခင်တွင်ပင် မြိုချလိုက်လေသည်။
မြိုချခံရပြီး တစ်နာရီခန့်အကြာတွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က ဂူတစ်ခုကိုဖြတ်သွားသကဲ့သို့ ထိုအရိပ်၏အခြားတစ်ဖက်မှ ဒဏ်ရာမရဘဲနှင့် ပြန်ထွက်လာနိုင်ခဲ့လေသည်။
ဆယ်ရက်မြောက်နေ့တွင်၊ ကျယ်ပြောသော အနက်ရောင်မီးတောက်များက ရုတ်တရက် သူတို့၏ခြေထောက်အောက်မှ ပေါက်ထွက်လာကာ ပတ်ပတ်လည်မှအရာများကို ဖုံးလွမ်းသွားပြီး ပြင်းထန်သောမီးတောက်ဖြင့် သူတို့ကိုပါ နစ်မြုပ်သွားစေခဲ့သည်။
ပတ်ပတ်လည်မှ ပန်းများ၊ မြက်များ၊ သစ်ပင်များ၊ မြေဆီလွှာများနှင့် ကျောက်တုံးများ အားလုံးသည် အနက်ရောင်မီးတောက်အတွက် အာဟာရဖြစ်လာခဲ့သည်။ ထိုမီးတောက်က ပိုမို၍ ပြင်းထန်လာသည်။
ဝှစ်….
အချိန်မသိရသည့်အချိန်တွင်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က ပြန်လည်ထွက်ပေါ်လာခဲ့သည်။ သူတို့သည် ဓားသွားများနှင့် ပြည့်နေသည့် ကြီးမားသော တောင်ကုန်းကြီးပေါ်တွင်ဖြစ်သည်။
ခီ..ခီ…ခီ…ခီ….
ချက်ခြင်းပင် အသားနှင့် အသွေးများက နေရာတိုင်းကိုပြန့်နှံသွားသည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ ခန္ဓာကိုယ်များသည် ချက်ခြင်းပင် အစိတ်စိတ်ခွဲခံရကာ သွေးမြူအဖြစ်သို့ ပြောင်းလဲသွားခဲ့ရသည်။
သို့ရာတွင် သုံးရက်အကြာ၌ သူတို့သည် မှောင်မိုက်သည့် အသံမဲ့တောတွင် ဒဏ်ရာအနာတရ မဖြစ်ဘဲ ပြန်ပေါ်လာခဲ့သည်။ ထိုအချိန်တွင် သူတို့ရင်ဆိုင်ရသည့်အရာမှာ ပျက်စီးနေသည့်ပင်လယ် (သို့) ဓားသွားများစွာရှိသည့် တောင်မဟုတ်ဘဲ နတ်များရှိသည့်နယ်ပယ်ကဲ့သို့ ပန်းများက လေထဲတွင် လွှင့်မျောနေသည့် ကျက်သရေရှိသောနန်းတော်များတွင် ဖြစ်သည်။
ရောင်စုံတိမ်တိုက်များက သက်တန့်ကဲ့သို့ဖြစ်ကာ သူတို့၏ခြေထောက်အောက်တွင် ရှည်လျားသောလှေကားကြီးရှိနေခဲ့သည်။
လန်းဆန်းသောရေက ဝိညာဉ်ချီဓာတ်များပြည့်ဝလျှက် ကောင်းကင်ပေါ်မှ လျှံကျနေသည်။
အရောင်အသွေးစုံလင်သည့် ဝိညာဉ်ရေကန်ထဲတွင် ခုန်ပေါက်ပြေးလွှားနေကြသည်။
သူတို့၏ခေါင်းများပေါ်တွင် ကောင်းကင်အလင်းများက တောက်ပနေကာ အထူးကောင်းမွန်သောဝတ်ရုံကို ဆင်မြန်းထားသော မသေမျိုးများက အမျိုးမျိုးသော ကောင်းကင်ဘုံနှင့် သက်ဆိုင်သည့်တူရိယာများကိုကိုင်ကာ ထိုစုံတွဲကို ဂုဏ်ပြုဖို့ရန်ဦးညွတ်လိုက်သည်။
“နှစ်ဦးလုံးအတွက် ဂုဏ်ပြုပါတယ်။”
သူတို့သည်သိမ်မွေ့စွာပြောလိုက်သော်လည်း အသံမဲ့တောတစ်ခုလုံး၌တိတ်ဆိတ်သောအသံက ပဲ့တင်ထပ်သွားသည်။
“မသေမျိုးအဖြစ်အဆင့်တက်သွားပြီး မသေမျိုးအဖြစ်စာရင်းသွင်းခံရပြီ ဖြစ်တဲ့အတွက် ဂုဏ်ယူပါတယ်။ အခုကစပြီး နေနဲ့လလိုတောက်ပပြီး ကောင်းကင်နဲ့မြေကြီးတည်ရှိတဲ့အထိ အသက်ရှင်နိုင်သွားပါပြီ။”
ထိုအချိန်တွင် အရာအားလုံးက ဆန်းကြယ်စွာညီမျှမှုနှင့် ဟန်ချက်ညီမှုတို့ရှိနေကြသည်။
သို့ရာတွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်အတွက် ဆီလျော်မှုမရှိနေပုံရသည်။
သူတို့က ယိမ်းယိုင်ခြင်းမရှိ၊ နောက်သို့လည့်ကြည့်ခြင်းမရှိဘဲ တစ်စက္ကန့်မျှပင် ရပ်နားခြင်းမရှိစွာ ရှေ့သို့ တိုးသွားနေသည်။ သူတို့သည် စက်များကဲ့သို့ဖြစ်နေကာ သူတို့ဘေးပတ်လည်မှာအရာအားလုံးကို ဆင်ခြင်တုံတရားကင်းမဲ့နေပြီး မရပ်မနားဘဲ ရှေ့သို့သာသွားနေခဲ့သည်။
...........
