အခန်း (၁၃၆၄)
Vol. 92 Ch. 1364
မြို့တော်ဝန်လုသည် များပြားလှသော လူများကို စေလွှတ်၍ မြို့အနှံ့လိုက်လံကာ ရှာဖွေစေခဲ့၏။ ဤလူငယ်စုံတွဲကို မည်သည့်နေရာတွင် ရှာဖွေရမည်ကို သေချာ မသိရှိသော်လည်း လမ်းတလျှောက်တွင် သေသေချာချာ ရှာဖွေရန် မှာကြားခဲ့၏။ သူ၏ ပထမဦးဆုံး ရည်ရွယ်ချက်သည် လက်စားချေရန် ဖြစ်၏။ သို့ပေမဲ့ လက်ရှိ အခြေအနေမှာတော့ သူငယ်ချင်း ပြုလုပ်ရန် အဖြစ်သို့ ပြောင်းလဲသွားပြီ ဖြစ်၏။ ထို့အပြင် ဆေးပင်များကို ရောင်းချရင်း ရွှမ်စိတ်ဝိညာဉ်နှစ်သန်းကို အမြတ်ရရှိခဲ့သည်။
ထိုအရာသည် သာမန်ဆေးပင်များ မဟုတ်ဟု ဆိုလိုခြင်းပင် ဖြစ်၏။
ပြောနေစရာပင် မလိုချေ။ ဤဆေးပင်များကို ဝယ်ယူသွားသူသည် ဆေးဟောခန်းဆီမှ အကြီးအကဲလည်း ဖြစ်လို့ နေသေး၏။ ထို့ကြောင့် တစ်ဖက်လူနှင့် သူငယ်ချင်း ပြုလုပ်ထားနိုင်သည်ဆိုပါက ဆေးပင်များကို ဆေးဟောခန်းမှ ဆရာကြီးဆီသို့ အကြိမ်ပေါင်းများစွာ ရောင်းချနိုင်စွမ်း ရှိနေ၏။ သူ၏ သားကြောင့် သူသည် ရွှမ်စိတ်ဝိညာဉ် ကျောက်တုံးနှစ်သန်းကို အမြတ်အစွန်းအလြွှတ်ကာ ရိုက်နှက်သွားသည့် သူငယ်ချင်းလေးအား ထပ်မံ ရိုက်နှက်ခိုင်းစေချင်သည့် စိတ်ပင် ရှိနေသည်။
သူ့သားကို အလွန်ချစ်မြတ်နိုးလှသည်ဟု ကျော်ကြားသော မြို့တော်ဝန်၏ ပုံပန်းသွင်ပြင်သည် အလုံးစုံ လဲပြိုသွား ခဲ့ပြီ ဖြစ်တော့၏။
ဟုတ်ပေသည်။ ဖန်းကွေ့ချန်သည်လည်း ဤလူငယ်စုံတွဲကို ရှာဖွေလျက် ရှိနေ၏။ လက်ရှိအချိန် မှာတော့ မြို့တော်ဝန်လုပေးလိုက်သည့် သတင်းအချက်အလက် အနည်းငယ်ကို ကိုင်ဆောင်ရင်း သူသည် အမြန်ဆန်ဆုံးနှုန်းထားဖြင့် အနောက်လမ်းများဆီသို့ သွားရောက်ကာ ရှာဖွေနေသည်။
စိတ်ဝိညာဉ်အာရုံများကို ဖြန့်ကျက်ပြီးသည့်နောက် လူငယ်စုံတွဲကို ရှာဖွေနိုင်စေရန် သူသည် ပြင်းပြင်းထန်ထန် ကြိုးစား၏။ ဤလူသည် တခြားသော ဆေးဟောခန်းဆီမှ လူများနှင့် မတူညီလှချေ။ လောကကြီးအနှံ့ကို လှည့်လည်လျှောက်သွားရသည်ကို နှစ်ခြိုက်တတ်သည့် လူတစ်ယောက်လည်းဖြစ်ပြီး အောင်မြင်မှုနှင့် ဂုဏ်သိက္ခာ ဆိုသည့် အကြောင်းအရာများကို ဖုံးကွယ်ကာ သိုသိုသိပ်သိပ် နေထိုင်တတ်သည့် လးတစ်ယောက်လည်း ဖြစ်၏။
