အခန်း (၁၃၅၉)
Vol. 92 Ch. 1359
ယနေ့ ဆေးပင်စိုက်ကွင်းသည် မနေ့က ဆေးပင်စိုက်ခင်းနှင့် လုံးဝကို မတူညီတော့ချေ။ အဘယ်ကြောင့်ဆိုသော် စိုက်ခင်းထဲတွင်ရှိသော မြေဆီလွှာများသည် ကောင်းကင်နှင့် မြေကြီးဓာတ်သဘာဝများ ပိုမိုကာ အားကောင်းလာခဲ့၏။ ကောင်းကင်ယံထက် တည်နေရာတစ်ခုဆီအထိ မြူများ ဆိုင်းလျက်ရှိနေသည်။
အင်မော်တယ်တောင်တန်းသည် မူလအားဖြင့် ကဗျာဆန်ကာဖြင့် ပန်းချီကား တစ်ချပ်ကဲ့သို့ လှပသည့် တောင်တန်းတစ်ခုဖြစ်၏။ လက်ရှိတွင် စိတ်ဝိညာဉ်စွမ်းအင်များ၏ မြူများထွန်းတောက်လာခြင်းကြောင့် ပိုမိုကာကြည့်၍ကောင်းသည့် တည်နေရာအဖြစ်သို့ ပြောင်းလဲသွားခဲ့၏။
ကျွင်းချောင်ရှောင်းသည် ဆွံ့အသွားခဲ့သည်။ ဟုတ်ပေသည်။ သူ့ရှေ့မှ မြင်ကွင်းကြောင့် မဟုတ်ပေ။ တစ်ညအတွင်း ပြောင်းလဲသွားခဲ့သောကြောင့်ဖြစ်၏။ ဤအရာမှာ အလွန်မြန်ဆန်လွန်းလှချေသည်။
စနစ်က ပြောလိုက်သည်။ “အထက်နယ်မြေရဲ့ စတိုးထဲမှာရှိနေတဲ့ ကုန်ပစ္စည်းတွေက သေမျိုးလောကမှာရှိနေတဲ့ ကုန်ပစ္စည်းတွေနဲ့ နှိုင်းယှဉ်လို့မရဘူး။ ဒီတော့ လက်ခံသူအနေနဲ့ ဂိုဏ်းစုဆောင်းမှတ်တွေကို လုံလုံလောက်လောက် ပြင်ဆင်ထားဖို့ပဲ လိုတယ်။ ဒါဆိုရင် အနာဂတ်မှာ ပိုပြီး အံ့အားသင့်စရာတွေ ကြုံရလိမ့်မယ်”
ဆေးဥယျာဉ်၏ ရှေ့တွင် ဆောင့်ကြောင့်ထိုင်ပြီး ပြောင်းလဲသွားသည့် မြေဆီလွှာများကို လေ့လာလျက်ရှိသည့် အကြီးအကဲဝေသည် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။ “ဒါက တကယ့်ကို ကောင်းကင်ဘုံစိုက်ကွင်းကြီးအဖြစ် ပြောင်းလဲသွားတာပဲ”
“ဒါဆိုရင် ဆေးပင်တွေ ရင့်မှည့်လာဖို့အတွက် အချိန်ဘယ်လောက် ကြာမလဲ” ကျွင်းချောင်ရှောင်းအနေဖြင့် အကျိုး သက်ရောက်မှုအကြောင်းနှင့်ပတ်သက်၍ စိတ်ပူလျက် ရှိနေ၏။ ထို့အပြင် သူ၏ဂိုဏ်း အနာဂတ်တွင် ပိုမိုကာ ဖွံ့ဖြိုး လာနိုင်မည့် အကြောင်းအရာသည် ဤဆေးပင်များနှင့် သက်ဆိုင်နေသည် မဟုတ်ပါလား။
အကြီးအကဲဝေသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “လောလောဆယ် မသုံးသပ်နိုင်သေးဘူး”
