အခန်း (၃၂၉)
Vol. 22 Ch. 329
ခွန်ယု ၊ ရှန်ရှန်းဂိုဏ်း အစွန်းအဖျား တောအုပ်တစ်ခုထဲတွင်
လူသားဘုရင်အဆင့် နံပါတ်(၆) နှင့် စစ်ပွဲရမှတ်စာရင်း နံပါတ်(၉)နေရာမှ ကုံရွှမ်က သူ့ရှေ့မှ သွေးရောင်ချပ်ကာဖြင့် လူငယ်အား ကြည့်လိုက်သည်။
ထိုလူငယ်က ခွန်ယုရှိ လျှို့ဝှက်ဂိုဏ်းမှ အနာဂါတ် ခေါင်းဆောင်အဖြစ် လျာထားခံရသူဖြစ်ပြီး ယခုမှ ပြင်ပကမ္ဘာသို့ ပထမဆုံး ထွက်လာခြင်းဖြစ်၏။
ဂိုဏ်းမှ ထွက်လာပြီးနောက် အပြင်လောကမှ ပါရမီရှင်များနှင့် တိုက်ခိုက်လိုသည်ဖြစ်ကာ လူသားဘုရင်အဆင့်ဇယား၌ ယှဉ်ပြိုင်ရန် ဆုံးဖြတ်ခဲ့သည်။
“ ခင်ဗျားက လူသားဘုရင်အဆင့် နံပါတ်(၆)မလား…? ကောင်းပြီ.. အခု အဲ့နေရာကို ကျုပ်ယူတော့မယ်….”
ထိုလူငယ်က မောက်မာစွာပြောလိုက်သည်။
ကုံရွှမ်က တည်ငြိမ်စွာ တုံ့ပြန်လိုက်၏။
“ လူငယ်ဆိုတာ စကားကို ထိန်းထိန်းသိမ်းသိမ်းပြောသင့်တယ်… ဆင်ခြင်တုံ့တရားမရှိတဲ့လူတွေက ဇာတ်သိမ်း မလှတတ်ဘူး….”
“ စကားများလွန်းတယ်….”
လူငယ်က အေးစက်စွာ ဟစ်အော်လိုက်ပြီး လက်ထဲ၌ သွေးရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ကြီးမားသော သွေးနီရောင် လေးတစ်လက်အဖြစ် ပြောင်းလဲသွားခဲ့သည်။
သူက လေးကိုင်းအား ကွေးညွှတ်လိုက်ပြီး
“ ကျောင်းချီက ကောင်းကင်ဘုရင်အဆင့်ကို ဖြတ်ကျော်သွားခဲ့ပြီ…စိတ်၀င်စားဖို့တော့ ကောင်းသားပဲ… ဒါပေမယ့် လူသားဘုရင်အဆင့်ဇယားရဲ့ နံပါတ်(၁) ရွှမ်ယီရှိနေသေးတယ်… ခင်ဗျားကို အနိုင်ယူပြီးတာနဲ့ ရွှမ်ယီဆီကိုသွားမယ်… ဘယ်သူက အစစ်အမှန် ပါရမီရှင်လည်းဆိုတာ အားလုံးကို သက်သေပြမယ်….”
“ မောက်မာလွန်းတယ်…”
ကုံရွှမ်၏ လေသံအေးစက်သွားသည်။
သူက ရွှမ်ယီလောက် မသန်မာကြောင်းကို နားလည်လက်ခံထားသော်လည်း သူ့ရှေ့မှ လူငယ်၏ အထင်းသေးမှုကိုမူ လက်မခံနိုင်ပေ။
စိတ်ပြာရောင်အလင်းတန်းတစ်ခု ကုံရွှမ်၏ နောက်ကျောမှ ကောင်းကင်ထက်သို့ မြောက်တက်သွားပြီးနောက် ဓားတစ်ချောင်းအဖြစ်ပြောင်းလဲကာ လက်ထဲသို့ ကျလာခဲ့သည်။
သူက ဓားဦးအား ကောင်းကင်သို့ ထိုးညွှန်လိုက်လျှင် ဓားက တုန်ခါသွား၏။
“ ကောင်လေး… လူဆိုတာ ဘယ်အချိန် ရှေ့တိုးရမယ် ဘယ်အချိန် နောက်ဆုတ်ရမယ်ဆိုတာ သိသင့်တယ်… မောက်မာနေလို့မရဘူး….”
