အခန်း (၃၂၇)
Vol. 22 Ch. 327
ရွှမ်ယီ တံခါးပိတ် ကျင့်ကြံရာမှ ထွက်လာသည်နှင့် တစ်ပြိုင်နက် ကုယီယီ ရောက်လာသည့် သတင်းကို ပထမဆုံး ရလိုက်၏။
တစ်လကျော် တံခါးပိတ်ကျင့်ကြံပြီးနောက် အလယ်အလတ် လူသားဘုရင်အဆင့်ကို ရောက်သွားခဲ့ချေပြီ။
သူ့ခန္ဓာကိုယ်အတွင်းရှိ အိပ်စိုက်မှတ်များအားလုံး စိတ်ဝိညာဉ်စွမ်းအင်များ ပြည့်နှက်နေခဲ့သည်။
ရွှမ်ယီအား တွေ့သည်နှင့် ကုယီယီအံ့အားသင့်သွား၏။
ဆရာဖြစ်သူက ယခုအချိန်တွင် ဓားအိမ်ထဲ ထည့်သိမ်းထားသည့် နတ်ဓားတစ်ချောင်းနှင့် အလားသဏ္ဍာန်တူညီနေပြီး ထုတ်လိုက်ပါက မည်မျှ အစွမ်းထက်မည်ဖြစ်ကြောင်း တွေးပင် မတွေးနိုင်ချေ။
“ ဂုဏ်ယူပါတယ်… ဆရာ ကျင့်ကြံမှု တိုးလာပြန်ပြီ….”
ကုယီယီ ဦးညွှတ်လိုက်လျှင် ရွှမ်ယီက ပြန်လည် ထူမပေးလိုက်၏။
အမှန်တွင် အခြေတည်ဝိညာဉ် အဆင့်(၅)သို့ ရောက်ရှိနေပြီဖြစ်သော ကုယီယီ၏ ကျင့်ကြံမှုအခြေခံကြောင့် ရွှမ်ယီလည်း အံ့အားသင့်သွားခဲ့ရသည်။
သူ၏ ယခင်တပည့်ကြီးများ ပါရမီက ကုယီယီနှင့် မနှိုင်းယှဉ်နိုင်ပေ။
( နက်နဲဓားဂိုဏ်းက တပည့်တွေကိုပြောတာပါ)
စိတ်ဝိညာဉ်ခန္ဓာ၏ ထောက်ပံ့မှုအောက်တွင် သူမ၏ ကျင့်ကြံမှု အရှိန်အဟုန်က အံ့အားသင့်ဖွယ်ပင်။
“ မင်း ဒီကို အချိန်ကိုက်ရောက်လာတာပဲ… ငါ ဟိုတလောကမှ စစ်ပွဲဆုလာဘ်ရထားခဲ့တယ်… အဲ့အထဲမှာ မင်းနဲ့ ကိုက်ညီတဲ့ စိတ်ဝိညာဉ်ရတနာတွေရှိတယ်….”
ရွှမ်ယီ အသာအယာ လက်ဝှေ့ယမ်းလိုက်လျှင် အလင်းတန်းတစ်ခု ကုယီယီထံသို့ ရောက်သွား၏။
၎င်းက ငွေရောင်သိုလှောင်အိတ်လေးတစ်ခုဖြစ်ပြီး အတွင်းသို့ စိတ်ဝိညာဉ်စွမ်းအင် ထည့်သွင်းပြီး ကြည့်လိုက်လျှင် ကုယီယီ မှင်သက်သွားလေသည်။
ယခင် တုန်းကပဲ ဆရာ အမြဲ ထောက်ပံ့ပေးခဲ့သည့် ရတနာပစ္စည်းများကြောင့် သူမ စိတ်အခြေအနေ တော်ရုံနှင့် မအံ့ဩတော့ဘူး ခံနိုင်ရည်ရှိနေပြီဟု ထင်ခဲ့သော်လည်း….
ယခု မြင်ကွင်းက မနေနိုင်ဘဲ ပါးစပ်အဟောင်းသားဖြစ်သွားခဲ့ရသည်။
အဆင့်(၅) အောက် ၊ အခြေတည်ဝိညာဉ်အဆင့်အတွက် အသုံး၀င်သည့် ဆေးလုံးများ မရေမတွက်နိုင်အောင် ပါ၀င်နေခဲ့ပြီး သူမ စိတ်ဝိညာဉ် ခန္ဓာ အပါအ၀င် ကျင့်စဉ်နှင့် ကိုက်ညီသည့် မှော်ရတနာ (၂)ခုလည်း ပါ၀င်နေ၏။
အဆင့်(၅) အဆင့်မြင့် ဓားတစ်ချောင်း နှင့် အဆင့်(၅) အဆင့်မြင့် စိတ်ဝိညာဉ် ချပ်၀တ်တစ်ခု….
