ရေခဲကျောက်စိမ်းနန်းတော်မှ ထွက်ခွာခြင်း
Vol. 32 Ch. 617
ကျန်းချန်ရွှမ်၏ရွေးချယ်မှုနှင့်ပက်သက်၍ ကြယ်စံသခင်က ဘာမှမပြောပေ။
မကြာမီ သူက အခြားပစ္စည်းများကို ပြန်သိမ်းလိုက်သည်။
ထိုအချိန်တွင် ကျန်းချန်ရွှမ်ကလည်း ထိုကျောက်တုံးကို သူ၏ ဝိညာဉ်ဝါးမြိုခြင်းပိုးတောင်မာဘုရင် ရှိနေသောအိတ်ထဲသို့ပြန်ထည့်လိုက်ရာ ရုတ်တရက် မုန်းတီးစွာကြည့်နေသည့်အကြည့်တစ်ချို့ ကျရောက်နေကြောင်း ခံစားလိုက်ရသည်။
၎င်းသည် သူ့အားမျက်မှောင်ကုပ်သွားစေပြီး လှည့်ကြည့်လိုက်လေသည်။
သူသည် သူ့အားအေးစက်စွာကြည့်နေသည့် ထျန်းဖူနှင့် ထျန်းဟယ်တို့အား မြင်လိုက်ရသည်။
ရုတ်တရက် ထျန်းဟယ်က ဝူပင်းယွင်အား စကားပြောလိုက်သည်။
“နတ်သမီးဝူ၊ အဲ့ဒီတာအိုဝါဒီနှစ်ယောက်က ဘယ်သူတွေလဲ? သူတို့ကို ကျုပ်မတွေ့ဖူးသလိုပဲနော်။”
ထျန်းဖူနှင့် ထျန်းဟယ်တို့က ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အား မေးသည်ကိုကြားလျှင် ဝူပင်းယွင်၏မျက်လုံးထဲ အေးစက်မှုတစ်ချို့ဖြတ်သွားသည်။
သို့ရာတွင် သူမ,မတုံ့ပြန်ရသေးခင်မှာပင်၊ ကြယ်စံသခင်က သူမအစား ပြန်ချေပလိုက်သည်။
“ငါပြောမယ်၊ မင်းတို့နှစ်ယောက်ကို နတ်သမီးဝူက သူဖိတ်ထားတဲ့သူတွေကို ပြောပြနေဖို့လိုလို့လား?”
ထိုစကားများသည် ထျန်းဖူနှင့် ထျန်းဟယ်တို့၏အမူအရာများကို တင်းမာသွားစေသည်။
ကျန်းချန်ရွှမ်က သူတို့အားစကားပြောရန် ရည်ရွယ်ချက်မရှိပါ။
သူသည် ဖြည်းဖြည်းမတ်တပ်ရပ်လိုက်ကာ ပစ္စည်းနှစ်ခုထုတ်လာခဲ့သည်။
ဝိညာဉ်ပေါက်ဖွားခြင်းခြင်ဆီ တစ်ဘူးနှင့် မူလနိယာမသက်စောင့်ဆေး တစ်ခုတို့ဖြစ်သည်။
နှစ်ခုလုံးသည် မဟာကျင့်ကြံသူများ၏ ဓမ္မစွမ်းအင်နှင့်ကျင့်ကြံခြင်းကိုတိုးမြင့်ပေးနိုင်သည့် ပစ္စည်းများဖြစ်ကြသည်။
ထိုအချိန်တွင်၊ လူတိုင်း၏မျက်လုံးများသည် ကျန်းချန်ရွှမ်၏လက်ထဲမှပစ္စည်းများကို လိုချင်သောမျက်လုံးများနှင့် ကြည့်နေကြသည်။
ကျန်းချန်ရွှမ်က ပြောလိုက်သည်။ “အားလုံးပဲ ဒီပစ္စည်းနှစ်ခုရဲ့ တန်ဖိုးကိုတော့ သိကြမှာပါ။
ကျွန်တော်က ဒီပစ္စည်းတွေကို အဆင့်မြင့် အဆင့် ၅ ဒြပ်စင်ငါးပါး သို့ မိုးကြိုးဒြပ်စင်ရှိတဲ့ ဝိညာဉ်ပစ္စည်းနဲ့လဲချင်တယ်။
သေချာတာပေါ့။
ကျွန်တော်အလိုချင်ဆုံးကတော့ အစိမ်းရောင်နဂါးနတ်ဘုရားသစ်သားပါ။
