အခန်း (၃၃၀)
Vol. 22 Ch. 330
ထျန်ကျင်း အင်ပါယာနန်းတော်ထဲတွင်..
ကျင်းယွဲ့က ဓားဝှေ့ယမ်းလိုက်ရာ ကောင်းကင်ဘုရင်အဆင့် ကျင့်ကြံသူထံမှ တိုက်ခိုက်မှုကို ခံနိုင်သည့် သံမဏိရုပ်သေးရုပ်က ထက်ပိုင်းပြတ်သွားခဲ့သည်။
နံဘေးမှ အစေခံမလေး ရောက်လာပြီး လက်ကိုင်ပဝါတစ်ထည် ကမ်းပေးလိုက်၏။ ကျင်းယွဲ့က မည်သည့်အမူအရာမှ မရှိဘဲ ပုံမှန်အတိုင်း လှမ်းယူပြီး နှဖူးထက်မှ ချွေးများအား သုတ်လိုက်သည်။
သို့သော် အစေခံမလေး၏ မျက်နှာက တစ်စုံတစ်ခုအား စိတ်ပူနေဟန်ရသည်။
“ မင်းသား… လူသစ် ပါရမီရှင်(၈)ယောက်က ရွှမ်ယီကို တိုက်ခိုက်တော့မယ်လို့ သတင်းကြားတယ်… မင်းသား ဒီကိစ္စကို ဒေါသမထွက်ဘူးလား….”
သူမအမြင်တွင် ကျင်းယွဲ့က အလွန်အစွမ်းထက်သူဖြစ်သော်လည်း ထို လူသစ်များက ကျင်းယွဲ့ကို အလေးမထားဘဲ လျစ်လျူရှုခဲ့ကြသည်။ သူမ စိတ်ထဲတွင် ကျင်းယွဲ့က ဘာမှမပြောသည့်တိုင် ဒေါသထွက်နေမည်ဟု ထင်မှတ်ထား၏။
သို့သော် ကျင်းယွဲ့က အသာအယာပြုံးကာ လက်ယမ်းပြလိုက်ပြီး
“ အဲ့တာ ကောင်းကင်ကြီး ဘယ်လောက်မြင့်တယ်ဆိုတာ မသိတဲ့ ငတုံးတစ်အုပ်ပဲ… သူတို့ အားလုံး ပေါင်းတိုက်ရင်တောင် ရွှမ်ယီကို နိုင်မှာမဟုတ်ဘူး… ဒီကိစ္စကို ဘာလို့ ခေါင်းထဲ ထည့်နေရမှာလဲ….”
ထိုစကားကို ကြားလိုက်လျှင် အစေခံမလေး၏ မျက်၀န်းများထဲ၌ သံသယများ ဖြစ်ပေါ်လာပြီး ထပ်ပြောရန် ပါးစပ်ဟလိုက်သော်လည်း ထပ်မပြောဖြစ်တော့ချေ။
သူမက အစေခံတစ်ဦးဖြစ်သော်ငြား န၀မမင်းသား ကျင်းယွဲ့၏ အစေခံဖြစ်ရာ သူမလည်း ကျင့်ကြံသူတစ်ဦးဖြစ်ပြီး အားနည်းသူတစ်ယောက်မဟုတ်ချေ။
သူမ စိတ်ထဲတွင် ကျင်းယွဲ့က နှစ်သိမ့်ရန် ပြောလိုက်သော စကားများဟုသာ ထင်မှတ်ခဲ့သည်။
ထို လူသစ်(၈)ယောက်လုံးက ကိုယ်စီ အစွမ်းထက်သူများဖြစ်ကြပြီး မှတ်တမ်းကောင်းများ ပိုင်ဆိုင်ထားကြ၏။ သူတို့(၈)ယောက် ပေါင်းတိုက်လျှင် အဘယ်ကြောင့် ရွှမ်ယီကို အနိုင်မရမည်နည်း။
သို့သော် ကျင်းယွဲ့ကိုယ်တိုင် ထိုသို့ပြောခဲ့သည်ဖြစ်ရာ သူမ ထပ်မမေးဝံ့တော့ချေ။ သူမက အပြင်းအထန် ဆက်လေ့ကျင့်နေသော ကျင်းယွဲ့ကိုသာ ငေးကြည့်နေလိုက်တော့သည်။
