အခန်း (၁၃၇၀)
Vol. 92 Ch. 1370
“ဟင်း”
ဟယ်ဝူတီသည် သက်ပြင်းချလိုက်၏။ သူ၏ မျက်လုံးထဲတွင်တော့ ဝမ်းနည်းမှုများ ပြည့်လျက်ရှိသည်။ ယခင်တုန်းကဆိုလျှင် သူသည် မြင့်မားသည့်အဆင့်ကို ရရှိရန်အတွက် များပြားလှသည့် ကျင့်ကြံသူများ၏ ဝိုင်းဝန်းတိုက်ခိုက်မှုကို ခံခဲ့ရပြီး ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိခဲ့သည်။ သူ၏ အဆင့်သည် သုညမှပြန်၍ စလုံးရေ စခဲ့ရသည်။ ထို့ကြောင့် ဆိုးရွားလွန်းလှချေသည်။
“အင်း ဘာပဲပြောပြော ဒီလိုပြန်ပြီး စတင်ရတာ မဆိုးဘူးလို့ ပြောရမယ်။ အနည်းဆုံးတော့ ငါ့အနေနဲ့ အရင်တုန်းက ရှာဖွေမတွေ့ရှိခဲ့တဲ့ ပြဿနာတွေကို ရှာဖွေတွေ့ရှိခဲ့ရတာပဲ”
ဟယ်ဝူတီသည် သူ့ကိုယ်သူ ပြန်လည်နှစ်သိမ့်လိုက်၏။ ပြီးနောက် သူ၏ဝမ်းနည်းမှုများသည် ပြန်လည်ကာ ပျောက်ကွယ်သွားခဲ့၏။ သူ၏ အတွေ့အကြုံသည် ရီရှင်းချန်နှင့် ဆင်တူတွန်းလှ၏။ ၎င်းတို့နှစ်ယောက်လုံးသည် ဘာမှမရှိသည့် အခြေအနေတစ်ခုဆီမှ ပြန်လည်ကာ စတင်ခဲ့ရ၏။ သို့ပေမဲ့ အမူအကျင့်နှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ သည် ကွာခြားလွန်းလှသည်။
သူသည် ပြိုင်စံရှားဂိုဏ်းဆီသို့ ဝင်ရောက်ပြီးသည့်နောက် သိုသိုသိပ်သိပ်နှင့် အစဉ်အမြဲ နေထိုင်ခဲ့၏။ သူ၏ တာဝန်သည် တံခါးအဖွင့်အပိတ် ပြုလုပ်ရခြင်း တစ်ခုသာလျှင် ထူးခြား၏။ သူ၏ အရာအားလုံးသည် ဂိုဏ်းထဲတွင် သာမန်တပည့်တစ်ယောက်အဖြစ် စဉ်းစား သုံးသပ်နိုင်၏။ သူ့အနေနှင့် ပြစ်ချက်တစ်ခု တည်ရှိနေမည်ဟု စဉ်းစား သုံးသပ်မည်ဆိုလျှင် အလွန်အမင်း စိတ်ကူးယဉ်၍ တွေးချင်ရာတွေးတတ်သည်ကလွှဲလျှင် ကျန်သည့်အရာ အားလုံး သည် သာမန်ပင် ဖြစ်တော့၏။
“ပြီးတော့”
ဟယ်ဝူတီက တွေးလိုက်မိသည်။ “ဒါက စီနီယာသက်တန့်ရောင်သူတော်စင် ဖန်တီးခဲ့တဲ့ ဂိုဏ်းတစ်ခုပဲ။ ငါက ကံတရားကြောင့် ဒီဂိုဏ်းရဲ့ တပည့်တစ်ဦးဖြစ်လာခဲ့တာပဲ”
သူစိတ်ကူးယဉ် တွေးတောထားသည့် အကြောင်းအရာများကို အပြစ်တင် တွေးတော မနေတော့ချေ။
အဓိက အကြောင်းအရာအားဖြင့် သူ့အား စိတ်ကူးယဉ် တွေးတောတတ်သည်ဟု အပြစ်မတင်သင့်ချေ။ အဘယ့်ကြောင့်ဆိုသော် ကျွင်းချောင်ရှောင်းအနေဖြင့် လူတွေကို လှည့်စားသည့်နေရာတွင် တော်လွန်းလှ၏။ အထူးသဖြင့် အချက်အလက်များကလည်း ပြည့်စုံလို့နေခဲ့သည်။ သက်တန့်ရောင်စဉ်ကျမ်းသည် အပြည့်အဝ တည်ရှိလို့နေပြီဖြစ်၏။
