အခန်း (၁၃၆၆)
Vol. 92 Ch. 1366
ကျွင်းချောင်ရှောင်းအနေနှင့် ခရမ်းရောင်ကြယ်အစီအရင်ကြီးသည် မည်မျှ အားကောင်းသော တိုက်ခိုက်ချက် မျိုးကို ခုခံနိုင်မည်နည်း ဆိုသည်ကို ကောင်းကောင်းမသိချေ။ သို့ပေမဲ့ ပုံပန်းသွင်ပြင်နှင့် အခြေအနေကို ကြည့်ရှုလိုက်သည်နှင့် ထိုက်ရွှမ်အဘိုးအို ချန်ထားခဲ့သော အစီအရင်များထက် ပိုမိုကာ အားကောင်းသည်ကို သိရှိနိုင်၏။
စနစ်က ပြောလိုက်သည်။ “ဒါ ရွှမ်ဂိုဏ်းတစ်ခု ချိုးဖြတ်ဝင်ရောက်နိုင်ဖို့ မလွယ်တဲ့အရာပဲ”
“နှစ်ခုဆိုရင်ကော”
“ဒါဆိုရင်လည်း ပြဿနာ မရှိလောက်ဘူး”
“ဒါဆိုရင် ဆယ်ခုဆိုရင်ကော”
“........”
စနစ်သည် ဆွံ့အသွားမိသည်။ “မင်းအပြင်ကို ထွက်ပြီးတော့ ရွှမ်ဂိုဏ်းဘယ်လောက်များများကို ပြဿနာရှာဖို့ စဉ်းစားထားလို့လဲ”
“ငါ့လို ချောမောလှတဲ့လူတစ်ယောက်က အပြင်ဘက်ကို ထွက်ပြီဆိုတာနဲ့ မနာလိုဝန်တိုမှုတွေကို ခံစားပြီး ပြဿနာ တက်တတ်တာ သဘာဝပဲလေ။ ဒီတော့ အစီအရင်ရဲ့အားအင်အဆင့်က ဘယ်လောက်လဲဆိုတာကို သိမှ ရွှမ်ဂိုဏ်း ဘယ်လောက်များများကို ပြဿနာရှာလို့ရနိုင်မလဲဆိုတာကို သိမှာပေါ့” ကျွင်းချောင်ရှောင်းက လေးလေးနက်နက် ပြန်ပြောလိုက်၏။
“ထွီ”
စနစ်က ပြောလိုက်သည်။ “မင်းအနေနဲ့သာ စပြီး ပြဿနာမရှာရင် အထက်နယ်မြေမှာရှိတဲ့လူတွေက မင်းကိုတောင် ကျေးဇူးတင်နေအုံးမယ်”
“ဂိုဏ်းချုပ်”
အကြီးအကဲဝေသည် ထိုနေရာသို့ လာရောက်ကာ တွေ့ဆုံ၏။ “ဆေးပင်တွေက ရင့်မှည့်နေပြီ”
တစ်လကျော်ကြာပြီးသည့်နောက် သန့်စင်မြေဆီလွှာ၏ သန့်စင်မှုကို ခံရပြီးသည့်နောက် ဒုတိယအကြိမ် စိုက်ပျိုးထားသည့် ဆေးပင်များသည် အပြည့်အစုံ ရင့်မှည့်လာခဲ့ပြီဖြစ်သည်။
