အခန်း (၁၃၆၁)
Vol. 92 Ch. 1361
ကျွင်းချောင်ရှောင်းသည် အမှန်ပင် လှုပ်ရှားခဲ့၏။ သူသည် တိုက်ရိုက်ဆိုသလိုပဲ လုတင်းရီကို မြေပေါ်သို့ ဆွဲလှဲချပြီး ကြောက်မက်ဖွယ်ရာ အားအင်များနှင့် ထိုးနှက်လျက်ရှိ၏။ စကားတစ်ခွန်းမှ မပြောဘဲ ကျင့်ကြံခြင်းအဆင့်များကို ထုတ်ဖော်ခဲ့ပြီးဖြစ်ပြီး တစ်ခြားသောသူကို တိုက်ရိုက်ပင် တိုက်ခိုက်လျက်ရှိနေ၏။ ထိုအရာသည် သီးခြား တာဝန်တစ်ခုခု ဖြစ်ပေါ်လာသည်လားဟုပင် သံသယစရာ ရှိ၏။ သို့ပေမဲ့ မဟုတ်ချေ။
ကျွင်းချောင်ရှောင်းသည် လုတင်းရီကို အားရပါးရ ထိုးနှက်နေ၏။ ထိုအရာမှာ စကားအရာ၌ မောက်မာပြီး ရန်လို သောကြောင့် မဟုတ်ပေ။ တစ်ဖက်လူသည် မြို့တော်ဝန်၏သားဆိုသည့် ဂုဏ်ပုဒ်ကို အသုံးပြုပြီး နောက်ကွယ်မှာ လုပ်ချင်ရာကို ပြုလုပ်နေသောကြောင့်ပင် ဖြစ်၏။
ကျွင်းချောင်ရှောင်းအနေနှင့် သူ့ရည်မှန်းချက်ကို ရောက်ရှိရန် ညစ်ပတ်သည့် ကိစ္စများကို ပြုလုပ်လေ့ ပြုလုပ်ထရှိ၏။ အထူးသဖြင့် ပြဿနာကြီးများနှင့်ကြုံဆုံရသည့်အခါမျိုးမှာဖြစ်သည်။ သို့ပေမဲ့ သိုင်းပြိုင်ပွဲများတွင်တော့ ထိုကဲ့သို့ မပြုလုပ်ချေ။ မှန်ကန်သည့်နည်းလမ်းများကိုသာ အသုံးပြု၍ ယှဉ်ပြိုင်တိုက်ခိုက်တတ်ပြီး ဘယ်တော့မှ နောက်ကွယ်၌ ညစ်ပတ်တတ်သည့်နည်းလမ်းများကို အသုံးမပြုခဲ့ချေ။
လီချင်းယန်၊ ရှောင်ကျီနှင့် တစ်ခြားသောလူများသည် များပြားလှသည့်ပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင် ကြသည်ဆိုသော်လည်း သူတို့၏ အားအင်အဆင့်နှင့် အနိုင်ယူတိုက်ခိုက်ခဲ့ကြခြင်းဖြစ်ပြီး ဆိုးယုတ်လှသည့် ညစ်ပတ် သည့် အကြံဆိုးများကို ဘယ်တော့မှ အသုံးမပြုခဲ့ပေ။ အစစ်အမှန် ဒဏ္ဍာရီလာပုဂ္ဂိုလ်များသည် တိုက်ခိုက်ရန်ကိုပင် အဓိကဦးစားပေး၏။
လုတင်းရီမှာတော့ ခြားနားလျက်ရှိ၏။ ၎င်းသည် ဒိုင်ကို ခြယ်လှယ်ထားရုံသာမက အသက် ၁၇ နှစ်နှင့် ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်၏။ ဝူတန်စာမေးပွဲတွင် အသက်ကန့်သတ်ချက်မရှိဘူးဆိုသော်လည်း ပါဝင်ယှဉ်ပြိုင်ကြ သည့် ကျောင်းသားများသည် အသက် ၁၀ နှစ်မှ ၁၃နှစ်ကြား အရွယ်များသာဖြစ်သည်။