ကျွမ်းကျင်လှ သည့် ဆေးဥယျာဉ်စိုက်သားတစ်ယောက်အနေဖြင့် သူသည် ဆေးပင်များကို နားလည်ရုံသာမက မြေဆီလွှာများ ကိုလည်း နားလည်၏။ သို့ပေမဲ့ လက်ရှိ ပြောင်းလဲသွားသည့် တည်နေရာကြီး၏ အခြေအနေနှင့်ပတ်သက်၍ အလုံးစုံ နားလည်ခွင့်ရရန် အချိန်အတိုင်းအတာ တစ်ခုအထိ လေ့လာရန် လိုအပ်နေသေးသည်။
နောက်တစ်ရက်မှာတော့ ဆေးပင်စိုက်ကွင်းသည် ပြောင်းလဲမှုအသစ်များ ထပ်မံကာ ဖြစ်တည်လာ၏။ စိုက်ပျိုးထားသော မျိုးစေ့များသည် ထူးခြားသည့်အလင်းတန်းများ တောက်လျက်ရှိပြီး သာမန်ထက်ပိုကာ အားကောင်းလျက် ရှိနေကြောင်း သက်သေပြလျက် ရှိနေ၏။
“မြန်လိုက်တာ” အကြီးအကဲဝေသည် အနည်းငယ်ဆွံ့အလျက်ရှိ၏။ ရက်အနည်းငယ်အတွင်းမှာပဲ သူသည် ဆေးပင် စိုက်ကွင်း၌ ဆောင့်ကြောင့်ထိုင်လျက်ရှိပြီး ဆေးပင်များ ကြီးထွားမှုကို သူ၏ မျက်လုံးများနှင့် သေသေချာချာ ကြည့်ရှုနေ၏။ အဆုံးသတ်မှာတော့ ဆေးပင်၏ ပထမအသုတ်သည် လဝက်မှ တစ်လအတွင်း ရင့်မှည့်လာတော့ မည်ဖြစ်ကြောင်း သူအကြမ်းဖျင်း သုံးသပ်လိုက်မိသည်။
ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်မိ၏။ “ဒါက နည်းနည်း နှေးလွန်းနေသေးတယ်”
“……”
အကြီးအကဲဝေသည် ဆွံအလျက်ရှိနေ၏။ ဆေးပင်များ၏ အရည်အသွေးမြင့်မားလေ ရင့်မှည့်လာရန် အချိန် ကြာမြှင့်လေဖြစ်၏။ သာမန်ဆေးမျိုးစေ့များအား ယခုကဲ့သို့ ပိုမိုမြန်ဆန်သည့် တိုးတက်မှုနှုန်းဖြစ်အောင် ပြုလုပ်နိုင်သည်ဆိုခြင်းကိုက အလွန်ထူးခြားသည့်အရာဖြစ်နေ၏။ သို့ပေမဲ့ ဂိုဏ်းချုပ်သည် ဤအရာကို နှေးကွေး သည်ဟု ဆိုနေသေးသည်။
အချိန်သည် မျက်စိတစ်မှိတ်အတွင်းမှာပဲ ဆယ်ရက် ကုန်ဆုံးသွားခဲ့သည်။ သန့်စင်ခံထားရသည့် မြေဆီလွှာ၏အောက်မှာတော့ ဆေးပင်များသည် ကောင်းကောင်းမွန်မွန်၊ ကျန်းကျန်းမာမာဖြင့် ကြီးထွားလာခဲ့၏။
ဆေးပင်၏ အကိုင်းအခက်နှင့် အရွက်များသည် ကောင်းကင်နှင့်မြေကြီး ဓာတ်သဘာဝများ လွှမ်းခြုံလျက်ရှိ၏။ ဤမြင်ကွင်းတစ်ခုလုံးသည် အလွန်လှပလွန်းလှချေသည်။ ဆေးဟောခန်းရှိ တပည့်များသည် ပြင်းပြင်းထန်ထန် အလုပ်ကြိုးစားလျက်ရှိနေ၏။ ၎င်းတို့သည် ဆေးပင် အညှောက်များအား ရေလောင်းခြင်း၊ ပေါင်းသတ်ခြင်းအလုပ်များကို သေသေချာချာ ပြုလုပ်ကြသည်။
တစ်ရက်မှာတော့ ကျင့်ကြံနေရာမှ ရှားရှားပါးပါး အားလျက်ရှိနေသည့် အမဲရောင်နတ်ဆိုးသည် ထိုနေရာဆီမှ ဖြတ်လျှောက် သွားခဲ့၏။ ဆေးပင်များသည် လောက၏ဓာတ်သဘာဝများ လွှမ်းခြုံလျက် ရှိနေသည်ကို မြင်ရသည့် အချိန်မှာတော့ သူအံ့အားသင့်သွားမိ၏။
