အခန်း (၁၃၆၀)
Vol. 92 Ch. 1360
ဝှစ် ဝှစ် ဝှစ် ……။
ပြိုင်စံရှားဂိုဏ်းအတွင်းမှာတော့ အဆင့်တက်သည့် အရှိန်အဟုန်များသည် ပိုမိုကာ အားကောင်းလာခဲ့၏။ အတွင်းစည်းနှင့် အပြင်စည်းတပည့်များသည် အဆင့်သေး သို့မဟုတ် အဆင့်ကြီးများကို မြန်မြန်ဆန်ဆန်နှင့် တက်လျက်ရှိ၏။ ၎င်းတို့သည် နှလုံးသားအလင်းကျမ်းစာကိုလည်း ပိုမိုကာ နားလည်လာခဲ့ကြသည်။
အသစ် အသစ်သော ပတ်ဝန်းကျင် တည်နေရာကြီးတွင် အသစ် အသစ်သော စနစ်များကို လေ့လာသင်ယူပြီးသည့် နောက် သူတို့သည် အဆင့်ချိုးဖြတ်နိုင်ခြင်းမှာ သာမန်ပင် ဖြစ်တော့၏။ အနာဂတ်တွင် သိုင်းနယ်မြေ သို့မဟုတ် သိုင်းအင်ပါယာအဆင့်သို့ ချိုးဖြတ်ရောက်ရှိသွားမည်ဆိုလျှင်ပင် အံ့အားသင့်စရာ မရှိချေ။
ဟုတ်ပေသည်။ ယေဘူယျအဆင့်သည် နိမ့်ကျလွန်းနေသေး၏။ ထို့ကြောင့် ပိုမိုတိုးတက်လာစေရန် သူတို့သည် စိတ်ဝိညာဉ် ကျောက်တုံးများ၊ ဆေးလုံးနှင့် တခြားအရာများကို အကူအညီအဖြစ် အသုံးပြုမှ ဖြစ်ပေလိမ့်မည်။
ဤပြဿနာများကို ဖြေရှင်းရန်အလို့ငှာ ကျွင်းချောင်ရှောင်းသည် ဆေးပင်များကို ယူဆောင်၍ လင်းယွမ်မြို့ဆီသို့ စတင်ကာ ထွက်ခွာခဲ့တော့သည်။ သူသည် အရှက်မဲ့စွာဖြင့် ဈေးဗန်းပေါ် ဆေးပင်များတင်ကာ ဈေး၌ အော်ရောင်းရန်ပင် စဉ်းစားထားသေးသည်။
ဤတစ်ကြိမ်တွင်တော့ သူသည် ရီရှင်းချန်၊ ရှောင်ကျီတို့ကို ခေါ်ဆောင်မလာခဲ့ချေ။ အဘယ်ကြောင့် ဆိုသော် ၎င်းတို့နှစ်ယောက်သည် တခြားသော တပည့်များ ကဲ့သို့ပင် ကျင့်ကြံခြင်းအရာ၌ စိတ်ကို နှစ်ထားသောကြောင့်ပင်။
လင်းယွမ်မြို့ဆီသို့ သွားရာလမ်းမှာတော့ ကျွင်းချောင်ရှောင်းသည် စိတ်ဓာတ်တကျ ဖြစ်မိနေခဲ့၏။ “ငါ ဘာလို့ ဂိုဏ်းထဲမှာ ကျင့်ကြံမနေတာလဲ။ ဘာလို့ ဆေးပင်တွေ ရောင်းချဖို့ ရောက်လာရတာလဲ”
တပည့်များသည် လိုက်ပါ မလာခဲ့ချေ။ သို့ပေမဲ့ နှင်းဆီဧကရီမှာတော့ လိုက်ပါလာခဲ့၏။ သူမက ပြုံးကာ ပြောလိုက်သည်။ “ယောက်ျားက အော်လေ။ မိန်းမက နောက်ကလိုက်ပေးမယ်”
“.......”
