အခန်း (၁၃၆၂)
Vol. 92 Ch. 1362
“မြို့တော်ဝန်လုမှာ ဒီသားတစ်ယောက်ပဲ တန်ဖိုးတကြီးရှိတာ။ လက်ထဲမှာ အရည်ပျော်သွားလုမတတ်တောင် ချစ်မြတ်နိုးခဲ့တာပဲ။ ဒီကောင်က သူ့ကို ရိုက်နှက်ခဲ့တယ်ဆိုတော့ မြို့ထဲက အသက်ရှင်လျက်ထွက်သွားဖို့ မေ့လိုက်တာ ပိုကောင်းလိမ့်မယ်။”
ကျွင်းချောင်ရှောင်းအနေနှင့် ထိုကဲ့သို့သောစကားကို ကြားရပြီးသည့်နောက်မှာတော့ လုတင်းရီအား ပြန်ပေးဆွဲထားရန် ဆုံးဖြတ်လိုက်မိ၏။ နောက်ဆုံးမှာတော့ သူ၏ ဆုံးဖြတ်ချက်သည် အမှန်ပင် မှန်ကန်ခဲ့တော့သည်။
ဟုတ်ပေသည်။ သူသည် ဒေါသတရားကြောင့် အားရပါးရ ရိုက်နှက်ခဲ့သည်ဆိုသော်လည်း လင်းယွမ်မြို့ဆီသို့ လာရသည့် ရည်ရွယ်ချက် ကို မမေ့လျော့ခဲ့ချေ။ ထို့ကြောင့် တစ်ဖက်လူနှင့် စီးပွားရေးပြုလုပ်ရန် စီစဉ်ခဲ့၏။
မြို့တော်ဝန်လုသည် အမှန်ပင် ပူးပေါင်းပါဝင်ပြီး ချက်ချင်းပဲ ဆေးပင်ကျွမ်းကျင်သူတစ်ယောက်ကို ဖိတ်ခေါ်ခဲ့သည်။
“ဒါကို စမ်းသပ်ကြည့်လိုက်။”
ကျွင်းချောင်ရှောင်းသည် ဆေးပင်များပါဝင်လျက်ရှိနေသည့် သိုလှောင်လက်စွပ်ကို လှမ်းကာပစ်ပေးလိုက်၏။ တစ်ဖက်လူသည် ထိုအရာကို လုယူသွားမည်ကို သူမစိုးရိမ်ချေ။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်၏ တန်ဖိုးရှိသော သားရတနာသည် သူ၏ လက်ထဲတွင် တည်ရှိနေသည် မဟုတ်ပါလား။
“ပြန်ပေးဆွဲတဲ့ အခြေအနေကနေ ဆေးပင်ရောင်းတဲ့ အခြေအနေဆီကို ပြောင်းလဲတော့မှာလား။” စနစ်သည် ဆွံ့အလျက်ရှိနေ၏။
ဆေးပင်ကျွမ်းကျင်သူသည် သေသေချာချာ အတည်ပြုပြီးသည့်နောက် လေးလေးနက်နက် ပြောလိုက်သည်။ “မြို့တော်ဝန် …ဒီထဲမှာရှိနေတဲ့ ဆေးပင်တွေက သာမန်ပုံစံရှိနေတယ်ဆိုပေမဲ့ ပါဝင်နေတဲ့ စွမ်းအင်တွေကတော့ အရမ်းကို ဆန်းကြယ်လွန်းတယ်။ ဒါက ရွှမ်အဆင့်လို့ သတ်မှတ်နိုင်တယ်။”
ပြောနေချိန်မှာပဲ သူသည် စိတ်ထဲတွင် ကြိတ်ကာ တုန်လှုပ်လျက်ရှိနေ၏။ တစ်နှစ်ပတ်လုံး ဆေးပင်များနှင့် ထိတွေ့ နေသည့် လူတစ်ယောက်ဖြစ်သည်မို့ ဆေးပင်အမျိုးအစားများနှင့်ပတ်သက်၍ ကောင်းကောင်းကျွမ်းကျင်နေ၏။ သို့ပေမဲ့ သာမန် ဆေးပင်တွင် ဤကဲ့သို့ များပြားလှသည့် စွမ်းအင်များ ပါဝင်လျက်ရှိသည်ကိုတော့ သူတစ်ခါမှ မမြင်ခဲ့ဖူးချေ။
