အခန်း (၃၁၇)
Vol. 22 Ch. 317
“ သတ်… သတ်… သတ်…”
စစ်မြေပြင်မှ ပင်လယ်သားရဲများ၏ စိတ်ဓာတ်များ အောက်ဆုံးသို့ ထိုးကျနေချေပြီ။
လူသားများဘက်တွင်မူ အားလုံးနီးပါး မျက်၀န်းများတောက်ပနေကြပြီး နွေရာသီ၌ (၃) (၄)ရက် ရေငတ်နေပြီးမှ ရေခဲရေ သောက်လိုက်ရသည့်အလား စိတ်ဓာတ်များ တက်ကြွနေကြ၏။
ယခင်တိုက်ပွဲများတွင် ရှန်တောင်ကြောင့် ဘာမှမလုပ်နိုင်လဲ အမြဲရှုံးနိမ့်နေကော အလွန်စွမ်းအားမဲ့သလို ခံစားခဲ့ရပြီး အလွန်ဒေါသထွက်ခဲ့ကြသည်။
အစောပိုင်းတွင် သူတို့အနေဖြင့် တိုက်ပွဲအရှိန်အဟုန်အား တိုးတက်စေရန် ၎င်းတို့ဒေါသကိုသာ အားကိုခဲ့ရ၏။
ရွှမ်ယီအား စတွေ့စဉ်ကလည်း အနိုင်ရရန် သိပ်ပြီး မျှော်လင့်ချက်မရှိလှချေ။
သို့သော် သူက သူတို့အားကိုးရမည့် လူသားမျိုးနွယ်မှ ပါရမီရှင်ဖြစ်သည်။
အထွတ်အထိပ် လူသားဘုရင်အဆင့်မှ စစ်သူကြီး ဖန်ပင် ရှန်တောင်၏ ပြိုင်ဘက်မဟုတ်ပေ။ ရွှမ်ယီကရော လုပ်နိုင်မည်လော။
သို့သော် လူတိုင်းမျှော်လင့်ထားသည့်နှင့် ဆန့်ကျင်ဘက် ရွှမ်ယီ ဆောင်ရွက်ပြခဲ့သည်။
ယခုတွင် လူတိုင်း ရွှမ်ယီအား လေးစားနေကြချေပြီ။
နန်ကျိုးတစ်ခုလုံး၌ လိုက်ရှာလျှင်ပင် ထိုအသက်အရွယ်နှင့် ဤမျှအစွမ်းထက်သူ နောက်တစ်ယောက်တွေ့ရန် မလွယ်ပေ။
သူက ဗဟိုသူတော်စင် အကယ်ဒမီမှ နည်းပြဆရာတစ်ယောက်ဖြစ်ပြီး အဖြူ၀တ်စုံအား ၀တ်ဆင်ထားကာ ဓားအင်မော်တယ်တစ်ဦးအလားပင်။
“ လျှို့ဝှက် ဆရာသခင်က အရမ်းအစွမ်းထက်တယ်…”
ရွှမ်ယီ၏ အမည်အား လူတိုင်းရှေ့ မိတ်မဆက်ရသေးသောကြောင့် ဗဟိုသူတော်စင်အကယ်ဒမီမှ ဖြစ်ကြောင်းသာသိကြပြီး နာမည်အားမသိကြချေ။
စစ်သားများ၏ သံပြိုင်ကြွေးကြော်သံများအောက်တွင် လူအုပ်ကြီးက ပင်လယ်သားရဲများထံသို့ ပြေး၀င်တိုက်ခိုက်လိုက်ကြ၏။
ပင်လယ်သားရဲများအား သတ်ရင်း တချို့လူများ နှလုံးသားထဲမှ သက်ပြင်းချနေကြ၏။ ရွှမ်ယီက လူတိုင်းမျှော်လင့်ချက်ထက် ကျော်လွန်ပြီး အစွမ်းထက်လွန်းလှသည်။
လူသားဘုရင်အဆင့် ဇယား နံပါတ်(၉)…
ဂုဏ်သတင်းနှင့် ကိုက်ညီပေသည်။
နန်ကျိုးမှ လူများ အပြင်းအထန် တိုက်ခိုက်ခဲ့ကြ၏။
ထို့နောက် နေ့၀က်မတိုင်မီ အနိုင်ရခဲ့ကြသည်။