“ညီငယ်လေး... ဘယ်တုန်းက ရွှမ်အဆင့် ကောင်းကင်ဆေးပင်တွေ ရရှိသွားတာလဲ”
“အစ်ကိုကြီး”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒါက သာမန်ဆေးပင်တွေပါ”
“သာမန်ဆေးပင်တွေ ဟုတ်လား” အမဲရောင်နတ်ဆိုး၏ မျက်နှာပေါ်တွင် သံသယအရိပ်အယောင်များ ဖြစ်တည် လာ၏။ သူသည် သေသေချာချာ အနားသို့ တိုးကပ်ကာ ကြည့်ရှုပြီးသည့်နောက် မျက်လုံးပင် ပြူးသွားမိ၏။ သူသည် ဆေးလုံးများအကြောင်းကို ကောင်းကောင်းမသိသလို ဆေးပင်များ အကြောင်းကိုလည်း ကောင်းကောင်းမသိပေ။ သို့ပေမဲ့ အထက်နယ်မြေတွင် နှစ်ပေါင်းများစွာ လှည့်လည်ကျက်စားခဲ့သူ တစ်ယောက်မို့ ထိုအရာများ အားလုံးကို သေချာမြင်ဖူးပြီးသား ဖြစ်၏။
သူ့အရှေ့တွင် ရှိနေသော ဆေးပင်များသည် ကုန်စုံဆိုင်များတွင် ဝယ်ယူ၍ ရနိုင်သည့် ဆေးပင်များ ဖြစ်ကြောင်းကို ရှင်းရှင်းလင်းလင်း မြင်နိုင်စွမ်းရှိ၏။ သို့ပေမဲ့ အဘယ်ကြောင့် အလွန်အားကောင်းသည့် ဓာတ်သဘာဝများ ထွက်ပေါ်နေရသနည်း။
ဆေးပင်များကို အဆင့်အတန်း ခွဲခြားရမည်ဆိုလျှင် ဂိုဏ်းများ အဆင့်အတန်းခွဲခြားခြင်းနှင့် ဆင်တူ၏။
ရွှမ်အဆင့် - ရွမ်အဆင့်ကို ရောက်ရှိသည်ဆိုသည်နှင့် ဤအရာကို ကောင်းကင်ရတနာများအဖြစ် သတ်မှတ်နိုင်၏။ ကျွင်းချောင်ရှောင်း စီးဆင်းရေမြို့မှ ဝယ်ယူလာသည့် ဆေးပင်များသည် သာမန်သာဖြစ်၏။ သို့ပေမဲ့ ထိုအရာ များသည် သေမျိုးလောကတွင်တော့ အလွန်အဆင့်မြင့်လှသည့်အရာများအဖြစ် သတ်မှတ်နိုင်စွမ်းရှိသည်။
မည်သို့ပင် ဆိုစေကာမူ အထက်နယ်မြေတွင်တော့ သာမန်အဆင့်သာရှိသည့် ဆေးပင်များ ဖြစ်၏။ သို့ပေမဲ့ အဆင့်မြှင့်တင်ထားသော မြေဆီလွှာများ၏ အောက်မှာတော့ အလုံးစုံ သန္ဓေပြောင်းလဲလျက် ရှိနေပြီး ထိုဆေးပင် များတွင် ပါဝင်သည့် ဆေးစွမ်းအားများသည် တိုးတက်လာသောကြောင့် ရွှမ်အဆင့်ဟုပင် သတ်မှတ်နိုင်စွမ်းရှိပြီး ကောင်းကင်ရတနာဟုပင် သတ်မှတ်နိုင်နေပြီဖြစ်၏။ ရွှမ်အဆင့်ဆိုသည်မှာ အရမ်းကြီး ကောင်းမွန်လှသည်တော့ မဟုတ်ချေ။ သို့ပေမဲ့ ၎င်း၏ အထက်တွင် အဆင့်အတန်း သုံးခုသာ တည်ရှိတော့၏။ အစစ်အမှန်၊ တာအိုနှင့် မိုးကောင်ကင်ဟူ၍ ဖြစ်လေ၏။
