အခန်း (၁၃၇၂)
Vol. 92 Ch. 1372
ကျွင်းချောင်ရှောင်းသည် ခြံဝန်းထဲမှ လျှောက်ထွက်လာခဲ့၏။
“ထူးဆန်းလိုက်တာ။ ငါ ဘာလို့ သူ့ကို ရှင်းပြနေရ တာလဲ။ ပြီးတော့ ငါရှင်းပြလေ ပိုပြီးနားလည်မှုလွဲလေ ဖြစ်နေရာတာလဲ။ ဟင်း...” သူ
သည် သက်ပြင်းချ လိုက်ပြီးနောက် သူ၏ အခန်းဆီသို့ ပြန်လာခဲ့လိုက်၏။ ပြီးနောက် သူသည် အံ့အား သင့်သွားရ၏။ အဘယ်ကြောင့်ဆိုသော် ခရမ်းရောင်ဘုရင်သည် သူ၏ အခန်းရှေ့တွင် ထိုင်လျက် ရှိ၏။ မျက်နှာ အမူအရာ တစ်ခုလုံးသည်လည်း ဝေခွဲလို့မရသည့် ဟန်ပင်မျိုးနှင့် ဖြစ်လို့နေသည်။
သူက မေးလိုက်၏။ “ဟောခန်းသခင်ကျိ... ဒီကို ဘာလာလုပ်တာလဲ”
“အင်း”
ခရမ်းရောင်ဘုရင်သည် အလောတကြီးဖြင့် ပြန်လည်သုံးသပ်ပြီးသည့်နောက် လိုရင်းအကြောင်းအရာကိုသာ ပြောဆိုလိုက်သည်။ “ဂိုဏ်းချုပ်... နဂါးလေးရဲ့ ဒီတစ်ကြိမ် အသွင်ပြောင်းမှုက အရမ်းကို ကြမ်းတယ်။ ဒီတော့ နဂါးကလန်က သိရှိသွားမယ်နဲ့တူတယ်”
“သိတော့ အကောင်းဆုံးပေါ့”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ကျုပ် အားအကောင်းဆုံး စွမ်းအားတွေကို ကိုယ်စားပြုတဲ့ နဂါးတစ်ကောင်ကို မွေးဖွားပေးခဲ့တာလေ။ ဘယ်သူသိနိုင်မှာလဲ။ များပြားလှတဲ့ သိုင်းပညာ အရင်း အမြစ်တွေတောင် ကျုပ်ကို လာပေးနိုင်သေးတယ်”
သူ့အနေနှင့် သူ၏ ပဋိညာဉ်သားရဲကို အသုံးပြုကာ ကောင်းကင်၏ အထက်ဆီသို့ တက်လှမ်းနိုင်မည်ဟုပင် တွေးတောနေခဲ့၏။ လက်ရှိအခြေအနေမှာတော့ သူသည် အထက်နယ်မြေဆီသို့ ရောက်ရှိနေခဲ့၏။ ထို့ကြောင့် ဘိုးဘေးများကို အသိအမှတ်ပြုပြီး ဤကောင်လေးဆီမှ များပြားလှသည့် အကျိုးကျေးဇူးများကို ရရှိနိုင်မည် ဟုလည်း မျှော်လင့်နေသေး၏။ သူသည် ထိုသို့တွေးမိလေ ပိုမိုကာ ဝမ်းမြောက်လေဖြစ်သည်။
ယခင်တုန်းကဆိုလျှင် နဂါးလေးသည် မည်သူဖြစ်သည်ဆိုသောကြာင်းအရာကို သေသေချာချာ မစဉ်းစားခဲ့ချေ။ အသုံးလည်း မဝင်ချေ။ သို့ပေမဲ့ လက်ရှိနဂါးလေးသည် သူ၏ဌာနေဖြစ်သော အထက်နယ်မြေဆီသို့ ပြန်ရောက်ရှိပြီ ဖြစ်သောကြောင့် လောကသစ်ကြီးတစ်ခုလုံးသည် စောင့်မျှော်နေလေ၏။