ကျွင်းချောင်ရှောင်းသည် ဆေးဥယျာဉ်ထဲသို့ ဝင်ရောက် လိုက်သည့်အချိန်မှာတော့ ကောင်းကင်ယံတွင် များပြားလှသည့် စိတ်ဝိညာဉ်ချီများ စုဝေးလျက်ရှိသည်ကို မြင်လိုက် ရ၏။ သူသည် မနေနိုင်ဘဲ သက်ပြင်းပင် ချလိုက်မိ၏။ “ဒါ အရမ်းအားကောင်းတာပဲ။ သိမ်းတော့။ ဒါတွေ အကုန်လုံးကို သိမ်းလိုက်”
ဆေးဟောခန်းမတွင်ရှိသော လူများသည် ဆေးပင်များကို လိုက်လံကာသိမ်းဆည်းတော့သည်။
သို့ပေမဲ့ ဤအချိန် အရှေ့တောင်အစွန်းဘက်တွင် ဖန်းကွေ့ချန်သည် လူငယ်စုံတွဲကို လိုက်လံရှာဖွေလျက်ရှိ၏။ သူ့အနေနှင့် မနားမနေ ရှာဖွေရသောကြောင့် ပင်ပန်းလျက်ပင် ရှိနေတော့သည်။ သူ၏ တစ်ကိုယ်လုံးသည် ဖုန်များ ပေပွနေပြီး ဆံပင်များသည်လည်း ဖုန်များနှင့်ပင်။ သူသည် ကောင်းကင်ယံသို့ မော့ကြည့်ကာ အော်လိုက်သည်။ “သူတို့ကို ရှာလို့မတွေ့ဘူးဆိုတာ မယုံကြည်နိုင်ဘူး”
ဤအစ်ကိုကြီးသည် အမှန်ပင် ခေါင်းမာလှသည့် လူတစ်ယောက်ပင် ဖြစ်၏။ ထိုလူငယ်စုံတွဲကို မတွေ့မချင်း အရှုံးမပေးနိုင်ချေ။
ထူးဆန်းလှချေ၏။ အဘယ်ကြောင့် သူသည် ဖန်းချီမိုးကောင်းကင်တောင်တန်းဆီသို့ လာရောက်ကာ မရှာဖွေရ သနည်း။
အဘယ်ကြောင့်ဆိုသော် သူ၏ တွက်ချက်မှုကြောင့်သာဖြစ်၏။ လူငယ်စုံတွဲသည် ကျွမ်းကျင်လှသည့် လူများပင်ဖြစ်သည်။ ဂိုဏ်းတစ်ခု၏ တောင်ပေါ်တွင် နေထိုင်သည့်လူများ ကျိန်းသေပေါက် မဟုတ်နိုင်ချေ။ ထို့အပြင် ဂိုဏ်းတစ်ခုထဲမှာ ဆိုလျှင်တောင်မှ ဆေးပင်များကို လိုက်လံရောင်းချနေမည် မဟုတ်ချေ။ ထိုအပြင် ဈေးပေါလှသည့်နှုန်းဖြင့် ရောင်းချခဲ့ခြင်းမှာ ပိုမို၍ အံ့အားသင့်စရာ ကောင်းလွန်းလှ၏။
ဖန်းကွေ့ချန်၏ သုံးသပ်မှုသည် ကျိုးကြောင်းဆီလျော်လွန်းလှသည်။ ထို့ကြောင့် ကျွင်းချောင်ရှောင်း ရှိရာနေရာကို ထပ်ခါထပ်ခါ ကျော်ဖြတ်ပြီး သွားသည်ဆိုသော်လည်း မတွေ့ရှိနေခြင်းပင် ဖြစ်လေသည်။
...............
