အခန်း (၁၃၇၁)
Vol. 92 Ch. 1371
ရုတ်တရက် လေးနှစ် သို့မဟုတ် ငါးနှစ်အရွယ် ကလေးလေးတစ်ယောက် ထွက်ပေါ်လာပြီး ကျွင်းချောင်ရှောင်းအား ဖေဖေဟု လှမ်းခေါ်လာ၏။ နှင်းဆီဧကရီသည် ကြက်သေသေလျက် ရှိနေ၏။
သူ့၌ သားတစ်ယောက် ရှိနေသည်လား မည်သည့်အချိန်က ဖြစ်ပျက်ခဲ့နေသနည်း။
ကျွင်းချောင်ရှောင်း အနေနှင့် ရှောင်ဟော့တစ်ယောက် သူ့အား အဖေဟု ခေါ်ဆိုသည်ကို အသားကျနေပြီ ဖြစ်၏။ ထို့ကြောင့် ထူးထူးခြားခြား တွေးတောမနေဘဲ အရှေ့တွင်ရှိသည့် မီးတောက်ကြီးကိုသာ အာရုံစိုက်ကာ ကြည့်ရှုနေ၏။ သားတစ်ယောက်အကြောင်း ပြောမည်ဆိုလျှင် နဂါးလေးသည် သူ၏သားအဖြစ် ပိုမိုကာ ထိုက်တန်လှ၏။ အဘယ့်ကြောင့်ဆိုသော် သူကိုယ်တိုင် အကုန်အကျခံ သားဖောက်၍ မွေးမြူခဲ့ရသော သားရဲတစ်ကောင် မဟုတ်ပါလား။
“ဖေဖေ”
ရှောင်ဟော့က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ “ဒါကို စားလို့ရလား”
“မရဘူး”
ကျွင်းချောင်ရှောင်းသည် လျင်လျင်မြန်မြန်ပဲ ငြင်းဆိုလိုက်၏။
“အင်း”
ရှောင်ဟော့သည် ချက်ချင်းပဲ ခေါင်းညိတ်လိုက်၏။ ပြီးသည့်နောက် သူသည် တွေဝေးငေးငိုင်လျက် ရှိသည့် နှင်းဆီဧကရီကို လှမ်းကြည့်ကာ မေးလိုက်သည်။ “ဖေဖေ... ဒါက မေမေလား”
ဘန်း
ကျွင်းချောင်ရှောင်းသည် လက်သီးတစ်ချက် ထိုးလွှတ်လိုက်၏။ “သူ့ကို အဒေါ်လို့ခေါ်”
ရှောင်ဟော့သည် ခေါင်းပေါ်ရှိဘုကြီးကို ပွတ်ကာဖြင့် အံကြိတ်ကာ အော်လိုက်သည် “နှုတ်ဆက်ပါတယ် အဒေါ်”
နှင်းဆီဧကရီသည် သူ့အား စူးစိုက်ကြည့်ကာ ပြောလိုက်၏။ “ဒါက ဘယ်သူ့ကလေးလဲ”
ကျွင်းချောင်ရှောင်းသည် သူမ နားလည်မှု လွဲမှားသွားသည်ကို သိရှိ၏။ ထို့ကြောင့် ရှင်းပြချင်စိတ်လည်း ရှိ၏။ သို့ပေမဲ့ ချက်ချင်းပဲ ငြင်းဆိုလိုက်သည်။ “ငါ ဘာလို့ ရှင်းပြရမှာလဲ”
ပြီးနောက် သူသည် ပေါ့ပေါ့ပါးပါး ပြောလိုက်၏။ “ဒီကိစ္စ ခင်ဗျားနဲ့ ဘာဆိုင်လို့လဲ”
စနစ် “....”