…
တာ့ကျင်း တောင်တန်းတွင်
တဖြည်းဖြည်း လူများ ပိုမိုရောက်ရှိလာခဲ့၏။
“ ရွှမ်ယီ ဘယ်မှာလဲ…”
ကောင်းကင်ထက်မှ လူသစ် ပါရမီရှင်တစ်ဦးက အေးစက်စွာပြောလိုက်သည်။
သူ့လက်ထဲတွင် ရေခဲပြာရောင် ဓားမြှောင်တစ်ချောင်းကိုင်ထားပြီး အသွား၌ သွေးရောင် အလင်းလေးများ တဖျတ်ဖျတ်ပြေးနေ၏။
၎င်းထံမှ အဆုံးမရှိသော သတ်ဖြတ်ခြင်းအငွေ့အသက်များ ဖြာထွက်နေပြီး သွေးမည်မျှ သောက်သုံးခဲ့ပြီမှန်း တွေးဆ၍ပင်မရချေ။
ထိုလူ၏ မျက်၀န်းများထဲ၌ တိုက်ခိုက်လိုစိတ်များ ပြည့်နှက်နေခဲ့သည်။
“ ဒီနေရာက ဗဟိုသူတော်စင် အကယ်ဒမီနဲ့ မဝေးဘူး… သူ့ကို သွားရှာရအောင်…”
နောက်ထပ် လူသစ် ပါရမီရှင် တစ်ဦးကပြောလိုက်၏။ သူက ဤနေရာမှ ထွက်သွားရန်ပြင်လိုက်စဉ် ကျီချူထံမှ စိတ်မရှည်သော စကားသံထွက်ပေါ်လာသည်။
“ သွားစရာမလိုဘူး… ငါ ဗဟိုသူတော်စင် အကယ်ဒမီကို ရောက်ခဲ့တယ်… ရွှမ်ယီ အဲ့မှာမရှိဘူး…”
ဝိုး…
အောက်ဘက်မှ ဆူဆူညံညံဆွေးနွေးသံများ ထွက်ပေါ်လာခဲ့သည်။
“ သူက အနိုင်မယူနိုင်မှန်းသိလို့ ကြောက်ပြီး ထွက်ပြေးသွားတာများလား…”
“ ဟ.. အဲ့လိုတော့ မဖြစ်နိုင်ဘူး… စစ်ပွဲမှာတုံးက တော်၀င်ပင်လယ်သားရဲ(၁၀)ယောက်ကိုသတ်ပြီး သူ့အစွမ်းကို သက်သေပြခဲ့ပြီးပြီလေ.. ကြောက်ပြီး ထွက်ပြေးဖို့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး…”
တစ်ယောက်က ဥပမာများနှင့်တကွ တုံ့ပြန် ပြောဆိုလိုက်သည်။
သို့သော် ကောင်းကင်ထက်မှ လူသစ် ပါရမီရှင်တစ်ဦးက တာ့ကျင်းတောင်တန်းများပေါ်၌ လှည့်ပတ်ပျံသန်းပြီး ကျယ်လောင်စွာ လှောင်ပြောင်လိုက်၏။
“ ဒါဆို ဘာလို့ ထွက်မလာတာလဲ… သူသာ တကယ်အစွမ်းထက်ရင် သူ့ဓားနဲ့ ငါတို့ကို အနိုင်ယူပြီး သက်သေပြရမှာ မဟုတ်လား….”
အစောပိုင်းတွင် ပြန်ပြောခဲ့သူက ပြသနာရှာခံရမည်စိုး၍ ဘာမှပြန်မပြောဘဲ နှုတ်ဆိတ်နေလိုက်၏။
ထိုအချင်းအရာကိုမြင်လျှင် လူသစ် ပါရမီရှင်က လှောင်ပြောင် ရယ်မောလိုက်သည်။
သို့သော် အေးစက်သော စကားသံတစ်ခုက လေဟာနယ်အားဖြတ်သန်းပြီး ထွက်ပေါ်လာ၏။
“ အဲ့လိုလား… ဒါဆိုလည်း ငါ မင်းဆန္ဒကို ဖြည့်ဆည်းပေးမယ်….”