သူ့အနေနှင့် တစ်လောကလုံးတွင် စိတ်အဝင်စားဆုံးမှာ ဆေးပင်များ စိုက်ပျိုးရခြင်း၊ ဆေးလုံးများ ဖန်တီးရခြင်းနှင့် ပတ်သက်၍ လေ့လာရခြင်းပင် ဖြစ်သည်။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းနှင့် နှင်းဆီဧကရီတို့သည် သူရှာဖွေနေစဉ်အတွင်းမှာပဲ ပြိုင်စံရှား ဂိုဏ်းဆီသို့ ရောက်ရှိ သွားခဲ့ပြီဖြစ်၏။ ထို့ကြောင့် ဘယ်တော့မှ တွေ့ဆုံ လိမ့်မည် မဟုတ်ချေ။
စာကြည့်ခန်းထဲမှာတော့ ကုန်းရှန့်သည် သူ၏ မူလအသွင်အပြင်ကို ပြန်လည်ပြောင်းလဲပြီးသည့်နောက် အကြီးအကဲဝေကို ဖိတ်ခေါ်ကာ ဆေးပင်ဟောခန်းအား အဆင့်မြှင့်တင်နိုင်ရန် အသေးစိတ် အချက်အလက်များကို စတင်ကာ ဆွေးနွေးနေ၏။ ရွှမ်စိတ်ဝိညာဉ်ကျောက်တုံး သုံးသန်းကို ရရှိခဲ့ခြင်းသည် ကျိန်းသေပေါက် အမြတ်အစွန်းပင်ဖြစ်၏။
သို့ပေမဲ့ များပြားလှသည့်အရေအတွက်နှင့် မျိုးစေ့များကိုသာ ဝယ်ယူပြီး ထုတ်လုပ်နိုင်မည်ဆိုပါက အချိန် အတိုင်းအတာတို အတောအတွင်း ချမ်းသာလာဖို့ဆိုသည်မှာ ပြဿနာတစ်ခု မဟုတ်ချေ။
ကံဆိုးစွာဖြင့် ကျွင်းချောင်ရှောင်းသည် သူရောင်းချခဲ့သည့် ဆေးပင်များအား မြို့တော်ဝန်လုသည် အမြတ်အစွန်း နှစ်သန်းနှင့် ထပ်မံကာ ရောင်းချခဲ့သည်ကို မသိရှိခဲ့ပေ။ မဟုတ်ပါက ဒေါသထွက်လွန်းသောကြောင့် ခေါင်းနှင့်နံရံကို တဒိုင်းဒိုင်းသွားကာ တိုက်နေတော့မှာ သေချာ၏။
“ဂိုဏ်းချုပ်”
အကြီးအကဲဝေက ပြောလိုက်သည်။ “ကျုပ်တို့ ဆေးဟောခန်းက ပတ်ဝန်းကျင် တည်နေရာ တစ်ခုလုံးကို ဆေးဥယျာဉ်ကြီးအဖြစ် ပြောင်းလဲပစ်ဖို့က ပြဿနာမရှိဘူး။ ဒါပေမဲ့ လိုအပ်နေတာက မျိုးစေ့တွေပဲ”
“ကျုပ် ဂရုစိုက်လိုက်ပါ့မယ်”
ဒီတစ်ကြိမ်မှာတော့ ကျွင်းချောင်ရှောင်းသည် ခရီးရှည်ကြီးတစ်ခုကို သွားရောက်ရန် ဆုံးဖြတ်လိုက်တော့သည်။ သူသည် ကြီးမားလှသည့် မြို့ကြီးတစ်မြို့ကို သွား၍ များပြားလှသည့် မျိုးစေ့များကို ဝယ်ယူရန် စဉ်းစားထား၏။