ကျွင်းချောင်ရှောင်းသည် ဆွံ့အလျက် ရှိနေ၏။
“တကယ်တော့”
နှင်းဆီဧကရီသည် သူမ၏ ဆံပင်များကို သပ်တင်ကာ ပြောလိုက်၏။ “ကျွန်မက အခု မူလနယ်မြေ အဆင့်ဆီမှာ တစ်နေတာလေ။ ဒီတော့ ကျင့်ကြံနေရုံနဲ့ မလုံလောက်သေးဘူး။ ဒီအရာတွေ အကုန်လုံးကို နားလည်အောင် ပိုပြီးတော့ အချိန်ယူရအုံးမယ်။ ဒီတော့ လောကကြီးကို ပိုပြီးမြင်ရစေဖို့ ရှင်နဲ့ အပြင်ကို လိုက်ခဲ့တာပဲ”
“မူလနယ်မြေအဆင့်ဆိုတာ အထက်နယ်မြေမှာ တည်နေရာချိုးဖြတ်ခြင်းအဆင့်နဲ့ တူတူပဲ” ကျွင်းချောင်ရှောင်း က အမှန်ပြင်ပေးလိုက်သည်။
“ကိစ္စမရှိဘူး”
နှင်းဆီဧကရီက ပြုံးလိုက်မိ၏။ “ဘာပဲပြောပြော ရှင်နဲ့လိုက်လာရတာ ကောင်းတာပဲ”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “အပြင်ကို သွားပြီး ဆေးပင်တွေ ရောင်းတဲ့အချိန်မှာ သိုသိုသိပ်သိပ် နေထိုင်သင့်တယ်။ ပြဿနာ မရှာရဘူး”
စနစ်သည် မျက်နှာကို တံတွေးနှင့် ထွေးချင်စိတ်ပင် ပေါက်လျက် ရှိနေ၏။ လင်းယွမ်မြို့သို့ ပထမဦးဆုံးအကြိမ် သွားတုန်းကလည်း ရီရှင်းချန်ကို ထိုကဲ့သို့ ပြောခဲ့၏။ သို့ပေမဲ့ မည်ကဲ့သို့ အဆုံးသတ်သွားသနည်း။ ထို့အပြင် ဝူတန် စာမေးပွဲတွင် အားလုံး၏ ရှေ့၌ ခပ်တည်တည်ဖြင့် ပြဿနာရှာခဲ့သည့်လူမှာလည်း မည်သူနည်း။
“ကောင်းပြီ။ ကျွန်မ ယောက်ျားရဲ့စကားကို နားထောင်ပါ့မယ်” နှင်းဆီဧကရီသည် ချိုသာစွာ ပြောလိုက်၏။ ပြီးနောက် အနားကို ချဉ်းကပ်လိုက်သည်။ သို့ပေမဲ့ ကုန်းရှန့်သည် ခပ်လှမ်းလှမ်းမှ ခွာကာ လျှောက်လျက်ရှိ၏။ ။
“ရှင်ရှောင်လေ၊ ကျွန်မက ရှင့်နောက် လိုက်လေပဲ” ထို့ကြောင့် တောင်တန်းများနှင့် လှပသည့် မြေပြင်ကြီးတွင် လူတစ်ယောက်နှင့် ချောမောလှပသည့် မိန်းကလေးတစ်ယောက်တို့သည် ခပ်ခွာခွာဖြင့် လှမ်းလျှောက်လျက် ရှိနေလေသည်။
ကျွင်းချောင်ရှောင်းသည် ယခင်တုန်းက လင်းယွမ်မြို့ဆီသို့ ရောက်ခဲ့ဖူး၏။ ထို့ကြောင့် သူသည် ဤလမ်းကြောင်း နှင့်ပတ်သက်၍ အသားကျပြီးသား ဖြစ်၏။ သို့ပေမဲ့ နှင်းဆီဧကရီမှာတော့ ဤတည်နေရာကို ပထမဦးဆုံး အကြိမ် ရောက်ရှိလာခဲ့ခြင်းဖြစ်၏။ ထို့ကြောင့် သူမသည် ရှိရှိနေသမျှသော အရာများအားလုံးကို စိတ်ဝင်တစားဖြင့် ကြည့်ရှုလျက် ရှိနေ၏။