မြို့တော်ဝန်လု၏ စိတ်သည် ဆေးပင်များပေါ်တွင် မရှိချေ။ သူ၏ သားပေါ်တွင်သာ ရှိ၏။ ထို့ကြောင့် အလောတကြီး ပြောလိုက်၏။ “မြန်မြန်။ ဒါတွေကို အကဲဖြတ်ပေး။”
“ဒါက”
ခဏလောက်စဉ်းစားပြီးသည့်နောက် ဆေးပင်ကျွမ်းကျင်သူက ပြောလိုက်သည်။ “အကျိုးသက်ရောက်မှုအရ ရွှမ်အဆင့်မှာ ရှိတဲ့ အရာတစ်ခုဖြစ်တယ်ဆိုပေမဲ့ သာမန်ဆေးပင်တွေပဲလေ။ အလုံးစုံအရ ဆိုလျှင် ဒါက ရွှမ်အဆင့်စိတ်ဝိညာဉ်ကျောက်တုံး ၂ သန်း တန်လိမ့်မယ်။”
“၂ သန်းတည်းလား။” ကျွင်းချောင်ရှောင်းသည် အနည်းငယ် စိတ်ပျက်သွားမိ၏။
စနစ်က ပြောလိုက်သည်။ “စီးဆင်းရေမြို့၏ ကုန်စုံဆိုင်ကနေ ဝယ်လာတာက ဒါက နှစ်သိန်းဖိုးပဲ ရှိတယ်လေ။ တစ်လလောက် စိုက်ပျိုးပြီးတဲ့နောက်မှာ နှစ်သန်းနဲ့ ရောင်းရတာကို လက်ခံသူက ဘာလို့မကျေမနပ်ဖြစ်နေတာလဲ။”
“ဒါကတော့ အမှန်ပဲ။”
ဤဆေးပင်များသည် ပထမအသုတ် စိုက်ပျိုးထားသည့် ဆေးပင်များပင် ဖြစ်တော့၏။ ထို့အပြင် အနည်းငယ်သာ စိုက်ပျိုးထားခြင်းဖြစ်သည်။ အနာဂတ်တွင် ပိုမိုများပြားစွာ စိုက်ပျိုးလာမည်ဆိုပါက များပြားလှသည့် ငွေကြေး ပမာဏ ကို ရရှိမှာ သေချာ၏။
“ကျုပ် ၂.၅ သန်း ပေးမယ်။”
ကုန်းရှန့်၏ မျက်နှာပေါ်ရှိ စိတ်ပျက်သည့် ဟန်အမူအရာကို မြင်ရသည့်အချိန်မှာတော့ မြို့တော်ဝန်လုသည် ထပ်မံကာ ပိုပေးရန် ဆုံးဖြတ်လိုက်တော့၏။
“၂၅ ဆိုတာက ကံမကောင်းတဲ့ ဂဏန်းပဲလေ။ ဒီတော့ ၃ သန်းပေးလိုက်တော့။” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
“ကောင်းပြီ။” မြို့တော်ဝန်လုသည် တွေးတောမနေခဲ့ချေ။
ကျွင်းချောင်ရှောင်းသည် ဆွံ့အသွားသည်။ သူသည်သာ အစောတည်းက ထိုသို့တစ်ခါတည်း လက်ခံမည်ကို သိရှိပါက ငါးသန်း တောင်းမိမှာ သေချာ၏။
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ဒါက ခင်ဗျားရဲ့ တည်နေရာပဲလေ။ ဒီတော့ ခင်ဗျားအနေနဲ့ လှည့်ကွက်တွေ လုပ်မှာကို ကျုပ်စိုးရိမ်မိတယ်။ ဒီတော့ ပိုက်ဆံအရင်ပေးပါ။”
“ကောင်းပြီ။”
မြို့တော်ဝန်လုသည် သိုလှောင်လက်စွပ်အနည်းငယ်ကို ကမ်းကာ ပေးလိုက်၏။ တစ်ခုချင်းစီ သေချာစစ်ဆေးပြီး သည့်နောက်မှာတော့ ဤအရာသည် ရွှမ်အဆင့်စိတ်ဝိညာဉ်ကျောက်တုံး ၃ သန်းဖြစ်ကြောင်းကို အတည်ပြု လိုက်နိုင်သည်။
တွီ ….