သာမန်မျိုးစေ့များသည် ရွှမ်အဆင့် အပင်များအဖြစ်သို့ စိုက်ပျိုးနိုင်သည်ဆိုပါက နည်းနည်းအဆင့်မြင့်သည့် မျိုးစေ့များကို စိုက်ပျိုးမည်ဆိုလျှင် ပိုမိုကောင်းမွန်သည့် အခြေအနေဆီသို့ ရောက်ရှိသွား နိုင်၏။ ဤအရာသည် အခွင့်အရေးပင်ဖြစ်သည်။ ပိုက်ဆံရရှိရန်အတွက် အခွင့်ကောင်းပင်။
ကျွင်းချောင်ရှောင်းအနေဖြင့် ဂိုဏ်း၏ ဖွံ့ဖြိုးတိုးတက်မှုသည် ဆေးပင်များအပေါ်တွင် မူတည်နေကြောင်း လောလောဆယ် သိရှိနားလည်၏။ ထို့ကြောင့် လုံလောက်သည့် ပိုက်ဆံအရင်းအမြစ် ရရှိသည်နှင့်တပြိုင်နက် သူသည် ဆေးပင်မျိုးစေ့များကို ဝယ်ယူရမှာ ဖြစ်၏။ နောက်ပိုင်းတွင် ဆေးလုံးများ ရောင်းချရန် ကြိုးစားပေ လိမ့်မည်။
“ဆေးပင်နဲ့ပတ်သတ်ပြီးတော့ အဓိကရောင်းချတဲ့မြို့တွေ အထက်နယ်မြေမှာ ရှိနေနိုင်တယ် မဟုတ်လား” ယခင်က ဝယ်ယူခဲ့ဖူးသည့်မြေပုံကို ထုတ်ယူပြီးနောက် ကျွင်းချောင်ရှောင်းသည် သေသေချာချာ ကြည့်ရှုလိုက်တော့၏။ မကြာခင်မှာပဲ ရတနာသန်းချီမြို့ဆိုသည့် မြို့တစ်ခုကို သူတွေ့ရှိလိုက်၏။ ထိုအရာသည် အရှေ့တောင်တည်နေရာ တစ်ခုလုံး၏ အလယ်ဆုံချက် တည်နေရာတွင် တည်ရှိသောမြို့ကြီးတစ်မြို့ဖြစ်ပြီး များပြားလှသော ရတနာ၊ လက်နက်နှင့် အသုံးအဆောင်ပစ္စည်းများကို ရောင်းချ၏။
“လင်းယွမ်မြို့က ဒီမှာ၊ ဟွာပေါင်မြို့ကတော့ ဒီမှာ....”
ကုန်းရှန့်သည် မြေပုံပေါ်ရှိမြို့များကို ကြည့်ရှုပြီးသည့်နောက် အံ့အားတသင့် ဖြစ်မိနေတော့သည်။ “ဒါတွေက မိုင်တစ်ထောင်ကျော် ကွာဝေးနေတာပဲ” သူတို့၏ အင်မော်တယ် တောင်သည် အထက်နယ်မြေ၏ အရှေ့တောင်ဘက်အစွန်းတွင် တည်ရှိ၏။ ထို့ကြောင့် သီးခြားဆန်ပြီး လူသူကင်းရှင်း သည့် တည်နေရာတစ်ခုဟုလည်း ပြောဆိုနိုင်၏။ အဓိကမြို့များနှင့် သူတို့၏တောင်အကြား အကွာအဝေးသည် ကြယ်ကြွေကုန်းမြေတိုက်ကြီး နှစ်ခု၊ သုံးခုစာလောက်ပင် ဝေးကွာလျက် ရှိနေသည်။
ကျွင်းချောင်ရှောင်းအနေဖြင့် အမြူတေအသွင်ပြောင်းခြင်းအဆင့်ကို ချိုးဖြတ်ရောက်ရှိခဲ့ပြီဖြစ်သော်လည်း အဲလောက် အဝေးကြီးကို ပျံသန်းသွား၍ မရနိုင်ချေ။ သူ့၌ အတောင်ပံလည်း မရှိချေ။ ထို့အပြင် ရတနာသန်းချီမြို့ ဆီသို့ ဓားပျံစီးနင်းသွားမည်ဆိုလျှင်ပင် အချိန်အတော်ကြာပေလိမ့်မည်။ အပွင့်လင်းဆုံး ပြောရမည်ဆိုလျှင် ဂိုဏ်း၏ စီးပွားရေးကိစ္စ ဖွံ့ဖြိုးရန်အတွက် နည်းလမ်းတစ်ခုက အစောကြီးကတည်းက ရှိပြီဖြစ်နေသည်။ သို့ပေမဲ့ ပြဿနာ သည် ကုန်းရှန့်အနေဖြင့် ခရီးသွားလာရန် ခက်ခဲနေခြင်းပင်ဖြစ်၏။