သက်တန့်ရောင်သူတော်စင် ဖန်တီးခဲ့သည့် ဤသိုင်းပညာသည် အစိတ်အပိုင်း ခုနစ်ခုအဖြစ် များပြားလှသည့် စကြဝဠာထဲတွင် ပျံ့နှံ့လျက်ရှိနေ၏။ ထိုအရာ အားလုံးကို ရှာဖွေတွေ့ရှိဖို့ဆိုသည်မှာ ကောင်းကင်ပေါ် တက်ရသည်ထက်ပင် ခက်ခဲလွန်းလှ၏။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် ထိုအရာများ အားလုံးကို ရှာဖွေတွေ့ရှိခဲ့၏။ ထို့အပြင် လွယ်လွယ်ကူကူနှင့် ရှာဖွေတွေ့ရှိခဲ့ခြင်းပင် ဖြစ်သည်။
သက်တန့်ရောင်စဉ်ကျမ်း အကြောင်း ပြောရမည်ဆိုလျှင် ဟယ်ဝူတီသည် အမှန်တကယ် နှမြောလို့ နေခဲ့တော့၏။ ထိုအစိတ်အပိုင်း ခုနှစ်ခုလုံးသည် မိတ္တူများဖြစ်၏။ မူရင်းကို သူတစ်ခါမှ မမြင်ခဲ့ဘူးချေ။ သူသည် သက်တန့်ရောင်သူတော်စင် ထားရှိခဲ့သည့် ဤသိုင်းကျမ်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့၏။ သို့ပေမဲ့ များပြားလှသော ကျင့်ကြံသူများသည် သူ့အား ဝိုင်းဝန်းကာ သတ်ဖြတ်ခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် သူတော်စင်အဆင့်ဆီသို့ တက်လှမ်းနိုင်မည့် အလွန် နက်နဲလှသည့် အဓိပ္ပာယ်များ ပါဝင်လျက် ရှိနေမည်ဟု များပြားလှသည့် ကျင့်ကြံသူများက သုံးသပ်ခဲ့သောကြောင့်ပင်။
“ငါ သိုင်းနယ်မြေထိပ်ဆုံးအဆင့်ကို ဝင်ရောက်ပြီးပြီ။ ဒါပေမဲ့ အရင်တုန်းက အဆင့်ကို ရောက်ဖို့အတွက် အဝေးကြီး လိုသေးတယ်လေ။ မူရင်းကို ရှာဖွေတွေ့ရှိနိုင်မယ်ဆိုရင် ပိုမို နက်နဲတဲ့အဆင့်ကို ကြည့်ရှုခွင့်ရဖို့ ခက်ခဲနေအုံးမယ် ထင်တယ်” ဟယ်ဝူတီသည် သူ၏ခံစားချက်များကို ထိန်းချုပ်ပြီးနောက် ကျင့်ကြံခြင်းကိုသာ အာရုံစိုက်ထား၏။
သူ့အနေနှင့် အောက်နယ်မြေကို အတင်း ချိုးဖြတ်ခဲ့သည်ဖြစ်သောကြောင့် သူ၏အဆင့်သည် သုညမှ ပြန်လည် စတင်ခဲ့ရသည်။ သို့ပေမဲ့ သူသည် စိတ်ပိုင်းဆိုင်ရာအရ အကောင်းဆုံး ပြန်လည်ကာ ထူထောင်ထားနိုင်ခဲ့၏။ နှလုံးသားထဲတွင် အစဉ်အမြဲ အမုန်းတရားများ စိုက်ထူထားသည့် ရီရှင်းချန်နှင့် နှိုင်းယှဉ်လျှင် သူသည် အလွန် တော်လွန်းလှသည်ဟု သုံးသပ်ရပေလိမ့်မည်။
..........