နှင်းဆီဧကရီသည် သူ့အား အငြိုးအတေးကြီးစွာ ကြည့်ရှုလိုက်၏။ ပြီးသည့်နောက် ခြံတံခါးကို ဘုန်းကနဲပိတ်ကာ သူမ၏ ခြံထဲသို့ ပြန်ဝင်သွားသည်။
“ဟေး”
ကျွင်းချောင်ရှောင်းသည် စိတ်ဓာတ်တကျဖြင့် လှမ်းအော်လိုက်၏။ “ဒီတံခါးက ပိုက်ဆံတွေနဲ့ လုပ်ထားတာ။ ကျိုးသွားရင် ခင်ဗျားလျော်မှာမလို့လား”
“ဖေဖေ”
ရှောင်ဟော့သည် တီးတိုးပြောလိုက်သည်။ “အဒေါ်ကို ကြည့်ရတာ စိတ်တိုသွားပုံပဲ။ သွားပြီး တောင်းပန်သင့်တယ် မဟုတ်ဘူးလား”
ကျွင်းချောင်ရှောင်းသည် မျက်လုံးများ ချာချာလည်သွားတော့၏။ “ဒီကိစ္စ မင်းနဲ့ ဘာမှမဆိုင်ဘူး။ ပြီးတော့ ငါက ဘာကိစ္စ သူ့ကို သွားတောင်းပန်ရမှာလဲ”
..................
ဆွစ်
ထိုအချိန်မှာပဲ ပူလောင်လွန်းလှသော မီးတောက်များ ဖြစ်တည်လာ၏။ ထိုမီးတောက်များထဲတွင် ရှိနေသော နဂါးအရိပ်အယောင်သည် ပိုမိုကာ အစစ်အမှန် ဖြစ်တည်လာ၏။
ကျွင်းချောင်ရှောင်းအနေဖြင့် နှင်းဆီဧကရီရှိရာသို့ လှမ်းကြည့်လိုက်၏။ ပြီးသည့်နောက်မှာတော့ နဂါးလေး၏ တတိယအသွင်ပြောင်းလဲမှုကိုသာ စနိုးစနှောင့်နှင့် ကြည့်ရှုနေရတော့သည်။ ဤတစ်ကြိမ်မှာတော့ အနည်းငယ် ကြာမြင့်လို့နေသည်။ ခဏ ခဏ ဤကဲ့သို့ စောင့်ခဲ့ဖူး၏။ ထိုကဲ့သို့သော အရာမျိုးသည် ရပ်တန့်သွားမည် မဟုတ်ချေ။
ဖန်းကွေ့ချန်နှင့် ဖြူမဲညီနောင်တို့၏ နှလုံးသားထဲတွင်ရှိသော တုန်လှုပ်မှုများသည် ပိုမိုကာ များပြားလာခဲ့၏။ မီးတောက်များသည် အဆုံးစွန်အထိ တောက်လောင်ပြီးသည့်နောက် သူတို့အား အလုံးစုံ ပြင်းထန်လွန်းသည့် အော်ရာများ ပေးစွမ်းနေလေ၏။
ဤအရာသည် နဂါးအင်ပါယာလေလား။ အထက်နယ်မြေတွင် များပြားလှသော ဂိုဏ်းများ ရှိသည်သာ မဟုတ် များပြားလွန်းသော မျိုးနွယ်စုများလည်း တည်ရှိနေ၏။ သို့ပေမဲ့ အားအကောင်းဆုံးသော မျိုးနွယ်စုကို လက်ညှိုးထိုးပြပါဆိုလျှင် နဂါးကလန်ပင် ဖြစ်သည်။
နဂါးကလန်သည် လူသားမျိုးနွယ်များလောက် မများလှသည် ဆိုသော်လည်း တိုက်ခိုက်နိုင်မှု စွမ်းရည်တွင်တော့ ကျိန်းသေပေါက် အားကောင်းလွန်းလှချေသည်။ နဂါးအင်ပါယာတစ်ယောက်၏ အားအင်သည် လူသား ထိပ်တန်းကျွမ်းကျင်သူ သွားရောက်ယှဉ်ပြိုင်နိုင်သည့် အရာမျိုး မဟုတ်ချေ။ လက်ရှိအခြေအနေမှာတော့ မီးတောက်များကြားမှ နဂါးအော်ရာများသည် ကြောက်မက်ဖွယ်ရာကောင်းစွာ ထွက်ပေါ်နေခဲ့၏။ အထဲတွင် နဂါးတစ်ကောင်သည် ရှိနေသည်လား။ မဟုတ်သေးချေ။ လူသားမျိုးနွယ်များရှိနေသည့် ဂိုဏ်းထဲတွင် အဘယ့်ကြောင့် နဂါးတစ်ကောင်၏ အော်ရာများ ထွက်ပေါ်နေရသနည်း။