အကယ်၍မရရင် အဲ့တာကိုဘယ်မှာရနိုင်မလဲဆိုတဲ့ သတင်းမျိုးဆိုရင်လည်း ကျေနပ်ပါတယ်။
ဒါပေါ့.. နဂါးအသိုက်ရဲ့တည်နေရာလို သတင်းမျိုးကတော့ မလိုအပ်ပါဘူး။”
ကျန်းချန်ရွှမ်၏စကားကိုကြားလျှင် လူတိုင်းက အံ့အားသင့်သွားကြသည်။
သူတို့သည် သူအလိုချင်ဆုံးအရာမှာ နဂါးမျိုးဆက်က တန်ဖိုးအထားဆုံးရတနာဖြစ်သည့် အစိမ်းရောင်နဂါးနတ်ဘုရားသစ်သားဖြစ်လိမ့်မည်ဟု မမျှော်လင့်ထားပါ။
အချို့ဝိညာဉ်ဖွဲ့စည်းခြင်းကောင်းကင်သခင်များနှင့်နတ်ဆိုးအရှင်များသည်ပင် ထိုသို့သောပစ္စည်းကို ပိုင်ဆိုင်ရန် ခက်ခဲသည်။ သူတို့ကိုတော့ထားလိုက်ပါ။
“တာအိုရောင်းရင်းကျန်း…”
ထိုအချိန်တွင်၊ စံသခင်တုန်းယွမ်ဟုခေါ်သည့် သူက ရုတ်တရက် သူ၏ပိုင်ဆိုင်သောပစ္စည်းများထဲမှ ခရမ်းရောင်လျှပ်စီးကြောင်းများဖြင့် တောက်ပနေသော သစ်သားအပိုင်းအစတစ်ခုကို ထုတ်လာသည်။
“ခင်ဗျားပြောတာ အဆင့်မြင့် အဆင့် ၅ မိုးကြိုးဒြပ်စင်ဝိညာဉ်ပစ္စည်းက မူလနိယာမသက်စောင့်ဆေးနဲ့ လဲလို့ရတယ် မှန်လား?
ဒီနှစ်ပေါင်းတစ်ထောင်သက်တမ်းရှိ ကျီယန်မိုးကြိုးသစ်သားဆိုရင်ကော လောက်ရဲ့လားဆိုတာ သိချင်ပါတယ်။”
တုန်းယွမ်ထုတ်လာသည့် ကျီယန်မိုးကြိုးသစ်သားကိုမြင်လျှင် ကျန်းချန်ရွှမ်က သူ၏ဘေးမှ ရှန်းရူယန်အားကြည့်လိုက်သည်။
ရှန်းရူယန်ခေါင်းညိတ်ပြသည်ကိုမြင်လျှင်၊ ကျန်းချန်ရွှမ်က ပြောလိုက်သည်။
“ရပါတယ်။”
စကားပြောပြီးနောက် နှစ်ဦးသားပစ္စည်းများ လဲလှယ်လိုက်ကြသည်။
ထို့နောက်တွင် အခြားသူများက ကျန်းချန်ရွှမ်လိုအပ်သော ဒြပ်စင်ငါးပါးဝိညာဉ်ပစ္စည်းများကို ထုတ်ပြလာကြသည်။
သို့ရာတွင် ထိုပစ္စည်းများ၏အရည်အသွေးက အဆင့်မြင့်အဆင့် ၅ ပစ္စည်းနှင့်စာလျှင် အနည်းငယ်လိုအပ်နေသည်။
ကျန်းချန်ရွှမ်က သဘောမတူပါ။
ထိုနောက်၊ပွဲကျင်းပသူ ဝူပင်းယွင်က ရုတ်တရက် ကျောက်စိမ်းပြားတစ်ခုကို ထုတ်လာကာ ကျန်းချန်ရွှမ်ကို ပြောလိုက်သည်။
“တာအိုရောင်းရင်းကျန်း၊ ကျွန်မမှာ အစိမ်းရောင်နဂါးနတ်ဘုရားသစ်သားနဲ့ပက်သက်ပြီး ဘယ်နေရာမှာရှိလဲဆိုတဲ့သတင်းတစ်ချို့ရှိတယ်။
ဒါပေမဲ့ ဒါက ၁၀၀ရာခိုင်နှုန်းအမှန်ဖြစ်မယ်လို့မပြောနိုင်ဘူး။ ၇၀ ရာခိုင်နှုန်းလောက်ပဲဖြစ်နိုင်မယ်။
ဒီလိုဆိုစိတ်ဝင်စားလား?