ပြောရမည်ဆိုလျှင် လင်းယွမ်မြို့၏ မြို့တော်ဝန်သားသည် နောက်ကွယ်မှ ညစ်ညမ်းသည့်နည်းလမ်းများကို အသုံးပြု သည်သာမက ကလေးများကို ဝင်ရောက်ကာ အနိုင်ကျင့်ခြင်းပင်ဖြစ်၏။
ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် မည်သို့မှ မခံစားနိုင်တော့ဘဲ သူ၏ တပည့် စွန်းမူချန်းအတွက် ဒေါသကို ဖြေဖျောက်ရန်အလို့ငှာ တစ်ဖက်လူကို တိုက်ရိုက်ဆွဲလှဲ၍ ထိုးနှက်နေခြင်းပင်ဖြစ်တော့သည်။
“ဒီလိုကိစ္စမျိုးရှိသလား။” စနစ်က မေးလိုက်သည်။
ဒီလိုကိစ္စမျိုး ရှိသလား။ မရှိသလားဆိုသည်မှာ ကိစ္စမရှိချေ။ အရေးကြီးသည်မှာ ကုန်းရှန့်သည် လူပေါင်းများစွာ၏ အရှေ့တွင် လင်းယွမ်မြို့၏ မြို့တော်ဝန်သားအား မြေပေါ်သို့လှဲချကာ ထိုးနှက်နေခြင်းပင်ဖြစ်၏။ ဤအရာမှာ အမှန်ပင် ပြဿနာကြီးဖြစ်၏။
“တကယ့်ကိုကြီးမားတဲ့ အရာကြီး ဖြစ်ပြီပဲ။”
“မြို့တော်ဝန်လုက သူရဲ့ တစ်ဦးတည်းသောသားကို အရမ်းတန်ဖိုးထားတာလေ။ သူ့ရဲ့ လက်ထဲမှာ အရည်ပျော်ကျသွားမှာတောင် စိုးရိမ်လောက်ရတဲ့အထိ ချစ်မြတ်နိုးတာ မဟုတ်လား။ ဒီကောင်က အားရပါးရ ရိုက်နှက်နေတယ်ဆိုတော့ မြို့ထဲကနေ အသက်ရှင်ရက် ထွက်သွားနိုင်မှာမဟုတ်တော့ဘူး။ ဒီကောင် တော်တော်သတ္တိရှိတာပဲ။”
ကြည့်ရှုနေကြသည့် သိုင်းကျင့်ကြံသူများသည် မည်သို့မျှ မနေနိုင်တော့ဘဲ တစ်ယောက်ပြီးတစ်ယောက် တီးတိုးရေရွတ် နေကြ၏။
တစ်ဖက်လူ၏ ဂုဏ်ပုဒ်ကို နှင်းဆီဧကရီသည် သိရှိလိုက်၏။ ထို့ကြောင့် ချက်ချင်းပဲ အသံပို့လွှတ်လိုက်သည်။ “ကျွန်မတို့ သိုသိုသိပ်သိပ်နေကြမယ်လို့ သဘောတူညီထားတယ်လေ။ ဘာလို့သူ့ကို သွားရိုက်နေရတာလဲ။”
လုတင်းရီ၏ ကျေးကျွန်များသည် နောက်ဆုံး၌ အသိဝင်လာခဲ့ကြ၏။ ၎င်းတို့သည် ကျင့်ကြံခြင်းကို ထုတ်ဖော်ပြီး အနီးကို ကပ်ရန် ကြိုးစားလိုက်ကြသည်။ သို့ပေမဲ့ အလွန်အားကောင်းလှသည့်အော်ရာများသည် သူတို့အား အနောက် သို့ ပြန်ကန်သွားစေ၏။ ၎င်းတို့အားလုံးသည် သံပြိုင်ဆိုသလိုပဲ ရေရွတ်လိုက်မိကြ၏။ “အမြုတေအသွင်ပြောင်းခြင်းအဆင့်”