ဝူး ….။
ထိုအချိန်မှာတော့ ရုတ်တရက် ဖြစ်တည်လာသော နဂါးရိပ်၊ နဂါးယောင်များသည် လေဟာနယ်ထဲတွင် ပုံရိပ်ကြီး တစ်ခု ဖြစ်ပေါ်လာကာ ဟစ်ကြွေးလိုက်၏။ နဂါးအော်ရာများသည် ပိုမိုကာ အားကောင်းလာခဲ့ပြီး ပြိုင်စံရှားဂိုဏ်း တစ်ခုလုံးကိုပင် တုန်ခါသွားစေသည်။
ရွှီး ….။
ပူလောင်ပြီး သန့်စင်လွန်းလှသော မီးတောက်များသည် နဂါးအော်ရာများအောက်တွင် ပျောက်ကွယ်သွား၏။ ပြီးနောက် ကိုယ်လုံးတီးနှင့် လူငယ်လေးတစ်ယောက်သည် အားလုံး၏ မြင်ကွင်းထဲတွင် မတ်မတ် ရပ်နေ၏။ ၎င်း၏ ဆံပင်၊ မျက်ခုံးမွှေးနှင့် မျက်လုံးများအားလုံးသည် နီနီရဲလျက်ရှိပြီး အဆုံးစွန်သော မွန်းစတား အော်ရာများကို ထုတ်လွှတ်လျက်ရှိ၏။
ဤမျက်နှာအား ဖန်းကွေ့ချန်နှင့် အဖြူအမဲညီနောင်တို့ ရင်းနှီးမှုရှိမှာ မဟုတ်ချေ။ သို့ပေမဲ့ ကျွင်းချောင်ရှောင်း ကတော့ အလွန်ရင်းနှီးလို့နေသည်။ အဘယ်ကြောင့်ဆိုသော် နဂါးလေး၏ တိုက်ခိုက်ရေးပုံစံ ဒုတိယအသွင်မျိုး ဖြစ်နေ၏။ သို့ပေမဲ့ ယခင်တုန်းကကဲ့သို့ ကလေးဆန်သည့် ပုံစံမျိုး မရှိချေ။ ပိုမိုကာ ရင့်ကျက်လာခဲ့သည်။
“သခင်”
အနီရောင်ဆံပင်နှင့် လူငယ်လေးက ပြောလိုက်၏။ “ဒါက ကျုပ်ရဲ့ တတိယပုံစံပဲ။ ချောတယ်မလား”
ပြောနေစရာပင် မလိုချေ။ အသွင်ပြောင်းလဲပြီးသည့်နောက် နဂါးလေး၏ အသံသည်လည်း ပြောင်းလဲလာခဲ့၏။ ယခင်ကထက် ပိုမို၍ ယောက်ျားဆန်လာခဲ့သည်။
“ဒီဂိုဏ်းချုပ်နဲ့ နှိုင်းယှဉ်မယ်ဆိုရင်တော့ မင်းက မိုင်ပေါင်းတစ်ထောင်လောက် ကွာဝေးသေးတာပဲ” ကျွင်းချောင်ရှောင်းက ခပ်တည်တည်ဖြင့် ပြန်ပြောလိုက်၏။
“……….” နဂါးလေးသည် ဆွံ့အသွားမိသည်။
“မင်းရဲ့ လက်ရှိအားအင်အဆင့်က ဘယ်လောက်လဲ” ကျွင်းချောင်ရှောင်းက မေးလိုက်၏။
“အင်း”
နဂါးလေးသည် သူ၏ဦးခေါင်းကို ကုတ်လိုက်၏။ ပြီးသည့်နောက် အေးစက်သည့်အော်ရာများကို ထုတ်ဖော်ကာ ပြောလိုက်သည်။ “ဒီတစ်ကြိမ် အသွင်ပြောင်းလဲမှုက ကျုပ်ကို အထက်နယ်မြေမှာရှိတဲ့ မှတ်ဉာဏ် တွေကို ရရှိစေခဲ့တယ်။ ဒီတော့ နှိုင်းယှဉ်ရမယ်ဆိုရင် အထက်နယ်မြေရဲ့ တည်နေရာချိုးဖြတ်ခြင်း အထက် အဆင့်ကို ရောက်သွားပြီ”