“သွားကြစို့”
ပြိုင်စံရှားဂိုဏ်း၏ အဝင်ဝရှေ့မှာတော့ ကျွင်းချောင်ရှောင်းသည် သူ၏ အဝတ်အစားများကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပွတ်ခါကာ လှေကားအတိုင်း အောက်သို့ ဆင်းသက်လိုက်၏။
နှင်းဆီဧကရီသည် သူနှင့်အတူ အောက်သို့ လိုက်ပါလာခဲ့သည်။ ပထမတုန်းက သူသည် ဤအမျိုးသမီး လိုက်ပါလာသည်ကို ငြင်းပယ်ခဲ့မိ၏။ သို့ပေမဲ့ နှင်းဆီဧကရီသည် တည်နေရာချိုးဖြတ်ခြင်းအဆင့်ဆီသို့ ချိုးဖြတ်ရောက်ရှိသွားခဲ့ပြီးဖြစ်၏။ ထို့ကြောင့် အားအင်အဆင့်သည် ပိုမိုကာ တိုးတက်လာခဲ့သည်။ အန္တရာယ်တစ်ခုခု ကြုံတွေ့လာသည်ဆိုပါက ကောင်းမွန်သည့် တိုက်ခိုက်ရေးအားအင်ကို ထောက်ပံ့ပေးနိုင်မှာ သေချာ၏။
ကျွင်းချောင်ရှောင်းအနေဖြင့် ပြဿနာရှာချင်စိတ် မရှိသော်လည်း ပြဿနာသည် သူ၏ အခန်းတံခါးဝဆီသို့ လာရောက်၍ တံခါးခေါက်တတ်သည့်အကျင့် တည်ရှိနေ၏။ ထို့ကြောင့် သေသေချာချာ စဉ်းစားပြီးသည့်နောက် သူမကို ခေါ်ဆောင်သွားရန် ဆုံးဖြတ်ချက် ချလိုက်တော့သည်။ ထို့အပြင် သူမသည် ကျွမ်းကျင်လွန်းလှသည့် အထောက်အပံ့ အကူအညီတစ်ယောက်ဖြစ်သည် မဟုတ်ပါလား။
ဟူး
အေးစက်သည့်လေများ တိုက်ခတ်လာပြီး ကုန်းရှန့်၏ အမဲရောင်ဆံနွယ်များသည် လေထဲသို့ လွင့်စင်သွား၏။ ကောင်းကင်နှင့်မြေကြီး ဖန်တီးခြင်းအစီအရင်ကို လေ့လာပြီးသည့်နောက် သူသည် ခေါင်းတုံးပင် ဖြစ်သွားခဲ့၏။ယခုလည်း ခရမ်းရောင်ကြယ်အစီအရင်ကို ဖန်တီးပြီး ခေါင်းတုံးဖြစ်ခဲ့ပြန်သည်။ လက်ရှိ အခြေအနေမှာတော့ မှော်ပညာဖြင့် အဆင့်မြှင့်တင်ထားသော ဆံပင်ပေါက်ဆေးသည် သူ အမြဲလိုလို အသုံးပြုသည့် အရာပင် ဖြစ်နေတော့၏။
“ဒီအရာကြီးက အရမ်းကို လှတာပဲ”
လှပလှသည့် တောင်တန်းများအပေါ် လှမ်းလျှောက်ရင်း နှင်းဆီဧကရီသည် အံ့အားတသင့်ဖြင့် ပြောလိုက်၏။ သို့ပေမဲ့ သူမ ဤကဲ့သို့ ရေရွတ်လိုက်သည့်အချိန်မှာပဲ ကျွင်းချောင်ရှောင်းက ခပ်တည်တည်ဖြင့် ပြောလိုက်သည် “ကျုပ်တို့က ဆေးပင်ရောင်းဖို့ သွားတာ။ မြင်ကွင်းတွေ ကြည့်ဖို့မဟုတ်ဘူး”
“ဪ”
နှင်းဆီဧကရီသည် အမဲရောင်ဝတ်စုံကို လှမ်းယူကာဖြင့် သူမ၏ ဦးခေါင်းကို ဖုံးကာ ငြိမ်ငြိမ်သက်သက်ဖြင့် အနောက်မှ လိုက်ပါလာသည်။ ဤသို့နှင့်ပင် သူတို့သည် တိတ်တိတ်ဆိတ်ဆိတ်နှင့် လဝက်နီးပါးခန့် ခရီးနှင်ခဲ့ ကြ၏။ ၎င်းတို့နှစ်ယောက်သည် လင်းယွမ်မြို့ထက် ပိုမိုကာ ကြီးမားသည့် မြို့တစ်ခုဆီသို့ ရောက်ရှိလာခဲ့၏။
သို့ပေမဲ့ ကျွင်းချောင်ရှောင်းနှင့် နှင်းဆီဧကရီတို့ မြို့ထဲသို့ ဝင်ရောက်လိုက်သည့် အချိန်မှာပဲ မျက်တွင်းတွေ ညိုလျက်ရှိသည့် ဖန်းကွေ့ချန်သည်လည်း ဤတည်နေရာဆီသို့ ရောက်ရှိလာသည်။ သူသည် နောက်ထပ် လဝက် လောက် ထပ်မံရှာဖွေပြီးသည့်နောက် မည်သို့မျှ ရှာမတွေ့ခဲ့ချေ။ ထို့ကြောင့် စိတ်ပိုင်းဆိုင်ရာအရ မောပန်းလျက်ရှိပြီး စိတ်ဓာတ်လည်း ကျလို့နေခဲ့သည်။
“ထားလိုက်တော့။ ထားလိုက်တော့။ စားသောက်ခန်းတစ်ခုခုဆီကို သွားပြီး ကောင်းကောင်း အနားယူလိုက်မယ်။ ပြီးရင် ဆေးဟောခန်းဆီကိုပြန်ပြီး ဝယ်ယူထားတဲ့ဆေးပင်တွေနဲ့ ဆေးလုံးတစ်လုံးလောက် ဖော်စပ်ကြည့်ရတာ ပေါ့”
သူသည် အလွန်တရာ ပင်ပန်းနေပြီဖြစ်၏။ ထို့ကြောင့် ရှာဖွေမည့် အစီအစဉ်ကို ရပ်တန့်လိုက်တော့၏။
............
