← Chapters

အခန်း (၃၂၁)

Vol. 22 Ch. 321

အခန်း (၃၂၁)

Vol. 22 Ch. 321

တော်၀င် ပင်လယ်နတ်ဆိုးများ၏ မြင့်မြတ်ခန်းမကြီးက အဆုံးမဲ့ တိတ်ဆိတ်ခြင်းများ ဖုံးလွှမ်းနေသည်။

ရုတ်တရက် ခန်းမအပြင်မှ လေဟာနယ်က အနည်းငယ်တုန်ခါသွားပြီး ပုံရိပ်တစ်ခုထွက်ပေါ်လာ၏။

၎င်းက ကောင်းကင်ဘုရင်အဆင့်ပင်လယ်သားရဲဖြစ်ပြီး ကြောက်မက်ဖွယ် အရှိန်အဝါများ ဖြာထွက်နေသည်။

သို့သော် ယခုအချိန်တွင် သူ့အသက်ရှုသံများ လေးလံနေ၏။

ထိုပင်လယ်သားရဲက အသက်ကိုဖြည်းညှင်းစွာရှုရင်း ဒဏ်ရာများကုသရန် မြင့်မြတ်ခန်းမအတွင်း ၀င်လာခဲ့သည်။

သို့သော် ခန်းမထဲရောက်သည်နှင့် အလွန်မျက်နှာပျက်ယွင်းသွား၏။

ယခုအချိန်ဆိုလျှင် မြင့်မြတ်အဆင့်မှ တော်၀င်ပင်လယ်သားရဲများ ဤနေရာ၌ ရှိနေသင့်သည်။

သို့သော် တစ်ယောက်မှရှိမနေချေ။

သံသယများဖြင့် ခန်းမအတွင်း၀င်လာခဲ့၏။ ခန်းမအတွင်းရောက်သည်နှင့် ပြင်းထန်သော သွေးနံ့ရလိုက်သည်။

“ ဒီမှာ ဘာတွေဖြစ်သွားတာလဲ…”

မြင်လိုက်ရသော မြင်ကွင်းက သူ့အား မိုးကြိုးပစ်ခံလိုက်ရသည့်အလား တောင့်တင်းသွားစေသည်။

အလွန်တိတ်ဆိတ်နေသော ခန်းမကြီးထဲ၌ အရာအားလုံး ရှုပ်ပွနေ၏။ မုန်တိုင်း၀င်သွားသကဲ့သို့ ခန်းမတစ်ခုလုံး ဖရိုဖရဲဖြစ်နေခဲ့ပြီး အဓိကထိတ်လန့်စေသည့်အရာက ကြမ်းပြင်ထက်၌ ပြန့်ကျဲနေသော အလောင်းများနှင့် သွေးကွက်များဖြစ်သည်။

ရုပ်အလောင်းကျန်ခဲ့သူများ၏ မျက်လုံးများက ပြူးကျယ်နေပြီး မလိုလားဟန်များ ပြည့်နှက်နေခဲ့သည်။

၎င်းတို့ မသေခင် အလွန်ထိတ်လန့်ဖွယ်ကိစ္စ ကြုံတွေ့ခဲ့ရမည်။

ထို့အပြင် ထိုသေဆုံးနေသူများက အတိအကျ မြင့်မြတ်အဆင့်မှ တော်၀င်ပင်လယ်သားရဲများဖြစ်ကြသည်။

ခန်းမအတွင်း ၀င်လာခဲ့သော ပင်လယ်သားရဲ၏ စိတ်များ ရောက်ယက်ခတ်သွားပြီး အလွန်ဒေါသထွက်လာခဲ့၏။

ထိုအချိန်တွင် မြင့်မြတ်ခန်းမအပြင်ဘက်၌ အလင်းတန်းတစ်ခုထပ်ပေါ်လာပြန်သည်။

ထို့နောက် တစ်ခုပြီး တစ်ခု ဆက်တိုက်ထွက်ပေါ်လာ၏။

ကြောက်မက်ဖွယ် အရှိန်အဝါများထွက်ပေါ်နေသည့် ကောင်းကင်ဘုရင်အဆင့် ပင်လယ်သားရဲများဖြစ်ကြသည်။

မြင့်မြတ်ခန်းမသို့ ဒဏ်ရာကုသရန်နှင့် အားဖြည့်ရန် ပြန်လာကြခြင်းဖြစ်၏။

၎င်းတို့အားလုံး ပထမဆုံးရောက်လာသည့် ပင်လယ်သားရဲကဲ့သို့ နွမ်းလျနေကြသည်။

ထိတ်တန်းကျွမ်းကျင်သူများ၏ စစ်မြေပြင်၌ တစ်စုံတစ်ရာ ကြီးကြီးမားမား ဆုံးရှုံးခဲ့ဟန်ရသည်။

