အခန်း (၃၂၀)
Vol. 22 Ch. 320
သူက နန်ကျိုးမှ အဓိကနေရာများသို့ သွားပြီး လူသားဘုရင်အဆင့်ဇယားမှ တစ်ယောက်ကို အနိုင်ရခဲ့သည်။ အဆင့်(၉)က မည်သို့နည်း။
“ ဟမ့်.. ငါက လူသားဘုရင်ဇယားက အဆင့်(၃)ကိုတောင် အနိုင်ရခဲ့တယ်…”
ရှန်ဒေါင်က ရှန်တောင်အား အထင်သေးစွာကြည့်လိုက်သည်။
ရှန်တောင် အသက်ပြင်းပြင်းရှိုက်လိုက်ပြီး ဒေါသထိန်းထားလိုက်၏။
ထိုရွှမ်ယီက ကျန်သူများနှင့် အလွန်ခြားနားကြောင်း သူနားလည်ထားသည်။
အဆင့်ဇယားက သူ၏ အစစ်အမှန်ခွန်အားနှင့် လားလားမှမသက်ဆိုင်ချေ။
သို့သော် သူ့အနေဖြင့် ကျန်သူများ နား၀င်အောင်ရှင်းပြနိုင်စွမ်းမရှိသဖြင့် ခေါင်းယမ်းလိုက်ပြီး
“ မင်း သူ့နဲ့တွေ့ရင် နားလည်သွားပါလိမ့်မယ်…..”
“ ဟဟ…”
သို့သော် ရှန်ဒေါင်က ဂရုမစိုက်ဟန်ဖြင့် ရယ်လိုက်သည်။
သူက အဆင့်(၃)ကိုပင် အနိုင်ရသူဖြစ်၏။ အဆင့်(၉)လောက်က ခေါင်းထဲပင်မထည့်ချေ။
“ မင်းရဲ့ ရှုံးနိမ့်မှုအတွက် ဆင်ခြေတွေ ပေးမနေစမ်းပါနဲ့…. ဟမ့် ရွှမ်ယီသာ ငါ့ရှေ့ရှိနေရင် လက်တစ်ဖက်တည်းနဲ့ သတ်ပစ်လိုက်လို့ရတယ်….”
ရှန်ဒေါင်၏ နှုတ်ခမ်းထောင့်စွန်းတွင် ထီမထင်သည့် အပြုံးတစ်ခုဖြစ်ပေါ်လာပြီး ရှန်တောင်ဘက်သို့ လက်ဆန့်ထုတ်ကာ ဖျစ်ညှစ်ဟန်လုပ်ပြလိုက်၏။
သို့သော် ထိုအချိန်တွင် အလွန်ထက်ရှသော ဓားစွမ်းအားတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး မြင့်မြတ်ခန်းမတစ်ခုလုံး လွှမ်းခြုံသွားသည်။
“ အိုး…”
ရှန်တောင်၏ ထိတ်လန့်သွားသော အသံနှင့်အတူ အလေးမထားသော အသံတစ်ခု ထွက်ပေါ်လာသည်။
“ ငါ့ကို လက်တစ်ဖက်နဲ့ အသေသတ်မယ်ဆိုတာ တကယ်လား….”
ရွှစ်…
အဖြူရောင်ပုံရိပ်တစ်ခု လေဟာနယ်အားဖြတ်သန်းပြီး တော်၀င်ပင်လယ်သားရဲများရှေ့မှောက် ထွက်ပေါ်လာသည်။
ရှန်စီဒေါင်က ရှုပ်ထွေးနေသော မျက်၀န်းများဖြင့် ရွှမ်ယီအား ကြည့်လိုက်၏။
သူတို့ရောက်ရှိနေသော ဤခန်းမက အဆုံးမဲ့ပင်လယ်အတွင်းမှ နက်ရှိုင်းသော နေရာတစ်ခု၌ လျှို့ဝှက်စွာတည်ဆောက်ထားခြင်းဖြစ်သည်။ တော်၀င်မျိုးနွယ်များမှလွဲလျှင် မည်သူမှမသိကြချေ။
သို့သော် သူတို့ရှေ့ရှိ နန်ကျိုးမှ လူသား…
မည်ကဲ့သို့ ၀င်ရောက်လာသနည်း…?
“ မင်း.. ဘယ်သူလဲ…”
ရှန်ဒေါင်က လေးနက်သောအမူအရာဖြင့် ရှေ့တိုးပြီး မေးလိုက်သည်။
ကျန်တော်၀င်ပင်လယ်သားရဲများလည်း ထိတ်လန့် ဒေါသထွက်သွားကြ၏။
မိမိတို့ မြင့်မြတ်သောနေရာသို့ လူသားများအား အဘယ်ကြောင့် စိတ်တိုင်းကျ ၀င်ထွက်ခွင့်ပြုရမည်နည်း။
“ ငါ ဘယ်သူလဲ ဟုတ်လား….”
ရွှမ်ယီပြုံးလိုက်ပြီး မျက်၀န်းများ အေးစက်သွားကာ
“ မင်းပဲ စောနက ငါ့ကို လက်တစ်ဖက်တည်းနဲ့ သတ်နိုင်တယ်လို့ပြောခဲ့တယ်မဟုတ်လား….”