ဤနေရာတွင် ပြဿနာတစ်ခုတော့ တည်ရှိနေသေးသည်။ အင်ပါယာစွမ်းအင်များကို ကိုယ်စားပြုလျက်ရှိသည့် နဂါးလေးသည် သူ၏နန်းပုလ္လင်ကို ပြန်လည်ဆက်ခံနိုင်စွမ်းရှိမလား ဆိုခြင်းပင်။
“ဂိုဏ်းချုပ်”
ခရမ်းရောင်ဘုရင်သည် လေးလေးနက်နက် အမူအရာဖြင့် ပြောလိုက်၏။ “နဂါးလေးဆီမှာ အင်ပါယာ အော်ရာတွေ မရှိသေးဘူးလေ။ ပြီးတော့ နဂါးကလန်က ဒီကိစ္စကို သိသွားမယ်ဆိုရင် ကြီးမားတဲ့ ပြဿနာကြီး တက်ပြီပဲ”
သူ့အနေနှင့် တကယ့်ကို တော်ဝင်ဆန်လှသည့် လက်ငါးချောင်းနဂါးကို တစ်ခါမှ မမြင်ဖူးဘူး ဆိုသော်လည်း နဂါးလေး၏ ပုံပန်းသွင်ပြင်သည် အလုံးစုံ ကွဲပြားခြားနားလျက် ရှိနေသည်။
တစ်ဖက်လူများသည် နဂါးလေးကို မြင်သည်ဆိုသည်နှင့် မပျော်မရွှင်ဖြစ်မှာ သေချာ၏။ သူတို့၏ နန်းပုလ္လင်အား လူသားလည်း မဟုတ် နဂါးလည်းမဟုတ် ဘာအကောင်မှန်းမသိသည့် အကောင်တစ်ကောင်အား ဆက်ခံခိုင်းမလားဆိုသည်မှာ ဝေခွဲ၍ ရနိုင်သည့် အရာမျိုးလည်း မဟုတ်ချေ။ ဖြစ်နိုင်သည်မှာ စိတ်အလိုမကျ သောကြောင့် တစ်ဂိုဏ်းလုံးကို ဖျက်ဆီးသွားခြင်းမျိုးပင် ကြုံနိုင်၏။
ဟောခန်းသခင်ကျိသည် သေဆုံးရမည်ကို မကြောက်လန့်ချေ။ မဟုတ်ပါက နဂါးကလန်ထဲသို့ ဝင်၍ နဂါးဥကိုပင် ခိုးယူလိမ့်မည် မဟုတ်ချေ။ လက်ရှိ အခြေအနေမှာတော့ သူသည် အားညိုကဲ့သို့ပင် ပြိုင်စံရှားဂိုဏ်းနှင့် တသားတည်း ဖြစ်တည်နေပြီဖြစ်၏။ ထို့ကြောင့် ဤတည်နေရာအား သူ၏ ဌာနေအိမ်သို့ပင် သတ်မှတ်ထားမိသည်။ သူ၏ အိမ်ဌာနေဖြစ်သော ပြိုင်စံရှားဂိုဏ်း တစ်ခုခု ဖြစ်သွားမည်ကို သူမလိုချင်ပေ။ သူ၏ နှလုံးသားထဲတွင် ပူပန်မှု များသည် ပိုမိုကာ တိုးပွားလာခဲ့သည်။
“စိတ်မပူနဲ့”
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ဂိုဏ်းဆီမှာ ဂိုဏ်အကာအကွယ် အစီအရင်ကြီး ရှိတယ်လေ။ အဲတာကြီး ရှိနေပြီဆိုတာနဲ့ ….”