ကျွင်းချောင်ရှောင်းသည် လုတင်းရီ၏ ရှေ့တွင် မတ်တပ်ရပ်လိုက်သည်။ ပြီးနောက် ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးအား အစီအရင်တစ်ခုဖြင့် ဖုံးလွှမ်း စီရင်လိုက်၏။
“ဒါက အချိန်မရွေးပေါက်ကွဲထွက်လာနိုင်တဲ့ အစီအရင်တစ်ခုပဲလေ။ ဒါပေမဲ့ ကျုပ်သာအသက်မသွင်းခဲ့ရင်တော့ ဘာမှဖြစ်မှာမဟုတ်ဘူး။ တစ်နာရီလောက်အကြာတွင် သူ့အလိုလိုပျောက်သွားလိမ့်မယ်။ ကျုပ်ဆိုလိုတာကို ခင်ဗျား နားလည်တယ်မလား … မြို့တော်ဝန်”
“နားလည်ပါတယ် …. နားလည်ပါတယ်။”
မြို့တော်ဝန်လုသည် လေးနက်တည်ကြည်စွာဖြင့် ပြောလိုက်မိ၏။ “ခင်ဗျားနဲ့ ခင်ဗျားရဲ့မိန်းမက ဒီကနေ လုံလုံခြုံခြုံ လွတ်လွတ်လပ်လပ် ထွက်သွားလို့ရပါပြီ။ ဒီလုက ကျိန်းသေပေါက် လူတွေကို လွှတ်ပြီး နောက်ဆက်တွဲ ကိစ္စတွေကို လုပ်မှာ မဟုတ်ပါဘူး။”
“နှုတ်ဆက်ပါတယ်။”
ကျွင်းချောင်ရှောင်းသည် အနောက်သို့ တစ်လှမ်းဆုတ်လိုက်၏။ ပြီးသည့်နောက် နှင်းဆီဧကရီ၏ ခါးကို အသာဖက်၍ လေထဲသို့ ခုန်ကာ ပျံသန်းထွက်ခွာသွားတော့သည်။
မြို့တော်ဝန်လုသည် သူ၏ နောက်သို့ မလိုက်ချေ။ အလျင်အမြန်နှင့် အစီအရင်၏ ရှေ့ဆီသို့ လှမ်းလျှောက်လိုက်၏။ သေမလိုဖြစ်နေပြီး မြေပေါ်တွင် လဲလျောင်းလျက်ရှိနေသည့် သူ၏ သားကို မြင်ရသည့်အချိန်မှာတော့ နှလုံးသား ထဲ၌ စူးရှသည့် နာကျင်မှုမျိုးကိုပင် ခံစားနေမိ၏။
ဒွီ
တစ်နာရီလောက်ကြာပြီးသည့်နောက် အစီအရင်သည် အလိုလို ပျောက်ကွယ်သွားခဲ့တော့၏။ လုတင်းရီတစ်ယောက် အသက်အန္တရာယ်ဘေးကင်းသည်ကို အတည်ပြုပြီးသည့်နောက် မြို့တော်ဝန်လုသည် သူ၏ သားကို ခပ်တင်းတင်း ဖက်ကာဖြင့် ကျွင်းချောင်ရှောင်း ထွက်ခွာသွားသည့်တည်နေရာဆီသို့ ဒေါသတကြီး လှမ်းကာ ကြည့်ရှုလိုက်သည်။
“သွား။ အဲ့ကောင်ရဲ့ နောက်ခံက ဘာလဲဆိုတာကို ချက်ချင်းသွားပြီး စုံစမ်းခဲ့။”
သူ၏ သားသည် ပြာနှမ်းနေအောင် အရိုက်ခံခဲ့ရသည့်အပြင် သူ၏ ပိုက်ဆံများသည်လည်း ပါသွားခဲ့သေး၏။ ထို့ကြောင့် ဒေါသတရားကို မမြိုသိပ်နိုင်ချေ။ ဟုတ်ပေသည်။ မြို့တော်ဝန်လုအနေနှင့် တစ်ခြားသောလူများကို အရင်ဆုံးစုံစမ်းရန် သာ စေလွှတ်လိုက်ခြင်းဖြစ်၏။
