← Chapters

အခန်း (၃၂၆)

Vol. 22 Ch. 326

အခန်း (၃၂၆)

Vol. 22 Ch. 326

[ ဒင်… အရံတာ၀န်တစ်ခု စတင်လိုက်ပါပြီ...။ တပည့်များထဲမှ အနည်းဆုံး (၃)ယောက်ကို ဘုရင်အဆင့် ချိုးဖျက်နိုင်အောင် ကူညီပေးပါ…]

[ ဆုလာဘ်- ပိုင်ရှင်၏ ကျင့်ကြံမှု တစ်ဆင့်မြင့်သွားမည် ]

ကျင့်ကြံမှု တစ်ဆင့်…!

ရွှမ်ယီ၏ မျက်လုံးများ အရောင်လက်သွားသည်။

ယခုအချိန်တွင် သူက လူသားဘုရင်စောပိုင်းအဆင့်၌သာ ရှိသေးပြီး အမှန်တကယ် နိမ့်ကျနေသေးသည်ဟု ဆိုနိုင်သည်။

သို့သော် စနစ်ထံမှ တာ၀န်က ရုတ်တရက် ရောက်လာချေပြီ။

ပင်လယ်သားရဲမျိုးနွယ်နှင့် စစ်ပွဲလည်း ပြီးသွားပြီဖြစ်ရာ တပည့်များအပေါ် အချိန်ပေးနိုင်တော့မည်။

စစ်ပွဲရမှတ် စာရင်းကို ကြေညာပြီးနောက် ကောင်းကင်ထက်မှ အလင်းဖန်သားပြင်က ကောင်းကင်ဘုရင်ကျောင်းကျီနှင့် အတူ ပျောက်ကွယ်သွားချေပြီ။

ရွှမ်ယီလည်း ယာယီစခန်းချရာသို့ ပြန်လာခဲ့၏။

နန်ကျိုး စတင်တည်ထောင်ခဲ့သည်မှာ နှစ်ပေါင်း မရေမတွက်နိုင်အောင် ကြာပြီဖြစ်သော်လည်း ဤတိုက်ပွဲက နန်ကျိုး၏ သမိုင်း၌ မှတ်တမ်းတင်ထားရန် လုံလောက်သည်။

ထို့အပြင် ရွှမ်ယီ၏ အမည်ကလည်း စစ်ပွဲရမှတ် စာရင်းကြေညာမှုနှင့်အတူ နန်ကျိုးတစ်ခွင်သို့ အပြင်းအထန် ပျံ့နှံ့သွားခဲ့သည်။

ထိုကိစ္စက တော်ရုံနှင့် ငြိမ်သက်သွားမည်တော့မဟုတ်ပေ။

စစ်ပွဲပြီးနောက် ရက်အနည်းငယ်အတွင်း ရွှမ်ယီနှင့် ဆက်ဆံရေးတည်ဆောက်လိုသူများ ရွှမ်ယီထံသို့ အဆက်မပြတ်ရောက်လာကြ၏။

မိသားစုကြီးများ နှင့် ဂိုဏ်းများမှ အမွေဆက်ခံသူများလည်း ပါ၀င်ပြီး အားလုံးနီးပါး ပါရမီရှင်များချည်းသာ။

ရွှမ်ယီအား တွေ့ရန်အတွက် ဒေသများစွာကို ဖြတ်ကျော် ခရီးနှင်လာကြသူများလည်း အများအပြားပင်။

လူတိုင်းက ၎င်းတို့၏ ရိုးသားမှုများကို စိတ်အားထက်သန်စွာ ဖော်ပြနေကြသော်လည်း ရွှမ်ယီက စိတ်ထဲမှ လှောင်ရယ်နေခဲ့၏။