ထိုအချိန်မှာပဲ သူသည် အလန့်တကြားဖြင့် ထ၍ ပြောလိုက်သည်။ “ဟ မဟုတ်သေးပါဘူး။ ခရမ်းရောင်ကြယ်အစီအရင်က အသက်မသွင်းထားဘူးပဲ”
ယခင်ကတုန်းကဆိုလျှင် တစ်နေ့ကို နှစ်ဆယ့်လေးနာရီ ထိုအရာကြီးကို အသက်သွင်းထားခဲ့၏။ သို့ပေမဲ့ စီနီယာတုံးကု အတင်းချိုးဖြတ်ဝင်ရောက်ပြီးသည့်နောက် ထိုအရာကိုကြီးကို ပြန်လည်အသက်သွင်းရန် သူမေ့လျော့ နေခဲ့၏။
“သွားပြီ။ သွားပြီ”
ခရမ်းရောင်ဘုရင်က ပြောလိုက်သည်။ “ဒါကြီး အသက်မသွင်းထားဘူးဆိုရင် အပြင်ဘက်က အကုန်လုံး သိသွားတော့မှာပေါ့။ နဂါးမျိုးနွယ် အကုန်လုံးကလည်း နဂါးအော်သံကို ကြားပြီး ဖြစ်နေလိမ့်မယ်။ ပြိုင်စံရှားဂိုဏ်း တော့ ဒုက္ခရောက်ပြီနဲ့တူတယ်”
ဒွီး
ကျွင်းချောင်ရှောင်းသည် အလျင်အမြန်ပဲ အစီအရင်ကြီးကို အသက်သွင်းကာ ပြောလိုက်၏။ “ဒီလောက်ထိလည်း အခြေအနေ မဆိုးလောက်ပါဘူး။ ဟုတ်ပြီနော်”
ခရမ်းရောင်ဘုရင်က ပြောလိုက်သည်။ “အရင်ကထက်ပိုပြီးတော့ ဂရုတစိုက်နေမှ ဖြစ်မယ်ထင်တယ်”
“ဒါကတော့ အမှန်ပဲ”
ကျွင်းချောင်ရှောင်းသည် ခဏလောက် စဉ်းစားကာ ပြောလိုက်၏။ “အနာဂတ်မှာ အစီအရင်ကို အပြည့်အစုံ အသက်သွင်းထားရမယ်။ ပြီးတော့ နဂါးလေးကို အပြင်မထွက်စေနဲ့”
သို့ပေမဲ့ ကုန်းရှန်းမသိသည်မှာ နဂါးလေး အောင်အောင်မြင်မြင် အသွင်ပြောင်းပြီး နဂါးအော်သံကို ထုတ်ဖော် လိုက်သည်နှင့် တောင်တစ်ခု၏ ထိပ်တည်နေရာပေါ်တွင် ခွေလျက် ရှိနေသည့် နဂါးများသည် ရုတ်တရက် အိပ်မောကျနေရာမှ မျက်လုံးများ ပွင့်လာသည် ဆိုသည့်အကြောင်းအရာပင်ဖြစ်၏။ ထိုနဂါးများ၏ မျက်လုံးတွင် စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်နေ၏။ “ငါတို့အင်ပါယာ ပြန်လာပြီ။ ငါတို့အင်ပါယာ ပြန်လာပြီကွ”
ဝှစ် ဝှစ်
တောင်အတွင်းဘက်မှာတော့ နဂါးများသည် အိပ်မောကျနေရာမှ နိုးထလာ၏။ ပြီးသည့်နောက် သူတို့သည် စိတ်လှုပ်ရှားလျက် ရှိနေ၏။ အလွန်အားကောင်းပြီး ထူထဲလှသော နဂါး၏ အော်ရာများသည် ပတ်ဝန်းကျင် တည်နေရာတစ်ခုလုံးကို ပြည့်နှက်သွားပြီး လေဟာနယ်ကိုပင် တုန်ခါသွားစေသည်။