“ လူအိုကြီး.. စကားများမနေနဲ့.. ခင်ဗျားနေရာ ကျုပ်ကိုပေးလိုက်တော့…”
သွေးရောင် ချပ်၀တ်နှင့် လူငယ်လေးက လေးကြိုးကိုဆွဲပြီး မြှားတစ်ချောင်း ပစ်လွှတ်လိုက်၏။
“ တာအိုသွေးနဂါး ကျဆင်းခြင်း…”
မြှားက လေထဲ၌ သွေးနီရောင် နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့သည်။
ကောင်းကင်ဘုံကိုးခု အထက်မှ ဆင်းသက်လာသည့် နတ်နဂါးကြီးအလား ဟိန်းဟောက်ကာ ကုံရွှမ်ထံသို့ ပြေး၀င်သွားပြီး လက်သည်းများဖြင့် ကုတ်ချလိုက်သည်။
မူလက တည်ငြိမ်နေသော ကုံရွှမ်၏ အမူအရာ သိသိသာသာပြောင်းလဲသွားလေသည်။
အုန်း..
ကြောက်မက်ဖွယ် အသံကြီးတစ်ခု တောတစ်ခွင်လုံးသို့ ပျံ့နှံ့သွားပြီး လူတိုင်းကို တုန်လှုပ်သွားစေခဲ့ပြီး အချိန်အတော်ကြာ ပဲ့တင်ထပ်နေခဲ့သည်။
ထို သွေးနီရောင် ချပ်၀တ်နှင့် လူငယ် ထွက်ခွာသွားသော အခါမှသာ ကျန်သူများ တိုက်ပွဲနေရာသို့ ချဉ်းကပ်ဝံ့ကြ၏။
ထိုနေရာ၌ ကွဲပြဲကာ ပျက်စီးနေသော ချပ်၀တ် ၊ ဖြူဖျော့နေသော မျက်နှာနှင့် သတိလစ်နေသော ကုံရွှမ်ကို တွေ့လိုက်ကြရသည်။
ဤသို့ဖြင့် ရွှမ်ယီ ၊ ကောင်းကင်ဘုရင်အဆင့်သို့ ရောက်သွားသော ကျောင်းချီ နှင့် ကျင်းယွဲ့တို့မှလွဲ၍ ယခင် လူသားဘုရင်အဆင့်ဇယားမှ လူတိုင်း ရှုံးနိမ့်သွားခဲ့ပြီး လူသစ်များဖြင့် အစားထိုးခြင်းခံလိုက်ရသည်။
ထို လူသစ် ပါရမီရှင်များအားလုံး လက်ရှိ လူသားဘုရင်အဆင့် ဇယား နံပါတ်(၁) နေရာမှ ရွှမ်ယီအား ပစ်မှတ်ထားနေကြ၏။
….
မြင့်မြတ်သော ဘေးမဲ့နယ်မြေ ၊ တာ့ကျင်းတောင်တန်း
၎င်းက မြင့်မြတ်သော ဘေးမဲ့နယ်မြေ၏ ရှေးအကျဆုံးသောနေရာဖြစ်သည်။ ထို တောင်တန်းက နှစ်ပေါင်းသောင်းနှင့် ချီအောင် တည်ရှိလာခဲ့ပြီး မိုင်ပေါင်း သိန်းဂဏန်းခန့် ရှည်လျား ကျယ်ပြန့်၏။ မရေမတွက်နိုင်သော စိတ်ဝိညာဉ် အပင်များ ထွက်ပေါ်ရာဒေသဆိုလျှင်လည်း မမှားချေ။
၎င်းက ဗဟိုသူတော်စင် အကယ်ဒမီ နံဘေးတွင်ရှိနေခဲ့ပြီး အကယ်ဒမီမှ ကျောင်းသားများနှင့် တခြားသော အင်အားစုများမှ ကျင့်ကြံသူများ မကြာခဏလာရောက်ရာနေရာလည်းဖြစ်သည်။
တစ်ခါတစ်ရံတွင် တခြားဒေသများမှ ကျင့်ကြံသူများလည်း အခွင့်အလမ်းရှာဖွေရန် လာရောက်လေ့ရှိကြသည်။