အဓိကဟောခန်း
ကျွင်းချောင်ရှောင်းသည် ဝင်ခွင့်ဖောင်ကို ကမ်းပေးပြီးနောက် လေးလေးနက်နက် ပြောလိုက်သည်။ “အစ်ကိုဖန်း... ပြိုင်စံရှားဂိုဏ်းထဲကို ဝင်ရောက်လာတယ်ဆိုတာက ကျားကို အတောင်ပံ တပ်ပေးလိုက်သလိုပဲ”
“..........”
ဖန်းကွေ့ချန်၏ မျက်နှာသည် ပျက်ယွင်းသွားခဲ့တော့၏။ သူသည် ဤတည်နေရာသို့ လာရောက်လည်ပတ်ခြင်းဖြစ်၏။ သို့ပေမဲ့ အဘယ်ကြောင့် ဂိုဏ်းထဲသို့ ဝင်ရောက်ခဲ့ရသနည်း။
“ဟုတ်ပြီ”
ကျွင်းချောင်ရှောင်းက လေးလေးနက်နက် ပြောလိုက်သည်။ “ကျုပ်က အစ်ကိုဖန်းကို မမျှမတ ဆက်ခံမှာ မဟုတ်ပါဘူး။ ဆေးလုံးဟောခန်းဆောင်ရဲ့ ဟောခန်းသခင်အဖြစ် ပြင်ဆင်ခဲ့ပြီးသားလေ”
ပြိုင်စံရှားဂိုဏ်းတွင် ဆေးဟောခန်းမဆောင် ရှိပြီးသားဖြစ်သည်။ သို့ပေမဲ့ ဆေးပင်စိုက်ပျိုးခြင်းနှင့် ဆေးကုသခြင်းကို သာလျှင် တာဝန်ယူထားရ၏။
ဆေးလုံးနှင့်ပတ်သက်သည့် ဆေးလုံးခန်းမဆောင်ဟူ၍ မရှိချေ။ ယခု ဖန်းကွေ့ချန် ရောက်လာပြီဆိုမှတော့ ဤ လွတ်လပ်နေသည့် တည်နေရာအား ကျိန်းသေပေါက် ဖြည့်ရတော့မှာဖြစ်သည်။
ဖန်းကွေ့ချန်အနေဖြင့် စီနီယာတုံးကုကို ကတိပေးခဲ့ပြီဆိုမှတော့ ကျိန်းသေပေါက် သူ၏စကားကို ပြန်လည် ဖျက်သိမ်း၍ မရတော့ချေ။ နောက်ဆုံးရလဒ်အနေဖြင့် ဆေးခန်းမဋ္ဌာနချုပ်၏ အကြီးအကဲသည် ကျွင်းချောင်ရှောင်း ၏ အောင်မြင်စွာ လှည့်ဖျားမှုကြောင့် လက်ရှိအချိန်မှာတော့ ပြိုင်စံရှားဂိုဏ်း၏ ဆေးလုံးခန်းမဆောင် ဟောခန်းသခင် ဖြစ်သွားခဲ့တော့၏။
ယခင်တုန်းကဆိုလျှင် ဆေးလုံးဟောခန်းမဆောင် ဆိုသည်မှာ မတည်ရှိချေ။ အဘယ်ကြောင့်ဆိုသော် ကျွင်းချောင်ရှောင်း အနေဖြင့် ခလုတ်တစ်ခု နှိပ်လိုက်ရုံနှင့် ဆေးလုံးများစွာကို ဖန်တီးပြုလုပ်နိုင်စွမ်း ရှိ၏။ ထို့ကြောင့် ဤနေရာတွင်ဟောခန်းသခင် ထားရှိခြင်းသည် လိုအပ်သည့် အရာတော့ မဟုတ်ချေ။ သို့ပေမဲ့ လက်ရှိ အချိန်မှာတော့ ဖန်းကွေ့ချန် ရောက်ရှိလာခြင်းသည် ပြိုင်စံရှားဂိုဏ်း၏ ဆေးလုံးခန်းမဆောင် အသက်သွင်း လိုက်ခြင်းနှင့်ပင် ဆင်တူ နေသည်။