“အင်း”
ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါယမ်းလိုက်မိသည်။ “ငါ့အနေနဲ့ ရှေးရွက်သင်္ဘောကြီးကိုပဲ ထုတ်ပြီး သုံးရတော့မှာပဲ”
ဤအခြေအနေတွင် ဓားပျံနှင့် ပျံသန်းနိုင်သည့်ပစ္စည်းများကို အသုံးပြုကာ သွားလာရခြင်းသည် အလွန်ဝေးကွာသည့် ခရီးများကို သွားလာနိုင်စွမ်းရှိ၏။ သို့ပေမဲ့ ဤကဲ့သို့ သွားလာရာတွင် များပြားလှသည့် စွမ်းအင်အရင်းအမြစ်များကို ထည့်သွင်းရမှာ သေချာ၏။
ထင်မှတ်ထားသည့်အတိုင်းပင် ကုန်းရှန့်သည် ရွက်သင်္ဘောကြီးကို ထုတ်ဖော်ပြီး ခပ်ဝေးဝေးတည်နေရာဆီသို့ ပျံသန်းရန် ကြိုးစားလိုက်သည့်အချိန်မှာတော့ စက်ခန်းထဲတွင်ရှိနေသော စိတ်ဝိညာဉ်ကျောက်တုံး တော်တော် များများသည် ကုန်ခမ်းသွားခဲ့သည်။
စနစ်က ပြောလိုက်၏။ “ဒီအမြန်နှုန်းနဲ့ ဒီစွမ်းအင်ကုန်ဆုံးမှုအတိုင်းသာဆိုရင် လက်ခံသူအနေနဲ့ ရတနာသန်းချီ မြို့ဆီကို ရောက်ဖို့အတွက် စိတ်ဝိညာဉ်ကျောက်တုံး ငါးသိန်းလောက်ကုန်မယ်နဲ့တူတယ်”
.........
သင်္ဘော၏ ပဲ့ခန်းထဲတွင် တည်ရှိနေသော ကျွင်းချောင်ရှောင်းသည် မြေပေါ်သို့ လဲပြိုလုမတတ်ပင် ဖြစ်သွားသည်။
“ထားလိုက်တော့။ ထားလိုက်တော့”
သူသည် ရွက်သင်္ဘောကြီးအား သိုလှောင်လက်စွပ်ထဲသို့ ပြန်သိမ်းဆည်းကာ ပြောလိုက်၏။ “ငါ့အနေနဲ့ အနီးအနားမြို့မှာ ဆေးမျိုးစေ့တွေ သွားရှာတာပဲ ကောင်းလိမ့်မယ်”
“ဂိုဏ်းချုပ်”
လီလိုရှုသည် အထဲသို့ လျှောက်ဝင်လာကာ ပြောလိုက်သည်။ “သူလျှိုတွေရဲ့ သတင်းပေးချက်အရဆိုရင် လင်းယွမ်မြို့မှာ ရှိတဲ့ သိုင်းပညာရှင်တွေက တစ်ယောက်ပြီးတစ်ယောက် အပြင်ဘက်ကို ထွက်လာကြတယ်တဲ့”