၎င်းတို့အားလုံး အလွန်ရှားပါးပြီး ပြင်ပဈေးကွက်များ၌ လိုက်ရှာ၍ပင် မတွေ့နိုင်သော ပစ္စည်းများဖြစ်၏။
“ ယီယီ….”
ရွှမ်ယီက ပြုံးလိုက်ပြီး
“ အများကြီးစဉ်းစားမနေနဲ့… မင်းရဲ့ စီနီယာတွေနဲ့ ဂျူနီယာတွေကိုလည်း တူညီတဲ့ အရင်းအမြစ်တွေ ပေးထားပြီးပြီ….”
စစ်ပွဲရမှတ် ပထမနေရာအတွက် ရခဲ့သော ဆုလာဘ်များမှာ အလျှံပယ်ဖြစ်၏။ ထို့အပြင် ၎င်းတို့အားလုံး လူသားဘုရင်အဆင့်အတွက် အသုံး၀င်သော ပစ္စည်းများချည်းသာ။
သို့သော် သူ့အတွက် အသုံး၀င်သည့်အရာ သိပ်မရှိသည့်အတွက် အသုံးပြုနိုင်သော ပစ္စည်းအနည်းငယ်ကို ချန်ထားပြီး ကျန်ပစ္စည်းများအားလုံး အကယ်ဒမီသို့ ပေးလိုက်ပြီး အခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူများအတွက် အသုံး၀င်သော အရာများနှင့် အစားထိုးခဲ့သည်။
သူ့တွင် အရံတာ၀န် ပြီးမြောက်အောင် လုပ်ရဦးမည်ဖြစ်ပြီး တစ်ဖက်တွင် အကယ်ဒမီအတွက်လည်း အကျိုးရှိ၏။
အကယ်ဒမီအနေဖြင့် ရွှမ်ယီအား အလေးထားသည်ဖြစ်ရာ ရွှမ်ယီလိုအပ်သော အရာများကို အမြန်ဆုံး စုဆောင်းပေးခဲ့သည်။
“ ကျင့်ကြံတဲ့အခါ အခက်အခဲ ဒါမှမဟုတ် မေးစရာတစ်ခုခု ရှိလာတဲ့အခါ ငါ့ကိုလာရှာပါ… အဲ့လို မလုပ်ချင်ဘူးဆိုရင် မင်းရဲ့ စီနိယာတွေ ဂျူနီယာတွေနဲ့ တိုင်ပင်လို့ရတယ်…”
ကုယီယီက ရိုသေစွာ ခေါင်းညိတ်ပြလိုက်ပြီးနောက် ကျင့်ကြံခြင်း ဂူထဲမှာ ထွက်သွားတော့သည်။
ကုယီယီ ရောက်လာသော ကိစ္စက ရေကန်ထက်သို့ ကျလာသည့် ကျောက်တုံးတစ်တုံးအလားဖြစ်သော်လည်း မကြာမီ အရာအားလုံး ငြိမ်သက်သွား၏။
ဤကဲ့သို့ အေးချမ်းသော အချိန်မျိုးက အလွန်ရှားပါးလှသည်။ ရွှမ်ယီက ဤအချိန်လေးကို တန်ဖိုးထားပြီး မကြာခဏ တပည့်များအား လမ်းညွှန်ရန် သွားရောက်ခဲ့သည်။
ထို့နောက် တစ်ဖန် တံခါးပိတ် ကျင့်ကြံလိုက်၏။
မျက်စိတစ်မှိတ်အတွင်း အချိန်(၃)လ ကုန်လွန်သွားခဲ့သည်။
ထို သုံးလအတွင်း ယုလင်းလုံ ဘုရင်အဆင့်သို့ ရောက်ရှိသွား၏။ ကျန်းချန်က ယုလင်းလုံနှင့် သိပ်မကွာဘဲ ဒုတိယမြောက်လူအနေဖြင့် ချိုးဖျက်နိုင်သွားခဲ့သည်။
တပည့်များအကြား (၂)ယောက် ဖြတ်ကျော်နိုင်သွားပြီဖြစ်ရာ ကျန်လူများ နေမထိထိုင်မသာဖြစ်နေကြတော့၏။
အထူးသဖြင့် မင်ယွဲ့ရှုဖြစ်သည်။ သူမက ခေါင်းမာပြီး မာနလေးလည်း ရှိသူဖြစ်ရာ သူများနောက် ကျန်နေခဲ့ပြီး အရှုံးမပေးလိုချေ။