ကြောက်လန့်တကြားနှင့် ၀ရုန်းသုန်းပါး ထွက်ပြေးနေသည့် ပင်လယ်သားရဲများကြည့်ပြီး တစ်ယောက်ကိုတစ်ယောက် လှည့်ကြည့်ကာ ပြုံးလိုက်ကြသည်။
စစ်မြေပြင်၌ သွေးများ စိုရွှဲကာ ဖုန်များ သဲမျ ပျံ့လွင့်နေသော်လည်း နန်ကျိုးမှ လူများ၏ မျက်၀န်းများက ဆန့်ကျင်ဘက်အနေဖြင့် တောက်ပနေခဲ့၏။
သုံးကြိမ်ဆက်တိုက် ရှုံးနိမ့်ခဲ့ပြီး နောက်ဆုံးတွင် အောင်ပွဲ ဆင်နွှဲနိုင်ခဲ့ချေပြီ။
သူတို့ဘက်မှ ပင်လယ်သားရဲများ၏ စိတ်ဓာတ်များ ပျက်စီးသွားခဲ့ပြီဖြစ်ရာ အလွယ်တကူ အနိုင်ရခဲ့ကြ၏။
ထို့နောက် တောင်ပိုင်းတိုက်ကြီးသို့ ပင်လယ်သားရဲများ ကျုးကျော်မှု ပထမအကျော့ ပြီးဆုံးသွားချေပြီ။
တောင်ပိုင်းနယ်စပ်မှ နယ်မြေများအား အောင်မြင်စွာကာကွယ်နိုင်ခဲ့ရုံမက ဆုံးရှုံးသွားခဲ့သော ဒေသအများစုကိုလည်း ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။
တောင်ပိုင်းနယ်စပ်၌ ပင်လယ်သားရဲများအား အဆုံးမဲ့ပင်လယ်အတွင်း ပြန်လည် မောင်းထုတ်ပြီးချေပြီ။
အရာအားလုံး မလွယ်ကူပေမယ့်…
လူတိုင်း မျှော်လင့်ချက် ရောင်ချည်လေးများ သန်းလာခဲ့သည်။
မှန်ပေသည်။ ထိုမျှော်လင့်ချက်အား သယ်ဆောင်လာသူက ဗဟိုသူတော်စင် အကယ်ဒမီမှ ရွှမ်ယီဖြစ်ပေသည်။
“ ဆရာရွှမ်… ပြိုင်ဘက်ကင်း…”
“ ဆရာရွှမ်… ပြိုင်ဘက်ကင်း…”
“ ဆရာရွှမ်… ပြိုင်ဘက်ကင်း…”
တိုက်ပွဲပြီးဆုံးချိန်၌ လူတိုင်း ကျယ်လောင်စွာ သံပြိုင် ဟစ်ကြွေးလိုက်ကြ၏။
လက်နောက်ပစ်ပြီး တည်ငြိမ်စွာ ရပ်နေသည့် ရွှမ်ယီအား လေးစားမှုနှင့် စိတ်အားထက်သန်မှုများ ပြည့်နေသည့် မျက်၀န်းများဖြင့် ကြည့်လိုက်ကြသည်။
ယခင် ရှုံးပွဲများကြောင့် စိတ်ပိုင်းစိတ်ရာ အလွန်ထိခိုက်မှုများ ခံစားခဲ့ရ၏။
သို့သော် မမျှော်လင့်ထားစွာဖြင့် လျင်မြန်စွာ အောင်ပွဲခံနိုင်ခဲ့သည်။
အရာအားလုံး ရွှမ်ယီကြောင့်ဟု ဆိုလျှင် မမှားချေ။
ထို့နောက် တောင်ပိုင်းတိုက်ကြီး၏ စစ်ပွဲနယ်မြေကြီး (၄)ခုစလုံး၌ တိုက်ပွဲများ ပြီးဆုံးသွားခဲ့သည်။
ရွှစ်…
တိုက်ပွဲအခြေအနေအား အစီအရင်ခံထားသည့် သတင်းပို့ကျောက်စိမ်းများ လေဟာနယ်အား ဖြတ်သန်းကာ နန်ကျိုးအလယ်သို့ ဦးတည်သွားလေသည်။
စစ်ပွဲ၏ ပထမအကျော့ ပြီးဆုံးသွားချေပြီ။
စစ်ပွဲ အခြေအနေများအား စစ်ဆေးပြီး ဒုတိယအကျော့အတွက် ပြင်ဆင်ချိန်ဖြစ်သည်။
….