အထက်နယ်မြေဆီသို့ ရောက်ရှိပြီးသည့်နောက် မိုးဆွေဟောခန်းသည် ဂိုဏ်းချုပ်၏ အမိန့်အတိုင်း ၎င်းတို့၏ လုပ်ရိုး လုပ်စဉ်များကို စတင်ကာ လှည့်ပတ်လျက် ရှိနေသည်။ များပြားပြီး ကျွမ်းကျင်လွန်းလှသော သတင်းအချက်အလက် ကျွမ်းကျင်သူများသည် စီးဆင်းရေမြို့နှင့် လင်းယွမ်မြို့နှစ်ခုလုံးကို အခြေချလျက်ရှိ၏။ မြို့များသည် ကြီးမားသည့်မြို့များဖြစ်သောကြောင့် အလုံးစုံလွှမ်းခြုံထားရန်တော့ ခက်ခဲလွန်းလှချေသေး၏။
“ဟမ့်”
ကျွင်းချောင်ရှောင်းသည် အေးစက်စက် ပြုံးလိုက်သည်။ ပြီးနောက် ပြောလိုက်သည်။ “ဒီမြို့တော်ဝန်က ဖြစ်တဲ့ကိစ္စတွေကို လက်လွှတ်မပေးနိုင်သေးဘူးပဲ။ ကံကောင်းလို့ ငါက ငါ့ရဲ့အသွင်အပြင်ကို အစောကြီး ကတည်းက ကြိုပြောင်းလဲထားတာ။ မဟုတ်ရင် ဒုက္ခတွေ တသီတတန်း ရောက်တော့မှာပဲ”
သူ့ကိုယ်သူ အလွန်ဉာဏ်ကောင်းလှပြီး သူ၏ မူလရုပ်သွင်ပြင်ကို မဖော်ပြခဲ့သည့်အတွက် ကံကောင်းသည်ဟု ပျော်လျက်ရှိနေသော ကုန်းရှန့်သည် ဆေးဟောခန်းမှ ဆေးပညာအကြီးအကဲတစ်ယောက်သည် သူ့အား လိုက်လံ ရှာဖွေနေသည်ကို သိရှိသည်ဆိုပါက တိုင်ကိုဖက်ကာ ငိုယိုနေမှာ သေချာ၏။
...............
အစစ်အမှန်လိုလို၊ ပုံရိပ်ယောင်လိုလို တောင်တစ်ခု၏ ထိပ်တည်နေရာမှာတော့ ……..
ကျွင်းချောင်ရှောင်းတစ်ယောက် ရှေးရွက်သင်္ဘောကြီးကို ဆင့်ခေါ်လိုက်သည့်အချိန်တွင် ကြီးမားလှသည့်ကျောက်တုံးကြီးပေါ်၌ ခြေချိတ်ကာ ထိုင်လျက်ရှိသော သူတော်စင်ကဲ့သို့ အဘိုးအိုသည် မျက်လုံးပွင့်လာပြီး အံ့အားတသင့်ဖြင့် ပြောလိုက်၏။ “ငါ့ရဲ့ရွက်သင်္ဘောကြီးက အထက်နယ်မြေကို ဘာလို့ရောက်လာတာလဲ။ မဟုတ်သေးဘူး။ မဟုတ်သေးဘူး။ ငါ ဒါကို ဂြိုဟ်တိုက်ပွဲတည်နေရာကြီးထဲမှာ မြှုပ်ထားတာ သေသေချာချာပါပဲ။ ရေစက်ပါတဲ့ တစ်ယောက်ယောက်က ဒါကို ရှာဖွေတွေ့ရှိသွားမယ်ဆိုရင် အောက်နယ်မြေမှာပဲ ရှိရမှာ မဟုတ်လား။ ဘယ်လိုဖြစ်ပြီးတော့ အထက်နယ်မြေ ကို ရောက်နေတာလဲ။ တည်နေရာချိုးဖြတ်ပြီးတော့ ရောက်ရှိလာနိုင်တဲ့ လူတစ်ယောက်ယောက်က ဒါကို ရရှိလာတာလား”
အဘိုးအိုသည် တည်ငြိမ်စွာရှိလျက် ရှိ၏။ ပြီးသည့်နောက်မှာတော့ အရင်းအမြစ်ကို လိုက်လံကာ ရှာဖွေနေသည်။ နောက်ဆုံး တည်နေရာကို အတည်ပြုပြီ်းနောက် အံ့အားတသင့်ဖြင့် ပြောလိုက်မိ၏။ “ဒါက ဖန်းချီမိုးကောင်းကင်တောင်တန်းဆီကို အတင်းရွေ့ပြောင်းရောက်ရှိလာတဲ့ ဂိုဏ်းတစ်ခု မဟုတ်လား”