“ညီငယ်လေး”
အမဲရောင်နတ်ဆိုးက လေးလေးနက်နက် ပြောလိုက်သည်။ “ရွှမ်အဆင့် ဂိုဏ်းတွေမှာတောင်မှ ဒီလိုမျိုး ဆေးစိုက်ခင်း မရှိဘူး”
ကျွင်းချောင်ရှောင်းသည် အဆင့်မြှင့်တင်ထားသည့် ဆေးဥယျာဉ်ကြီးသည် သာမန်ဆေးပင်များကိုပင် ရွှမ်အဆင့် ဆေးပင်များဖြစ်အောင် ပြောင်းလဲပေးနိုင်မည်ဟု မထင်မှတ်ခဲ့ချေ။ ထို့ကြောင့် သူသည် စတင်ကာ တွေးတော လိုက်၏။ “ဒါတွေကို သွားပြီးရောင်းရင် ကောင်းမလား”
အထက်နယ်မြေတွင် လိုအပ်ချက်များကို ပြည့်စုံအောင်လုပ်ရမည့်အရာ နှစ်ခုသာ ရှိ၏။ ထိုအရာသည် စိတ်ဝိညာဉ်ကျောက်တုံးများ ရောင်းချခြင်းနှင့် ဆေးလုံးများ ရောင်းချခြင်းတို့ပင်ဖြစ်၏။ စိတ်ဝိညာဉ်ကျောက်တုံး များဆိုသည်မှာ မိုင်းတွင်းများမှ ရရှိပြီး ဆေးလုံးများမှာတော့ သန့်စင်၍ ရရှိနိုင်၏။ ဤသန့်စင်သည့် လုပ်ငန်းစဉ် သည် ဆေးပင်များ လိုအပ်လျက်ရှိနေသည်။ ထို့ကြောင့် ဆေးလုံးများ ပြည့်ပြည့်ဝဝ သန့်စင်နိုင်စေရန်အတွက် ပိုမိုပြီး အားကောင်းလွန်းလှသည့် ဆေးပင်များ လိုအပ်နေသည်မှာ သဘာဝပင် ဖြစ်တော့သည်။
အထက်နယ်မြေဆီသို့ အသစ်တက်ရောက်လာသည့် ပြိုင်စံရှားဂိုဏ်းအနေနှင့် တခြားသောသူများဆီမှ စိတ်ဝိညာဉ်ကျောက်တုံးများ သွားရောက်လုယက်နေခြင်းသည် ကံဆိုးမှုများကို ရရှိနိုင်စေ၏။ ထို့ကြောင့် သူ့အနေနှင့် စိတ်ဝိညာဉ်ကျောက်တုံး နှင့် ငွေကြေးများကို ရရှိရန်အတွက် တခြားသော နည်းလမ်းများကို အသုံးပြုရန် လိုအပ်နေသည်။ ဥပမာအားဖြင့် အဆင့်နိမ့်ဆေးပင်များကို ဝယ်ယူပြီး ရွှမ်အဆင့်ထိရောက်အောင် ပြုလုပ်ကာ ပြန်လည်ရောင်းချခြင်းသည့် သူ့အတွက် အလွန်ကိုက်သည့်အရာပင် ဖြစ်ပေလိမ့်မည်။
အကြီးအကဲဝေက ပြောလိုက်သည်။ “သိသလောက်ဆိုရင် အဆင့်မြင့် ဆေးလုံးတွေ အကုန်လုံးက ကောင်းကင်ဘုံ ရတနာတွေပဲ။ ကောင်းကင်ဘုံ အရင်းအမြစ်တွေ လိုအပ်နေတယ် မဟုတ်လား။ ဒီတော့ သာမန်ဆေးပင်တွေနဲ့သာ သန့်စင်မယ်ဆိုရင် လုံလောက်တဲ့ အဆင့်ရှိတဲ့ ဆေးလုံးတွေကို ရမှာ မဟုတ်ဘူး။ ဒီအရာတွေကို ရောင်းချမယ်ဆိုရင် တော်တော်ရောင်းကောင်းမယ်လို့ ထင်တယ်”