ထို့အပြင် စနစ်တွင် အဆင့်မြင့် ပန်းပဲခန်းမဆောင် တည်ရှိနေသည်။ ထိုသို့ဆိုလျှင် ဆရာဖန်း မလိုအပ်တော့ဘူးလား။ သို့ပေမဲ့ ဆရာဖန်းသည် ဂိုဏ်းထဲသို့ ဝင်ရောက်လာပြီးကတည်းက တစ်ချက်ကလေးမှ တာဝန် မလစ်ဟင်းခဲ့ချေ။ ပန်းပဲပညာရပ်များကို ဆက်လက် လေ့လာလျက်ရှိ၏။ ဂိုဏ်းချုပ်ကျွင်း ကိုင်ဆောင်သည့် နတ်ဘုရားလက်နက်ကိုပင် အဆင့်မြှင့်တင်ရန် ကြိုးစားလျက် ရှိ၏။
အချက်အလက်အားဖြင့် ပြိုင်စံရှားဂိုဏ်းဆီသို့ ဝင်ရောက်လာသည့်လူများ အားလုံးသည် ပါရမီရှင်များပင် ဖြစ်သည်။ ဂိုဏ်းချုပ်ဖြစ်သည့် ကျွင်းချောင်ရှောင်းသည် ပါရမီမရှိသည့် လူတစ်ယောက် ဖြစ်သည်ဆိုလျှင်တောင်မှ သူသည် ဂိုဏ်းစီမံခန့်ခွဲမှု ကိစ္စရပ်များကို ကောင်းကောင်းမွန်မွန် ပြုလုပ်ထားနိုင်သည်။
“အစ်ကိုဖန်း... ကျုပ်တို့ဂိုဏ်းက အထက်နယ်မြေမှာ အခုမှ စတင်ခဲ့တာလေ။ ပထမဆုံး ကျုပ်တို့ဆီမှာ ပိုက်ဆံ မရှိဘူး။ ဒုတိယကလည်း ပိုက်ဆံ မရှိဘူး။ ဒီတော့ ခင်ဗျားဆီကနေပြီး အကြီးအကဲဝေက လေ့လာစရာရှိတာတွေ လေ့လာလိမ့်မယ်လေ။ ပြီးတော့ ခင်ဗျားကလည်း အကြီးအကဲဝေဆီကနေပြီးတော့ ဆေးပင်နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေ လေ့လာလိုက်။ တကယ်လို့ ဆေးလုံးနဲ့ ပတ်သက်တာကို ခင်ဗျား မလုပ်နိုင်ဘူးဆိုရင်တော့ သေသေချာချာ တစိုက်မတ်မတ်နဲ့ လုပ်နိုင်အောင်လို့ ခင်ဗျားရဲ့ ဆေးလုံးပညာရှင်ဆိုတဲ့ ဂုဏ်ထူးကို လက်လွှတ် လိုက်ပြီးတော့ ဆေးပင်စိုက်ပျိုးမှုကိုသာ အားစိုက်ရမယ်”
ဖန်းကွေ့ချန်၏ နှုတ်ခမ်းထောင့်များသည် တုန်ယင်သွား၏။ သူသည် ဆေးဟောခန်းဋ္ဌာနချုပ်၏ တကယ့်ကို ဂုဏ်သိက္ခာ ကြီးမားသည့် အကြီးအကဲဖြစ်သည်။ အဘယ့်ကြောင့် ရပ်တည်မှုကို ပြောင်းလဲပြီး ဆေးပင်များကို လေ့လာနေရမည်နည်း။ ဤအရာမှာ အမှန်ပင် ရှက်ရွံ့စရာ ကောင်းလှသည်။
“အကြီးအကဲဝေ”
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ဟောခန်းသခင်ဖန်းကို ခေါ်ပြီးတော့ ဆေးပင် ဥယျာဉ်ဆီကို သွားကြည့်ပါအုံး”