ကျွင်းချောင်ရှောင်းသည် ချက်ချင်းပဲ နာကျင်သလို ခံစားလိုက်မိ၏။ သူသည် တောက်လျှောက် ဂိမ်းဆာဗာခိုးပြီး ၊ တာဝန်များကို ပြုလုပ်ခဲ့ပြီးသည့်နောက်မှာတော့ တည်နေရာချိုးဖြတ်ခြင်း အဆင့်ဆီသို့ ရောက်ရှိခဲ့၏။ သို့ပေမဲ့ နဂါးလေးမှာတော့ တရေးတမော အိပ်ပြီး ပြန်ထလိုက်သည်နှင့် ဤအဆင့်သို့ ရောက်ရှိနေသည်။ ကြိုးစားရခြင်း၏ ဂုဏ်သည် မည်သည့်နေရာသို့ ရောက်ရှိနေသနည်း။
“သခင်”
နဂါးလေးသည် သူ၏ရင်ဘတ်ကို ပုတ်ကာ ဟစ်ကြွေးလိုက်မိ၏။ “ကျုပ် အခု သခင့်ကို အထက်နယ်မြေဆီ ခေါ်သွားနိုင်ပြီ”
ဤတစ်ကြိမ် နိုးထလာပြီးသည့်နောက် သူ၏ အားအင်အဆင့်သည့် ကြီးကြီးမားမား တိုးတက်လာသည်သာမက နဂါးမျိုးနွယ်များ၏ ထူးခြားသည့် နတ်ဘုရားစွမ်းရည်ကိုလည်း နားလည်နိုင်ခဲ့၏။ ထို့ကြောင့် အောက်နယ်မြေ၏ ကောင်းကင်တာအို အကန့်အသတ်ကို ချိုးဖြတ်ပြီး အထက်နယ်မြေဆီသို့ တက်လှမ်းနိုင်ပြီဖြစ်သည်။
“မလိုတော့ဘူး”
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ငါတို့က အခု အထက်နယ်မြေကို ရောက်နေပြီ”
နဂါးလေးသည် ဆွံ့အသွားမိ၏။ ဂိုဏ်းသည် ဘာတစ်မှ ပြောင်းလဲမသွားခဲ့သလို ဂိုဏ်း၏တည်နေရာကြီး တစ်ခုလုံးသည်လည်း ယခု အတိုင်းတည်ရှိသည်ကို သူသိ၏။ သို့ပေမဲ့ ….
“အိုက်ယား… ဒီမှာရှိတဲ့ ကောင်းကင်နဲ့မြေကြီး ဓာတ်သဘာဝတွေက ပိုပြီးအားကောင်းနေတာပဲ”
ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် ဂိုဏ်းတစ်ခုလုံး အထက်နယ်မြေဆီသို့ ရောက်ရှိလာသည့် အသေးစိတ်အား သူ့ကို ရှင်းလင်းပြောကြားလိုက်၏။
“...........”
နဂါးလေးသည် အလုံးစုံ ဆွံ့အလို့နေ၏။ “ပြောရမည်ဆိုရင် အောက်နယ်မြေကနေ အထက်နယ်မြေ ရောက်လာတဲ့အထိ ကျုပ် အိပ်ပျော်နေတာပေါ့”
“အမှန်ပဲ”
အား........
နဂါးလေးသည် သူ၏ခေါင်းကို ဆုပ်ကိုင်ကာ မကျေမနပ်ဖြင့် ပြောလိုက်သည်။ “သခင်ရဲ့ အရှေ့မှာ ဟန်ထုတ် ကြွားဝါဖို့ စဉ်းစားနေတာလေ။ အဆုံးသတ်မှာတော့ သခင်က ဂိုဏ်းတစ်ခုလုံးကိုပါ အထက်နယ်မြေကို ခေါ်လာခဲ့တယ်။ အရမ်းကို ကြမ်းတာပဲ”
“တော်တော့။ လောလောဆယ် မင်း အင်္ကျီဝတ်လိုက်တော့”
ကျွင်းချောင်ရှောင်းသည် ပြိုင်စံရှားဂိုဏ်း၏ ဂိုဏ်းဝတ်စုံအသစ် တစ်ခုအား လှမ်းပစ်ပေးကာ အထင်အမြင်သေးသလို ပြောလိုက်၏။ “ပြီးတော့ အသွင်ပြောင်းလဲလာတယ်သာ ပြောတယ်။ ဟောခန်းသခင်ကျိထက်တောင် သေးသေးတယ်”
.............