သို့သော် သူတို့ စိတ်ဓာတ်များက တက်ကြွနေဆဲဖြစ်၏။

လူသားများနှင့် ယှဉ်ပါက သူတို့၏ လူငယ်မျိုးဆက်များက ပိုသန်မာသည်။

သူတို့ ဤတိုက်ပွဲ၌ အောင်မြင်မှုမရခဲ့လျှင်တောင် ၎င်းတို့ကြီးပြင်းလာသည့်တစ်နေ့ အောင်မှုက မျက်စိရှေ့ရောက်လာပေလိမ့်မည်။

ထိုနေ့က မဝေးသော အနာဂါတ်၌ကြုံတွေ့လာရန် သေချာသည်။

ထို့အပြင် အဆုံးမဲ့ပင်လယ်အတွင်းမှ သားရဲများလည်း ယခုထက် ပိုအားကောင်းလာပေလိမ့်မည်။

သို့သော် ခန်းမအတွင်းရောက်သွားသည်နှင့် သူတို့ အိမ်မက်များအားလုံး ပျက်စီးသွားပြီဖြစ်ကြောင်း နားလည်လိုက်ကြ၏။

“ ဘယ်သူလဲ… ဘယ်သူ လုပ်သွားတာလဲ….”

‌၎င်းတို့ထဲမှ တစ်ယောက်၏ မျက်လုံးထောင့်မှ သွေးများစီးကျလာပြီး မလိုလားဟန်ဖြင့် ခေါင်းမော့ပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။

ဤကိစ္စက သူတို့ပင်လယ်သားရဲများကြားမှ ပါရမီရှင်များအား သတ်သွားခြင်းလောက် မရိုးရှင်းပေ။ သူတို့ ပင်လယ်သားရဲမျိုးနွယ်တစ်ခုလုံး၏ အနာဂါတ်ကို ဖြတ်တောက်သွားခြင်းပင်။

၎င်းတို့အား ပျိုးထောင်ရန် အချိန်နှင့် အရင်းအမြစ်များစွာတို့အား ရင်းနှီးခဲ့ရသည်။

ယခုတွင်မူ…

အနည်းဆုံး နှစ်(၁၀၀)လောက်ထိ ပင်လယ်သားရဲများအနေဖြင့် စစ်ပွဲဆင်နွှဲနိုင်တော့မည်မဟုတ်ပေ။

“ လူသားတွေ… ဒါ ကောင်းကင်ဘုရင်အဆင့် လူသားတစ်ယောက်ရဲ့ လက်ချက်ပဲဆိုတာသေချာတယ် … ပမွှားတွေ အကုန်သတ်ပစ်မယ်….”

ဒဏ်ရာအနည်းအကျဉ်းသာရခဲ့သော ကောင်းကင်ဘုရင်က ကျယ်လောင်စွာ ဟစ်ကြွေးလိုက်ပြီး ခန်းမအပြင်သို့ ချက်ခြင်းပြေးထွက်သွား၏။

သူနှင့်အတူ အလွန်ဒေါသထွက်နေသည့် ကောင်းကင်ဘုရင်တချို့လည်း လိုက်ပါသွားသည်။

“ ရှန်လျိုဒီ.. ရပ်စမ်း…”

ခန်းမအပြင်၌ ပုံရိပ်တစ်ခု ထွက်ပေါ်လာပြီး လက်ဝှေ့ယမ်းလိုက်လျှင် ပြေးထွက်လာသူတိုင်း နေရာ၌ တောင့်တင်းသွားကြ၏။

ထို ပုံရိပ်ရှေ့၌ အလွန်အစွမ်းထက်သည့် ကောင်းကင်ဘုရင်များမှာ ကလေးများအလားပင်။

သူက အသာအယာလက်ဝှေ့ယမ်းလိုက်လျှင် အားလုံး ပင်မခန်းမအတွင်း ပြန်ရောက်သွား၏။

“ မြင့်မြတ် အင်ပါယာ…! [ ရှန်ဟွမ် ]…”

ရှန်လျိုဒီအပါ၀င် အလွန်ဒေါသထွက်နေသည့် ကောင်းကင်ဘုရင်များအားလုံး ငြိမ်သက်သွားကြ၏။

အားလုံး လေးစာစွာဖြင့် ခေါင်းငုံထားလိုက်ကြသည်။

သို့သော် ၎င်းတို့ မျက်၀န်းများထဲ၌ ဒေါသအရိပ်အယောင်များ ပြည့်နှက်နေဆဲပင်။

ထို ပုံရိပ်က ခန်းမအတွင်းသို့ ၀င်ရောက်လာပြီး ကောင်းကင်ဘုရားများအားလုံးကို ‌ဝေ့ကြည့်လိုက်သည်။