အစပိုင်းတွင် သူတို့က အတူတူသာဖြစ်ခဲ့သော်လည်း ပါရမီကွာဟမှုက စကားပြောသွားခဲ့သည်။
သူမအနေဖြင့် အံတင်းတင်းကြိတ်ပြီး အရှုံးကို လက်ခံရုံသာရှိတော့၏။ သို့သော် အပြင်းအထန် လေ့ကျင့်ပြီး ဘုရင်အဆင့်သို့ တတိယမြောက်ရောက်ရှိရန် မျှော်လင့်နေခဲ့သည်။
(၃)လကြာ တံခါးပိတ် ကျင့်ကြံခဲ့ပြီးနောက် ရွှမ်ယီထံသို့ ဖိတိခေါ်မထားသည့် ဧည့်သည်တစ်ဦး ရောက်လာ၏။
“ ဌာနမှူး ရောက်လာတာပဲ… ကြိုမပြောထားတော့ မကြိုဆိုလိုက်ရဘူးဗျာ…”
ရွှမ်ယီက ပြုံးလျက် ဦးညွှတ်လိုက်သည်။
ဌာနမှူးက အောင့်သက်သက်ဖြင့်ပြုံးပြီး ကူကယ်ရာမဲ့စွာ ပြောလိုက်၏။
“ မင်း… ပြန်ရောက်လာကတည်းက တံခါးပိတ် ကျင့်ကြံနေတာ ပေါ်ကိုမလာတော့ဘူး…. ဘာကြောင့်လဲဆိုတာကိုတော့ ငါ နားလည်ပါတယ်… ဒါပေမယ့် လက်ထောက် ဌာနမှူးရွှမ်က အကယ်ဒမီမှာ အရမ်းသတင်းကြီးတယ်လေ… ကျောင်းသားတိုင်း မင်းနဲ့ တွေ့ဆုံပြီး ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ဖြေရှင်းဖို့အတွက် မင်း အတန်းပြမှာကို စောင့်နေကြတယ်….”
ရွှမ်ယီ အနည်းငယ်ရှက်ရွံ့သွား၏။
ဌာနမှူးစကားကမမှားပေ။ သူ အကယ်ဒမီသို့ ပြန်ရောက်တာ နှစ်၀က်နီးပါး ရှိသွားပြီဖြစ်သော်လည်း တစ်ကြိမ်မှ အတန်းမပြရသေးချေ။
အဲ့တာ သိပ်ပြီး အဆင်မပြေလှချေ။
ရွှမ်ယီက ချက်ချင်း ခေါင်းညိတ်ပြလိုက်ပြီး
“ နေ့တွေ့ရက်တွေ သတ်မှတ်ပြီး ကြန့်ကြာနေတာက သိပ်တော့အဆင်မပြေဘူး… ကျုပ် ဒီနေ့ တံခါးဖွင့်အတန်းသင်ပေးမယ်… ဘယ်လိုလဲ….”
ထိုစကားကြားလျှင် ဌာနမှူး ၀မ်းမြောက်သွား၏။
ထက်မြက် ထူးချွန်သည့် နာမည်ကြီး နည်းပြဆရာ ၊ လက်ထောက် ဌာနမှူး သို့မဟုတ် ဌာနမှူး၏ ခွန်အားနှင့် ဂုဏ်သတင်းတို့ကို အမှီပြု၍ အကယ်ဒမီ တစ်ခုက ကျော်ကြားနိုင်သည်။
သူတို့ တည်ရှိမှုကြောင့် လမ်းညွှန်မှု နှင့် ကာကွယ်မှု ရရန်အတွက် အကယ်ဒမီသို့ ၀င်လိုသော ကျောင်းသားများစွာ ရှိစမြဲပင်။
သို့သော် လက်ရှိ အချိန်တွင် ရွှမ်ယီ၏ ခွန်အားနှင့် ဂုဏ်သတင်း (၂)ခုလုံးတို့က ထိပ်ဆုံးသို့ ရောက်ရှိနေ၏။
ဌာနမှူးက ၀မ်မြောက်စွာဖြင့် မုတ်ဆိတ်မွေးအား ပွတ်သပ်ကာ ပြုံးလိုက်ပြီး
“ လက်ထောက် ဌာနမှူး ရွှမ် အတန်းသင်တော့မယ်ဆိုတာ သတင်းကောင်းပဲ… ငါ ချက်ခြင်း ပြင်ဆင်လိုက်မယ်… ဒါနဲ့ မင်း ဒီတစ်ကြိမ် ဘယ်လိုအတန်းမျိုး သင်ပေးမလဲ….”