“ဟေး ပုတ်သင်ညို”
နဂါးလေးသည် ဂိုဏ်းဝတ်စုံကို ဝတ်ဆင်ပြီးနောက် ခြေဗလာဖြင့် လှမ်းလျှောက်လာသည်။
ရှောင်မိုရှန်းသည် လက်ထဲတွင် ရှိသော စိတ်ဝိညာဉ်ကြောင်ကို ပွတ်သပ်ကာ ပြောလိုက်၏။ “နိုးလာပြီလား”
သူမနှင့် နဂါးလေးတို့သည့် ရန်ဖြစ်ဖော် ရန်ဖြစ်ဖက်များ ဖြစ်၏။ နဂါးလေး အိပ်မောကျနေသော အတောအတွင်း သူမသည် အလွန်ပျင်းရိနေခဲ့၏။ ထို့ကြောင့် တုနန်၏ အိမ်မွေးကြောင်ကိုသာ အဖော်လုပ်နေခဲ့ရသည်။
နဂါးလေးသည် ပခုံးကိုတွန့်ကာ အကူအညီမဲ့သလို ပြောလိုက်၏။ “အသွင်ပြောင်းလဲရတယ်ဆိုတာ ပျော်စရာပဲ။ ဒါပေမဲ့ ဂြိုလ်ဆိုးက ရောက်လာပြန်ပြီ”
ကျွင်းချောင်ရှောင်းသည် မျက်မှောင်ကုတ်ကာ သတိပေးလိုက်၏။ “သူက မင်းကို စိတ်ပူလို့ ရောက်လာတာလေ။ ဘယ်လိုဖြစ်ပြီး ဒီလိုစကားမျိုးတွေ ပြောနေရတာလဲ”
“ကောင်းကင်ဘုံ၊ ကောင်းကင်ဘုံ”
စနစ်က ပြောလိုက်သည်။ “ဒီလိုစကားမျိုးကို ကုန်းရှန့်ပါးစပ်က ထွက်လာတယ်ဟုတ်လား”
“ဂြိုလ်ဆိုးလို့ နင်ဘယ်သူ့ကို ခေါ်တာလဲ” ရှောင်မိုရှန်း၏ လက်များသည် ဒေါသတကြီးဖြင့် စိတ်ဝိညာဉ်ကြောင်ကို ထုနှက်လျက်ရှိသည်။ သူမ၏ မျက်နှာ အမူအရာသည် တင်းမာခက်ထန်လျက်ရှိပြီး နှလုံးသားတစ်ခုလုံး တွင်လည်း ဒေါသများ လှိမ့်တက်လာ၏။
“တောင်းပန်ပါတယ်။ ငါမှားသွားတယ်။ မင်းက တကယ့်ကို လင်းယုန်စုတ်ကြီးလေ”
“နင်”
“မဟုတ်ဘူးလား။ ငါက အခု တတိယအကြိမ်မြောက် အသွင်ပြောင်းလဲပြီးသွားပြီလေ။ နင့်ကို လက်ညှိုး တစ်ချောင်းတည်းနဲ့တောင် အနိုင်ယူလိုက်လို့ရတယ်”
“ကောင်းပြီ။ ကောင်းပြီ”
ရှောင်မိုရှန်းသည် ဒေါသတကြီးဖြင့် စိတ်ဝိညာဉ်ကြောင်ကို မြေပေါ်သို့ ပေါက်ချလိုက်၏။ ပြီးနောက် ခြေထောက်နှင့် သုံးလေးငါးခါလောက် နင်းချေပြီး ဒေါသတကြီးဖြင့် ပြန်လည်ထွက်ခွာသွားခဲ့၏။
“ဟမ့်” နဂါးလေးသည် အေးစက်စက်နှင့် နှာခေါင်းရှုံ့လိုက်သည်။
သူ၏ သတ္တဝါနှစ်ကောင် ဤကဲ့သို့ အမြဲတမ်း ကိုက်နေသည်ကို အသားကျနေသော်လည်း ကျွင်းချောင်ရှောင်းသည် အကူအညီမဲ့သလို ခေါင်းခါလိုက်မိသည်။ ပြီးနောက် ဆောင့်ကြောင့်ထိုင်ကာ မေးလိုက်၏။ “ကောင်လေး မင်းကို ဆေးကုသဆောင်ဆီ ခေါ်သွားဖို့ လိုသေးလား”
“မလိုပါဘူး။ တောင့်ခံနိုင်ပါတယ်” မြေပေါ်တွင် လဲလျက်ရှိနေသော စိတ်ဝိညာဉ်ကြောင်သည် အားပျော့စွာဖြင့် ပြောလိုက်သည်။
...............