နန်ကျိုး အလယ်ဗဟို၌ စစ်မြေပြင်ကြီး (၄)ခုမှ သတင်းပို့ ကျောက်စိမ်းများရောက်လာ၏။
၎င်းက နန်ကျိုးရှိ အဓိက အင်အားစုကြီးများ စုစည်းတည်ထောင်ထားသည့် လူသားမဟာမိတ်အဖွဲ့ ဗဟိုပြု အခြေစိုက်ရာနေရာဖြစ်သည်။ ၎င်းတို့က ထို သတင်းပို့ ကျောက်စိမ်းများမှ သတင်းများအားကြည့်ရှုပြီး စစ်မြေပြင်ကြီး (၄)ခုသို့ တိုက်ရိုက်အမိန့်ပေးနိုင်၏။
ထို ပင်မထိန်းချုပ်ရေး ဌာနချုပ်မှ တပ်မှူးချုပ်၏ အမည်က ရွှမ်ဝေဖြစ်ပြီး အင်ပါယာမိသားစုမှ ဆင်းသက်လာကာ နက်ရှိုင်းသောကျင့်ကြံမှု အခြေခံရှိပြီး ၎င်း၏ ညာဏ်ပညာနှင့် ထူးချွန်သော နည်ဗျူဟာများဖြင့် ကျော်ကြားသည်။
လက်ရှိတွင် သူက ချပ်၀တ်အင်္ကျီအား ၀တ်ဆင်ထားပြီး လေးနက်တည်ကြည်သော ဟန်ပန်နှင့် အစည်းအဝေးခန်းမအတွင်းရှိ စားပွဲထိပ်၌ ရပ်နေ၏။
စစ်ပွဲနယ်မြေကြီး (၄) ခုမှ ပို့လွှတ်လိုက်သည့် သတင်းပို့ကျောက်စိမ်းများက လေဟာနယ်အား အလွန်လျင်မြန်သည့် နှုန်းဖြင့် ဖြတ်သန်းလာပြီး တပ်မှူးချုပ်ထံသို့ တိုက်ရိုက်ရောက်လာသည်။
စစ်ပွဲ၏ ပထမအကျော့ ပြီးဆုံးသွားပြီဖြစ်ရာ အခြေအနေ အရပ်ရပ်အား သူနားလည်ရန်လိုအပ်သည်။
ပထမ ကျောက်စိမ်းတုံးလေး ရွှမ်ဝေ လက်ပေါ်သို့ရောက်သွား၏။
၎င်းအတွင်းမှ အရှေ့ဘက် စစ်နယ်မြေမှ ခေါင်းဆောင်ဖြစ်သူ၏ တက်ကြွမှုမရှိသော အသံက ထွက်ပေါ်လာသည်။
“ အစီအရင်ခံပါတယ်… လက်ရှိမှာ အရှေ့ပိုင်း စစ်နယ်မြေက တော်တော်လေး အခြေအနေဆိုးနေပါတယ်… ကျုပ်တို့ နန်ကျိုးက ဒေသ(၁၈)ခု တိတိဆုံးရှုံးသွားပါပြီ… လူသားဘုရင်အဆင့်(၃)ယောက်နှင့် မရေမတွက်နိုင်တဲ့ ကျင့်ကြံသူတွေ ကျဆုံးသွားပါပြီ… ဆုံးရှုံးမှု အရမ်းကြီးမားပါတယ်….”
စကားဆုံးသည်နှင့် ဌာနချုပ်တစ်ခုလုံး တိတ်ဆိတ်သွား၏။
လူတိုင်း အသက်ပြင်းပြင်းရှိုက်လိုက်ပြီး မှုန်မှိုင်းနေသည့် ရွှမ်ဝေအား ကြည့်လိုက်ကြသည်။
ပင်လယ်သားရဲများ၏ ရုတ်တရက် ကျူးကျော်မှု နှင့် နန်ကျိုးဘက်မှ လုံလောက်သော ပြင်ဆင်မှုများ မရှိခဲ့ခြင်းတို့ကြောင့် စစ်ပွဲက အလွန်ပြသနာများမည်ဖြစ်ကြောင်း သူတို့ နားလည်ထားကြ၏။ ထို့ကြောင့် သတင်းဆိုး အနည်းငယ်အတွက် စိတ်ပိုင်းဆိုင်ရာများ ကြိုတင်ပြင်ဆင်ထားပြီးဖြစ်သည်။
သို့သော် လက်ရှိအခြေအနေက အရှေ့ဘက်နယ်မြေ ကျဆုံးလုနီးပါးဖြစ်နေချေပြီ။