ဝှစ်
ကြီးမားလှသည့်တောင်ကြီးကိုပင် ရစ်ခွေထားသည့် နဂါးအိုကြီးသည် ကြင်နာတတ်သည့် ခါးကုန်းကုန်း အဘိုးအို တစ်ယောက်အသွင်သို့ ပြောင်းလဲလိုက်၏။ ပြီးနောက် ပြောလိုက်သည်။ “မြန်မြန်.... ဟိုနဂါးလေးကောင်ကို အသိပေးလိုက်။ အင်ပါယာက ပြန်လာပြီ။ ရန်ဖြစ်မနေနဲ့တော့လို့”
ပြောပြီးသည့်နောက် သူသည် တောင်၏အတွင်းဘက် တွင် ရှိနေသည့် နဂါးပုလ္လင်ရှိရာသို့ လှမ်းကြည့်ကာ စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။ “နှစ်ပေါင်း တစ်သောင်း ကျော် ကြာမြင့်ပြီးတဲ့နောက်မှာ နဂါးအင်ပါယာ ပုလ္လင်ကို ဆက်ခံမယ့်လူက ပေါ်လာခဲ့ပြီပဲ”
“အကြီးအကဲကြီး”
လူသားအသွင်ပြောင်းလဲထားသော နဂါးသားရဲတစ်ကောင်သည် အသာပြောလိုက်သည်။ “နဂါးမင်းကြီလေးကောင်က ဘယ်သူ ဘုရင်ဖြစ်မလဲဆိုပြီး အချိန်အတော်ကြာ တိုက်ခိုက်နေခဲ့တာလေ။ အင်ပါယာ ပြန်လာပြီဆိုတာကိုသာ သိရင် သူတို့က မကောင်းတဲ့ အကြံအစည်တွေ ဖြစ်ပေါ်လာနိုင်မှာ စိုးရတယ်”
“ဘာ”
အဘိုးအိုက ဒေါသတကြီးဖြင့် ပြောလိုက်၏။ “အင်ပါယာကို နာကျင်အောင် ဘယ်သူလုပ်ရဲလဲ”
“လူသားမျိုးနွယ်တွေထဲမှာဆိုရင် ဒီလိုမျိုး နန်းလုတဲ့ ကိစ္စရပ်တွေက အမြဲဖြစ်နေတာပဲလေ”
နဂါးတစ်ကောင်သည် လေးနက်စွာဖြင့် ပြောလိုက်၏။ “ယုံကြည်ရတဲ့လူတွေကို စေလွှတ်ပြီးတော့ အင်ပါယာကို ပြန်ခေါ်ခဲ့တာ ပိုကောင်းမယ်နဲ့တူတယ်။ ပြီးတော့ ဂိုဏ်းအသီးသီးက စွမ်းအားမြင့် ကျင့်ကြံသူတွေကလည်း နဂါးမျိုးနွယ်တွေရဲ့ အရင်းအမြစ်တွေကို လိုချင်နေကြတာလေ။ နဂါးအင်ပါယာ ပေါ်လာပြီဆိုတာကို သိတာနဲ့ ကျုပ်တို့ရဲ့အင်ပါယာကို တစ်စုံတစ်ခု ပြုလုပ်မှာ စိုးရိမ်ရတယ်”
“ဒါကတော့ ဟုတ်တယ်”
ခဏလောက် စဉ်းစားပြီးသည့်နောက် နဂါးအိုကြီးက ပြောလိုက်သည်။ “ဒါဆိုရင် ထုံဖေး ညီအစ်ကိုကို ခေါ်ပြီးတော့ နဂါးအင်ပါယာရှိတဲ့နေရာကို သွားရှာခိုင်းလိုက်လေ။ မှတ်ထား။ သူတို့ကို သေသေချာချာ ဂရုစိုက်ကြလို့။ သတင်း မပေါက်ကြားစေနဲ့”
“ကောင်းပါပြီ အကြီးအကဲ”