ရွှမ်ယီက ရှန်ဒေါင်အား စိုက်ကြည့်နေပြီး သူ့ထံမှ ဓားစွမ်းအားများ ပို၍ မြင့်တက်လာသည်။
“ ကိုင်း… ငါ အခု မင်းရှေ့ကိုရောက်လာပြီ…”
ဘုန်း…
စကားဆုံးသည်နှင့် အလွန်အစွမ်းထက်သည့် ဓားရည်ရွယ်ချက်စွမ်းအား ပေါက်ကွဲထွက်ပေါ်လာပြီး အဆုံးမဲ့သော ဓားအလင်းတန်းများ ထွက်ပေါ်လာကာ မြင့်မြတ်ခန်းမတစ်ခုလုံး စူးရှတောက်ပသွား၏။
ထို စူးရှသည့် အဖြူရောင်ဓားအလင်းက မဟာအင်ပါယာဓားချက်ဖြစ်ပေသည်။
လူသားဘုရင်အဆင့်အောက်မှ လူတိုင်း ၎င်းအား ထိမိသည်နှင့် သေဆုံးသွားပေလိမ့်မည်။
“ မြန်မြန် ရှောင်…”
ရှန်စီဒေါင် မသိစိတ်၏ လှုံ့ဆော်မှုအရ ချက်ချင်းအော်ဟစ်သတိပေးလိုက်၏။
ရွှမ်ယီ၏ ဓားချက်အပြည့်အ၀ ထွက်မလာသေးခင်ကပင် ထိတ်လန့်မှုကို ခံစားခဲ့ရသည်။
သူက မြင့်မြတ်အဆင့် နံပါတ်(၁) ဖြစ်သည့်တိုင် ထိုဓားချက်ကို မတားဆီးနိုင်ဟု ခံစားမိနေ၏။
ကောင်းကင်ဘုရင်အဆင့်ကျင့်ကြံသူမဟုတ်ပါက ထိုဓားချက်အား တားဆီးနိုင်မည်မထင်ပေ။
ကျောက်စိမ်းဖြင့် တည်ဆောက်ထားသည့် နံရံအက်ကွဲသွားသည်ကိုကြည့်ပြီး ရှန်စီဒေါင်၏ မျက်ခွံများ တစ်ဆတ်ဆတ်တုန်ခါသွားသည်။
ထိုကျောက်စိမ်းနံရံအား တည်ဆောက်ရာတွင် အလွန်ထူးခြားသည့်ပစ္စည်းများ ထည့်သွင်းထားပြီး ကောင်းကင်ဘုရင်အဆင့် စွမ်းအားဖြင့်သာ ဖြိုခွဲနိုင်လိမ့်မည်။
သို့သော် ထိုနံရံထက်၌ အက်ကြောင်းကြီးတစ်ခုရှိနေ၏။
ရှန်စီဒေါင်က အလျင်အမြန်သတိပေးခဲ့သည်တိုင် ရှန်ဒေါင်၏ တုံ့ပြန်မှုက ထိုမျှမမြန်ဆန်ခဲ့ပေ။
သူ့ရင်ဘတ်တွင် အရိုးပင်မြင်နေရသည့် ဓားရာတစ်ခုရှိနေပြီး သွေးများစီးကျနေ၏။
အလွန်ထိတ်လန့်နေသော မျက်၀န်းများဖြင့် ရင်ဘတ်များ ငုံ့ကြည့်လိုက်သည်။
ဒါ.. ဘယ်လို မွန်းစတားမျိုးလဲ…?