ဒေါသထွက်လျက်ရှိနေသည့် ကျွင်းချောင်ရှောင်းသည် ကျင့်ကြံခြင်းအဆင့် ဖုံးကွယ်ခြင်းနည်းစနစ်အား အသက်သွင်း မထားတော့ချေ။ ထို့ကြောင့် သူ၏ အမြုတေအသွင်ပြောင်းခြင်း အဆင့်နှင့် ကျင့်ကြံခြင်းသည် အလုံးစုံ ပေါ်ပေါက်လျက် ရှိနေသည်။
တစ်ခြားသူများ မရှိပါက သူသည် ဟိတ်ဟန်ထုတ်၍ ရမည်မဟုတ်ချေ။ သို့ပေမဲ့ ကံကောင်းစွာဖြင့် လမ်းပေါ်တွင် ဖြတ်သွားဖြတ်လာနှင့် သိုင်းကျင့်ကြံသူ များများစားစားတည်ရှိနေ၏။ ကုန်းရှန့်၏ ကျင့်ကြံခြင်းအဆင့်သည် ဘာဖြစ်ကြောင်း သိရှိပြီးသည့်နောက် အားလုံးသောသူတို့သည် မျက်လုံးအပြူးသားနှင့် ဖြစ်မိနေကြ၏။
ဤမျှငယ်ရွယ်သော လူငယ်လေးတစ်ယောက်သည် ဤမျှ အားကောင်းလှသည့် ကျင့်ကြံခြင်းအဆင့်ကို ပိုင်ဆိုင်နေမည် ဟု မည်သူမျှ မထင်မှတ်ခဲ့ချေ။ သူ့အနေနှင့် လုတင်းရီကို လူမြင်ကွင်း၌ အနိုင်ကျင့်ရိုက်နှက်ရဲသည်မှာ အံ့အားသင့်စရာ မရှိတော့ချေ။
သို့ပေမဲ့ ဤလူငယ်ကလေး ရိုက်နှက်နေသူသည် မြို့တော်ဝန်လု၏ သားပင်ဖြစ်၏။ ထိုသို့သော လူကို ရိုက်နှက်ခဲ့ခြင်း အတွက် ဖြစ်လာနိုင်သည့် ရလဒ်သည် အဆုံးစွန်အထိ ပြီးဆုံးသွားမည့်ကိစ္စမျိုးပင်ဖြစ်တော့သည်။
ဘုန်း
ကျွင်းချောင်ရှောင်းသည် တစ်ဖက်သူ မည်သူဖြစ်ကြောင်းကို ဂရုမစိုက်ချေ။ ထို့ကြောင့် မတ်တပ်ထရပ်ပြီးသည့်နောက် ကြမ်းကြမ်းတမ်းတမ်း ကန်ကြောက်လျက်ရှိနေ၏။ လုတင်းရီ၏ မျက်နှာသည် စုတ်ပြတ်သပ်လျက်ရှိပြီး သွေးများသည် လည်း ပွက်ကနဲ ပွက်ကနဲ ထွက်နေ၏။
မူလအားဖြင့် ခပ်ဝေးဝေးဆီသို့ လွင့်စင်သွားခဲ့သော ကျေးကျွန်များသည် ဆက်လက်ကာ မကြည့်နိုင်တော့ချေ။ သူတို့လုပ်နိုင်သည့်အရာမှာ တစ်ခုတည်းသာရှိ၏။ ထိုအရာမှာ အကူအညီတောင်းခံခြင်းပင် ဖြစ်တော့သည်။
…
ရွှီး ရွှီး
မိနစ်အနည်းငယ်ကြာပြီးသည့်နောက် အမြုတေအသွင်ပြောင်းအဆင့် ကျင့်ကြံသူ ၅ ယောက်တို့သည် မတူညီသည့် တည်နေရာအသီးသီးဆီမှ ပျံသန်းလာခဲ့၏။ လင်းယွမ်မြို့သည် အထက်နယ်မြေတွင် သာမန်အဆင့်သာ ရှိသလို ဂုဏ်သိက္ခာပိုင်းအရဆိုလျှင်လည်း ရွှမ်အဆင့်ဂိုဏ်းများနှင့် နှိုင်းယှဉ်၍ မရနိုင်ပေ။ သို့ပေမဲ့ အမြုတေအသွင်ပြောင်းခြင်းအဆင့် ကျင့်ကြံသူများကတော့ တည်ရှိလို့နေသေး၏။ တော်တော်များများသည် ပထမအဆင့် ကျင့်ကြံသူများဖြစ်၏။