လက်ရှိ ရွှမ်ယီ၏ ယာယီနေအိမ်က အလွန်ကျယ်၀န်းသည်မဟုတ်သော်ဘည်း အလွန်စည်ကားနေခဲ့သည်။

သို့သော် ၎င်းတို့ထဲမှ လူအများစုက ယခင်စစ်ပွဲ၌ မျက်စိပိတ် နားပိတ်နေခဲ့ကြသူများဖြစ်ပြီး အနည်းစုသာ စစ်ပွဲ၌ ရဲရဲဝံ့ဝံ့တိုက်ခိုက်ခဲ့သူများဖြစ်၏။

ရွှမ်ယီက လူတိုင်းကို လက်ခံတွေ့ဆုံခဲ့ခြင်းမရှိချေ။ စစ်မြေပြင်၌ ရဲဝံ့စွာ တိုက်ခိုက်ခဲ့သူများကိုသာ လက်ခံတွေ့ဆုံခဲ့သည်။

ရောက်လာသော ပါရမီရှင်များစွာက ထိုကိစ္စနှင့် ပတ်သက်ပြီး အလွန်မကျေမနပ်ဖြစ်ကြသော်လည်း ဤနေရာမှ ထွက်သွားရန်လည်း သတ္တိမရှိကြချေ။

အကယ်၍ ရွှမ်ယီအား မကျေမနပ်ဖြစ်ပြီး ပြန်သွားပါက ဂိုဏ်းဖြစ်စေ မိသားစုသို့ဖြစ်စေ ပြန်ရောက်ပါက အကြီးအကျယ် အပြစ်တင်ခံရပေလိမ့်မည်။

ကံကောင်းထောက်မစွာနှင့် ရွှမ်ယီက တောင်ပိုင်းစစ်နယ်မြေမှ အလျင်အမြန်ထွက်ခွာသွားခဲ့သည်။

အဘယ်ကြောင့်ဆိုသော် သူရရှိမည့် စစ်ပွဲဆုလာဘ် ရောက်လာပြီဖြစ်သောကြောင့်ဖြစ်၏။

ဆုလာဘ်လက်ခံပြီနောက် ရွှမ်ယီက ဗဟိုသူတော်စင် အကယ်ဒမီသို့ ချက်ချင်းပြန်လာခဲ့တော့သည်။

ထို အဆုံးမဲ့ လာရောက် လည်ပတ်မှုများကို ဧည့်ခံနေရသည်အား အလွန်ငြီးငွေ့နေချေပြီ။

အကယ်ဒမီသို့ရောက်မှသာ ရလာခဲ့သည့် ဆုလာဘ်အား ထုတ်ကြည့်လိုက်သည်။

“ ရွှမ်ယွမ် ဆေးပင် (၁၀၀) ၊ ဟွာရန် လင်းရင် ဆေး(၁၀)လုံး……..”

၎င်းတို့အားလုံး အလွန်အဖိုးနဂ္ဂထိုက်တန်သည့် အဆင့်(၅) ဆေးလုံးများ ၊ ဆေးပင်များနှင့် မှော်ရတနာများဖြစ်ပေသည်။

အတော်လေး မှင်သက်စရာ ဆုလာဘ်ပင်။

ရွှမ်ယီက ၎င်းတို့အား အသေအချာ ခွဲခြမ်းစိတ်ဖြာလိုက်သည်။

သူ့အတွက် အသုံး၀င်သော ဝေစုတစ်စုသိမ်းထားလိုက်၏။ တပည့်များအတွက် သင့်တော်သောအရာများကိုလည်း သင့်တော်သလို ဝေပေးလိုက်သည်။

ဆေးလုံးများ ဆေးပင်များအပြင် ရွှမ်ယီ အဓိက တန်ဖိုးထားသော အရာက ဓားတစ်ချောင်းဖြစ်၏။

ဗဟိုသူတော်စင် အကယ်ဒမီမှ ကျင့်ကြံခြင်း လှိုဏ်ဂူ တစ်ခုထဲတွင်…

“ အဆင့်(၆) ၊ ဖန်ဂျီဓား….”