“ဆေးပင်တွေ ရောင်းချမှုနဲ့ ပတ်သက်ပြီး ကျုပ်လည်း သဘောတူတယ်” ယွမ်သခင်လေးက ဝင်ပြောလိုက်သည်။ ဒုဂိုဏ်းချုပ်တစ်ယောက်အနေနှင့် သူသည် ဂိုဏ်း၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုများကို သေသေချာချာ စဉ်းစား ထားပြီးသား ဖြစ်သည်။ သူ၏ ဆံပင်များသည် အလုပ်ကြိုးစားလွန်း၊ စဉ်းစားရလွန်းသောကြောင့် တချို့တလေပင် ဖြူလျက် ရှိနေ၏။
“အကြီးအကဲဝေ”
ကျွင်းချောင်ရှောင်းသည် အကြံအစည်တစ်ခုကို တွေးတောပြီးနောက် ပြောလိုက်မိ၏။ “ဆေးပင် တွေက ဒီလိုမျိုး ဆက်တိုက်စိုက်ပြီး အသွင်ပြောင်းလဲသွားမယ်ဆိုရင် ကျုပ်တို့ ဒီထက်ပိုပြီး စိုက်ပျိုးဖို့ လိုအပ်လာပြီ။ ဒီတော့ ဆေးဥယျာဉ်ကြီးကို ပိုပြီးတော့ ချဲ့ထွင်လိုက်မယ်။ ပြီးတော့ ဆေးပင်တွေကို များများစားစား ထုတ်လုပ်ရအောင်”
“ကောင်းပါပြီ” အကြီးအကဲဝေသည် အလျင်အမြန်ပဲ စတင်ကာ အလုပ်လုပ်တော့သည်။
ထင်မှတ်ထားသည့် အတိုင်းပင် တောဝက်ရိုင်းလေးသည် သူ၏ တန်ဖိုးကို အဆုံးစွန်အထိ ပြသလျက်ရှိနေ၏။ အမိန့်ပင် သေချာမပေးရသေးချေ။ ဆေးဥယျာဉ်ထဲရှိ မြေဆီလွှာများကို စတင်ကာ စားသုံးနေလေ၏။
............
ကျွင်းချောင်ရှောင်းအနေဖြင့် ဂိုဏ်းကို ဖွံ့ဖြိုးတိုးတက်အောင် ပြုလုပ်ရန် နည်းလမ်းတစ်ခုကို စဉ်းစားခဲ့မိ၏။ ထိုအရာသည် အဆင့်မြင့်ဆေးပင်များကို ရောင်းချပြီး ငွေကြေးများ ရယူရန်ပင် ဖြစ်တော့၏။ ဤနေရာတွင် များပြားလှသည့် စီမံချက်များကို စဉ်းစားရန်လည်း လိုအပ်နေသေးသည်။
အဘယ်ကြောင့်ဆိုသော် သူ့တွင် နည်းလမ်းရှိသည်ဆိုသော်လည်း ဝယ်သူရှိရန်လည်း လိုအပ်နေသေး၏။ ထိုအရာများကို တွန်းလှည်းပေါ်သို့တင်၍ ဈေးထဲတွင် လိုက်လံကာ ရောင်းချရမည်လား။
“ဆရာအိုက်”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ကျုပ် ခင်ဗျားကိုတောင် လွမ်းလာပြီ”
အောက်နယ်မြေ၏ အစပိုင်း အခြေအနေတုန်းက အိုက်ရှန်းရီသည် သူ့အား ကြီးကြီးမားမား ကူညီပေးခဲ့၏။ ယခု အထက်နယ်မြေသို့ ရောက်သည့်အချိန်မှာတော့ သူသည် ဆေးလုံးနှင့် ဆေးပင်ဈေးကွက်ကို ပြုလုပ်ရန်အတွက် မိသားစု သို့မဟုတ် အဖွဲ့အစည်း တစ်ခုခုကို လိုအပ်နေသေး၏။ အကြံအစည်သည် ကောင်းမွန်လှသည် ဆိုသော်လည်း အမှန်တရားသည် ရက်စက်လွန်းလှ၏။