“အမှိုက်ကောင်။ မောက်မာမနေနဲ့။”
အနီရောင်ဆံပင်နှင့်အဘိုးအိုသည် အရင်ဆုံးရောက်ရှိလာခဲ့၏။ သူတို့၏ သခင်လေးသည် တစ်ဖက်လူ၏ လက်ထဲတွင် ရုပ်ရည်ပင် မမှတ်မိနိုင်လောက်အောင် ရိုက်နှက်ခံထားကြောင်း မြင်ရချိန်မှာတော့ သူသည် လက်ဝါးထဲတွင် ကျန်းချီများကို စုစည်းလိုက်သည်။
ဟူး ဟူး
ပြင်းထန်လှသည့် လေများသည် တည်နေရာအနှံ့တိုက်ခိုက်သွားပြီး ပတ်ဝန်းကျင်တစ်ခုလုံးကိုပင် သက်ရောက်စေခဲ့၏။ အနားရှိ ကြည့်ရှုနေကြသူများနှင့် သိုင်းကျင့်ကြံသူများအားလုံးသည် အစောကြီးကတည်းက ကြိုတင်ကာ ရှောင်ရှားပြီးသားဖြစ်တော့၏။ သူတို့သည် အရည်အသွေးမြင့်မားလှသော ပွဲကြည့်ပရိသတ်များလုပ်ရန် စီစဉ်ထားကြပြီဖြစ်၏။
အမှန်လည်း သူတို့အား စိတ်မပျက်စေရပေ။ ကျွင်းချောင်ရှောင်းသည် သူ့ဆီသို့ ကျဆင်းလာသည့် ဖိအားများကို ခံစားရသည့်အချိန်မှာတော့ ရုတ်တရက် လှည့်ကာဖြင့် သူ၏ညာဘက်လက်ကို ဝှေ့ယမ်းလိုက်၏။ လေထဲတွင် ကျန်းချီများ စုစည်းလာပြီးသည့်နောက် ကြမ်းတမ်းလှသည့် လက်ဝါးရိုက်ချက်ကြီးတစ်ခုသည် မြန်မြန်ဆန်ဆန်ပဲ ဖြစ်တည်လာ၏။ မြင်ကွင်းပေါ်မှာတော့ ကောင်းကင်လက်ဝါးရိုက်ချက်ဆိုသည့် စာတမ်းကြီး ပေါ်ပေါက်လာသည်။
“မကောင်းတော့ဘူး။”
အနီရောင်ဆံပင်နှင့် အဘိုးအို၏ အမူအရာသည် ချက်ချင်းပြောင်းလဲသွား၏။
ဘုန်း
မြင့်မားသည့်အကျိုးသက်ရောက်မှုနှင့်စွမ်းအင်များပါဝင်နေပုံပေါ်သော ကောင်းကင်လက်ဝါးရိုက်ချက်သည် ကျဆင်း လာသည်နှင့် တပြိုင်နက် ကျယ်လောင်လှသည့်အသံကြီး ထွက်ပေါ်ရုံသာမက ပတ်ဝန်းကျင်ရှိ အိမ်များကိုပင် သိသိသာသာ တုန်ခါသွားစေသည်။
ရွှီး ရွှီး
ထိုအချိန်မှာတော့ နောက်ထပ် အမြုတေအသွင်ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူ ၄ ယောက်တို့သည် ဘေးတစ်ဖက် ဆီမှ ဝင်ရောက်လာ၏။ ၎င်းတို့သည် တိုက်ခိုက်ရန် ပြင်ဆင်လိုက်ကြ၏။ သို့ပေမဲ့ အစစ်အမှန်တရားမှာတော့ သူတို့၏ သခင်လေးကို ခပ်ဝေးဝေးဆီသို့ ဆွဲထုတ်သွားရန် အကြံအစည်ပင်ဖြစ်၏။