လက်ရှိအချိန်က ဆောင်းရာသီဖြစ်ပြီး နှင်းများ အဆက်မပြတ်ကျဆင်းနေရာ တောင်တန်းများနှင့် မြစ်ချောင်းများအား နှင်းများဖုံးလွှမ်းနေပြီး တာ့ကျင်း တောင်းတန်းတစ်ခုလုံးအား ငွေရောင်အလွှာတစ်ခု ဖုံးအုပ်ထားသည်နှင့် တူညီနေ၏။
သို့သော် ၎င်းက စွန့်စားသွားလာသူများ၏ စိတ်အားထက်သန်မှုကို တားဆီးနိုင်စွမ်းတော့မရှိပေ။
သက်တံ့ရောင် နေချည်အောက်၌ လူများ အဆက်မပြတ် ပျံသန်းရောက်လာနေကြ၏။
တာ့ကျင်းတောင်မှ ဆေးပင်များစွာ ရရှိထားသူများရှိသည်ဖြစ်ရာ တိုက်ပွဲများဖြစ်ကြမည်မှာ မလွဲဧကန်ပင်။
သူတပါးရထားသည်များအား ခိုးယူရန် ကြိုးစားနေသူများရှိသည်မှာ ပုံမှန်သာဖြစ်၏။
သို့သော် တိုက်ပွဲများက ခဏတာမျှသာ။
အဘယ်ကြောင့်ဆိုသော် ဤနေရာက ဗဟိုသူတော်စင် အကယ်ဒမီနှင့် ကပ်လျက်ရှိနေသည်ဖြစ်ရာ ကျယ်လောင်လာပါက ပြသနာတက်သွားပေလိမ့်မည်။
သို့သော် တာ့ကျင်းတောင်တန်းမှ ငြိမ်သက်မှုလေးက မကြာခင် ပျောက်ဆုံးသွားတော့၏။
ကောင်းကင်ထက်၌ မိုင်ပေါင်း ထောင်နှင့်ချီ ရှည်လျားသည့် သွေးနီရောင် အက်ကြောင်းကြီးတစ်ခု ထွက်ပေါ်လာပြီး လူတိုင်းကို ထိတ်လန့်သွားစေခဲ့သည်။
၎င်းအတွင်းမှ သွေးနီရောင် ချပ်၀တ်ဖြင့် လူငယ်တစ်ဦး ထွက်လာကာ အောက်ကလူများအား ငုံ့ကြည့်ပြီး ကျယ်လောင်စွာမေးလိုက်၏။
“ ရွှမ်ယီ ဘယ်မှာလဲ….”
အောက်မှ ကျင့်ကြံသူများ၏ နားစည်များကို တုန်ခါသွားစေပြီး ထိတ်လန့်ကာ ရုတ်ရုတ်သဲသဲ ဖြစ်သွားစေသည်။
ကောင်းကင်ထက်မှ အနီ၀တ်လူငယ် စိတ်မရှည်ဖြစ်လာခဲ့ပြီး
“ ဘုန်း…”
လက်ထိုးညွှန်လိုက်သည်နှင့် အစွမ်းထက် တိုက်ခိုက်မှု တစ်ခု ထွက်ပေါ်လာပြီး မြေပြင်၌ အဆုံးမမြင်နိုင်သော တွင်းပေါက်ကြီး တစ်ခုဖြစ်သွားစေသည်။
“ တိတ်တိတ်နေကြစမ်း… သိတဲ့လူ ရှေ့ထွက်လာပြီးပြော….”
“ သူက… ကုံရွှမ်ကို အနိုင်ယူခဲ့တဲ့ ပါရမီရှင်အသစ် သွေးမြှားဘုရင် ကျီချူပဲ….”
အောက်မှ တစ်စုံတစ်ယောက်က ထိုလူငယ်အား မှတ်မိသွားပြီး တီးတိုးပြောလိုက်သည်။
ကြားလိုက်ရသူများ တုန်လှုပ်သွားကြ၏။ သူတို့အားလုံး မကြာသေးမီက သတင်းများကိုသိထားကြသည်။
နန်ကျိုးမှ လူသားဘုရင်အဆင့် ဇယားတစ်ခုလုံး အကြီးအကျယ်ပြောင်းလဲသွားခြင်း…!