အရင်တုန်းက ကျွင်းချောင်ရှောင်းသည် ချင်းယန်ရွာ၏ ရွာသားတစ်ယောက်ဖြစ်ခဲ့ဖူး၏။ လက်ရှိအချိန်မှာတော့ ရွှေ့ပြောင်းလုပ်သားတစ်ဦးနှင့်ပင် ဆင်တူနေ၏။ အထက်နယ်မြေတွင် မည်သည့် အမျိုးအဆွေမှလည်း မရှိချေ။ အထူးသဖြင့် ဤအနီးနားတစ်ဝိုက်တွင် မည်သည့်မြို့နှင့် ရွာများလည်း မရှိသောကြောင့် သူ့အား ကူညီပေးမည့် သူလည်း မရှိချေ။
“ထားလိုက်တော့။ ထားလိုက်တော့။ ဂိုဏ်းရဲ့ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် လမ်းပေါ်မှာ ဈေးအော်ရောင်း ရမယ်ဆိုရင်လည်း ပြဿနာ မရှိပါဘူး” ဂုဏ်သိက္ခာကို အဆုံးစွန် ဂရုစိုက်တတ်သည့်လူတစ်ယောက်အတွက် ဤကဲ့သို့ ပြုလုပ်ရန် စဉ်းစားထားသည်ဆိုခြင်းမှာ သူသည် ပြိုင်စံရှားဂိုဏ်းအား မည်မျှ ချစ်မြတ်နိုးကြောင်း သိသာ လှ၏။
...............
ဆေးစိုက်ကွင်း ဖန်တီးမှုသည် အင်ပြည့်အားပြည့် ဖြစ်တည်နေ၏။ ဂိုဏ်း၏ တပည့်များ အားလုံးသည်လည်း နှလုံးသားအလင်း ကျမ်းစာအား သေသေချာချာ နားလည်အောင် ကြိုးစားလျက် ရှိနေ၏။ ဤကျင့်ကြံခြင်း နည်းစနစ်သည် အထက်နယ်မြေ၏ ပတ်ဝန်းကျင်အသစ်နှင့် အလွန်လိုက်ဖက်လွန်းလှချေ၏။ ပိုမို သန့်စင်သည့် ဓာတ်သဘာဝများအဖြစ် သန့်စင်နိုင်ရုံသာမက ကောင်းကင်နှင့် မြေကြီး၏ ဓာတ်သဘာဝများ အားလုံးကို ပိုမို နက်နဲစွာ နားလည်နိုင်နေသည်။
အောက်နယ်မြေတွင် ရှိနေသော သိုင်းကျင့်ကြံခြင်းနည်းစနစ်များသည် မိမိကိုယ်ကို နားလည်ရန် လိုအပ်၏။ သို့ပေမဲ့ အထက်နယ်မြေသို့ ရောက်ရှိလာသည့်အချိန်မှာတော့ မိမိကိုယ်ကို နားလည်မှု လိုအပ်လာသလို ပတ်ဝန်းကျင်ရှိ ဓာတ်သဘာဝများကိုလည်း ပိုမိုနက်နဲစွာ နားလည်ရန် လိုအပ်လာခဲ့၏။
ဟူး ဟူး ….။
တပည့်များ နေထိုင်ရာ တောင်ထွတ်ရှိ ရီရှင်းချန်၏ အခန်းတွင်တော့ အဆင့်တက်သည့် အော်ရာများ ဖြစ်တည်လာသည်။
“မဖြစ်နိုင်ဘူး”
စုရှောင်မိုသည် အံ့အားတသင့်ဖြင့် ပြောလိုက်၏။ “ဂျူနီယာညီလေးရီ... ထပ်ပြီးတော့ အဆင့်တက် ပြန်ပြီလား”
“အထက်နယ်မြေကို မတက်ခင်လေးက သူ အဆင့်ခြောက်သိုင်းနယ်မြေအဆင့်ပဲ ရှိသေးတယ်လေ” လီဖေး သည် မျက်လုံးအပြူးသား ဖြစ်သွားခဲ့သည်။
အားလုံးသည်လည်း အံ့အားသင့် မနာလိုဖြစ်မိနေကြ၏။ သို့ပေမဲ့ အဆင့် တက်သည့်အရှိန်အဟုန်သည် ထိပ်ဆုံးအဆင့်ထိ ရောက်ရှိပြီးနောက် ပြန်လည်ကာ ငြိမ်သက်သွားခဲ့၏။
ကျွီ