ကျွင်းချောင်ရှောင်းမှာတော့ ထိုသူတို့၏ ရည်ရွယ်ချက်ကို အစောကြီးကတည်းက နားလည်ပြီးသားဖြစ်၏။ ထို့ကြောင့် မည်သည့်စကားကိုမှမဆိုဘဲ လုတင်းရီ၏ လည်ကုပ်ကို ဆွဲကာဖြင့် သူ၏ ရှေ့တွင် ဒိုင်းတစ်ခုကဲ့သို့ ကာကွယ်ထားလိုက်သည်။
“လာခဲ့ကြစမ်း။”
အေးစက်လှသည့် ကျန်းချီကြီး လေးခုသည် ပတ်ဝန်းကျင်တည်နေရာကြီး တစ်ခုလုံးကို ပျံ့နှံ့သွားခဲ့ပြီး ကြီးကြီးမားမား ပြိုလဲလုမတတ်ပင် ဖြစ်စေ၏။
ဖုန်များကြားထဲတွင် ရပ်တန့်လျက်ရှိနေသည့် ကျွင်းချောင်ရှောင်းနှင့် သူ၏ အနောက်တွင်ရပ်နေသည့် နှင်းဆီဧကရီတို့မှာတော့ လုံလုံခြုံခြုံနှင့်တည်ရှိနေ၏။ ထို့အပြင် လုတင်းရီကို ဓားစာခံအဖြစ် ခေါ်ဆောင်ထား သောကြောင့် တစ်ဖက်လူများသည် ကြမ်းကြမ်းတမ်းတမ်း မတိုက်ခိုက်ရဲကြချေ။
ဖောက် ဖောက်
အမြုတေအသွင်ပြောင်းခြင်းအဆင့် စွမ်းအားမြင့်ကျင့်ကြံသူ ငါးယောက်တို့သည် မြေပေါ်သို့ ဆင်းသက်လာခဲ့ကြ၏။ ရှေ့မှ ဦးဆောင်နေသည့် အနီရောင်ဆံပင်နှင့်အဘိုးအိုသည် ဒေါသတကြီးပြောလိုက်သည်။ “ခွေးကောင်။ သေချင်နေတာလား။ သခင်လေးကို အခုလွှတ်လိုက်စမ်း။”
“လမ်းပေါ်မှာ ကျုပ်မိန်းမကို ရိသဲ့သဲ့ လာလုပ်ရဲတယ်လေ။ လာလုပ်တဲ့လူကို မသတ်ပစ်တာတောင် ကံကောင်းတယ်လို့ ပြောရမယ်။” ကျွင်းချောင်ရှောင်းက အေးအေးစက်စက် ပြောလိုက်၏။
လုတင်းရီ၏ ကြင်နာလှသည့် ရုပ်ရည်အသွင်ပြင်ကို ကြည့်၍ အကောင်းမှတ် မနေသင့်ပေ။ ၎င်း၏ မျက်လုံးဆီမှ ထင်ပေါ်လျက်ရှိနေသည့်အမူအကျင့်များကို ကြည့်ရှုလိုက်သည်နှင့် ကုန်းရှန့်သည် ထိုသူ ဘာလုပ်ချင်ကြောင်းကို အစောကြီးကတည်းက ခန့်မှန်းပြီးဖြစ်သည်။
နှင်းဆီဧကရီသည် အများကြီး တွေးမနေချေ။ “ငါ့မိန်းမ” ဆိုသည့် အသံကို ကြားရသည့်အချိန်မှာတော့ သူမ၏ နှလုံးသားတစ်ခုလုံးသည် ပျားရည်ကဲ့သို့ ချိုသာစွာ ခံစားလိုက်မိ၏။ မိမိအတွက်နှင့် မြို့ကြီးတစ်ခုလုံးအား ရန်ဘက်အဖြစ် ပြုလုပ်ရဲခြင်းအား သဘောမကျသည့်မိန်းမဟူ၍ မည်သူရှိနေမည်နည်း။