“ကောင်းပါပြီ”
အကြီးအကဲဝေသည် မတ်တပ်ထရပ်ကာ ပြောလိုက်သည်။ “ဟောခန်းသခင်ဖန်း ကျေးဇူးပြုပြီး ဒီလမ်းကို ကြွပါ”
ဖန်းကွေ့ချန်သည် အနည်းငယ် စိတ်ဓာတ်ကျလျက် ရှိသည် ဆိုသော်လည်း ဂိုဏ်းထဲသို့ ဝင်ရောက်ပြီးပြီ ဆိုမှတော့ ဂိုဏ်းချုပ်၏ စကားကို နားထောင်ရပေလိမ့်မည်။ ထို့ကြောင့် သူသည် ဆေးဥယျာဉ်ဆီသို့ သွား လိုက်၏။
အောက်တွင် ရှိနေသော သန့်စင်သည့် မြေဆီလွှာများကို ကောက်ယူ၍ အနံ့ခံလိုက်သည့်အချိန်မှာတော့ ကောင်းကင်နှင့် မြေကြီး၏ ဓာတ်သဘာဝများသည် ပေါများစွာ ပါဝင်လျက် ရှိသည်ကို သူအံ့အားတသင့်ဖြင့် သိရှိလိုက်ရသည်။ “အင်း မွှေးလိုက်တာ။ မိုးကောင်းကင်အင်ပါယာ မြက်ပင်ထဲမှာ စွမ်းအင်တွေ အများကြီး ပါဝင်နေတာ ဒီမြေဆီလွှာနဲ့ သက်ဆိုင်နေမယ်ထင်တယ်”
“ဟောခန်းသခင်ဖန်း”
အကြီးအကဲဝေသည် ပြုံးကာပြောလိုက်၏။ “ကျုပ်က ဒီနေရာကို အခုမှ ရောက်တာလေ။ အထက်နယ်မြေရဲ့ ဆေးပင်တွေ အကြောင်းနဲ့ ပတ်သက်ပြီး ဘာတစ်ခုမှ ကောင်းကောင်း မသိဘူး။ ဒီတော့ အနာဂတ်မှာ လမ်းညွှန်ပြသမှုလေးတွေ ပြုလုပ်ပေးဖို့ မျှော်လင့်မိပါတယ်”
“ဟောခန်းသခင်ဝေက ယဉ်ကျေးလွန်းနေပြီ”
ဖန်းကွေ့ချန်က ပြောလိုက်သည်။ “ကြီးမားလှတဲ့ ဆေးဥယျာဉ်ကြီးကို ဒီလိုမျိုး သပ်သပ်ရပ်ရပ်နဲ့ စီမံခန့်ခွဲထားနိုင်တယ်ဆိုတာ ပေါ့သေးသေး လူတစ်ယောက် မဟုတ်ဘူးလေ။ ဘယ်လိုဖြစ်ပြီးတော့ ဒီဖန်းရဲ့ လမ်းညွှန်ပြသမှုကို လိုအပ်နေမှာလဲ”
“ဟောခန်းသခင်ဖန်း”
ထိုအချိန်မှာပဲ ကျွင်းချောင်ရှောင်းက အသံပို့လွှတ်လိုက်သည်။ “အကြီးအကဲဝေမှာ တကယ့်ကို ကောင်းမွန်တဲ့ ဆော်လိုက်နည်းတွေရှိတယ်။ ခင်ဗျား အနေနဲ့ ခံစားချက်တွေနဲ့ ပတ်သက်ပြီး ပြဿနာရှိနေရင် သူ့ကို မေးလို့ရတယ်”
“အဲလိုလား”
ဖန်းကွေ့ချန်၏ မျက်လုံးများထဲတွင် အံ့အားသင့်မှုများနှင့် ပြည့်နှက်သွားခဲ့၏။ ဂိုဏ်းချုပ်က အရမ်းကိုလှတဲ့ မိန်းမတစ်ယောက်ကို လက်ထပ်ထားနိုင်တယ်။ ဒါက အကြီးအကဲဝေရဲ့ အကူအညီကြောင့်ပဲ ဖြစ်ရမယ်။
...........