စားသောက်ခန်းအတွင်းမှာတော့ ကျွင်းချောင်ရှောင်းသည် နှင်းဆီဧကရီနှင့်အတူ ဝင်ရောက်ကာ စားသုံးပြီးသည့်နောက် ဤဆေးပင်များကို မည်ကဲ့သို့ ရောင်းချရမည်ကို တိတ်တဆိတ်ကြိတ်ကာ တွေးတောလျက်ရှိသည်။
နောက်တစ်ရက်မှာတော့ ကျွင်းချောင်ရှောင်းသည် ဆန်းကြယ်လှသည့် ဆေးပင်အရောင်းဆိုင်တစ်ခုဆီသို့ လှမ်းကာ ဝင်ရောက်လိုက်သည်။ သူသည် ကောင်တာအနားသို့ အသာတိုးကာ ခန္ဓာကိုယ်ကို အရှေ့သို့ အသာကပ်၍ တီးတိုးမေးလိုက်၏။
“ဆိုင်ရှင်... အရောင်းအဝယ်တစ်ခုခု လုပ်ရအောင်” သူသည် လက်ကို အဝတ်ထဲသို့ နှိုက်ထားသည်။
သူ၏ ပုံပန်းသွင်ပြင်ကို ကြည့်ရသည်မှာ ဓား သို့မဟုတ် တစ်ခုခုကို ထုတ်ယူ၍ ဓားပြတိုက်တော့မည့် ပုံပန်းသဏ္ဍာန်မျိုးနှင့်ပင် ဆင်တူနေ၏။
ဆိုင်ရှင်က ပြောလိုက်သည်။ “ဘယ်လို သဘောတူညီမှုမျိုးလဲ”
သူ့အနေနှင့် တည်ငြိမ်ချင်ယောင်ဆောင်ထားသော်လည်း အချိန်မရွေး ထ၍အော်နိုင်ရန် ပြင်ဆင်ထားသေး၏။ တစ်ဖက်လူသည် တစ်စုံတစ်ခု မဖွယ်မရာ ပြုလုပ်ပါက သူသည် ကျိန်းသေပေါက် အော်ဟစ်ကာ အကူအညီတောင်းမှာ ဖြစ်၏။
ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် ဆိုင်ပတ်ဝန်းကျင် တည်နေရာကို သေသေချာချာ ကြည့်ရှုလိုက်၏။ ပြီးနောက် ပြောလိုက်သည်။ “ကျုပ်ဆီမှာ အရည်အသွေးမြင့်တဲ့ ဆေးပင်တွေရှိတယ်။ ခင်ဗျား ဝယ်ဖို့ စိတ်ဝင်စားလား”
တစ်ညလုံး စဉ်းစားပြီးသည့်နောက် သူသည် ဈေးထဲတွင် ဆေးပင်များ အော်ဟစ်ကာရောင်းချမည့် အစီအစဉ်ကို လက်လျော့လိုက်၏။ ထို့အပြင် သူ၏ ချောမောလှသည့် မျက်နှာနှင့် ဆေးပင်ကို အော်ဟစ်လိုက်ရောင်းရသည်မှာ အဓိပ္ပာယ်မရှိလှချေ။ ထို့ကြောင့် ဆေးဆိုင်တစ်ခုဆီသို့ သွား၍ တီးတိုးရောင်းချရန်သာ ဆုံးဖြတ်လိုက်၏။
“တောင်းပန်ပါတယ်”
ဆိုင်ရှင်က ပြောလိုက်သည်။ “ဆိုင်မှာ ကုန်ပစ္စည်းတွေ ပြည့်နေပြီလေ။ အချိန်ကာလတစ်ခုအထိ ဆေးပင်တွေ လိုအပ်အုံးမှာ မဟုတ်ဘူး”