သူ့အနေနှင့် ဆက်လက်ကာ ရှာရန်ပြင်နေစဉ်မှာပဲ ရွက်သင်္ဘော၏ အော်ရာသည် ရုတ်တရက် ရပ်တန့်သွားသည်။
အဘိုးအိုသည် အနည်းငယ် တိတ်ဆိတ်သွားပြီးသည့်နောက် ပြန်လည်ကာ သုံးသပ်လိုက်၏။ “ဒီအဘိုးကြီးနဲ့ ဒီကောင်လေးတို့က ရေစက်ရှိတာပဲ ဖြစ်ရမယ်။ အချိန်ရမယ်ဆိုရင် ငါ သူတို့ကို သွားကြည့်မှ ဖြစ်မယ်”
ဝှစ် ဝှစ်
ထိုအချိန်မှာပဲ တောင်ထွတ်၏ အထက်လေဟာနယ်သည် စွမ်းအင်တစ်မျိုးကြောင့် ကွဲအက်လာ၏။ ပြီးနောက် ကောင်းကင်နှင့်မြေကြီး၏ နိယာမ၊ ဓာတ်သဘာဝများနှင့် ဖွဲ့စည်းထားသည့် အမဲရောင်ပုံရိပ်တစ်ခုသည် စုဝေးရောက်ရှိလာခဲ့၏။ ကြောက်မက်ဖွယ်ရာကောင်းလှသည့် အော်ရာများသည် လေထုထဲတွင် ပြည့်နှက်လျက် ရှိနေပြီး တည်နေရာတစ်ခုလုံးကိုပင် တုန်ခါသွားစေ၏။ အဘိုးအို၏ ဆံပင်ဖြူများသည် လေထဲတွင် လွင့်လျက် ရှိ၏။ သူသည် မျက်မှောင်ကုတ်လိုက်သည်။ “ထပ်ပြီး တိုက်ခိုက်ရအုံးမှာလား”
ဟား ဟား ဟား
အမဲရောင်နှင့်လူသည် ထူးဆန်းစွာ ရယ်မောလိုက်၏။ “တာအိုရောင်းရင်းတုံးကု... ခင်ဗျားရဲ့အားအင်အဆင့်က အရင်အတိုင်းပါပဲ။ ဒီတော့ အနိုင်ရရှိသူကို ဆုံးဖြတ်ဖို့ဆိုတာ ခက်ခဲလိမ့်မယ်။ ကျုပ်တို့ ကစားနည်း ပြောင်းရအောင်”
ကျောက်တုံးပေါ်တွင် ခြေချိတ်ထိုင်နေသည့် အဘိုးအိုသည် ရှေးရွက်သင်္ဘောကြီးကို ဖန်တီးခဲ့သည့် စီနီယာတုံးကုပင် ဖြစ်တော့သည်။ စာဖတ်သူများအနေဖြင့် ဤအရာကို အစောကြီးကတည်း သိရှိပြီး ဖြစ်ပေလိမ့်မည်။
“ဘယ်လိုကစားနည်းမျိုးလဲ”
“လက်ရှိမှာ ဒီအဘိုးကြီးက ထူးဆန်းတဲ့ စွမ်းရည်ကို ပိုင်ဆိုင်တဲ့တပည့်တစ်ယောက်ကို ရှာတွေ့ထားတယ်။ ဒီတော့ သူ့ကို ပိုမိုအားကောင်းအောင် ကြိုးစားပြီး လေ့ကျင့်ပေးချင်တယ်လေ”
“ကျေးဇူးပြုပြီး”
စီနီယာတုံးကုသည် ကြားဖြတ်ကာ ပြောလိုက်၏။ “တပည့်မွေးပြီးတော့ နောင်နှစ်ပေါင်းများစွာ ကြာရင် ယှဉ်ပြိုင်တိုက်ခိုက်ကြမယ်ဆိုတဲ့ ကစားနည်းက ခေတ်ဟောင်းနေပြီ။ ဒါကိုနည်းနည်းလောက် ပြန်ပြီး ပြောင်းလို့ မရနိုင်ဘူးလား”
“.........”