မြို့ထဲတွင်ရှိနေသော သိုင်းကျင့်ကြံသူများ အားလုံးကလည်း သူမကို ကြည့်ရှုလျက် ရှိနေ၏။ အဘယ်ကြောင့် ဆိုသော် လှပသည့်အမျိုးသမီးများ ဖြတ်သွားသည့်အချိန်တွင် လောကကြီးသည် လှပသွားတတ်သည် မဟုတ်ပါ လား။ ထို့ကြောင့် ယောက်ျားများ ကြည့်ရှုကြသည်မှာ သဘာဝပင် ဖြစ်သည်။
ပြိုင်စံရှားဂိုဏ်း၏ ဝတ်စုံသည် အောက်နယ်မြေတွင် ဝတ်ဆင်ခဲ့သည့် ပုံပန်းသွင်ပြင်ပင်ဖြစ်၏။ ဂိုဏ်းဝတ်စုံ၏ အရောင်ပေါင်းစပ်မှုသည် တောက်ပလွန်းသည်ဟု မဆိုနိုင်သော်လည်း ကြည့်ရှု၍ ကောင်းမွန်လွန်းလှ၏။ ထို့အပြင် နှင်းဆီဧကရီ ဝတ်ဆင်လိုက်သည့်အချိန်မှာတော့ အလွန်တရာ လှပသွားလေ၏။
ကျွတ်
ကျွင်းချောင်ရှောင်းသည် အထင်အမြင်သေးစွာဖြင့် ပြောလိုက်သည်။ “အထက်နယ်မြေမှာရှိတဲ့ သိုင်းကျင့်ကြံသူ တွေက အရင်တုန်းက မိန်းမလှ မမြင်ဘူးကြဘူးလား”
စနစ်က ပြောလိုက်သည်။ “ယောက်ျားတိုင်း၊ ယောက်ျားတိုင်းဆိုတာ ခံစားချက် ခုနှစ်မျိုးနဲ့ အလိုလောဘ ခြောက်မျိုး ရှိကြတယ်လေ။ ဒါကမှ ယောက်ျားအစစ်အမှန်ပဲ။ လက်ခံသူလို ကျောက်ရုပ်ကြီးမှ မဟုတ်တာ”
“ချီးတဲ့မှ”
ကျွင်းချောင်ရှောင်းသည် စိတ်ထဲမှ ကျိန်ဆဲလိုက်၏။ ပြီးသည့်နောက် သူသည် အမဲရောင်ဝတ်စုံကို ချွတ်ကာဖြင့် နှင်းဆီဧကရီပေါ် အသာလွှမ်းခြုံပေးလိုက်တော့သည်။ ပြီးနောက် မှုန်ကုတ်ကုတ်ဖြင့် ပြောလိုက်သည်။ “အပြင်ကို ထွက်တဲ့အချိန်မှာ ခန္ဓာကိုယ်ပေါ်တဲ့ ဝတ်စုံတွေ ဝတ်လို့ မဖြစ်ဘူး”
စနစ်သည် ဆွံ့အသွားမိ၏။ “မင်း မိန်းမကို အပြင်လူတွေကြည့်တာ မကြိုက်တာ မဟုတ်လား။ ဒါပေမဲ့ ဘာလို့ အေးစက်တဲ့ပုံစံ ဟန်ဆောင်နေရတာလဲ။ ပြိုင်စံရှားဂိုဏ်းထဲမှာ မင်းက အကောင်းဆုံး သရုပ်ဆောင် တစ်ယောက်ပဲ။”
နှင်းဆီဧကရီသည် ရုတ်တရက် မတ်တပ်ရပ်ကာဖြင့် အသာလှမ်းကြည့်ကာ ပြုံးလိုက်သည်။ ပြီးနောက် ပြောလိုက်သည်။ “မင်္ဂလာဦးညတုန်းကလည်း ဒီလိုမျိုး စောင်ခြုံပေးခဲ့သေးတယ် မဟုတ်လား”
“..........”