တောင်တစ်ခု၏ အတွင်းဘက်တွင် ရှိနေသည့် ကြည်လင်ရှင်းလင်းလှသည့် ရေအိုင်ကြီးတစ်ခု အရှေ့မှာတော့ နဂါးနှစ်ကောင်သည် ပျင်းတိပျင်းရွှဲနှင့် ရေစိမ်လျက် ရှိနေ၏။
ရုတ်တရက် လျှို့ဝှက်အသံပို့လွှတ်ချက်ဆီမှ အသံသည် ၎င်းတို့၏ နားထဲသို့ ဝင်ရောက်လာပြီးသည့်နောက် ၎င်းတို့သည် ကြည့်လို့ကောင်းလှသော လူသားနှစ်ယောက်၏ ပုံပန်းသွင်ပြင်မျိုးသို့ ပြောင်းလဲလိုက်ကြသည်။
ဤလူများသည် အကြီးအကဲကြီး စောနက ပြောခဲ့သည့် ထုံဖေးညီအစ်ကိုပင်ဖြစ်သည်။ တစ်ယောက်သည် နဂါးထုံဟုခေါ်ပြီး နောက်တစ်ယောက်မှာတော့ နဂါးဖေးဟု ခေါ်တော့သည်။ ၎င်းတို့၏ အားအင်အဆင့်သည် နဂါး မျိုးနွယ်များထဲတွင် ထိပ်တန်းအဆင့် မရှိသော်လည်း သတင်းအချက်အလက်များ စုစည်းရယူရာတွင် အလွန် ကျွမ်းကျင်လှ၏။
ရွှီး
နဂါးထုံသည် ရိုးရှင်းပြီး ကြည့်ကောင်းလွန်းလှသော ရွှေရောင်ဝတ်စုံတစ်ခုကို လွှမ်းခြုံလိုက်၏။ ဤအရာသည် သူ၏ မိသားစုပိုင်ဆိုင်သည့်အရာပင်ဖြစ်၏။ ပြီးနောက် သူသည် ဘီးတစ်ခုကို ထုတ်ယူပြီးနောက် ရှုပ်ထွေးလျက်ရှိသည့် ရွှေရောင်ဆံနွယ်များကို အသာဖြီးသင်ကာ လေးလေးနက်နက် ပြောလိုက်သည်။ “ညီငယ်လေး... ဒါက တကယ့်ကို ခက်တဲ့တာဝန်ပဲ”
နဂါးဖေးသည် ရေကန်၏ ဘေးနားတွင် ဆောင့်ကြောင့်ထိုင်လျက်ရှိ၏။ သူသည် ရေအား မှန်ကဲ့သို့ အသုံးပြုကာဖြင့် သူ၏ ကြည့်ကောင်းလှသည့် မျက်နှာကို တဘတ်ဘတ် ဖြင့် ပုတ်ကာ ပြောလိုက်၏။ “နဂါးအင်ပါယာကို လုံလုံခြုံခြုံနဲ့ ပြန်ခေါ်လာရမယ်။ ဒါက နဂါးမျိုးနွယ်ရဲ့ မျှော်လင့်ချက်တွေ မပျောက်ဆုံးစေမှာ။ သွားကြရအောင်”
ပြင်ဆင်မှုများပြီးသည့်နောက် သူတို့သည် တောင်တစ်ခု၏ အတွင်းဘက်ဆီမှ အပြင်ဘက်သို့ လျှောက်ထွက်လိုက်သည်။
သို့ပေမဲ့ ဘန်း ဟူသည့်အသံနှင့်အတူ တစ်ယောက်နှင့်တစ်ယောက် တိုက်မိကာ မြေပေါ်သို့ လဲကျသွားခဲ့၏။ ဤညီအစ်ကို နှစ်ယောက်သည် လူသားအသွင်အပြင်သို့ ပြောင်းလိုက်သည့်အချိန်တွင် အလွန်ကြည့်ကောင်းပြီး သာမန်ထက်ပိုသည့် သူရဲကောင်းတစ်ယောက်၏ ဟန်ပန်အမူအရာမျိုး ဖြစ်လို့နေ၏။