အမဲရောင်နှင့်လူသည် ရုတ်တရက် ထကာ အော်လိုက်၏။ “ဒါဆိုရင် ကျောက်တုံး၊ စက္ကူ၊ ကတ်ကြေးဆိုပြီး ဆော့ကြရမှာလား။”
“နောက်ဆုံးအကြိမ်တုန်းက အဲလိုဆော့တာတောင်မှာ သုံးဆယ့်ငါးကြိမ်တိတိ ဆက်တိုက် ရှုံးခဲ့တယ် မဟုတ်ဘူးလား။ ဘယ်လိုဖြစ်ပြီး ထပ်ဆော့မယ်ဆိုတဲ့ မျက်နှာမျိုးနဲ့ လာမေးနေရတာလဲ” သူတော်စင် တုံးကုသည် အထင်အမြင်သေးစွာဖြင့် ပြောလိုက်သည်။
“ကျုပ် မရှုံးပါဘူး”
အမဲရောင်နှင့်လူသည် ထူးမခြားနားသလို ပြောလိုက်၏။ “ခုနှစ်ဆယ့်တစ်ပွဲမှာဆိုရင် သုံးဆယ့် ခြောက်ပွဲရှုံးမှ ရှုံးတာလေ။ အခုက တစ်ပွဲကျန်သေးတယ်”
“...........”
ကြီးမြတ်သူတုံးကုသည် ဆွံ့အလျက် ရှိနေ၏။ ပြီးနောက် သူသည် ပြောလိုက်မိ၏။ “ဒါဆိုလည်း နောက်ရက်ကျမှ တိုက်ခိုက်ကြရအောင်။ ကျုပ်လောလောဆယ် အရေးကြီးနေတယ်”
စီနီယာတုံးကုက သက်ပြင်းချလိုက်သည်။ “ဒီအဘိုးကြီးက မင်းလို အရှက်မဲ့လှတဲ့ လူမျိုးကို တစ်ခါမှ မမြင်ဖူးဘူး”
အမဲရောင်လူသည် ပြောလိုက်၏။ “ခင်ဗျားထက်ပိုပြီးတော့ အားကောင်းတဲ့လူက အမြဲတမ်း ရှိနေမှာပဲလေ။ ပြီးတော့ စကြဝဠာထဲမှာ ကျုပ်ထက်ပိုပြီး အရှက်မဲ့တဲ့လူမျိုးကလည်း ရှိနေမှာ သေချာတယ်။ ခင်ဗျား မတွေ့သေး တာပဲနေမှာပါ”
စီနီယာတုံးကုသည် ဤလူနှင့် ဆက်လက်ကာ စကားမပြောချင်တော့ပေ။ ထို့ကြောင့် စိတ်မရှည်သလို ပြောလိုက်မိ၏။ “ပြောစရာရှိတာကို ပြောရမှာပဲ။ ဒီအဘိုးကြီးက တပည့်တစ်ယောက်ကို ရွေးမယ်။ အချိန်တစ်ခုကို သတ်မှတ်ပြီး အနိုင်ရရှိသူ ဘယ်သူလဲဆိုတာ ဆုံးဖြတ်ကြတာပေါ့”
“ခင်ဗျားသေချာရဲ့လား”
“သေချာပြီ”
ဟား ဟား ဟား ဟား
အမဲရောင်နှင့်လူသည် အားရပါးရ ရယ်မောလိုက်၏။ “ဒါဆိုရင်တော့ ဒီတစ်ကြိမ် ခင်ဗျား သေချာပေါက် ရှုံးလိမ့်မယ်။ ကျုပ်ရဲ့တပည့်က လောကရဲ့ ကလေးငယ်လို့တောင် သတ်မှတ်ခံထားရတဲ့လူပဲ။ ဟား ဟား ဟား”