စိတ်ချပါ။ ကျွန်မပြောတာအမှန်ဖြစ်တယ်၊ ခြွင်းချက်မရှိဘူးဆိုတာကို စာချုပ်ချုပ်ပြီး အာမခံပေးနိုင်ပါတယ်။”
ဝူပင်းယွင်၏စကားကိုကြားလျှင် ကျန်းချန်ရွှမ်က ချက်ခြင်းပင်စိတ်ဝင်စားသွားသည်။
သူ၏ဝူပင်းယန်အပေါ် ထင်မြင်ချက်က ကောင်းမွန်နေသည်။
အထူးသဖြင့် ထိုသို့သောကိစ္စမျိုးတွင်၊ အကယ်၍ အခြားကျင့်ကြံသူဆိုလျှင် ခြွင်းချက်ရှိမည်မှာ မျှော်လင့်ထားနိုင်သည့်ကိစ္စပင်ဖြစ်သည်။
လိမ်ညာခံရသောသူက သူတို့၏ကံဆိုးမှုကိုသာ အပြစ်တင်နိုင်လိမ့်မည်။
သို့သော် ပွဲကျင်းပသူအနေဖြင့်၊ ဝူပင်းယွင်သည် သိသာစွာပင် အခြားသူများကဲ့သို့ လုပ်ဆောင်၍မဖြစ်နိုင်ပါ။
အကယ်၍ သူသည် လဲလှယ်ရာ၌ မှားယွင်းသော သို့ လှည့်ဖြားထားသောပစ္စည်းကိုသုံးလျှင် ၎င်းကိုရှာဖွေတွေ့ရှိသွားသည်နှင့် ရေခဲကျောက်စိမ်းနန်းတော်တစ်ခုလုံးအပေါ် သက်ရောက်လိမ့်မည် ဖြစ်သည်။
အနာဂတ်တွင် ရေခဲကျောက်စိမ်းနန်းတော်မှ ပြုလုပ်သော မည်သည့်ပွဲကိုမဆို များစွာသောပါဝင်သူများအား ဆွဲဆောင်နိုင်တော့မည်မဟုတ်ပါ။
ထို့ကြောင့်။
ထိုကိစ္စကလက်ပေါ်တွင်သာရှိသဖြင့် ဝူပင်းယွင်၏စကားများသည် ယုံကြည်စိတ်ချရပေသည်။
ထိုသို့ဆိုလျှင်ပင် ကျန်းချန်ရွှမ်က လိုအပ်သောကိစ္စများနှင့် လိုအပ်သောစာချုပ်ကို အဆင့်တစ်ခုမှ လွတ်သွားခြင်းမရှိဘဲ ချုပ်ဆိုချင်ပါသေးသည်။
များစွာတုံ့ဆိုင်းနေခြင်းမရှိတော့ဘဲ၊ သူသည် ဝူပင်းယွင်နှင့် သဘောတူညီချက်ပြုလုပ်ကာ အလဲအလှယ်လုပ်လိုက်သည်။
ဝူပင်းယွင်ဆီမှ ကျောက်စိမ်းပြားကိုရသောအခါ ကျန်းချန်ရွှမ်ကချက်ခြင်းစတင်၍ ၎င်း၏အကြောင်းအရာများကို စူးစမ်းလိုက်သည်။
ထိုကျောက်စိမ်းပြားအရ အနောက်ပိုင်းသဲကန္တာရထဲရှိ ကျဆုံးနဂါးတောင်ကြားဟုခေါ်သော လျို့ဝှက်နေရာတစ်ခုရှိသည်။
ပြီးနောက် ကျန်းချန်ရွှမ်လိုချင်သော အစိမ်းရောင်နဂါးနတ်ဘုရားသည် ထိုလျှို့ဝှက်နေရာတွင် ရှိနေပုံပေါ်သည်။
ဆိုလိုနေသည်မှာ ကျောက်စိမ်းသစ်သားပြားညွှန်ပြသော အစိမ်းရောင်နဂါးနတ်ဘုရားသစ်သားကို ရှာဖွေလိုလျှင် ကျန်းချန်ရွှမ်က အနောက်ပိုင်းသဲကန္တာရသို့သွားရလိမ့်မည်ဖြစ်သည်။