ရီရှင်းချန်သည် တံခါးကို တွန်းဖွင့်ကာ လှမ်းလျှောက်လာ၏။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ယခင်ကထက် ပိုမိုကာ အားကောင်းနေခဲ့၏။ အချိန်တိုအတွင်းမှာပဲ သူသည် သိုင်းနယ်မြေအဆင့်ခြောက်မှသည် အဆင့်ခုနှစ်ဆီသို့ ချိုးဖြတ်ရောက်ရှိခဲ့၏။ သို့ပေမဲ့ နှလုံးသားထဲတွင် မည်သည့် ပျော်ရွှင်မှုကိုမှ မခံစားရချေ။ အဘယ်ကြောင့်ဆိုသော် လောကသစ်ကြီးတွင် ဤအရာသည် ဘာမှ မဟုတ်ချေ။
အားညိုသည် နှလုံးသားအလင်းကျမ်းစာအား နားလည်သည့် အတွင်းစည်းတပည့်များထဲမှ ပထမဦးဆုံးတပည့် အဖြစ် မှတ်တမ်းဝင်ခဲ့၏။ နောက်ရက်အနည်းငယ်အတွင်းမှာပဲ လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသောသူများ အားလုံးသည်လည်း နက်နက်နဲနဲ နားလည်လာခဲ့ကြပြီး ၎င်းတို့၏ အဆင့်များသည်လည်း အဆင့်ကြီးတစ်ဆင့် ဆီသို့ တိုးတက်သွား၏။
၎င်းတို့သည် အောက်နယ်မြေမှာကတည်းက ခန္ဓာကိုယ်၊ ဝိညာဉ်နှင့် စိတ်ဝိညာဉ်တွေကို အဆုံးစွန်ထိ သန့်စင်ခံထားရသော သူများ ဖြစ်၏။ သို့ပေမဲ့ အထက်နယ်မြေရှိ သိုင်းကျင့်ကြံသူများနှင့် မယှဉ်နိုင်ပေ။ ထို့ကြောင့် တူညီသည့် ပတ်ဝန်းကျင်ကို ရောက်ရှိသည့်အချိန်မှတော့ အဆင့်မြင့် သိုင်းကျင့်ကြံခြင်း နည်းစနစ် များကို အသုံးပြုကာ ၎င်းတို့၏ အားအင်အဆင့်ကို ပိုမို တိုးတက်အောင် ပြုလုပ်ချင်နေမိကြသည်။
ဤနေရာတွင် လက်ရှိ အစွမ်းပြလျက် ရှိနေသူများမှာ အတွင်းစည်းနှင့် အပြင်စည်းတပည့်များသာ ဖြစ်ကြ၏။ နှလုံးသားအလင်း ကျမ်းစာအား နားလည်ပြီးသည့်နောက် ၎င်းတို့သည် အဆင့်သေး သို့မဟုတ် အဆင့်ကြီးများ တက်လျက် ရှိနေ၏။
မျိုးစေ့၏ ပထမအသုတ် ဆေးပင်များ အလုံးစုံ ရင့်မှည့်လာသည့် အချိန်မှာတော့ နင်ညီအစ်ကိုတို့၏ တွက်ချက်မှု အရ ဂိုဏ်းထဲတွင် ရှိနေသော အနိမ့်ဆုံး ကျင့်ကြံခြင်းအဆင့်သည် သိုင်းအုပ်စိုးသူအဆင့်ငါးပင် ဖြစ်သည်။
ဟုတ်ပေသည်။ တစ်လ အချိန်အတောအတွင်း တပည့်တော်တော်များများတို့သည် ကျင့်ကြံခြင်းနည်းစနစ်ကို ပိုမို နားလည်လာခဲ့ကြ၏။ သို့ပေမဲ့ ၎င်းတို့သည် သိုင်းကျင့်ကြံခြင်းကိုတော့ မပြုလုပ်ကြချေ။ ဂိုဏ်း၏အဓိက ကျင့်ကြံခြင်းနည်းစနစ်ကို ပိုမိုနားလည်အောင် ပြုလုပ်ဖို့ လိုအပ်နေချေသေး၏။