ရွှမ်ယီက ဓားရှည်အား လက်ထဲ၌ ဆုပ်ကိုင်ထားပြီး အတွင်းသို့ စိတ်ဝိညာဉ်စွမ်းအင်များ ထည့်သွင်းလိုက်သည်။

ဓားကိုယ်ထည်ပေါ်၌ ရေးထိုးထားသည့် လျှို့ဝှက်ဆန်းကျယ်သော မျဉ်းကြောင်းများက အနီရောင် တောက်ပလာခဲ့၏။

ဓားက အရာအားလုံးကို လောင်ကျွမ်း ဖျက်ဆီးနိုင်သည်ဟူသော ခံစားချက်မျိုးပေးစွမ်းနေသည်။

ရွှစ်…

ရွှမ်ယီ၏ မည်သည့်စွမ်းအားမှ ထုတ်ဖော်အသုံးမပြုဘဲ ဓားချည်းသက်သက်ဖြင့် နံရံအား ခုတ်ချလိုက်သည်။

“ စွမ်းအားက ဩချလောက်စရာပါလား….”

ရွှမ်ယီ၏ မျက်၀န်းများက အမှုန့်အဖြစ် ပြောင်းလဲသွားသည့် ကျောက်နံရံအား ကြည့်ရင်း ပျော်ရွှင်မှု အရိပ်အယောင်များ ဖြစ်ပေါ်လာသည်။

ထိုကျောက်နံရံက သာမန်ဟုထင်ရသော်လည်း အမှန်တကယ်တွင် ထိုမျှ မရိုးရှင်းချေ။

အထူးအစီအရင်များ ထည့်သွင်းအသုံးပြုကာ တည်ဆောက်ထားခြင်းဖြစ်၏။

“ နံရံကို အလွယ်တကူ အမှုန့်ချေနိုင်စွမ်းရှိတာပဲ….”

“ အရင် ပင်လယ်သားရဲမျိုးနွယ်တွေကို သတ်ခဲ့တုံးက ဓား(၂)ချက်လောက် သုံးခဲ့ရပေမယ့်… ဒီဓားနဲ့ဆိုရင် တစ်ချက်တည်းနဲ့ အဆုံးသတ်လို့ ရလောက်တယ်….”

ရွှမ်ယီက ဓားကိုင်ထားရင်း ရေခဲပြာရောင် ဆေးလုံး တစ်လုံးအား ထုတ်ယူလိုက်၏။

၎င်းက သူရရှိခဲ့သော ဆုလာဘ်များထဲမှ တစ်ခုဖြစ်ပြီး အဆင့်(၅) ဟွာရန် လင်းရင်ဆေးလုံးဖြစ်သည်။

ထို့အပြင် ၎င်းက ထိပ်တန်းအဆင့် ဆေးလုံးဖြစ်၏။

သာမန်အဆင့် ဟွာရန် လင်းရင်ဆေးလုံးက လူသား ဘုရင်အဆင့် ကျင့်ကြံသူအား (၇)ရက်တိုင်အောင် ကျင့်ကြံမှု အမြန်နှုန်း (၂)ဆတိုးစေနိုင်သည်။

ဤ ထိပ်တန်းအဆင့် ဆေးလုံးက ကြာချိန်သာမက ၊ အကျိုးသက်ရောက်မှု အာနိသင်ပါ ပိုများရန်သေချာသည်။

အစောပိုင်း လူသားဘုရင်အဆင့်၌ ကြန့်ကြာနေသော သူ့အတွက် အလွန်အသုံး၀င်သော ဆေးလုံးဖြစ်၏။

ထိုဆေးလုံးအား မြိုချလိုက်သည်နှင့် လျှို့ဝှက်ဆန်းကျယ်သော စွမ်းအားတစ်ခုက ခန္ဓာကိုယ်အနှံ့သို့ စီးဆင်းသွားလေသည်။

ရွှမ်ယီလည်း အချိန်ဖြုန်းမနေတော့ပဲ ချက်ချင်း စတင် ကျင့်ကြံလိုက်တော့၏။

မျက်စိတစ်မှတ်အတွင်း အချိန်တစ်လ ကုန်ဆုံးသွားခဲ့သည်။

ထိုအချိန်တွင် ဗဟိုသူတော်စင် အကယ်ဒမီ အရှေ့ဘက်သို့ ကောင်းကင်ထက်မှနေပြီး ကောင်မလေး တစ်ဦး ဆင်းသက် ရောက်ရှိလာခဲ့သည်။