ကျွမ်းကျင်လှသည့် ဆေးအရောင်းဆိုင်ရှင်တစ်ယောက်ဖြစ်သည်မို့ သူ့၌ ဆေးပင်ဝယ်ယူနိုင်သည့် ထောက်ပံ့ရေး လမ်းကြောင်း များပြားစွာ တည်ရှိနေ၏။ တခြားသောသူများဆီမှ ဆေးပင်များ ဝယ်ယူရန် မလိုအပ်ချေ။ အရည်အသွေး အလွန်မြင့်မားလှသည့် ဆေးပင်များမှလွဲလျှင် ဖြစ်၏။
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဆိုင်ရှင်... ကျုပ်ရဲ့ ဆေးပင်တွေက သာမန်မဟုတ်ဘူးနော်။ အခွင့်အရေးကို လွှဲချော်သွားရင် ခင်ဗျား နောက်ထပ် အခွင့်အရေးရမှာ မဟုတ်တော့ဘူး”
“ကျုပ် တကယ်အားနာပါတယ်”
ဆိုင်ရှင်သည် ပြုံးကာ ပြောလိုက်၏။ “ကျုပ်တို့ အဲတာတွေကို မလိုသေးပါဘူး။ တကယ်လို့ ခင်ဗျားရောင်းချင်တယ်ဆိုရင် တခြားဆိုင်ကိုသွားမေးပြီး ရောင်းလိုက်ပါ”
ရွှီး
ကျွင်းချောင်ရှောင်းသည် အဝတ်ထဲ နှိုက်ထားသည့် လက်အား ထုတ်ယူလိုက်သည်။
ဆိုင်ရှင်သည် အလန့်တကြားဖြင့် နောက်သို့ ဆုတ်လိုက်မိ၏။ သို့ပေမဲ့ တစ်ဖက်လူသည် လက်နက်ကို ဆွဲထုတ်လိုက်ခြင်း မဟုတ်ဘဲ မိုးကောင်းကင် အင်ပါယာမြက်ပင်ကို စားပွဲပေါ်သို့ တင်လိုက်ခြင်းပင် ဖြစ်၏။
“ဆိုင်ရှင်... သေချာကြည့်အုံး။ ခင်ဗျားက တကယ့်ကို ကျွမ်းကျင်သူတစ်ယောက်ပါပဲ။ ဒီဆေးပင်ရဲ့ အရည် အသွေးကို တစ်ချက်လောက် အကဲဖြတ်ကြည့်ပါအုံး”
“..........”
ဆိုင်ရှင်၏ အမူအရာသည် စိတ်ဝင်တစားနှင့် ဖြစ်လာ၏။
အစ်ကိုကြီး... ဆေးပင်ရောင်းတာက တရားဝင်ကိစ္စ တစ်ခုလေ။ ခင်ဗျားပုံစံကြည့်ရတာ ဓားပြလိုလို၊ သူခိုးလိုလိုနဲ့။
ဆိုင်ရှင်သည် သတိအပြည့်နှင့် ဖြစ်နေ၏။ သို့ပေမဲ့ စားပွဲပေါ်တွင် ရှိနေသော မိုးကောင်းကင် အင်ပါယာမြက်ကို လှမ်းကြည့်ပြီးသည့်နောက် ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “အားနာပါတယ်။ ဒီဆေးပင်တွေက သာမန်ပါပဲ။ ကျုပ်တို့ သေးငယ်လှတဲ့ဆိုင်လေးမှာ ဒါတွေ မလိုအပ်ပါဘူး”
“ကျေးဇူးပြုပြီး သေသေချာချာ အကဲဖြတ်ကြည့်ပါအုံး”
“.........”