ဆေးလုံးနှင့်ပတ်သက်လျှင် နားလည်လွန်းသည့် ပညာရှင်ကို ခေါ်ယူပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်း သည် အလွန်ပင် သဘောကျလျက်ရှိ၏။ ပြီးသည့်နောက် သူသည် စာကြည့်ခန်းထဲတွင် ထိုင်လိုက်ပြီး စီနီယာတုံးကုအကြောင်းနှင့်ပတ်သက်၍ စတင်ကာ စဉ်းစားနေ၏။
ဆယ်နှစ် …. သူ့အနေနှင့် သူ၏ဆရာအစား သွားရောက်တိုက်ခိုက်ရပေလိမ့်မည်။
ဝှါး
ထိုအချိန်မှာပဲ အခန်းထဲတွင် သန်းဝေသံတစ်ခု ထွက်ပေါ်လာ၏။ နဂါးလေး၏ မျက်ခမ်းများသည် လှုပ်ခတ်လာပြီးသည့်နောက် ဖြည်းညှင်းစွာ ပွင့်လာခဲ့သည်။
“ဒီကောင်လေး နိုးလာပြီပဲ”
ကျွင်းချောင်ရှောင်းသည် စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်သွားခဲ့သည်။ သို့ပေမဲ့ နဂါးလေး၏ ခန္ဓာကိုယ် တစ်ခုလုံးသည် နီရဲလာကြောင်း မြင်ရချိန်မှာတော့ ဘာစကားတစ်ခွန်းမှ မဆိုတော့ချေ။ ချက်ချင်း ကောက်ကိုင်လိုက်ပြီး ခွေးရူးတစ်ကောင်ကဲ့သို့ အပြင်ဘက်သို့ ပြေးထွက်လိုက်၏။
ဟူး ဟူး
ခြံဝန်းအပြင်ဘက်သို့ ရောက်ပြီးသည့်နောက် အလွန်တောက်ပသည့် မီးတောက်ကြီးသည် ဖြစ်တည်လာ၏။ နဂါးလေး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပြီး နိုးထလာသည့် အချိန်တိုင်း ဤကဲ့သို့ ဖြစ်မြဲဖြစ်၏။ ထို့ကြောင့် တပည့်များသည် အံ့အားသင့်မနေတော့ချေ။ ထိုအစား လှမ်းစရာရှိသည့် စောင်များကိုသာ ထုတ်ယူလာခဲ့ကြ သည်။
“ဘာတွေဖြစ်နေတာလဲ” အကြီးအကဲဝေနှင့် ခံစားချက်ပိုင်းဆိုင်ရာ အကြောင်းအရာများကို ဆွေးနွေးလျက် ရှိနေသည့် ဖန်းကွေ့ချန်သည် ဆေးဟောခန်းဆောင်မှ လျှောက်ထွက်ပြီး ကြည့်ရှု့လိုက်သည့် အချိန်မှာတော့ နဂါးဦးခေါင်းတောင်ထွတ်ပေါ်တွင် မီးတောက်များ တည်ရှိနေသည်ကို မြင်လိုက်ရ၏။ သူ၏ မျက်လုံးထဲတွင် အံ့အားသင့်မှုများနှင့် ပြည့်နှက်သွား၏။
နဂါးကျောရိုးတောင်ထွတ်ပေါ်တွင် ရှိနေသော ဖြူမဲညီနောင် တို့သည်လည်း အံ့အားသင့်မှုများ ပြည့်နှက်သွားခဲ့သည်။