နောက်ဆုံး၌၊
တစ်လခန့်ကုန်ဆုံးသွားပြီးနောက်၊ သူတို့သည် ရုတ်တရက် မမြင်နိုင်သောပူပေါင်းများအဖြစ် ပေါက်ကွဲသွားကာ နေအလင်းရောင်အောက်တွင် ပြန်လည်၍ ပေါ်ထွက်လာသည်။
နူးညံ့ညင်သာသော လေညှင်းက မြေကြီး၏လတ်ဆတ်သောအနံ့ကို သယ်ဆောင်လာခဲ့သည်။
သူတို့၏ခန္ဓာကိုယ်မှ အေးစိမ့်စိမ့်ဖြစ်သော၊ မသတီစရာကောင်းသော၊ တောင့်တင်းသော၊ ရင်တစ်ထိတ်ထိတ်ဖြစ်စေသောခံစားချက်များက တဖြည်းဖြည်းထွက်ခွာသွားသည်။
သူတို့သည် ရှေ့သို့ မီတာထောင်ပေါင်းများစွာ ပျံသန်းပြီးနောက်တွင် သူတို့ပိတ်ကာ စည်းချထားခဲ့သော အာရုံခြောက်ပါးက ရုတ်တရက်ပွင့်သွားခဲ့သည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏မျက်လုံးများက ဆတ်ကနဲပွင့်သွားသည်။
သူတို့၏နတ်ဘုရားအာရုံက ဒီရေတက်လာသကဲ့သို့ ဦးတည်ချက်အမျိုးမျိုးသို့ ပျံ့နှံသွားသည်။
ကျီ…ကျီ…ကျီ….
ကျီကနဲမြည်နေသောအသံများသည် လေထဲတွင် ပြည့်သွားကာ ဓာတ်ငါးပါးအလင်းစက်ဝန်းနှင့် မိုးကြိုးတိမ်တိုက်လျှပ်စီးထီးတို့က သူတို့၏ခေါင်းပေါ်တွင် ပေါ်လာကြသည်။
ရွှေဗလာနယ်ဓားနှင့် လျှပ်စီးငါးသွယ်မသေမျိုးဓားက ထက်ရှသည့် ချီဓားစွမ်းအင်ကို ထုတ်လွတ်လာကာ အပေါ်၊ အောက်၊ ဘယ်၊ ညာကို စည်းချလိုက်သည်။
သူတို့သည် ဘေးပတ်လည်မှ ရန်သူများမရှိကြောင်း သေချာမှသာ အကြည့်ချင်းဖလှယ်လျှက် စိတ်ချစွာသက်ပြင်းချလိုက်ကြသည်။
ထိုအချိန်မှသာ သူတို့၏ပတ်ဝန်းကျင်ကို လေ့လာရန်အခွင့်အရေးရတော့သည်။
သူတို့သည် အသံမဲ့တောထဲမှ ထွက်လာခဲ့ပြီဖြစ်ကာ မြေပြန့်ဒေသသို့ရောက်နေပြီဖြစ်ကြောင်း သတိပြုခဲ့မိကြသည်။ သစ်တောနှင့် နီးစပ်မှုကြောင့် ဘေးပတ်ဝန်းကျင်တွင် လူသားများအား မတွေ့ခဲ့ရပေ။
မည်သို့ပင်ဖြစ်ပါစေ၊ အသံမဲ့တောအား ဖြတ်ကျော်လာနိုင်ခဲ့ပြီဖြစ်သည်။
တစ်လတာကြာမြင့်ခဲ့သောခရီး၌ အထူးသဖြင့် သူတို့၏အာရုံကိုပိတ်ထားသည်က သူတို့၏ဆန္ဒများကို စမ်းသပ်သည့် ပြိုင်ဖက်မရှိသောစမ်းသပ်မှုတစ်ခုဖြစ်သည်။
ယခုမူသူတို့တွင် ခံစားချက်ရှိခဲ့သည်။
လုံခြုံသောပတ်ဝန်းကျင်တစ်ခုပေးခဲ့လျှင် အခြေတည်ဝိညာဉ်အထွတ်အထိပ်အဆင့်ဖြစ်သည့် နဝမမြောက်အဆင့်သို့ ရောက်နိုင်ကြောင်း ၁၀၀ ရာခိုင်နှုန်း ယုံကြည်ချက်ရှိပေသည်။
အကြည့်များကိုဖလှယ်ကာ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က နှစ်ဦးသားအတူတူပင် လှုပ်ရှားလိုက်ပြီး အရှေ့သို့ ဦးတည်ကာ အမြန်သွားလိုက်ကြသည်။
.......