ဆိုင်ရှင်သည် သေသေချာချာ တွေးတောလိုက်၏။ သူသည် အရူးတစ်ယောက်နှင့်ပင် တွေ့နေသည်လား မသိပေ။ သို့ပေမဲ့ သူသည် ကျွမ်းကျင်လှသည့် စီးပွားရေးသမားတစ်ယောက် ဖြစ်၏။ ထို့ကြောင့် ဖောက်သည်သည် အမြဲ မှန်ကန်သည်ဆိုသော် စည်းမျဉ်းစည်းကမ်းကို လိုက်နာတတ်သည့်လူတစ်ယောက်လည်း ဖြစ်သည်။
စားပွဲပေါ်တွင် ရှိနေသည့် မိုးကောင်းကင် အင်ပါယာမြက်ကို ကောက်ယူပြီးနောက် စိတ်ဝိညာဉ်စွမ်းအင်များကို ထည့်သွင်းကာ ကြည့်ရှုလိုက်၏။ ပြီးနောက် သူ၏ မျက်နှာပေါ်တွင်ရှိသော အမူအရာများသည် တဖြည်းဖြည်း ပျက်ယွင်းလာခဲ့၏။ မျက်လုံးများသည်လည်း အလုံးစုံ ပြူးကျယ်လာ၏။
သူသည် နှစ်ပေါင်းများစွာ ဆေးပင် စီးပွားရေးကို လုပ်ကိုင်ခဲ့သည့်လူဖြစ်၏။ မိုးကောင်းကင် အင်ပါယာမြက်ကို အကြိမ်ပေါင်းများစွာ ထိတွေ့ခဲ့ဖူး၏။ သို့ပေမဲ့ လက်ရှိ သူကိုင်ထားသည့် မိုးကောင်းကင် အင်ပါယာမြက်သည် အသွင်အပြင်မှာ ပုံမှန်အတိုင်း ရှိသည်ဆိုသော်လည်း အထဲတွင် ရှိနေသော စိတ်ဝိညာဉ်စွမ်းအင်များသည် အလွန် ထူးခြားလွန်းလှသည်။
“ဘယ်လိုလဲ” ကျွင်းချောင်ရှောင်းသည် သူ၏ အတွေးကို ဖြတ်ကာ မေးလိုက်၏။
ဆိုင်ရှင်သည် သတိပြန်ဝင်လာပြီး အေးစက်စက် အသံဖြင့် ပြောလိုက်သည်။ “ဧည့်သည်... ဒီမိုးကောင်းကင် အင်ပါယာ မြက်ထဲမှာရှိတဲ့ ဆေးစွမ်းအင်တွေက ကောင်းကင်ရတနာအဖြစ်ကိုတောင် ရောက်နေပြီလေ။ ဒီနိမ့်ကျတဲ့လူက ဘဝမှာ ဒီလိုအရာမျိုးကို တစ်ခါမှ မမြင်ဖူးဘူး”
သူ၏တွက်ချက်မှုသည် အလွန်ပင် ကျွမ်းကျင်သူ ဆန်လွန်းလှ၏။
ကျွင်းချောင်ရှောင်းက မေးလိုက်သည်။ “ဒါဆိုရင် လက်ခံမှာလား။ လက်မခံဘူးလား”
“လက်ခံမယ်”
“ကျုပ်ဆီမှာ ဒါမျိုးတွေ စုစုပေါင်း ငါးသောင်းလောက် ရှိတယ်။ ခင်ဗျားဘယ်လောက်ပေးချင်လဲ”
“ငါးသောင်းတောင်လား” ဆိုင်ရှင်၏ မျက်လုံးသည် ပြူးကျယ်သွားခဲ့၏။ သူ၏ နားလည်မှုအရဆိုလျှင် ဤကဲ့သို့ မိုးကောင်းကင်အင်ပါယာမြက်သည် ပတ်ဝန်းကျင်ကြောင့် သန္ဓေပြောင်းလဲခဲ့ခြင်းပင်ဖြစ်၏။ ထို့ကြောင့်ပင်လျှင် ပုံမှန်ထက် ပိုမိုကာ အားကောင်းနေခြင်းဖြစ်၏။ သို့ပေမဲ့ တစ်ဖက်လူသည် ငါးသောင်းတိတိကို ထုတ်၍ ပေးနေ၏။ သန္ဓေပြောင်းလာသည့် အရေအတွက်သည် များပြားမနေဘူးလား။ ခဏလောက် တွေးပြီးသည့်နောက် ဆိုင်ရှင်က ပြောလိုက်သည်။ “တကယ်လို့ ဧည့်သည်အနေနဲ့ ငါးသောင်းလုံးကို ရောင်းချင်နေတယ်ဆိုရင် ကျုပ်က ရွှမ်စိတ်ဝိညာဉ်ကျောက်တုံး နှစ်သန်းပေးပြီး ဝယ်ပါ့မယ်”