ကျွင်းချောင်ရှောင်းသည် ခေါင်းကို တစ်ဖက်သို့လှည့်ကာ ပြောလိုက်သည်။ “ဒီလို ကိစ္စမျိုး မရှိဘူး”
“ဟုတ်တယ်”
စနစ်က ပြောလိုက်၏။ “ငါ မျက်မြင်သက်သေရှိတယ်”
တာဝန်ကြောင့် ကျွင်းချောင်ရှောင်းသည် အတင်းလက်ထပ်ရန်လမ်းကို ရွေးချယ်လိုက်သည် ဆိုသော်လည်း လက်ရှိ အခြေအနေမှာတော့ အမှန်ပင် စိတ်လှုပ်ရှားလျက် ရှိနေ၏။ မင်္ဂလာဦးညတုန်းက သူသည် ပက်ပက်စက်စက် အရက်သောက်ခဲ့၏။ ထို့ကြောင့် မည်သည့်အရာမှ မဖြစ်ပေါ်ခဲ့ချေ။ သို့ပေမဲ့ နောက်တစ်ရက် နိုးထလာသည့် အချိန် မှာတော့ နှင်းဆီဧကရီတစ်ယောက် စားပွဲပေါ်တွင် အိပ်ပျော်နေသည်ကိုမြင်တော့ မထွက်ခွာခင် စောင်နှင့်ဖုံးကာ ခြုံပေးခဲ့သည်။
“မေ့သွားပြီဆိုရင်လည်း ပြီးတာပါပဲ”
နှင်းဆီဧကရီက ပြောလိုက်၏။ “ကျွန်မ မှတ်မိနေရင် ပြီးတာပဲ”
ကျွင်းချောင်ရှောင်းက ဆွံ့အသွားမိသည်။ “ဒါကြောင့် ခင်ဗျား ကျုပ်နောက် တောက်တဲ့လို လိုက်ကပ်နေတယ်လို့ မပြောနဲ့နော်”
“တခြားသူတွေလို ဟိုပြော၊ ဒီပြော လျှောက်ပြောတာထက် ကျွန်မကို တကယ်တမ်း ဂရုစိုက်ပေးတဲ့လူက ရှင်တစ်ယောက်ပဲ ရှိတာ” နှင်းဆီဧကရီက ပြောလိုက်သည်။
“အစ်မကြီး”
ကျွင်းချောင်ရှောင်းသည် ပြိုလဲလုမတတ် ဖြစ်နေတော့၏။ “ခင်ဗျားက ခံစားချက်တွေကို ဒီလိုမျိုး လွယ်လွယ်ကူကူ ဖြစ်တည်စရာလား။ ခင်ဗျားရဲ့ ရှေ့ကနေပြီးတော့ ဓားတွေ၊ လှံတွေဆီကနေ ကာကွယ်ပေးတဲ့လူမျိုးကိုပဲ ချစ်ခင်နှစ်သက်သင့်တာ မဟုတ်ဘူးလား”
နှင်းဆီဧကရီသည် ရုတ်တရက် ရပ်တန့်လိုက်၏။ ပြီးသည့်နောက်မှာတော့ သူမ၏ ဗာဒံစေ့များကဲ့သို့ လှပလှသည့် မျက်လုံးများဖြင့် စူးစိုက်ကြည့်ကာ ပြောလိုက်သည်။ “ကျွင်းချောင်ရှောင်း... ကျွန်မ နှင်းဆီဧကရီက ကျွန်မအပေါ် ကောင်းတဲ့လူတိုင်းကို လိုက်ပြီး ကြိုက်နေမယ် ထင်လို့လား”
“ကျုပ်”