တစ်ဖက်လူသည် မည်သူဖြစ်သည်ကို သိရှိပြီးမှသာလျှင် လက်စားချေသင့် မချေသင့်ကို ဆုံးဖြတ်ရပေလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် တစ်ဖက်လူသည် အင်အားကြီးသည့်သူတစ်ယောက်ဖြစ်သည်ဆိုပါက သူသည် အရှုံးပေးပြီး ငြိမ်ငြိမ်သက်သက်သာ နေထိုင်ရမှာ ဖြစ်သည်။
ဆွစ်
ကျွင်းချောင်ရှောင်းသည် ကောင်းကင်ပေါ်တွင် အမြန်ဆုံး ပျံသန်းလျက်ရှိနေ၏။ သူ၏ နှလုံးသားထဲတွင်လည်း ပျော်ရွှင်မှုများနှင့် ပြည့်နှက်နေ၏။ စိတ်ဝိညာဉ်ကျောက်တုံး နှစ်သိန်းနှင့် ဝယ်ယူလာသည့် ဆေးပင်များအား သုံးသန်းနှင့် ပြန်လည်ရောင်းချခဲ့ရ၏။
အနာဂတ်တွင် ပိုမိုများပြားသည့် ပိုက်ဆံများကို ရရှိတော့မည်ဟု သူသည် စိတ်ကူးပင် ယဉ်မိနေသည်။
နှင်းဆီဧကရီမှာလည်း အလွန်တရာ ပျော်ရွှင်လျက်ရှိနေတော့၏။ အဘယ့်ကြောင့်ဆိုသော် သူမ၏ ယောကျ်ားသည် သူမအား မိန်းမဟု အသိအမှတ်ပြုခဲ့သည်သာမက တစ်ခါတည်းချီကာဖြင့် ပျံသန်းလျက်ရှိနေ၏။ ပျော်ရွှင်မှုသည် ရုတ်တရက် ရောက်ရှိလာခဲ့ခြင်းပင်ဖြစ်၏။ သို့ပေမဲ့ သူမသည် စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်ပြီးသည့်နောက် ပြောလိုက်၏။ “ယောကျ်ား … လင်းယွမ်မြို့မှာရှိတဲ့ မြို့တော်ဝန်ကို ရန်ပြုခဲ့ပြီဆိုတော့ အနာဂတ်မှာ ဘယ်လိုစီးပွားရေးလုပ်မလဲ။”
“ဒါက ပြဿနာကြီးမဟုတ်ပါဘူး။”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဘာပဲပြောပြော ဒါက မြို့ငယ်လေးတစ်ခုပဲလေ။ ဆေးပင်တွေက အရည်အသွေးကောင်းတယ်ဆိုရင် ဘယ်နေရာမှာ ဖြစ်ဖြစ် ရောင်းချလို့ရနိုင်တယ်။”
အထက်နယ်မြေ၏ ဆေးပင်ကျွမ်းကျင်သူ၏ အကဲဖြတ်မှုကို ခံယူပြီးသည့်နောက်မှာတော့ သူ၏ မြေဆီလွှာထဲတွင် စိုက်ပျိုးထားသည့် ဆေးပင်များနှင့်ပတ်သက်၍ အလုံးစုံ ယုံကြည်ချက်တည်ရှိလို့နေ၏။ ထို့ကြောင့် သူ၏ ရည်မှန်းချက်သည် ပိုမိုကာ ကြီးမားသွားခဲ့၏။
စီးပွားရေးပြုလုပ်ရန်အတွက် ပိုမိုကြီးမားသည့် မြို့များကို ကျိန်းသေပေါက်သွားမှာဖြစ်သည်။ အချက်အလက်အားဖြင့် ဆိုလျှင် သေမျိုးစကြဝဠာကြီး၏ အသိအမြင်အရ လင်းယွမ်မြို့ဆိုသည်မှာ ချင်းယန်မြို့လောက်သာ ရှိသည့် မြို့မျိုး ဖြစ်၏။ သူ့အနေနှင့် ယခုထက်ပိုမိုကာ အားကောင်းသည့် ပထမအဆင့် ၊ဒုတိယအဆင့် မြို့များဆီသို့ သွားရောက် မှသာလျှင် သူ၏စီးပွားရေးကို ချဲ့ထွင်နိုင်မှာဖြစ်သည်။