လင်းယွမ်မြို့၏ ဆေးပင်ကျွမ်းကျင်သူကလည်း ဤဈေးနှုန်းအတိုင်း တွက်ချက်ခဲ့၏။ ထို့ကြောင့် တစ်ဖက်လူသည် လေးလေးနက်နက် ပြောနေသည်ဖြစ်ကြောင်း ကုန်းရှန့်က သိရှိလိုက်၏။
“ကောင်းပြီ”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒါဆိုလည်း နှစ်သန်းပေါ့”
သူ့အနေနှင့် သုံးသန်း မတောင်း ခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် မြို့တော်ဝန်လုတုန်းကလို ဆိုင်ရှင်၏သားကို ဖမ်းဆီးထားခြင်း မဟုတ်သောကြောင့်ပင်။
ဆွစ်
သိုလှောင်လက်စွပ်သည် စားပွဲပေါ်သို့ ကျလာ၏။ အထဲတွင်တော့ မိုးကောင်းကင် အင်ပါယာမြက်ပင် ငါးသောင်း တိတိ တည်ရှိနေ၏။ ဆိုင်ရှင်သည် အရာအားလုံးကို သေသေချာချာ သုံးသပ်ပြီးသည့်နောက် ပြည့်စုံသည့် အလဲ အလှယ်တစ်ခုကို ပြုလုပ်ရန် ပြင်ဆင်လိုက်၏။ သို့ပေမဲ့ သူ၏လက် သိုလှောင်လက်စွပ်ပေါ် ရောက်ရှိသည့် အချိန်မှာပဲ ကျယ်လောင်သည့်အသံတစ်ခုကို ကြားလိုက်ရသည်။
“ဒီဆေးပင်တွေ အကုန်လုံးကို ငါးသန်းနဲ့ ဝယ်မယ်”
ကျွင်းချောင်ရှောင်းသည် အံ့အားတသင့်ဖြင့် ခေါင်းလှည့်ကာ ကြည့်ရှုလိုက်၏။ ပြီးသည့်နောက် စုတ်ပြတ်သတ်နေသည့် ခရီးသွားဧည့်သည်ကဲ့သို့သော သက်လတ်ပိုင်းအရွယ် လူတစ်ယောက်သည် သူ၏ရှေ့တွင် ပေါ်ပေါက်လာခဲ့၏။ ထိုသူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ဆန်းကြယ်လှသည့် အော်ရာများ ထွက်ပေါ်လျက်ရှိ၏။
ဝ.၀၁ စက္ကန့်အတွင်း သေသေချာချာ စဉ်းစားပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် စိတ်ထဲမှာ ကြိတ်ကာ ဆုံးဖြတ်ချက်ချပြီး ဖြစ်နေ၏။ ဤလူနှင့် မိတ်ဆွေသူငယ်ချင်းဖြစ်အောင် ကျိန်းသေပေါက် ပြုလုပ်မှဖြစ်မည်။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူသည် ဤဆေးပင်များအား ငါးသန်းအထိ ပေးနေသည် မဟုတ်ပါလား။