တွေးကြည့်ပြီးသည့်နောက် သူမသည် ရှေ့သို့လှမ်းတက်ကာဖြင့် ကျွင်းချောင်ရှောင်း၏ အနောက်နားဆီသို့ တိုးကပ် လိုက်၏။ သူမ၏နဖူးစပ်တွင် ကျဆင်းလျက်ရှိနေသော ဆံနွယ်များကို အသာသပ်တင်ကာ ပြောလိုက်၏။ “ယောကျ်ား … အတူတူတိုက်ခိုက်ရအောင်။”
“….…”
စနစ်သည် ဆွံ့အသွားမိ၏။ “ငါတို့ သိုသိုသိပ်သိပ်နေကြမယ်လို့ သဘောတူထားတယ်လေ။ အခုဘယ်လိုဖြစ်ပြီးတော့ ဘယ်လိုဖြစ်ပြီးတော့ အတူတူ ပြဿနာရှာဖို့ ကြိုးစားနေကြတာလဲ။”
“ဒီက ထွက်သွား။”
ကျွင်းချောင်ရှောင်းသည် အနီရောင်ဆံပင်နှင့်အဘိုးအိုကို ကြည့်ကာပြောလိုက်၏။ “ကျုပ် ဒီလူ ငါးယောက်နဲ့ တိုက်ခိုက်လိုက်အုံးမယ်။”
ဤစကားသည် အမှန်ပင် ပွဲကြမ်းလွန်းလှ၏။ သို့ပေမဲ့ ဤသို့တိုက်ခိုက်မည်ဆိုလျှင်တောင်မှ အရင်ဆုံး ဓားစာခံအဖြစ် ဖမ်းဆီးထားသည့် လုတင်းရီကို ချထားသင့်သည်မဟုတ်လား။ အဘယ့်ကြောင့် ဒိုင်းတစ်ခုကဲ့သို့ ရှေ့မှကာကာ ရှေ့သို့ လှမ်းတက်နေရသနည်း။
ဝှစ်
ကျွင်းချောင်ရှောင်းသည် ရှေ့ဆီသို့ ခြေလှမ်းကျဲကြီးဖြင့် တစ်လှမ်း လှမ်းလိုက်၏။ ပြီးသည့်နောက် လက်ထဲတွင် ကိုင်ထားသော လုတင်းရီအား ကြိုးတစ်ချောင်းကဲ့သို့ လေထဲတွင် ချာချာလည်အောင် ဝှေ့ယမ်းလျက်ရှိနေတော့၏။ သူသည် ဒိုင်းတစ်ခုသည်သာမက လက်နက်တစ်ခုအဖြစ်ပါ အသုံးပြုရန် ပြင်ဆင်ထား၏။
သေသေချာချာ အနှေးပြကွက်များနှင့် ကြည့်ရှုမည်ဆိုပါက လုတင်းရီ၏ မျက်လုံးများသည် ချာချာလည်လျက်ရှိပြီး ကြိုးတစ်ခုကဲ့သို့ လှည့်ပတ်ခံနေရင်း ခဏခဏ မေ့မျောလျက်ရှိနေတော့၏။ နိုးထလာလိုက်၊ မေ့မျောသွားလိုက် နှင့် သံသရာလည်လျက် ရှိနေတော့သည်။
“လာစမ်း …. လာကြ။ လာကြ။”
ကျွင်းချောင်ရှောင်းသည် မြို့တော်ဝန်၏သားအား ရူးရူးမူးမူး လှည့်ပတ်ပြီးသည့်နောက် တစ်ဖက်လူများအား တိုက်ခိုက်ရန် ပြင်ဆင်လိုက်၏။
မြို့တော်ဝန်၏ သားသည် ဓားစာခံအဖြစ် ရောက်ရှိနေသောကြောင့် တစ်ဖက်မှ တိုက်ခိုက်ရန် ပြင်ဆင်နေသည့် ကျင့်ကြံသူများသည် တိုက်ခိုက်ရန် စိုးရွံ့လျက်ရှိနေကြတော့၏။ ထို့ကြောင့် အနောက်ကို တစ်လှမ်းချင်းသာ ဆုတ်နေရသည်။