ဆွစ်
အဝေးတစ်နေရာဆီသို့ ပျံသန်းပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် တောင်တစ်ခုပေါ်သို့ ဆင်းသက်လာ၏။ ပြီးနောက် နှင်းဆီဧကရီကို ဘေးတစ်ဖက်ဆီသို့ အသာချကာ ပြောလိုက်၏။ “ကိုယ့်ဘာသာကိုယ် လမ်းလျှောက်တော့။”
အမြုတေအသွင်ပြောင်းခြင်းအဆင့်ဆီသို့ ချိုးဖြတ်ရောက်ရှိပြီးသည့်နောက် သူသည် ပျံသန်းနိုင်သည့် စွမ်းရည်ကို ရရှိခဲ့သည်ဆိုသော်လည်း လောက၏ နိယာမနှင့် ကျင့်ကြံခြင်းအဆင့်၏ အကန့်အသတ်ကြောင့် ပျံသန်းရာတွင် သူ၏ ကျန်းချီများသည် အလွန်ကုန်ခမ်း၏။ ထို့ကြောင့် ကြာကြာပျံသန်း၍ မရနိုင်ချေ။
…
လင်းယွမ်မြို့အတွင်းမှာတော့ မြို့တော်ဝန်လုသည် များပြားလှသည့် သိုင်းပညာရှင်များကို လွှတ်ကာဖြင့် ကြီးကြီးမားမား ရှာဖွေစုံစမ်းရန် ခိုင်းစေလိုက်သည်။ သို့ပေမဲ့ ဤကဲ့သို့ မြို့တစ်ခုလုံး ရုပ်ရုပ်သဲသဲ ဖြစ်နေသည့်အချိန်မှာတော့ ရွှေရောင်အနားသပ်များရှိနေသည့် အမဲရောင်ဝတ်စုံကို ဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ် လူတစ်ယောက်သည် အပြင်ဘက်ဆီမှ မြို့ထဲသို့ လှမ်းလျှောက်လာ၏။ ထိုသူသည် ခေါင်းကို အသာမော့ကာဖြင့် တီးတိုးရေရွတ်လိုက်၏။ “ဒီနေရာ ထူးခြားတဲ့ ဆေးပင်ရဲ့ အော်ရာတွေ ရနေတာပဲ။”
ဤလူသည် အမှန်ပင် ကြည့်ကောင်းအောင် ဝတ်ဆင်ထားခဲ့ပြီး ကိုယ်ဟန်အမူအရာသည်မှာလည်း အမှန်ပင် ကြည့်ကောင်းလွန်းလှ၏။ သို့ပေမဲ့ မြို့၏ အဓိကလမ်းထဲသို့ မဝင်ခင်မှာဘဲ စစ်သည်များ၏ ဝိုင်းပတ် ပိတ်ဆို့ခြင်းကို ခံထားရ၏။ အကြောင်းရင်းမှာ ထိုသူသည် နှင်းဆီဧကရီနှင့်အတူ ထွက်ခွာသွားခဲ့သည့်လူကဲ့သို့ အမဲရောင်ဝတ်စုံကို ဝတ်ဆင်ထားသောကြောင့်ပင်။
“ဘာအဓိပ္ပာယ်လဲ။” သက်လတ်ပိုင်းလူသည် အနည်းငယ် မျက်မှောင်ကုတ်လိုက်၏။
စစ်သည်တစ်ယောက်သည် လျှောက်လှမ်းလာပြီးသည့် နောက် အမဲရောင်ဝတ်စုံကို သေသေချာချာ ကြည့်ရှု၏။ ပြီးနောက် အေးစက်စက်ပြောလိုက်သည်။ “သူ့ကို ခေါ်ခဲ့လိုက်။”