နန်ကျိုးကို နယ်မြေ (၄)ခုအဖြစ်ပိုင်းခြားထားပြီး တစ်ခုခြင်းစီ၌ ဒေသ(၄၀)ခန့် ပါ၀င်သည်။
ယခုတွင် အရှေ့ပိုင်းနယ်မြေက ဒေသ(၁၈)ခုတောင် ဆုံးရှုံးခဲ့ပြီဖြစ်ရာ နယ်မြေတစ်၀က်ခန့် ဆုံးရှုံးသွားပြီဟု ပြောနိုင်သည်။
ရွှစ်…
ထိုအချိန်တွင် နောက်ထပ် သတင်းပို့ကျောက်စိမ်းတစ်ခု လေဟာနယ်အား ဖြတ်သန်းရောက်ရှိလာ၏။
တပ်မှူးချုပ်က လက်ဆန့်ပြီး ဖမ်းယူလိုက်သည်။ ထို့နောက် ၎င်းအတွင်း စိတ်ဝိညာဉ်စွမ်းအားတချို့ ထည့်သွင်းလိုက်လျှင် အသံထွက်ပေါ်လာ၏။
“ အစီအရင်ခံပါတယ်… နောက်ပိုင်းနယ်မြေမှ ပင်လယ်သားရဲတွေရဲ့ အလစ်တိုက်ခိုက်မှုနဲ့ ကြုံတွေ့ခဲ့ရပါတယ်… ဆုံးရှုံးမှု အရမ်းများတယ်… ပင်လယ်သားရဲတွေက ကြီးမားတဲ့ ဧရိယာတစ်ခု သိမ်းပိုက်ထားပါပြီ… အဲ့တာကို အမာခံခြေကုပ်စခန်းတည်ဆောက်ပြီး ပင်လယ်သားရဲတွေ အဆက်မပြတ်ဆင့်ခေါ်နေပါတယ်… အခြေအနေက အရမ်းအရေးကြီးနေပြီ….”
ရွှမ်ဝေ၏ မျက်လုံးများ ပို၍ မှုန်မှိုင်းသွားပြီး လက်ထဲမှ ကျောက်စိမ်းအား ချထားလိုက်သည်။
ထိုနေရာသို့ ရောက်နေသူတိုင်း တပ်မှုးချုပ်၏ ဒေါသကို ခံစားမိပြီး စိတ်အခြေအနေမကောင်းမှန်း နားလည်သဖြင့် မျက်၀န်းများ မှေးကျဉ်းသွားကြ၏။
ထို နယ်မြေ(၂)ခုက အလွန်အခြေအနေဆိုးနေချေပြီ။ ပြောင်းပြန်လှန်ရန် မဖြစ်နိုင်တော့ဟုပင် ထင်ရ၏။
နန်ကျိုးတစ်ခုလုံး အန္တရာယ်ကျရောက်နေပြီဟုဆိုလျှင် မမှားချေ။
ရွှစ်…
နောက်ထပ် ကျောက်စိမ်းတစ်ခု ထပ်ရောက်လာပြန်သည်။
ရွှမ်ဝေ စိတ်ကို တည်ငြိမ်အောင်ကြိုးစားလိုက်၏။
သို့သော် အစီအရင်ခံချက်အား နားထောင်ပြီးနောက် ရှေ့မှ စားပွဲအား လက်သီးဖြင့် ထုချလိုက်သည်။
ဒုန်း….
လေပြင်းတစ်ချက်တိုက်ခတ်သွားပြီး အပိုင်းအစများ ပတ်၀န်းကျင်သို့ လွင့်စင်သွား၏။ သံဖြင့်လုပ်ထားသော စားပွဲခုံကြီး၌ လက်သီးရာ အပေါက်ကြီးတစ်ခု ရှိနေသည်။
အစည်းအဝေးခန်းမအတွင်းမှလူများ အသက်ပင်ရဲရဲမရှုဝံ့ကြတော့ချေ။
အခြေအနေက အလွန်ပြင်းထန်နေချေပြီ။
ဤတစ်ကြိမ် အစီအရင်ခံစာက မြောက်ပိုင်းနယ်မြေမှဖြစ်ပြီး သတင်းကောင်းမဟုတ်ချေ။
ထိုနယ်မြေ(၃)ခုမှ အခြေအနေများအား ပေါင်းစပ်လိုက်လျှင် နန်ကျိုးက ချောက်ကမ်းပါးထိပ်ရောက်နေပြီဟု ဆိုရမည်။
ဤသည်မှာ ပင်လယ်သားရဲများ၏ ကျူးကျော်မှုအား နန်ကျိုးက ပြန်လည်တိုက်ခိုက်ရန် စွမ်းအားမရှိဟု ဆိုလိုခြင်းပင်။