ထိုကောင်မလေး၏ မျက်လုံးဝိုင်းကြီးများက တောက်ပနေကာ မျက်တောင်အား တဖျတ်ဖျတ် ခတ်နေခဲ့ပြီး မျက်နှာထက်၌ အပြုံးတစ်ခုဆင်မြန်ထား၏။ အကယ်ဒမီနှင့် ပတ်သက်ပြီး အလွန်စူးစမ်းလိုစိတ်များ ဖြစ်ပေါ်နေဟန်ရသည်။

ထိုကောင်မလေးက ကောင်းကင်ဒေသမှ ဗဟိုသူတော်စင် အကယ်ဒမီသို့ ထွက်ခွာလာသည့် ကုယီယီဖြစ်၏။

ကုယီယီ အကယ်ဒမီအတွင်းသို့ ၀င်လာစဉ် အမှတ်တမဲ့ မြင်လိုက်ရသော ကျောင်းသားများ၏ မျက်၀န်းများ အအရောင်လက်သွားခဲ့သည်။

တချို့ ကျောင်းသားများ အချစ်မှာ ကျရှုံးသွားကြသည်။

ထို လှပပြီး စွဲမက်ဖွယ် မိန်းကလေးအား ရုတ်တရက် ကြည့်လိုက်လျှင် သိပ်ပြီး မရင့်ကျက်သေးဟန်ရသော်လည်း အပြစ်ပြောစရာ တစ်ကွက်မှ မရှိသလို သူမ၏ ကျင့်ကြံမှုကိုလည်း မမြင်နိုင်ပေ။

စဉ်းစားကြည့်လိုက်လျှင် ဒေသကြီးတစ်ခုမှ ပါရမီရှင်မလေး ဗဟိုသူတော်စင် အကယ်ဒမီသို့ လေ့လာသင်ယူဖို့ ရောက်လာဟန်တူသည်။

အဘယ်ကြောင့်ဆိုသော် လက်ရှိအချိန်က ကျောင်းသားသစ် စာရင်းသွင်းချိန် မဟုတ်သေးပေ။

ယခုအချိန် အကယ်ဒမီသို့ ၀င်ရောက်နိုင်သူများမှာ နည်းပြဆရာများ ထံမှ တိုက်ရိုက် ဖိတ်ကြားခံရသူများသာ ဖြစ်ရမည်။

ထိုသို့ ဖိတ်ကြားခံရသူများ၏ ပါရမီ အရည်အချင်းကလည်း နိမ့်ကျမည်မဟုတ်ပေ။

ထို မိန်းကလေး၏ မျက်နှာအမူအရာက အကြင်နာပိုချင်စရာလေးပင်။

“ မိန်းကလေး… မင်း ဒီကို ပညာသင်ကြားဖို့ ဒါမှမဟုတ် တံဆိပ်ပြားယူဖို့ လာလားဆိုတာ သိလို့ရမလား….”

ကျောင်းသားတစ်ယောက်က ရှေ့သို့ ပြေးထွက်သွားပြီး လက်ဖြင့် ရင်ဘတ်ကို ပွတ်သပ်လိုက်ကာ စိတ်အားထက်သန်စွာဖြင့်မေးလိုက်၏။

“ ဟောဒီ ဗဟိုသူတော်စင် အကယ်ဒမီမှာ လမ်းတွေနဲ့ ပတ်သက်ပြီး ကျုပ်လောက် ကျွမ်းကျင်တဲ့လူ တစ်ယောက်မှ မရှိဘူး… မိန်းကလေး..ကြည့်ရတာ မင်း အခုမှ ဒီကို ရောက်ဖူးတဲ့ပုံပဲ… အခက်အခဲတွေဖြစ်နေလောက်မယ်… အရာအားလုံး ချောမွေ့သွားအောင် ကျုပ် ကူညီပေးပါရစေ….”