လုတင်းရီသည် နှိပ်စက်ရိုက်နှက်ခြင်းကို ခံခဲ့ရပြီး ပြန်ပေးဆွဲခြင်းလည်း ခံခဲ့ရ၏။ ထို့နောက် မြို့တစ်ခုလုံးသည် သတိ အနေအထားဖြင့် ဖြစ်တည်နေ၏။ တူညီသည့်ဝတ်စုံကို ဝတ်ဆင်ထားသည့် တစ်စုံတစ်ယောက်ကို မြင်ရသည့် အချိန်မှာတော့ သူတို့သည် မည်သည့်အကြောင်းအရာကိုမှ မေးမြန်းမနေဘဲ တစ်ခါတည်း ထိန်းသိမ်းထားရန် ကြိုးစားလိုက်၏။
“နေပါအုံး။”
သက်လတ်ပိုင်းလူသည် သူ၏ သိုလှောင်လက်စွပ်ထဲမှ ပစ္စည်းတစ်ခုကို ထုတ်ယူကာဖြင့် ရင်ဘတ်ရှေ့တွင် အသာချိတ်ဆွဲလိုက်၏။ ပြီးနောက် ထူးမခြားနားသလို ပြောလိုက်သည် “သေချာကြည့်။ ဒါဘာလဲ။”
စစ်သည်သည် မျက်လုံးများကျဉ်းမြောင်းသွား၏။ ပြီးနောက် ရင်ထိုးကဲ့သို့သော အရာကို ကြည့်ရှုလိုက်ချိန်မှာတော့ ဆေးဟောခန်းဟု ရေးသားထားသော စာတမ်းကိုမြင်လိုက်ရ၏။ သူ၏ မျက်နှာပေါ်ရှိ ကြွက်သားများသည် တုန်ယင်သွား၏။ “ဆေးဟောခန်း။ ဒါ ဆေးဟောခန်းက တစ်စုံတစ်ယောက်ပဲ။”
အထက်နယ်မြေတွင် များပြားလှသည့် အင်အားကြီး အဖွဲ့အစည်းများ တည်ရှိနေ၏။ အကျော်ကြားဆုံးသည် နယ်မြေဟောခန်းဖြစ်သည်ဆိုသော်လည်း တစ်ခြားသော ဘုရားကျောင်းဟောခန်း၊ အစီအရင်ဟောခန်း၊ ဆေးဟောခန်း၊ ပန်းပဲဟောခန်း စသည်ဖြင့် တည်ရှိလို့နေသည်။
နာမည်ကို သုံးသပ်လိုက်သည်ဆိုသည်နှင့် ဆေးဟောခန်းသည် ဆေးလုံးများနှင့် သက်ဆိုင်သည့်အရာဖြစ်ကြောင်း သိသာလွန်းလှ၏။ ထိုအရာသည် နယ်မြေဟောခန်း၏ ဒုတိယနေရာတွင် ရှိသော ဂုဏ်သိက္ခာကြီးမားသည့် ဟောခန်းကြီးတစ်ခုလည်း ဖြစ်တော့၏။
ဆေးဟောခန်းဟူသော ရင်ထိုးကို ချိတ်ဆွဲထားနိုင်သည့်သူသည် ဆေးဟောခန်းမှ အသိအမှတ်ပြုထားသော ဆရာများ ပင်ဖြစ်တော့သည်။
“မြန်မြန်။ မြန်မြန်လွှတ်လိုက်တော့။”
တာဝန်ယူထားသည့် စစ်သည်သည် တစ်ခြားသောသူများအားလုံးကို လျင်လျင်မြန်မြန်ဘဲ အမိန့်ပေးလိုက်၏။ ပြီးနောက် သူက ပြုံးကာ ပြောလိုက်၏။ “ဆေးဟောခန်းက ဆရာ။ ကျေးဇူးပြုပြီးတော့ ခုနက အပြုအမူအတွက် ခွင့်လွှတ်ပေးပါ။”
သူ၏ ဂုဏ်ပုဒ်သည် အမှန်ပင် သာမန်ထက်ပိုလွန်းလှ၏။ သက်လတ်ပိုင်းလူသည် သူ၏ ကြေမွှသွားသော အဝတ်အစား များကို အသာသပ်ကာဖြင့် လက်နှစ်ဖက်ကို နောက်ပစ်လိုက်သည်။ “ကျုပ်ကို ခင်ဗျားတို့ မြို့တော်ဝန်နဲ့ တွေ့ဖို့ လိုက်ပို့ပေး။”