လအနည်းငယ်အကြာတွင်။
သူတို့သည် နောက်ဆုံး၌ တရားဝင် တောင်ပိုင်းကန္တာရ၏ ပိုင်နက်ကို ခြေလှမ်းလှမ်းနိုင်ပြီဖြစ်သည်။
ဝင်လိုက်သည်နှင့်၊ သူတို့သည် ချက်ခြင်းပင် အရှေ့ပိုင်းနှင့် မတူညီသောအရာများကို သတိပြုမိခဲ့ကြသည်။
ပထမဦးစွာ ကောင်းကင်နှင့်မြေကြီး၏ ဝိညာဉ်ချီသည်အရှေ့ပိုင်းထက်အားနည်းကာ သူတို့၏ မြောက်ပိုင်းထပ်ပင်ပို၍ နည်းနေသေးသည်။
ပတ်ဝန်းကျင်ကလည်း သိသာထင်ရှားသောကွာခြားမှု ရှိလေသည်။
တစ်ချက်ကြည့်ရုံမျှနှင့်၊ မြေပြင်အနေအထားမှာ ယိုယွင်းကာ ပျက်စီးနေသည့် အနေအထားရှိသည်။
တောင်များက ပြိုကျနေကာ မြစ်များက ခြောက်သွေ့နေပြီး မြေကြီးကလည်းမရေမတွက်နိုင်သော ကန့်လန့်ဖြတ်အက်ကွဲကြောင်းများပေါ်ကာ ပက်ကြားအက်နေသည်။
ကျင့်ကြံသူများက တုံးအကာ ပင်ပန်းနွမ်းနယ်နေပုံရပြီး သူတို့၏မျက်လုံးများက ထိုင်းမိုင်းကာ ဖြတ်လတ်ခြင်းတို့ကင်းမဲ့နေသည်။
မည်ကဲ့သို့ဖြစ်နိုင်မည်နည်း?
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က ပဟေဠိဖြစ်နေသည်။
တောင်ပိုင်းကန္တာရသည် အလယ်ပိုင်း သို့ အရှေ့ပိုင်းတို့လောက် ပေါကြွယ်ဝခြင်းမရှိသော်လည်း ထိုကဲ့သို့သောအခြေအနေတွင်တော့ မရှိနိုင်ပါ။
သူတို့သည် ကပ်ဘေးတစ်ခုခုအား ကြုံတွေ့ခဲ့ရပါသလား?
လှည့်ပတ်ကာကြည့်ပြီးနောက် သူတို့သည် ဒေသခံများနှင့် ရောနှောကာ သတင်းများ စုဆောင်းခဲ့လေသည်။
သို့ရာတွင် မလှုပ်ရှားမီတွင် အခြားသူများနှင့် ကွဲပြားစွာဝတ်ထားကာ ကြံခိုင်သောစွမ်းအင်များရှိသည့် များစွာသောကျင့်ကြံသူများက သူတို့လမ်းကို လာပိတ်ထားလေသည်။
သူတို့ထဲမှတစ်ဦးသည် ပိုးသားဝတ်ရုံကိုဝတ်ထားကာ ဦးဆောင်သူနှင့် တူပုံရသောသူက ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အား မျက်လုံးကျဉ်း၍ ကြည့်ကာ အေးစက်စွာပြောလိုက်သည်။
“မမျှော်လင့်ဘဲ၊ ပိုက်ကွန်ထဲက လွတ်သွားတာတွေထပ်ရှိနေသေးတယ်။
သွား…
သူတို့ကိုဖမ်းကြ။”
***