“ ငါ့ရှေ့မှာ ရှောင်ချင်တာလား…”
ရွှမ်ယီက အပြုံးတစ်ပွင့်ဖြင့် ရှေ့သို့လျှောက်သွားလိုက်သည်။ သူက တော်၀င်ပင်လယ်သားရဲ (၁၀)ယောက်အား စိုက်ကြည့်ပြီး ဓားကို ဝှေ့ယမ်းလိုက်၏။
ရှန်တောင်အား ငါးစာအဖြစ်သုံးခဲ့ပြီး မိလိုက်သော ငါးကြီးများအပေါ် သူအလွန်ကျေနပ်နေသည်။
ယခုတွင် ရိတ်သိမ်းချိန်တန်ချေပြီ။
“ ပြီးသွားပြီ… ပြေးကြ.. ပြေး…”
ရွှမ်ယီ၏ အမူအရာကိုမြင်လျှင် ယခင်တုန်းက ဓားချက်ကို ပြန်လည်မြင်ယောင်လာပြီး ရှန်တောင် ထိတ်လန့်တကြားအော်ဟစ်လိုက်သည်။
စကားမဆုံးခင် သူလည်း တစ်နေရာသို့ ခုန်ရှောင်ပြီး လွတ်မြောက်ရန် ကြိုးပမ်းလိုက်၏။
ထိုဓားချက်ကို ကောင်းကင်ဘုရင်အဆင့်ကျင့်ကြံသူမှလွဲပြီး မည်သူမှတားဆီးနိုင်မည်မဟုတ်ပေ။
မြင့်မြတ်အဆင့်မှ လူများလည်း တတ်နိုင်မည်မဟုတ်ချေ။
လူတိုင်း တစ်ခဏမျှ တုံ့ဆိုင်းသွားကြသည်။ ထိုအချိန်တွင် သူတို့ထဲမှ တစ်ယောက် ဓားချက်ထိမှန်သွားပြီး သွေးမှုန်များအဖြစ် ချက်ခြင်းပြောင်းလဲသွား၏။
ဘုန်း…
အလွန်စွမ်းအားပြည့်၀သော ဓားချက်က လေဟာနယ်အား ဖြတ်သန်းလာပြီး တိုက်ရိုက် ခေါင်းဖြတ်လိုက်သည်။
ဤသို့ဖြင့် မြင့်မြတ်အဆင့်မှ အစွမ်းထက်သူတစ်ဦး ဇာတ်သိမ်းသွားခဲ့သည်။
ရွှစ်…
ရှန်ဒေါင်က ဒုတိယမြောက် ဓားချက်ထိမှန်သွားသူဖြစ်၏။
…
ထို့နောက် ရှန်ကျူးလျို…
သူ တစ်ကိုယ်လုံး အပြာရောင်အလင်းတန်းများတောက်ပနေပြီး လည်ပင်းထက်မှ သွေးကြောများပင် ထောင်ထနေသည်ထိ အစွမ်းကုန် ကြိးစားကာကွယ်လိုက်သည်။ သို့သော် ရွှမ်ယီ၏ ဓားချက်အောက်၌ ဘာမှအရာမထက်ဘဲ သွေးမှုန်များအဖြစ် ပြောင်းလဲသွားခဲ့ရ၏။
အုန်း…
နောက်ထပ် ဓားတစ်ချက်…
ရွှပ်…
ဓားချက်များ တစ်ချက်ပြီးတစ်ချက် ဆင့်ကာထွက်ပေါ်လာနေ၏။
ရွှမ်ယီ၏ မျက်နှာထက်၌ မည်သည့်ခံစားချက်မှမရှိဘဲ တော်၀င်ပင်လယ်သားရဲများထံသို့ ဓားချက်များ ဆက်တိုက်လွှတ်နေခဲ့သည်။
အလွန်အစွမ်းထက်သည့် တော်၀င်ပင်လယ်သားရဲများ ကြက်များ ၊ ခွေးများ ကဲ့သို့ အလွယ်တကူ အသတ်ခံနေရ၏။
သူ၏ စစ်ပွဲရမှတ်များလည်း တစ်ဟုန်ထိုး တက်လာနေသည်။
အများကြီးမမျှော်လင့်ဘဲ လွှတ်ပေးလိုက်သော ငါးလေးတစ်ကောင်က အကျိုးအမြတ်များစွာ ဆောင်ယူလာခဲ့၏။
ပင်လယ်သားရဲများ၏ မျှော်လင့်ချက်များအား ရွှမ်ယီက တစ်စစီရိုက်ချိုးလိုက်သည်။
ဘုန်း…
မီးတောက်နေသော အနက်ရောင်ဓားစွမ်းအားအောက်တွင် ရှန်စီဒေါင်လည်း ပြာမှုန်များအဖြစ် ပြောင်းလဲသွားလေသည်။
“ ပြီးပြီ.. အားလုံး ပြီးသွားပြီ…”
ရှန်တောင်၏ နှုတ်ခမ်းထောင့်မှ သွေးများစီးကျနေပြီး စိတ်ပျက် အားလျော့နေသည့် မျက်၀န်းများဖြင့် မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားသည်။
ပြေးမလွတ်နိုင်ဘူး…!
အားလုံး ပြီးဆုံးသွားပြီ…!
သူက မြင့်မြတ်အဆင့်၀င်တစ်ဦးဖြစ်ရာ လူတိုင်းမော်ကြည့်ရသည့် တောင်ကြီးတစ်လုံးဟု မိမိကိုယ်ကိုယ်ထင်မှတ်ခဲ့သည်။
သို့သော် ရွှမ်ယီနှင့် ဆုံတွေ့ပြီးနောက် စစ်မှန်သော သန်မာမှုကို နားလည်သွား၏။
ရွှမ်ယီ….!
ထိုလူက ကောင်းကင်ကြီးအလားပင်။
တောင်များနေဖြင့် ကောင်းကင်ကြီးအား ဘယ်တော့မှ ကျော်လွန်နိုင်မည်မဟုတ်ပေ။
ဘုန်း…
ရှန်တောင်အား ဓားချက်ဖြတ်သန်းသွားသည်။
နောက်ဆုံးကျန်ရစ်သော မြင့်မြတ်အဆင့်၀င် သွေးမှုန်များအဖြစ် ပြောင်းလဲသွားချေပြီ။
တောင်၀င်ပင်လယ်သားရဲ မျိုးနွယ်မှ မြင့်မြတ်အဆင့်၀င် လူငယ်မျိုးဆက်များ အားလုံး သေဆုံးသွားပြီဖြစ်၏။