ရွှမ်ယီ၏ မှော်ဆေးတာအို နှင့် သိုင်းတာအို (၂)ခုလုံး၌ အလွန်ထူးချွန်ကြောင်း သူနားလည်ထားသည်။
ရွှမ်ယီ စဉ်းစားလိုက်၏။
သူ မကြာခင်ကမှ သိုင်းတာအိုတွင် တိုးတက်မှုများရှိခဲ့သည်။
ဆေးတာအိုဘက်တွင်မူ အကယ်ဒမီသို့ ဆုလာဘ်အဖြစ် ရခဲ့သည့် ဆေးလုံးများစွာပေးခဲ့သော်လည်း ဆေးမသန့်စင်သည်မှာ ကြာချေပြီ။
ချက်ချင်း ဆုံးဖြတ်ချက်ချလိုက်၏။
“ ကျုပ် ဓားတာအိုကို သင်ကြားမယ်…”
လက်ထောက်ဌာနမှူးရွှမ် ဓားတာအိုအကြောင်း သင်ပြမည့် သတင်းက အကယ်ဒမီတစ်ခုလုံးသို့ ချက်ချင်း ပျံ့နှံ့သွားလေသည်။
အကယ်ဒမီမှ ကျောင်းသားတိုင်း ရင်ခုန်သွားကြ၏။
လျှို့ဝှက်ဆန်းကျယ်သော ဆရာရွှမ်၏ နောက်ဆုံး ဓားတာအိုအတန်း၌ လူတိုင်း နီးပါးတိုးတက်ခဲ့ကြပြီး တစ်ချို့က ကနဦး ဓားရည်ရွယ်ချက်ကို နားလည်ခဲ့ကြကြောင်း လူတိုင်းအသိပင်။
ယခု အခွင့်အရေး တကျော့ပြန်လာပြီဖြစ်ရာ မည်သူမှ လက်မလွှတ်လိုကြတော့ချေ။
ဤသို့ဖြင့် ရွှမ်ယီက ဌာနမှူး ပြင်ဆင်ပေးထားသည့် ဟောခန်းမကြီးရှိရာသို့ လမ်းလျှောက်သွားလိုက်သည်။
“ လင်းအာ… ဆရာ သင်ခန်းစာပို့ချတာ နားထောင်ဖို့ သွားမလား….”
ယုလင်းလုံက ကိုင်လင်းအာ၏ အခန်းတံခါးကို ခေါက်ရင်းမေးလိုက်သည်။
အတွင်းမှ ကိုင်လင်းအာ အသံပြန်လည်ထွက်ပေါ်လာ၏။
“ အစ်မ… ကျွန်မ တိတ်တဆိတ်ပဲ ကျင့်ကြံချင်တယ်… မသွားတော့ဘူး….”
တစ်ဖက်တွင် ရှောင်မောင်နှစ်မလည်း ထိုနေရာသို့ ရောက်လာ၏။
ယုလင်းလုံနှင့် အကြည့်ချင်းဆုံသွားလျှင် ခေါင်းယမ်းပြလိုက်ကြသည်။
မင်းယွဲ့ရှုကလည်း ဘုရင်အဆင့်သို့ ချိုးဖျက်ရန် အပြင်းအထန်ကြိုးစားနေသည်ဖြစ်ရာ သွားမည်မဟုတ်ပေ။
ကျန်းချန်က ပခုံးတွန့်ပြလိုက်ပြီး
“ ငါတို့လည်း မသွားပဲနေရကြအောင်… ငါတို့မှာ မေးစရာတွေရှိရင် ဆရာ အဲ့က ပြန်လာတဲ့အခါ တိုက်ရိုက်မေးလို့ရတာပဲကို….”
ကျန်လူများ ခေါင်းညိတ်ပြလိုက်ကြ၏။
သို့သော် သူတို့အားလုံး မိမိတို့ အခန်းရှိရာ ပြန်တော့မည်အချိန်တွင် ကိုင်လင်းအာ အခန်းထဲမှ အရှိန်အဝါများ ပေါက်ကွဲ ထွက်ပေါ်လာ၏။
“ ဒါက… လင်းအာ ဘုရင်အဆင့်ကို ချိုးဖျက် နိုင်တော့မှာလား….”
သူတို့အားလုံး ကိုင်လင်းအာ အခန်းဘက်သို့ အံ့အားသင့်စွာ လှည့်ကြည့်မိလိုက်ကြသည်။