ဆိုလိုနေသည်မှာ သူသည် တကယ်ပင် အနှစ်သာရကိုးပါးမသေမျိုးလောကတစ်ခုလုံးကို သွားရမည် ဖြစ်ပေသည်။
ကျန်းချန်ရွှမ်က သူ့နှလုံးသားထဲ၌ ခါးသီးစွာပြုံးလိုက်သည်။
သို့သော် သူသည် ထိုသဲလွန်စက လက်ရှိတွင် အစိမ်းရောင်နဂါးနတ်ဘုရားသစ်သားကိုရရန် အကောင်းဆုံးသဲလွန်စဖြစ်ကြောင်း မငြင်းပယ်နိုင်ပေ။
အဆုံး၌ လက်ရှိအင်အားနှင့် ကျန်းချန်ရွှမ်က နဂါးအသိုက်ထဲ မစူးစမ်းသွားရဲသေးပါ။
ကောင်းကင်သခင်များပင်လျှင် ထိုသို့မလုပ်ရဲသေးပေ။
အချို့အချိန်များပြီးနောက်တွင်
လဲလှယ်ရေးပွဲက ပြီးဆုံးသွားသည်။
ကျင့်ကြံသူအုပ်စုများက စတင်၍ ထွက်ခွာနေကြသည်။
သို့ရာတွင်၊ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က ထွက်ခွာရန် မလောနေပါ။
သူတို့သည် ထိုနေရာတွင်ရှိနေသေးသော ဝူပင်းယွင်နှင့် ကြယ်စံသခင်ထံ ချည်းကပ်လာသည်။
“တာအိုရောင်းရင်းဝူ၊ တာအိုရောင်းရင်းကြယ်တို့ အနောက်ပိုင်းသဲကန္တာရကိုသွားဖို့ ဧရာမနေရာဖြတ်ကျော်ခြင်းအစီအရင်နဲ့ပက်သက်ပြီး ဒီမှာအဲ့လိုမျိုးအရာရှိလားနဲ့ ဘယ်အချိန်မှာဖွင့်နိုင်မလဲ သိပါရစေ။”
သူတို့၏အခြေအနေက အရှေ့ပိုင်းတွင်ရှိသကဲ့သို့ မဟုတ်တော့ပေ။
တောင်ပိုင်းသဲကန္တာရနှင့်ပက်သက်ပြီး အဓိကအင်အားစုများနှင့် ထိပ်တိုက်တွေ့ထားခြင်းမရှိပေ။
အထူးသဖြင့် အန္တိမကောင်းကင်ဘုံဂိုဏ်းနှင့် ရင်းနှီးသောမဟာမိတ် ဆက်ဆံရေးမျိုးမဟုတ်သော်လည်း အနည်းဆုံးအသိအကျွမ်းတော့ဖြစ်ကြသည်။
ဖြစ်နိုင်မည်ဆိုလျှင် သူတို့သည် မိုင်ထောင်ပေါင်းများစွာဖြတ်သန်းမသွားချင်ပါ။
တောင်ပိုင်းကန္တာရမှ အနောက်ပိုင်းသဲကန္တာရသို့သွားရန် ကောင်းကင်ဘုံသားရဲများအသူရာချောက်နက် ကို ဖြတ်သွားရန်မှာ အလုံခြုံဆုံးလမ်းဖြစ်သည်။ ၎င်းသည်ပင် လက်ရှိအရှိန်နှုန်းနှင့် ထိုနေရာသို့ ပျံသန်းသွားရန်မှာ နှစ်ပေါင်းများစွာကြာမြင့်မည်ဖြစ်သည်။
ဧရာမနေရာဖြတ်ကျော်အစီအရင်မှ တစ်ဆင့်သွားလျှင် ပိုမို၍ အဆင်ပြေမည်ဖြစ်သည်။
ကျန်းချန်ရွှမ်၏ပြောစရာကိုကြားလျှင်၊ ဝူပင်းယွင်နှင့် ကြယ်စံသခင်တို့သည် အကြည့်ချင်း ဖလှယ်လိုက်ကြကာ ကြယ်စံသခင်မှ ပြောလာခဲ့သည်။
“နှစ်ယောက်သားက အနောက်ပိုင်းသဲကန္တာရကိုသွားဖို့ စီစဉ်နေတာလား?”
ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့က ပြန်မဖြေသေးမီ ကြယ်စံသခင်က စိတ်ပျက်သောအပြုံးဖြင့် ဆက်ပြောလိုက်သည်။
“ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်တို့ရဲ့ အနောက်ပိုင်းသဲကန္တာရနဲ့ မြောက်ပိုင်းကိုသွားတဲ့ ဧရာမနေရာကျော်ဖြတ်အစီအရင်တွေက မဟာလင်းအင်ပါယာနန်းတော်နဲ့ ကောင်းကင်ဂိတ်ဝဂိုဏ်းက လူတွေ ဖျက်စီးပစ်လိုက်ပြီ။
သူတို့က အရှေ့ပိုင်းနဲ့ အလယ်ပိုင်းမြေပြန့်ကိုသွားတဲ့အစီအရင်တွေကိုပဲချန်ထားခဲ့ကြတယ်။
အနှစ်သာရကိုးပါးကျင့်ကြံရေးလောကမှာ ကျွန်တော်တို့ဘက်ကသတင်းတွေ ပျံ့နေတဲ့အတိုင်း အနောက်ပိုင်းသဲကန္တာရနဲ့ မြောက်ပိုင်းဒေသတွေမှာ အဲ့ဒီအရှေ့ပိုင်းနဲ့ အလယ်ပိုင်းမြေပြန့်ဒေသတွေကို အရမ်းသတိထားနေကြတယ်လို့ထင်တယ်။
ရလဒ်က သူတို့ရဲ့ ဧရာမနေရာကျော်ဖြတ်ပို့ဆောင်ရေးအစီအရင်တွေကို အပြင်လောကနဲ့ အဆက်အသွယ်ဖြတ်လိုက်တာပဲ။
နောက်တစ်မျိုးပြောမယ်ဆိုရင် အနာဂတ်မှာ တောင်ပိုင်းကန္တာရ၊ အနောက်ပိုင်းသဲကန္တာရနဲ့ မြောက်ပိုင်းနယ်နိမိတ်ကလူတွေက ခရီးသွားချင်ရင် ခြေလျှင်နဲ့ပဲ သွားရတော့မှာပဲ။”
ကြယ်စံသခင်က ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့အား လိမ်လည်နေခြင်းမဟုတ်သည်မှာ ထင်ရှားပါသည်။
မည်သူမှသူတို့အား ထောက်ပံ့ရန် (သို့) စကားပြောရန်လာရောက်ခြင်းမရှိသည်မှာ မထူးဆန်းတော့ပါ။
များစွာသောနယ်မြေများ၌ နေရာရွေ့ပြောင်းခြင်းအစီအရင်များက အဖြတ်ခံလိုက်ရပုံပေါ်သည်။
ဆိုလိုနေသည်မှာကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကအနောက်ဖက်သဲကန္တာရသို့ ကိုယ်တိုင်ပျံသန်းသွားရန် လိုအပ်နေသေးပေသည်။
သူတို့၏အတွေးများကို အာရုံခံမိကာ ကြယ်စံသခင်က ရုတ်တရက် စည်းတံဆိပ်ကိုထုတ်လိုက်ကာ သူတို့အား လှမ်းပေးလာသည်။
“တာအိုရောင်းရင်းတို့၊ ကျွန်တော် ခင်ဗျားတို့အနောက်ပိုင်းသဲကန္တာရကို ခရီးသွားတာကို တိုက်ရိုက် ရောက်သွားအောင် မကူညီနိုင်ပေမဲ့ ကျွန်တော့်မှာ ကောင်းကင်ဘုံသားရဲချောက်နက် ကိုတိုက်ရိုက်သွားဖို့ စည်းတံဆိပ်ရှိတယ်။ အကယ်၍ အနောက်ပိုင်းသဲကန္တာရကို သွားမယ်ဆိုရင် ဒီစည်းတံဆိပ်က ခင်ဗျားတို့ရဲ့အချိန်ကို သက်သာစေလိမ့်မယ်။”
“ဟမ်..?”
ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့ အံ့ဩသွားကြသည်။
ရှင်းလင်းစွာပင် သူတို့သည် ကြယ်စံသခင် သို့ အန္တိမကောင်းကင်ဘုံဂိုဏ်းက ထိုကဲ့သို့ လက်အောက်ထဲတွင် ဝှက်ဖဲကိုဖွက်ထားမည်ဟု မထင်ထားကြပေ။
တုံ့ဆိုင်းမှုမရှိဘဲ ကျန်းချန်ရွှမ်နှင် ရှန်းရူယန်တို့က ကြယ်စံသခင်ထံမှ စည်းတံဆိပ်ကိုလက်ခံလိုက်ပြီး သူတို့၏ ကျေးဇူးတင်စိတ်ကို ပြသလိုက်သည်။
“ဒီလိုဆိုရင်၊ ကျွန်တော်တို့က ကျေးဇူးတင်ပါတယ်၊ တာအိုရောင်းရင်း ကြယ်။”
ကြယ်စံသခင်က ပြုံးကာ ခေါင်းခါလိုက်သည်။
“ရပါတယ်။ ဒါပေမဲ့….”
သူက ရပ်လိုက်ပြီးမှ ဆက်ပြောလိုက်သည်။
“ခင်ဗျားတို့ အစောက ထျန်းဖူနဲ့ ထျန်းဟယ်ကို ဆန့်ကျင်ထားတယ်။ ကျွန်တော်ထင်တာသူတို့ အဲ့ကိစ္စကိုလွယ်လွယ်နဲ့လွတ်ပေးလိမ့်မယ်မထင်ဘူး။
ရေခဲကျောက်စိမ်းနန်းတော်က ထွက်ခွာသွားတာနဲ့ သူတို့ရဲ့တိုက်ခိုက်ခြင်းကိုခံရမယ်ထင်တယ်။
အဲ့ကိစ္စကို စိုးရိမ်သင့်တယ်။”
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က ထိုဖြစ်နိုင်ချေကို တွက်ဆထားပြီးသားဖြစ်သည်။
ရှန်းရူယန်က အပြုံးနှင့် ပြန်ဖြေလိုက်သည်။
“စိတ်မပူပါနဲ့။ ကျွန်မရဲ့ခင်ပွန်းနဲ့ကျွန်မက အဲ့ကိစ္စအတွက် အစီအစဉ်ရှိထားပြီးပါပြီ။
အကယ်၍ဖြစ်နိုင်ရင် ရှင့်ရဲ့ နေရာရွေ့ပြောင်းရေးစည်းတံဆိပ်ပေးတဲ့အတွက် ကျေးဇူးတင်တဲ့အနေနဲ့ ကျွန်မတို့ အဲ့နှစ်ယောက်ကိုဖြေရှင်းလိုက်ပါမယ်။”
ရှန်းရူယန်၏စကားများက ကြယ်စံသခင်နှင့်ဝူပင်းယွင်တို့အား ကြောင်အသွားစေသည်။
တစ်ချိန်တည်းမှာပင်။
ရေခဲကျောက်စိမ်းနန်းတော်မှမိုင်ထောင်ပေါင်းများစွာကွာဝေးသောနေရာတွင် ထျန်းဖူနှင့် ထျန်းဟယ်က ရေခဲကျောက်စိမ်းနန်းတော်ဖက်သို့အေးစက်သော မျက်လုံးများဖြင့် ကြည့်နေကြသည်။
ထျန်းဟယ်က မေးလိုက်သည်။ “စီနီယာအစ်ကို၊ အဲ့နှစ်ယောက်က ရေခဲကျောက်စိမ်းနန်းတော်ကနေ အစောကြီးထွက်သွားမယ်လို့ထင်လား?”