ကုယီယီက မျက်လုံး ဝိုင်းကြီးများဖြင့် သူ့အား စိတ်အားထက်သန်စွာ ကြည့်နေသော ကျောင်းသားများကို ဝေ့ကြည့်လိုက်သည်။

ရွှမ်ယီ၏ လက်အောက်တွင် များစွာ သင်ယူခဲ့ပြီး ကိစ္စတော်တော်များများကို အတန်အသင့် ကြုံတွေ့ခဲ့ဖူးပြီး ဖြစ်သော်လည်း လက်ရှိအခြေအနေအား မကိုင်တွယ်တတ်တော့ပေ။

ထို့ကြောင့် ဆရာဖြစ်သူအား ကာဗာအဖြစ် ဆွဲသွင်းလိုက်၏။

“ ဒီက မိတ်ဆွေရဲ့ စေတနာအတွက်တော့ ကျေးဇူးတင်ပါတယ်… ဒါပေမယ့် ကျွန်မ ဆရာက အားလုံး စီစဉ်ထားပြီးပြီမို့… မနှောက်ယှက်တော့ဖို့ တောင်းဆိုပါတယ်….”

ထိုအချိန်တွင် ပထမဆုံး ကျောင်းသား၏ လက်သွက်မှုအပေါ် ကျန်ကျောင်းသားများ မကျေမနပ်ဖြစ်နေကြသည်။

တစ်ယောက်ပြီးတစ်ယောက် ရှေ့ပြေးထွက်လာကြပြီး လမ်းကြောင်း ကျွမ်းကျင်သည်ဆိုသော ကျောင်းသားကိုပင် နောက်ပို့လိုက်ကြသေး၏။

“ မင်း ဒီနေရာမှာ လာပြီး လူတတ်ကြီးမလုပ်ချင်စမ်းပါနဲ့… ကွကို လုပ်စရာရှိတာ အရင်သွားလုပ်… မင်း နှောင့်နှေးနေတာ (၃)ရက်လောက်ရှိပြီ… ဆရာပေးတဲ့ တာ၀န်ကို အချိန်မှီမပြီးဘူးဆိုရင် သုံးသပ်ချက်ရေးဖို့ ပြင်ထားလိုက်တော့….”

သူက တည်ငြိမ်စွာဖြင့် ပြောနေသော်လည်း မျက်၀န်းများထဲမှ စိတ်အားထက်သန်မှုများက ဖုံးကွယ်မရပေ။

“ မိန်းကလေး… ကျုပ်တို့ အကယ်ဒမီက နန်ကျိုးမှာ အကြီးဆုံးပဲ… ဒီတိုင်း တစ်ယောက်တည်း သွားနေမယ်ဆိုရင် နေရာမှန်ကို ရှာတွေ့ဖို့ မလွယ်ဘူး… စိတ်မရှိဘူးဆိုရင် မင်းကို ဘယ် နည်းပြဆရာက ရွေးချယ်ထားလဲ သိပါရစေ….”

နံဘေးရှိ ကျောင်းသားများကလည်း ကုယီယီထံမှ အဖြေကို မျှော်လင့်ချက်များဖြင့် နားစွင့်နေကြ၏။

ထို ကျောင်းသားသစ်က သူတို့ နည်းပြဆရာ၏ လက်အောက်မှဖြစ်ပြီး အတူတူလေ့ကျင့်ရင်း ချဉ်းကပ်ခွင့်ရရန် မျှော်လင့်နေကြသည်။

ကုယီယီ မျက်တောင် ပုတ်ခပ်ပုတ်ခပ် လုပ်လိုက်ပြီး

“ အမ်… ဆရာ့ နာမည်က ရွှမ်ယီပါ….”

“……”

“……….”

အားလုံး တိတ်ဆိတ်ငြိမ်သက်သွားကြ၏။

နဂိုက တက်ကြွက စိတ်အားထက်သန်နေသည့် ဧရိယာ‌လေးက အပ်ကျသံပင် မကြားရတော့ချေ။

All Chapters