ကျွင်းချောင်ရှောင်းသည် သူစောနက ပြောသည့် ကိစ္စရပ်များသည် အမှတ်မထင် ဖြစ်သွားသည့် ကိစ္စရပ် များဖြစ်ပြီး သူမအား လှောင်ပြောင်ချင်သည့် ရည်ရွယ်ချက်မျိုးမရှိကြောင်း သူမအား ရှင်းပြချင်မိ၏။ သို့ပေမဲ့ ဤအမျိုးသမီး ဒေါသထွက်နေသည်ကို မြင်ရသည့်အချိန်မှာတော့ သူသည် ရှင်းပြလေ ပိုမိုကာ ဆိုးရွားသွားလေ ဖြစ်ကြောင်း နားလည်မိ၏။ ထို့ကြောင့်ပင် စကားလမ်းကြောင်းကို လျင်လျင်မြန်မြန် လွှဲလိုက်၏။ “ကျုပ်တို့ ဈေးကို ရောက်နေပြီ။ စီးပွားရေးက ပိုပြီးအရေးကြီးတယ်လေ”
နှင်းဆီဧကရီသည် သူ၏လမ်းကို တားဆီးကာ စူးစိုက်ကြည့်လိုက်၏။ “ဒါကလည်း စီးပွားရေးပဲလေ”
အသံသည် အနည်းငယ်ကျယ်လောင်သောကြောင့် အနားတွင် ရှိနေသည့် သိုင်းကျင့်ကြံသူများနှင့် မြို့သူမြို့သားများ အားလုံးသည် သူတို့အား လှည့်၍ ကြည့်ရှုလိုက်ကြ၏။ ၎င်းတို့အားလုံးသည် စိတ်ထဲတွင် ကြိတ်ကာ ရေရွတ် လိုက်မိ၏။ ဤလူငယ် စုံတွဲသည် ရန်ဖြစ်လျက် ရှိနေသည်လား။
အားလုံးတို့သည် သူ့တို့ကို ကြည့်ရှုကာ တီးတိုးပြောနေသည်ဖြစ်ကြောင်း သိရှိပြီးသည့်နောက် ကျွင်းချောင်ရှောင်း၏ အမူအရာသည် ပြောင်းလဲသွား၏။ သူသည် တီးတိုးပြောလိုက်မိ၏။ “လူတွေ အများကြီး ကြည့်နေတယ်။ ကျုပ်တို့ ဂိုဏ်းကို ရောက်တဲ့အချိန်မှ ပြောကြရအောင်”
နှင်းဆီဧကရီသည် ဒေါသထွက်သည်ဟုဆိုကာ လမ်းပေါ်တွင် မဖွယ်မရာကိစ္စရပ်များကို ပြုလုပ်တတ်သည့် အမျိုးသမီးမျိုး မဟုတ်ချေ။ ဂိုဏ်သိက္ခာရှိသော မိန်းကလေးတစ်ယောက်ဖြစ်သည်။ ထို့ကြောင့် အသက်ကို ပြင်းပြင်းရှုပြီး သူမ၏ စိတ်အခြေအနေကို ထိန်းချုပ်လိုက်၏။ ပြီးနောက် အသာလှည့်ကာ ဈေးထဲသို့ လှမ်းလျှောက်သွားတော့သည်။
ကျွင်းချောင်ရှောင်းသည် သူမှားယွင်းသွားပြီဖြစ်ကြောင်း နားလည်လိုက်မိ၏။ ထို့ကြောင့် မည်သည့်စကားမှ မဆိုဘဲ အနောက်မှ ခပ်ကုတ်ကုတ်လိုက်ပါလာ၏။ သို့ပေမဲ့ ဈေး၏အဝင်ဝဆီသို့ ရောက်သည့်အချိန်မှာတော့ ကျေးကျွန်များ နှင့်အတူ ပန်းပွင့်ပုံ ရေးထိုးထားသည့ အဝတ်ကို ဝတ်ဆင်ထားသော လူငယ်တစ်ယောက်သည် အသာလှမ်းလျှောက်လာသည်ကို မြင်လိုက်ရ၏။ ထိုသူသည် ယပ်တောင်ကို အသာခတ်ကာ လွတ်လပ်ပေါ့ပါးသည့် အမူအရာမျိုးဖြင့် ပြောလိုက်၏။ “မိန်းကလေး... ဒီရောင်းရင်း မင်းကို အနိုင်ကျင့်တာလား”