ယခင် လူများထဲမှ (၈)ယောက် ရှုံးနိမ့်သွားပြီး လူသစ်များ အစားထိုး ၀င်ရောက်လာခဲ့သည်။
၎င်းတို့အားလုံး အရည်အချင်းရှိသူများချည်းဖြစ်ကြပြီး တချို့လူများဆိုလျှင် ရွှမ်ယီကို စိန်ခေါ်မည်ဟု ပွင့်ပွင့်လင်းလင်း ပြောခဲ့ကြ၏။
ထိုအထဲတွင် သွေးနီရောင် ချပ်၀တ်နှင့် ကျီချူဆိုသူက အမောက်မာဆုံးဖြစ်သည်။
“ စစ်ပွဲက ရွှမ်ယီကို ကျော်ကြားစေခဲ့တယ်… ဒါပေမယ့် ငါက သူ့ကို လက်တစ်ဖက်နဲ့ အနိုင်ယူနိုင်တယ်….”
ရွှပ်…
ဝုန်း…
ကျီချူက သူ့အား အဖြေပေးမည့်လူကို စောင့်ဆိုင်းနေစဉ် အနီးအနား ကောင်းကင်ထက်ရှိ လေဟာနယ်က တုန်လှုပ်ဖွယ် ဓားစွမ်းအားတစ်ခုဖြင့် ခွဲခံလိုက်ရသည်။
တာအိုဘုန်းကြီး ၀တ်စုံနှင့် လူတစ်ဦး ထိုအထဲမှ ထွက်ပေါ်လာ၏။ သူက ရောက်ရောက်ချင်း ကျီချူအား မြင်လိုက်လျှင် မျက်၀န်းများ အနည်းငယ် လှုပ်ရှားသွားခဲ့သည်။
“ နောက်ထပ် အသစ်တစ်ယောက် ထပ်ရောက်လာတယ်…”
ထို အသစ်ရောက်လာသူ အမည်က ၀မ်ချုံရှောင်ဖြစ်ပြီး သိုင်းဒေသ၌ မွေးဖွားခဲ့သူဖြစ်သည်။
ထို့နောက် အားလုံး တိုင်ပင်ထားသည့်အလား ကောင်းကင်ထက်၌ လေဟာနယ် အက်ကြောင်းများ အချိန်ကိုက် တစ်ခုပြီးတစ်ခု ပွင့်လာပြီး အတွင်းမှ လူသားဘုရင်အဆင့်ဇယား လူသစ် ပါရမီရှင်များ တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာခဲ့သည်။
အောက်ဘက်မှလူများ ခေါင်းကျိန်းသွားသလိုပင်ခံစားလိုက်ရ၏။ ထို(၈)ယောက်၏ ရည်ရွယ်ချက်များက ရှင်းလင်းပေသည်။
ထို့နောက် နန်ကျိုးသို့ သတင်းတစ်ခု လျင်မြန်စွာ ပျံ့နှံ့သွား၏။
“ လူသစ် ပါရမီရှင်(၈)ယောက်က လူသားဘုရင်အဆင့်ဇယားမှ နောက်ဆုံးလူကို ဖယ်ရှားပြီး… သူတို့ အချင်းချင်း တိုက်ခိုက်ကြဖို့ ကတိပြုခဲ့ကြတယ်….”
နန်ကျိုးတစ်ခုလုံးတုန်ခါသွားပြီ လူပေါင်းများစွာတို့ မြင့်မြတ်သော ဘေးမဲ့နယ်မြေ ၊ တာ့ကျင်းတောင်သို့ အပြေးရောက်လာကြ၏။
ထိုကဲ့သို့ အံ့ဖွယ်ဖြစ်ရပ်အား မည်သူမှ လက်လွှတ်မခံလိုကြချေ။
၎င်းက နဂါးနှင့် ကျား အကြားမှ တိုက်ပွဲဖြစ်ပေလိမ့်မည်။ လူသစ် ပါရမီရှင်များအကြား အစွမ်းထက်ဆုံးကို ရွေးချယ်မည်ဖြစ်၏။
သို့သော် ရွှမ်ယီက ၎င်းတို့အတွက် ပထမဆုံး ပစ်မှတ် ပန်းတိုင်ဖြစ်ပေသည်။
…..