သို့ပေမဲ့ အသွင်ပြောင်းသည့် အချိန်တွင် မတော်တဆ ကိစ္စရပ်လေးများ ဖြစ်ပွားခဲ့၏။ သူတို့၏ မျက်လုံးများသည် ပုံမှန် မဟုတ်ဘဲ စွေလျက် ရှိနေ၏။ မှန်ပေသည်။ သူတို့သည် မျက်စိစွေသည့် နဂါးများပင်ဖြစ်သည်။
“ငါ့လမ်းကို ပိတ်မထားနဲ့”
“မင်းသာ ငါလမ်းကို ပိတ်ထားတာလေ”
ဘန်း ဘန်း
ထိုနှစ်ယောက်သည် လှမ်းလျှောက်ရင်း တစ်ယောက်ကိုတစ်ယောက် တိုက်လျက်ရှိ၏။ ပြီးသည့်နောက် ခပ်ဝေးဝေး တည်နေရာဆီသို့ လှမ်းလျှောက်ထွက်သွားကြ၏။
အဝေးတစ်နေရာတွင် ရှိနေသည့် နဂါးအိုကြီးသည် စိတ်ထဲတွင် ပူပန်စွာဖြင့် တွေးလိုက်မိသည်။ “မယုံရဘူးလို့ ခံစားနေရတယ်”
..............
တည်နေရာနှင့် မြေပြင်တစ်ခုလုံး ကွဲအက်လျက်ရှိနေသည့် တည်နေရာတစ်ခုထဲမှာတော့ မတူညီသည့် အရောင်နှင့် ဝတ်စုံများကို ဝတ်ဆင်ထားသည့် သိုင်းကျင့်ကြံသူလေးယောက်တို့သည် ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်လျက် ရှိနေ၏။
“ဟင်”
ရုတ်တရက် ထိုကျွမ်းကျင်သူ လေးယောက်တို့သည် တစ်ချိန်တည်းမှာပဲ ရပ်တန့်လိုက်သည်။ ၎င်းတို့၏ မျက်နှာပေါ်တွင် ထူးဆန်းသည့်အမူအရာများ ဖြစ်ပေါ်လာခဲ့၏။ “ဒါ ငါတို့ရဲ့ အင်ပါယာ အော်သံနေလိမ့်မယ်”
ဟား ဟား ဟား ဟား
မျက်နှာလေးထောင့်နှင့် သက်လတ်ပိုင်းအရွယ်လူသည် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ “ငါတို့ကြားက တိုက်ပွဲက ပြီးသွားပြီပဲ”
“အမှန်ပဲ”
ပိုမိုကာ ရင့်ကျက်ပုံပေါ်သည့်လူသည် နှာခေါင်းရှုံ့ကာ ပြောလိုက်၏။ “ငါ အင်ပါယာအသစ်ရဲ့ အထောက်အပံ့ ဖြစ်လာရမယ်။ မင်းတို့သုံးယောက် အခု ထွက်သွားကြတော့”
“မင်းက ကူညီပေးနိုင်မယ်ဆိုတာ သေချာလို့လား။ နောက်ကွယ်ကနေပြီးတော့ အာဏာကို လက်ဝါးကြီးအုပ် ချင်တာ မဟုတ်ဘူးလား” သူ၏ဘေးတွင်ရှိသော ကျွမ်းကျင်သူသည် ပေါ့ပေါ့ပါးပါး ဝင်ပြောလိုက်သည်။
တခြားသော သိုင်းကျင့်ကြံသူကလည်း ပြောလိုက်၏။ “အင်ပါယာအသစ်ကို ထောက်ပံ့ကူညီ ပေးမယ်ဆိုတာက စီနီယာအတိုင်း ဖြစ်သင့်တယ်လေ။ ငါက နဂါးလေးကောင်ထဲမှာ စီနီယာအကျဆုံးပဲလေ။ ဒီတော့ အရည်အသွေး အပြည့်ဝဆုံးလို့ ပြောရမယ်”