ကျွင်းချောင်ရှောင်းသည် မျက်မှောင်ကုတ်မိလိုက်၏။ သူ့ရှေ့တွင်ရှိသော လူငယ်အား သူမြင်ခဲ့ဖူး၏။ ထိုလူသည် ဝူတန်စာမေးပွဲ နောက်ဆုံးအဆင့်၌ စွန်းမူချန်ကို အနိုင်ယူခဲ့သည့် လူငယ်ပင် ဖြစ်တော့၏။ ထိုသူ၏ နာမည်သည် လုတင်းရီဖြစ်ပြီး လင်းယွမ်မြို့၏ မြို့တော်ဝန်သားလည်း ဖြစ်သည်။
နှင်းဆီဧကရီသည် မကြားချင်ယောင်ဆောင်၍ ရှေ့ဆီသို့ တက်လှမ်းလိုက်သည်။ သို့ပေမဲ့ သူမသည် ကျေးကျွန်များ၏ တားဆီးခြင်းကို ခံထားရ၏။ “ခင်ဗျား နားကန်းနေတာလား။ မြို့တော်ဝန်ရဲ့သားတစ်ယောက်လုံး ပြောနေတာကို မဖြေဘဲနဲ့ ထွက်သွားချင်လို့လား”
လုတင်းရီသည် သူ၏ ယပ်တောင်ကို အသာပိတ်လိုက်၏။ ပြီးနောက် ထိုစကားကို ပြောဆိုလိုက်သည့် ကျေးကျွန်၏ ခေါင်းကို အသာခေါက်လိုက်တော့၏။ “ငါ အကြိမ်ပေါင်းများစွာ ဘယ်လောက်ပြောရမလဲ။ လှပပြီးတော့ နူးညံ့လွန်းတဲ့ မိန်းကလေးတွေကို ကြင်ကြင်နာနာ ဆက်ဆံရမယ်လို့။ မင်းက ငါ့စကားကို အလေးမထားဘူးလား”
“ဟုတ်ကဲ့ပါ။ ဟုတ်ကဲ့ပါ” ကျေးကျွန်သည် အလျင်အမြန်ပဲ ခေါင်းညိတ်လိုက်သည်။
လုတင်းရီသည် ခေါင်းကို အသာလှည့်လိုက်ချိန်မှာတော့ သူ၏ မျက်နှာပေါ်တွင် နူးညံ့လှသည့် အမူအရာများ ဖြစ်တည် လာခဲ့၏။ သူသည် ပြုံးကာပြောလိုက်၏။ “မိန်းကလေး... တကယ်လို့ အထင်မမှားဘူးဆိုရင် လွတ်လွတ်လပ်လပ်နဲ့ ပြောဆိုနိုင်ပါတယ်။ ဒီသခင်လေးက ခင်ဗျားအတွက် ရပ်တည်ပေးမယ်”
နှင်းဆီဧကရီသည် ပြုံးကာ ပြောလိုက်၏။ “ကျွန်မနဲ့ ကျွန်မယောက်ျားကြားမှ ပဋိပက္ခ နည်းနည်းလေး ဖြစ်သွား တာပါ။ ဒီတော့ ရှင့်အနေနဲ့ စိတ်ပူစရာ မလိုပါဘူး”
“ယောက်ျား ဟုတ်လား”