နဂါးလေးတစ်ယောက် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေသည်မှ နိုးထလာသည်ကို သူတို့ တစ်ခါမှ မတွေ့ဘူးချေ။ ထို့အပြင် တပည့်များသည် အဘယ့်ကြောင့် လျှော်ထားသည့် အိပ်ရာခင်းနှင့် စောင်များကို ထုတ်ယူလာ ကြသနည်း။
နှင်းဆီဧကရီကလည်း အံ့အားသင့်မိနေသည်။ သူမသည် ခြံဝန်းအပြင်သို့ လျှောက်ထွက်လာခဲ့ပြီး တောက်ပလျက်ရှိသည့် မီးတောက်ကြီးကို ကြည့်ကာ အံ့အားတသင့်ဖြင့် မေးလိုက်သည်။ “ယောက်ျား ဘာတွေဖြစ်နေတာလဲ”
“မမေးနဲ့တော့” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
“အင်း” နှင်းဆီဧကရီသည် ဘေးတစ်ဖက်တွင် မတ်မတ်ရပ်ကာ ကြည့်ရှုနေ၏။ မီးတောက်များ ပိုမိုသန့်စင်လာသည်ကို မြင်ရသည့်အချိန်မှာတော့ သူမ၏ နှလုံးထားထဲတွင် ရှိနေသည့် အံ့အားသင့်မှုများသည် ပိုမိုကာ မြင့်တက်လာခဲ့၏။
ဟူး ဟူး
ထိုအချိန်မှာတော့ မီးတောက်များသည် ရုတ်တရက် မြင့်တက်လာ၏။ ပြီးနောက် မီးတောက်များကြားထဲတွင် အရိပ်တစ်ခု ဖြစ်တည်လာ၏။
“ဒါက …”
ဖန်းကွေ့ချန်က အံ့အားသင့်သွားသည်။ “နဂါးတစ်ကောင်လား”
ပုံပန်းသွင်ပြင်အရဆိုလျှင် နဂါး သားရဲတစ်ကောင်နှင့် ဆင်တူလွန်းလှ၏။
“ဒါပြည့်စုံတဲ့ အခြေအနေတစ်ခုဆီကို တိုးတက် ပြောင်းလဲတော့မှာလား” ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်း ထောင့်တွင် အပြုံးတစ်ခု ဖြစ်တည်လာခဲ့သည်။
ခရမ်းရောင်ဘုရင်သည် နဂါးလေးအား နဂါးမျိုးနွယ်ဆီမှ သွားရောက်ခိုးယူခဲ့သည့်အရာဖြစ်ပြီး ဤနဂါးလေးသည် လက်ငါးချောင်း တော်ဝင်နဂါးဖြစ်ကြောင်း သူသိရှိပြီး ဖြစ်၏။ သို့ပေမဲ့ သားဖောက်သည့်နေရာတွင် အနည်းငယ်သော မတော်တဆမှုများကြောင့် သန္ဓေပြောင်းလဲခဲ့ရ၏။
ရွှီး
အလွန်တောက်ပသည့် မီးတောက်များကြောင့် ကျွင်းချောင်ရှောင်း၏ ဒန်ထျန်ထဲရှိ ရှောင်ဟော့သည် အပြင်ဘက်သို့ ခုန်ထွက်လာခဲ့သည်။ ပြီးနောက် သူသည် ချစ်စရာကောင်းလှသော ကလေးတစ်ယောက်၏ အသွင်ဖြင့် စိတ်လှုပ်ရှားစွာ ပြောလိုက်၏။ “ဖေဖေ … ဒါက အရမ်းကိုသန့်စင်တဲ့ မီးဓာတ်သဘာဝတွေပါလား”
“ဖေဖေ ဟုတ်လား”
နှင်းဆီဧကရီသည် မိုးကြိုးပစ်ခံလိုက်ရသလိုပင် တည်နေရာထဲတွင် တွေတွေကြီး ရပ်လျက် ရှိနေမိသည်။