“စီနီယာတွေ ဘာတွေ ပြောမနေနဲ့။ အရင်ဆုံး ဘယ်လောက်များပြားတဲ့ တိုက်ပွဲတွေကို တိုက်ခိုက်ခဲ့လဲဆိုတာ စရမယ်” မုတ်ဆိတ်နှင့်လူသည် ဂုဏ်ယူဝံ့ကြွားစွာဖြင့် ပြောလိုက်သည်။
ဤသိုင်းကျင့်ကြံသူလေးယောက်တို့သည် စောနက အကြီးအကဲ နဂါးကြီးပြောခဲ့သော အာဏာလုနေသည့် နဂါးကြီးလေးကောင်ပင် ဖြစ်သည်။ သို့ပေမဲ့ သူတို့သည် အရပ်မပုချေ။ ၎င်းတို့၏ အားအင်အဆင့်သည် နဂါးမျိုးနွယ်ထဲတွင် အလုံးစုံ ကောင်းမွန်သည့် သိုင်းကျင့်ကြံခြင်းအဆင့်ကို ပိုင်ဆိုင်၏။ သို့ပေမဲ့ နဂါးအင်ပါယာ ပေါ်မလာသေးသည့်အတောအတွင်း ခဏတာ ဘုရင်ဖြစ်ချင်သောကြောင့် တစ်ယောက်နှင့်တစ်ယောက် အချိန်အတော်ကြာ တိုက်ခိုက် နေခြင်းပင်ဖြစ်၏။
“စောနက ထွက်ပေါ်လာတဲ့ အော်ရာတွေကို ကြည့်မယ်ဆိုရင် အင်ပါယာက အရမ်းကြီး အားမကောင်းလောက် သေးဘူး။ ဒီတော့ သူ့ကို အရင်ဆုံးရှာနိုင်တဲ့လူက သူ့ကို ကူညီပေးနိုင်တဲ့လူ ဖြစ်ရမယ် ဟုတ်ပြီလား”
“ကောင်းပြီ”
“သဘောတူတယ်”
“ငြင်းစရာမရှိဘူး”
နဂါးလေးကောင်တို့သည် သဘောတူညီပြီးသည့်နောက် အထက်နယ်မြေနှင့် သီးခြားဖြစ်တည်လျက် ရှိနေသည့် ဤအထူးတည်နေရာကြီးတစ်ခုဆီမှ တစ်ယောက်ပြီးတစ်ယောက် ပျံသန်း ထွက်ခွာလာကြတော့သည်။
……….
ပြိုင်စံရှားဂိုဏ်း၏ အဓိကဟောခန်း
ကျွင်းချောင်ရှောင်းသည် စာကြည့်ခန်းထဲတွင် ဒေါသတကြီးဖြင့် အရှေ့၊ အနောက် လှမ်းလျှောက်လျက်ရှိ၏။ သူ၏ ရှေ့မှာတော့ စုရှောင်မို၊ လီဖေးနှင့် တခြားသော တပည့်များသည် အပြစ်တစ်ခုခု ပြုလုပ်ထားခဲ့သလို ခေါင်းကို ငုံ့ကာဖြင့် မတ်မတ်ရပ်နေကြ၏။
ဘုတ်
ခဏလောက် ကြာပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် စာကြည့်စားပွဲ၏ရှေ့တွင်ရပ်ကာ စားပွဲကို လက်ဖြင့် ပုတ်ကာ အော်လိုက်၏။ “ငါ ကလေးမွေးလို့ရတယ်ဆိုတဲ့ သတင်းကို ဘယ်သူ ဖြန့်လိုက်တာလဲ ပြောစမ်း”
“သူပါပဲ”
စုရှောင်မို၊ လီဖေး၊ လီထျန်းထျန်းနှင့် တခြားသူများ အားလုံးသည် တစ်ယောက်ကို တစ်ယောက် လက်ညှိုး ထိုးလျက် ရှိနေကြတော့သည်။