လုတင်းရီသည် ကျွင်းချောင်ရှောင်းကို သေသေချာချာ ကြည့်ရှုလိုက်၏။ ပြီးနောက် ခေါင်းကို ခါယမ်းလိုက်သည်။ “အင်း... လှပတဲ့ ပန်းတစ်ပွင့်ပေါ်မှာ နောက်ချေး ကပ်နေတာပဲ”
အသွင်အပြင် အမူအရာအရဆိုလျှင် ကုန်းရှန့်သည် သူ့ထက် ပိုမိုကာ ချောမောလွန်းလှ၏။ သို့ပေမဲ့ ဝူတန် စာမေးပွဲ၏ တရားမျှတမှုကို မေးခွန်းထုတ်ခဲ့ဖူးသည် လူတစ်ယောက်ဖြစ်သည်မို့ ဤဈေးဆီသို့ လာရာလမ်းတွင် မျက်နှာကို ပြောင်းလဲထားခဲ့၏။ ထို့ကြောင့် သူ၏ ချောမောသည့် မျက်နှာသည် သာမန်မျက်နှာတစ်ခုအဖြစ်သို့ ပြောင်းလဲနေ၏။
နှင်းဆီဧကရီသည် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ပြီးနောက် ကျွင်းချောင်ရှောင်း၏ လက်မောင်းကို အသာချိတ်ကာ ပြောလိုက်သည်။ “ယောက်ျား... သွားကြရအောင်”
သူမ၏ ဤအပြုအမူသည် သူမတို့နှစ်ယောက် မှာ လင်မယားများဖြစ်ကြောင်း လုတင်းရီကို ပြောဆိုခြင်းပင်ဖြစ်တော့၏။ လင်မယားနှစ်ယောက် ကြားထဲတွင် အပြင်လူများ မပါဝင် မပတ်သက်သင့်ကြောင်း သတိပေးခြင်းလည်း ဖြစ်၏။
ဆွစ်
ကျွင်းချောင်ရှောင်းသည် နှင်းဆီဧကရီ၏လက်ကို ခါယမ်းပြီး ခံစားချက်မဲ့စွာ ပြောလိုက်၏။ “မင်း ဘယ်သူ့ကို နောက်ချေးလို့ ခေါ်တာလဲ”
“မင်းလေ”
ဘုန်း
အားကောင်းလွန်းလှသော ကျန်းချီများသည် တည်နေရာတစ်ခုလုံးတွင် ဖြစ်တည်လာပြီး လေလှိုင်းများအဖြစ် တုန်ခါလျက်ရှိနေ၏။ ပတ်ဝန်းကျင်တွင် ဖုန်များ တလိပ်လိပ် တက်လာခဲ့၏။ လမ်းပေါ်တွင် ရှိနေကြသော သိုင်းကျင့်ကြံသူများနှင့် ဖြတ်သွားဖြတ်လာများသည် မျက်လုံးအပြူးသား ဖြစ်မိနေသည်။
အဘယ်ကြောင့်ဆိုသော် မိန်းမနှင့် ရန်ဖြစ်လျက် ရှိနေသည့် လူငယ်သည် ရုတ်တရက် မြို့တော်ဝန်သား၏ မျက်နှာကို အားရပါးရ ထိုးနှက်လျက် ရှိနေသောကြောင့်ပင်။
“ကိုယ့်အဖေရဲ့ ဂုဏ်သိက္ခာကို အသုံးပြုပြီးတော့ တခြားသူတွေကို အနိုင်ယူတတ်တဲ့ လူတစ်ယောက်က ငါ့မျက်စိ ထဲမှာ အစစ်အမှန် နောက်ချေးပဲကွ”