ထျန်းဖူက ခေါင်းခါသည်။ “ငါတော့မသေချာဘူး။ ဒါမဲ့ ငါတို့ဒီမှာခနလောက်စောင့်တာက အရှုံးမရှိပါဘူး။ သစ်နွယ်ချပ်ဝတ်အတွက် မင်းနဲ့ငါဒီမှာအချိန်နည်းနည်းဖြုန်းတာက အရေးကြီးကိစ္စ မဟုတ်ပါဘူးမလား?”
“မှန်တယ်။”
ထျန်းဟယ်က ခေါင်းညိတ်လိုက်သည်။
“အကယ်၍ အဲ့ဒီရေခဲကျောက်စိမ်းနန်းတော်မှာ အထွတ်အထိပ်အဆင့် အဆင့် ၅ အစီအရင်သာမရှိခဲ့ရင် ငါတို့အဲ့ကိစ္စကိုလွယ်လွယ်နဲ့ လွတ်ပေးလိုက်မှာမဟုတ်ဘူး။”
ထိုအချိန်တွင် ထျန်းဟယ်က ရုတ်တရက် တစ်ခုခုကိုတွေးမိကာ ထျန်းဖူအား ထပ်၍ မေးလိုက်သည်။
“စကားမစပ်၊ စီနီယာအစ်ကို၊ ကျွန်တော်မြင်တာ ခင်ဗျားအခြားစီနီယာအစ်ကိုနဲ့အစ်မတွေကို ဆက်သွယ်နေတာလား? အခြေအနေဘယ်လိုလဲ? သူတို့လာဖို့ဆန္ဒရှိလား?”
“ဟုတ်တယ်။ ထျန်းယောင်နဲ့ ထျန်းကျင်းတို့က သဘောတူတယ်။
သူတို့နှစ်ယောက်နဲ့ရင်ဆိုင်ပေးရင် သစ်နွယ်ချပ်ဝတ်ကလွဲလို့ ကျန်နေတဲ့ ရတနာတွေထဲက ၈၀ရာခိုင်နှုန်းကို ပေးမယ်လို့ဂတိပေးထားတယ်။
တစ်ခုခုမမှားသွားခဲ့ရင်၊ သူတို့ ငါတို့နဲ့ သုံးရက်အတွင်းလာပူးပေါင်းလိမ့်မယ်။
အဲ့နှစ်ယောက် ရေခဲကျောက်စိမ်းနန်းတော်ထဲ နည်းနည်းကြာကြာနေပြီး အစောကြီးမထွက်သွားဖို့ မျှော်လင့်ရတာပဲ။
ငါတို့လေးယောက်အတူတူဆို ကြယ်စံသခင်ပါရင်တောင် သူတို့လွတ်နိုင်မှာမဟုတ်ဘူး။”
ထျန်းဖူက စကားပြောပြီးသည်နှင့် အမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။
“သေစမ်း။
အဲ့နှစ်ယောက်က ရေခဲကျောက်စိမ်းနန်းတော်ကနေထွက်လာပြီ။
ဘာလို့ဒီလောက်စောရတာလဲ?”
ထျန်းဟယ်ကလည်း ထိတ်လန့်သွားသည်။
သူသည် အမြန်ကြည့်လိုက်သည်။
မျှော်လင့်ထားသလိုပင် ရေခဲကျောက်စိမ်းနန်းတော်အပြင်ဖက်တွင် ရင်းနှီးသောပုံရိပ်နှစ်ခုကို တွေ့လိုက်ရသည်။ သူတို့သည် ရေခဲကျောက်စိမ်းနန်းတော်မှပျံထွက်လာကာ သူတို့ဆီသို့ဦးတည်ကာ ပျံသန်းသွားခဲ့သည်။
***