၎င်းတို့အထဲမှ အတည်ငြိမ်ဆုံးသူများပင် ဒေါသထွက်နေကြောင်း သူမြင်နိုင်သည်။

“ မြင့်မြတ်အင်ပါယာ… ကျုပ်တို့ ပါရမီရှင်တွေအတွက် လက်စားချေခွင့်ပေးပါ…”

မြင့်မြတ်အင်ပါယာ လှည့်ကြည့်သည်ကိုမြင်လျှင် ရှန်လျိုဒီက အံကြိတ်ကာ ဒူးထောက်ချလိုက်ပြီး

“ ကျုပ်တို့ ပါရမီရှင်တွေကို သတ်သွားတာ လူသားကောင်းကင်ဘုရင်ပဲဖြစ်ရမယ်…ဒီ ရန်ငြိုးက လက်စားမချေဘဲ ကျော်သွားဖို့ မဖြစ်နိုင်ဘူး…. သူတို့အားလုံးကို ချေမှုန်းဖို့ မဖြစ်နိုင်ပေမယ့် သူတို့ဘက်က ပါရမီရှင်တွေကို ပြန်သတ်မှဖြစ်မယ်….”

“ မှန်ပါတယ်…”

“ မြင့်မြတ် အင်ပါယာ.. ကျုပ်တို့ကို လက်စားချေခွင့်ပေးပါ…”

ကောင်းကင်ဘုရင်များ တစ်ယောက်ပြီး တစ်ယောက် ဒူးထောက်ချလိုက်ကြသည်။

“ မင်းတို့က မြင့်မြတ်အင်ပါယာကို မေးခွန်းထုတ်နေကြတာလား….”

ခန်းမအပြင်၌ ပုံရိပ်(၂)ခု ထွက်ပေါ်လာ၏။

၎င်းတို့က တော်၀င်ပင်လယ်သားရဲများဖြစ်ကြသည်။

ရှန်တျန်ချင်း နှင့် ရှန်ရှု…

ပြောလိုက်သူက ရှန်တျန်ချင်းက ဖြစ်၏။

သူက မျက်မှောင်ကြုတ်ထားပြီး လေသံက အေးစက်နေလေသည်။ သူက ဒူးထောက်နေသည့် ကောင်းကင်ဘုရင်များအား ကြည့်လိုက်ပြီး အေးစက်စွာဖြင့်

“ ဒီတိုက်ပွဲမှာ ငါတို့ အများကြီး ဆုံးရှုံးခဲ့ပြီးပြီ… ဆက်ပြီး အဆုံးရှုံးမခံနိုင်တော့ဘူး….”

သူက ပြောနေရင်း သေဆုံးသွားခဲ့သော ပါရမီရှင်များအား ကြည့်လိုက်ပြီး

“ လူသားတွေထဲမှ ငါတို့ရဲ့ မြင့်မြတ်ခန်းမကို ခိုး၀င်ပြီး လူငယ်မျိုးဆက် ပါရမီရှင်တွေအားလုံးကို သတ်ဖြတ်နိုင်တဲ့သူတစ်ယောက်ရှိတယ်… ဒါက ငါတို့ လူသားတွေအပေါ် လျှော့တွက်ခဲ့တယ်ဆိုတာ ဖော်ပြနေတာပဲ… ငါတို့ တွက်ချက်မှု အကြီးကြီးမှားသွားခဲ့ပြီ…”

နံဘေးရှိ ရှန်ရှုက မည်သည့် စကားမှမဆိုသည့်တိုင် သူ၏ အသက်ရှုသံက လေးလံနေခဲ့သည်။

သူလည်း အလွန်မျက်နှာပျက်နေ၏။

စစ်ပွဲ၏ ထိပ်တန်းစစ်မြေပြင်၌ ပင်လယ်သားရဲများဘက်မှ ဆုံးရှုံးမှာ ကြီးမားခဲ့သည်။

အင်ပါယာအဆင့် (၂)ဦး ကျဆုံးခဲ့၏။

ကောင်းကင်ဘုရင် ထက်၀က်ခန့်နီးပါး ဆုံးရှုံးသွားခဲ့သည်။

ထို့ကြောင့် ပင်လယ်သားရဲမျိုးနွယ်အနေဖြင့် အလွန်ဒေါသထွက်နေလျှင်တောင် သည်းခံရုံမှလွဲပြီး တခြားမရှိချေ။

“ ရှန်တျန်ချင်းပြောတာမှန်တယ်….”