“ရောင်းရင်း”
ထိုအချိန်မှာပဲ ပန်းပွင့်ပုံစံရေးထိုးထားသည့် ဝတ်စုံကို ဝတ်ဆင်ထားသည့် သက်လတ်ပိုင်းလူတစ်ယောက်သည် ရှေ့ဆီသို့ လှမ်းတက်လာ၏။ လုတင်းရီသည် ကြိုးတစ်ခုကဲ့သို့ ချာချာလည်အောင် အလှည့်ခံရသည်ကို မြင်သည့် အချိန်မှာတော့ အလောတကြီးဖြင့် ဝင်ကာ ပြောလိုက်၏။ “ပြောစရာရှိတာ အရင်ပြောကြရအောင်။”
“ဒါ မြို့တော်ဝန်ပဲ။”
အဝေးမှ ကြည့်ရှုနေသည့် လူများသည် တီးတိုးပြောလိုက်ကြ၏။ ကျွင်းချောင်ရှောင်းသည် လှည့်ပတ်နေရာမှ ရပ်တန့် လိုက်ပြီးသည့်နောက် ဖြူလျော်နေသည့်မျက်နှာဖြင့် ပါးစပ်ထဲမှ အမြှုပ်များထွက်လျက်ရှိနေသည့် လုတင်းရီကို ကြည့်ရှုကာ မေးလိုက်သည်။ “ခင်ဗျားက သူ့ရဲ့ အဖေလား။”
“ဟုတ်ပါတယ်။ ဟုတ်ပါတယ်။”
မြို့တော်ဝန်လုသည် သူ၏ သားတစ်ယောက် နာကျင်သွားမည်ကို အမှန်ပင် စိုးရိမ်နေမိ၏။ ထို့ကြောင့် လက်သီးကို ဆုပ်ကာဖြင့် ပြောလိုက်၏။ “ကျုပ်သားက ခင်ဗျားကို တစ်ခုခု အပြစ်ပြုလုပ်မိတယ်ဆိုရင်တောင်မှ ကျုပ်က သူ့အစား တကယ်ပဲ တောင်းပန်ပါ တယ်။”
ပြုံးရွှင်နေသည့်မျက်နှာနှင့် လာသည့်လူကို ပါးပိတ်မရိုက်သင့်ပေ။ ထိုအချင်းအရာသည် လောက၏ ကျင့်ဝတ်ပင် ဖြစ်၏။ တစ်ဖက်လူသည် ဤကဲ့သို့ ပြောဆိုနေသည်ဆိုမှတော့ ကျွင်းချောင်ရှောင်းသည် မျက်နှာသာ ပေးရပေလိမ့်မည်။
ထို့ကြောင့်ပြောလိုက်၏။ “ကျုပ်မိန်းမနဲ့ ကျုပ်က လင်းယွမ်မြို့ကို လာပြီးတော့ စီးပွားရေးကိစ္စလာလုပ်တာ။ ဒါပေမဲ့ ခင်ဗျားရဲ့သားက ကျုပ်မိန်းမကို ရိသဲ့သဲ့လာလုပ်နေတယ်။ ဒီလိုကိစ္စမျိုးကို လွယ်လွယ်နဲ့ ပြီးဆုံးသွားမယ်ထင်နေ လို့လား။”
“မ .. မထင်ပါဘူး။”
လုတင်းရီသည် ရုတ်တရက် နိုးထလာပြီးသည့်နောက် အားပျော့စွာ ပြောလိုက်မိသည်။ “အဖေ … ကျုပ် … ကျုပ်မလုပ်ပါဘူး။”
သူ့အနေနှင့် မြာပွေတတ်သည့်လူတစ်ယောက်ဖြစ်သည်ဆိုသော်လည်း ဤကဲ့သို့ လူသိရှင်ကြား မြာပွေလိမ့်မည် မဟုတ်ချေ။ တစ်ဖက်လူသည် မည်သည့်အကြောင်းအရာကြောင့် မသိသော်လည်း တစ်ခါတည်း ကြမ်းကြမ်းတမ်းတမ်း ရိုက်နှက်ခဲ့လေ၏။