တတိယအကြိမ် အသွင်ပြောင်းလဲခဲ့ပြီဖြစ်သော နဂါးလေးသည် တည်နေရာချိုးဖြတ်ခြင်းအထက်အဆင့်ကို ပိုင်ဆိုင်ခဲ့သည့်သာမက သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း လူသားတစ်ယောက်၏ ခန္ဓာကိုယ်အဖြစ်သို့ ပြောင်းလဲသွားခဲ့၏။ ယခင်ကဲ့သို့ ပုတ်သင်ညိုတစ်ကောင်၏ ပုံသဏ္ဍာန်မျိုး မဟုတ်တော့ချေ။
“နဂါးမျိုးနွယ်လား”
ဖန်းကွေ့ချန်သည် စိတ်ထဲမှာ ကြိတ်ကာ ပြောလိုက်၏။ “ကျိန်းသေပေါက် နဂါးမျိုးနွယ်ပဲ”
ဖြူမဲညီနောင်တို့နှင့် မတူစွာ စိတ်ဝိညာဉ်သားရဲဟောခန်းထဲတွင် ထိုင်လျက်ရှိသည့် ခရမ်းရောင်ဘုရင်မှာတော့ အလွန်တရာ စိတ်ဝင်စားလျက်ရှိ၏။ ဤနဂါးလေးသည် သူခိုးလာသည့် လက်ငါးချောင်းနဂါးပင်ဖြစ်၏။ လက်ရှိအချိန်မှာတော့ အထက်နယ်မြေ၏ သန္ဓေပါရမီကို နိုးထလာခဲ့ပြီ ဖြစ်၏။ နဂါးမျိုးနွယ်သည်သာ ရှာဖွေတွေ့ရှိသွားမည်ဆိုပါက သူ ….. မဟုတ်သေးဘူး ဂိုဏ်းတစ်ခုလုံး ပြဿနာ တက်သွားနိုင်၏။
“မဖြစ်သေးဘူး။ မဖြစ်သေးဘူး။ ငါ သွားပြီး ဂိုဏ်းချုပ်ကို သတိပေးရမယ်”
ခရမ်းရောင်ဘုရင်သည် အလောတကြီးဖြင့် နဂါးဦးခေါင်းတောင်ထိပ်ဆီသို့ လှမ်းလာခဲ့၏။ သို့ပေမဲ့ ဂိုဏ်းချုပ်သည် အခန်းထဲ၌ မရှိချေ။ ထိုအစား တစ်ဖက်ခြံဝန်း၏ရှေ့ ကျောက်စားပွဲတွင် ထိုင်လျက်ရှိနေ၏။
ဂိုဏ်းချုပ်သည် လေးလေးနက်နက် ပြောလို့နေသည်။ “ခင်ဗျားအခု နားလည်ပြီလား”
“နားလည်ပါပြီ”
နှင်းဆီဧကရီသည် ရုတ်တရက် နားလည်သွားမိ၏။ ထို့ကြောင့် ပြုံးကာ မေးလိုက်၏။ “ဒါဆိုလို့ရှိရင် ယောက်ျား ဆီမှာ ကလေးမွေးနိုင်တဲ့ စွမ်းရည်မျိုး ရှိတာပေါ့”
ဘုတ်
ကျွင်းချောင်ရှောင်းသည် စားပွဲကို မျက်နှာနှင့်ပင် တိုက်လိုက်မိသည်။ သူသည် စိတ်ထဲမှာကြိတ်ကာ အော်ဟစ်လျက်ရှိသည်။ ဒီလောက် အကြာကြီးရှင်းပြတာတောင် ဆိုလိုရင်းကို နားမလည်သေးဘူးလား။
၎င်းတို့နှစ်ယောက်ကြား ပြောစကားကို နားထောင်ပြီးနောက် ခရမ်းရောင်ဘုရင်၏ မျက်လုံးများသည် ရုတ်တရက် ပြူးကျယ်သွားခဲ့၏။ ပြီးနောက် တွေးလိုက်မိသည်။ “ကလေးမွေးတဲ့အလုပ်ဆိုတာ လူသားမိန်းမတွေပဲ လုပ်လို့ရတာ မဟုတ်လား။ ဒါပေမဲ့ ဂိုဏ်းချုပ်က ကလေးတောင် မွေးနိုင်တယ်။ ကောင်းကင်ဘုံ ဒါက မယုံကြည်နိုင်စရာပဲ”