နောက်ဆုံးတွင် ခန်းမထဲရောက်ကတည်းက တိတ်ဆိတ်နေသည့် ရှန်ဟွမ်(မြင့်မြတ် အင်ပါယာ)က ‌စကားသံထွက်ပေါ်လာ၏။

သူလေသံက တည်ငြိမ်နေသည့်တိုင် တုန်လှုပ်မှုအနည်းငယ် ပါ၀င်နေသည်။

“ အဆုံးမဲ့ပင်လယ် မဟာမိတ်အဖွဲ့ ဆုတ်ခွာဖို့ အမိန့်ပေးတယ်…”

….

နန်ကျိုး တောင်ပိုင်းနယ်စပ်...

မြင့်မြတ်အဆင့်မှ ပင်လယ်သားရဲများအား သတ်ဖြတ်ပြီးနောက် ရွှမ်ယီ ချက်ခြင်း ပြန်လာခဲ့သည်။

သူရောက်လာချိန်တွင် တောင်ပိုင်းနယ်စပ်အား ရှင်းလင်းပြီးလုနီးပါးဖြစ်နေချေပြီ။

ရွှမ်ယီ ပြန်လာသည်ကိုမြင်လျှင် တောင်ပိုင်းနယ်စပ်မှ တပ်ဖွဲ့၀င်များ မနေနိုင်ဘဲ စိတ်လှုပ်ရှားစွာဖြင့် အရိုအသေပေးလိုက်ကြ၏။

ယခုအချိန်တွင် ရွှမ်ယီက သူတို့အပေါ် ကျေးဇူးအရှိဆုံးလူဖြစ်သည်။ ရွှမ်ယီက တောင်ပိုင်းတပ်ဖွဲ့အား ကယ်တင်ခဲ့သူဖြစ်၏။

“ ဆရာရွှမ်… ဘယ်သွားချည်တာလဲ… ရှန်တောင်နောက် လိုက်သွားတာလား…”

တချို့လူများက မနေနိုင်ဘဲ မေးလိုက်ကြသည်။

သို့သော် ရွှမ်ယီက ပြုံးရုံသာပြုံးပြခဲ့ပြီး အဖြေမပေးခဲ့ချေ။

သို့သော် အလွန်စူးစမ်းလိုသူများက မေးခွန်းများ ဆက်တိုက်မေးလိုက်ကြ၏။

ထိုအချိန်တွင် တောင်ပိုင်းတပ်ဖွဲ့၏ သတင်းအချက်အလက်ဌာနမှ ကြွေးကြော်သံများထွက်ပေါ်လာသည်။

လူတိုင်း ထိုနေရာသို့ နားမလည်နိုင်စွာဖြင့် ကြည့်လိုက်ကြ၏။

ထို့နောက် ၎င်းမှနေ၍ စိတ်လှုပ်ရှားနေသော အော်သံတစ်ခု ထွက်ပေါ်လာသည်။

“ စစ်မြေပြင်(၄)ခုလုံးက ပင်လယ်သားရဲတွေ ပြန်ဆုတ်သွားပြီ… ငါတို့ အနိုင်ရပြီဟေ့… အဆုံးမဲ့ပင်လယ် မဟာမိတ် တပ်ဆုတ်သွားပြီ….”

“ ငါတို့ နိုင်သွားပြီလား…?”

တချို့လူများက သွေးစွန်းနေသည့် လက်နက်များအား ကိုင်ဆွဲထားဆဲဖြစ်ကာ စိတ်လှုပ်ရှားစွာဖြင့် ထပ်တလဲလဲမေးနေကြ၏။

“ ဆရာရွှမ်… ကျုပ်တို့ တကယ်နိုင်သွားတာလား…?”

ရွှမ်ယီက အသာအယာပြုံးလိုက်ပြီး ထိုလူပခုံးထက်သို့ လက်တင်လိုက်ကာ

“ အမှန်ဘဲ.. ကျုပ်တို့ နိုင်သွားပြီ…”

“ ကျုပ်တို့ ပင်လယ်သားရဲတွေကို အနိုင်ရသွားပြီ…”

သတင်းပြန့်နှံ့သွားသည်နှင့် နန်ကျိုးတစ်ခွင် ပျော်ရွှင်မှု လှိုင်းလုံးများ ဖုံးလွှမ်းသွားလေသည်။

လူတိုင်း ပြန်လည် ရွှင်လန်းစပြုလာကြ၏။

All Chapters