“အင်း။ ရောင်းရင်း”
မြို့တော်ဝန်လုသည် လက်သီးကို ဆုပ်ကာ ပြောလိုက်သည်။ “ကျုပ်သားကို လွတ်ပေးမယ်ဆိုရင် ခင်ဗျားလိုချင်တာ အားလုံးကို ပေးနိုင်ပါတယ်။”
“မြို့တော်ဝန်လုရဲ့ ကိုယ့်ရဲ့ သားအပေါ် ချစ်ခြင်းကတော့ တကယ့်ကို ရင်ထဲကို ထိခိုက်စရာပဲ။”
ကျွင်းချောင်ရှောင်းသည် ခဏလောက် တွေးကာ ပြောလိုက်၏။ “ဒီလိုလုပ်ရအောင်။ ကျုပ်က စိုက်ပျိုးထားတဲ့ ဆေးပင်တွေ ဒီကိုလာရောင်းတာလေ။ ခင်ဗျားရဲ့ သားကြောင့် နှောင့်နှေးသွားပြီ။ ခင်ဗျား ဒါတွေအကုန်လုံးကို ဝယ်လိုက်တော့။”
“ပြဿနာမရှိပါဘူး။”
“ဒါပေမဲ့ ဈေးနှုန်းက နည်းနည်း ဈေးကြီးတယ်နော်။”
“ပြဿနာမရှိပါဘူး။”
မြို့တော်ဝန်လု၏ မျက်လုံးထဲတွင် ဈေးနှုန်းမည်မျှကြီးမားသည်မှာ ပြဿနာမဟုတ်ပေ။ မည်သည့်အရာမှသည် သူ၏ သားလောက် ဈေးမကြီးချေ။ ထို့ကြောင့် ဘာမှ မငြင်းဘဲ ပြောဆိုနေခြင်းပင်ဖြစ်၏။
“ဟုတ်ပြီ။ ကျုပ်က မြို့တော်ဝန်လုကို ငွေညှစ်သလို ခံစားနေရတယ်။”
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ဒီတော့ ဆေးပင်နဲ့ပတ်သက်ပြီး ကျွမ်းကျင်သူတွေကို ခေါ်ပြီးတော့ ကျုပ်ရဲ့ ဆေးပင်အရည်အသွေးကို အရင်ဆုံး ကြည့်ရှုပါအုံး။ ပြီးမှ သတ်မှတ်ထားတဲ့ ဈေးနှုန်းအတိုင်းပေးပေါ့။”
“ကောင်းပြီ။ ကျုပ် ကျွမ်းကျင်သူတစ်ယောက်ကို ချက်ချင်းလွှတ်လိုက်ပါ့မယ်။”
မြို့တော်ဝန်လုသည် သူပြောသမျှ စကားများကို နားထောင်နေသည်ကို မြင်ရသည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်း သည် ပါးစပ်မှ အမြှုပ်များထွက်လျက်ရှိနေသည့် လုတင်းရီကို ကြည့်ရှုကာ ခေါင်းကို ခါယမ်းလိုက်မိ၏။ “အင်း။ ဒီလိုသားမျိုးကို မွေးထားရတာ ပြဿနာပဲ။ ငါသာ အနာဂတ်မှာ ကလေးတစ်ယောက် မွေးမယ်ဆိုရင် ….”
“လက်ခံသူ …… ကျေးဇူးပြုပြီးတော့ ယုတ္တိရှိတဲ့ ကိစ္စမျိုးတွေပဲ တွေးတောတာ ကောင်းလိမ့်မယ်။”
စနစ်သည် သူ့အား ကြားဖြတ်ပြောကာ ချက်ချင်းပဲ ဝေဖန်လိုက်သည်။ “မင်းရဲ့ အမူအကျင့်အရဆိုရင် မွေးစားတာမှမဟုတ်ရင် ကလေးတစ်ယောက် ရဖို့ဆိုတာ မဖြစ်နိုင်ဘူး။”