တစ်ခဏအကြာတွင် တာ့ကျင်းတောင်တန်း၏ တောင်ဘက်မှနေပြီး ကြောက်ဖွယ်အရှိန်အဟုန်ဖြင့် အံ့အားသင့်စရာကောင်းသော ဓားချီအလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။
ဘုန်း…
လှောင်ပြောင်ခဲ့ရယ်မောခဲ့သော လူသစ်ပါရမီရှင် တုံ့ပြန်ချိန်ပင်မရလိုက်ဘဲ တိုက်ရိုက်ထိမှန်သွားခဲ့သည်။
မြေပြင်သို့ တိုက်ရိုက် လွင့်စင်သွား၏။ ထိပ်တန်း အဆင့်(၅) စိတ်ဝိညာဉ်ချပ်ကာကလည်း အပိုင်းအစများအဖြစ် ပြောင်းလဲသွားလေသည်။
သို့သော် သူ့ရင်ဘတ်၌ ကျောက်စိမ်းရောင် ဖျော့ဖျော့ လင်းနေသည့် အစီအရင်ပြားတစ်ခုရှိနေပြီး ၎င်းက သူ့ခန္ဓာကိုယ်တစ်ခုလုံးအား ဖုံးအုပ်ကာ တာ့ကျင်းတောင်တန်းများမှ လေဟာနယ်ဖြတ်သန်းကာ သယ်ထုတ်သွားလေသည်။
ဓားချီ အလင်းတန်းတစ်ခုဖြင့် အနိုင်ယူခြင်းခံခဲ့ရသည်။
ဘယ်လို ဖြစ်နိုင်မှာလဲ…?
သို့သော် ဓားအလင်းက စွမ်းအားမကုန်သေးသည်ဖြစ်ရာ ရပ်တန့်မသွားဘဲ ကျန်(၇)ယောက်ထံသို့ ဆက်လက် တိုး၀င်သွားခဲ့သည်။
“ ဓားချီလေး တစ်ခုနဲ့ ငါ့ကို အနိုင်ယူချင်တာလား….”
လူသစ်ပါရမီရှင်တစ်ဦးက အေးစက်စွာ ဟစ်အော်လိုက်ပြီး သူ့ဆံနွယ်များက လေထဲ၌ ယမ်းခါသွားကာ နှဖူးအလယ်၌ အက်ကြောင်းတစ်ခု ဖြစ်ပေါ်လာပြီး ရွှေရောင် မျက်လုံးတစ်လုံး ထွက်ပေါ်လာ၏။
၎င်းက ဓားချီအား ဆန့်ကျင်ရန် ထောင်နှင့်ချီသော နတ်အလင်းများ ထုတ်လွှတ်လိုက်သည်။
“ ဒါက… ကောင်းကင်မျက်လုံး ဘုရင်ခန္ဓာကိုယ်ပဲ….”
အောက်မှ လူများ တုန်လှုပ်သွားကြ၏။
ဘုရင်ခန္ဓာကိုယ်ဆိုသည်မှာ စိတ်ဝိညာဉ်ခန္ဓာထက် များစွာ သာလွန်ပြီး ကျင့်ကြံခြင်း လမ်းခုလတ်၌ မတော်တဆဖြစ်ကာ သေဆုံးမသွားပါက တစ်နေ့တွင် မုချ အင်ပါယာအဆင့်သို့ ရောက်ရှိပေလိမ့်မည်။
“ ပျက်စီးလိုက်စမ်း….”
သူက ဟစ်အော်ကာ စိတ်ဝိညာဉ်စွမ်းအင်များကို လောင်ကျွမ်းစေလိုက်ပြီး ကောင်းကင်မျက်လုံးထံသို့ ပို့လွှတ်လိုက်သည်။
ကောင်းကင်မျက်လုံးစွမ်းအားက မခေလှပေ။ နတ်အလင်းများ၌ လျှို့ဝှက်ဆန်းကျယ်သော မျဉ်းကြောင်းများဖြစ်ပေါ်လာခဲ့ပြီး စွမ်းအားက ပို၍ ပြင်းထန်ကာ ကြောက်ဖို့ကောင်းခဲ့သည်။
သို့သော် ၎င်းက ဓားချီအလင်းတန်းအား ဘာမှလုပ်နိုင်ခဲ့ချေ။
အလွန်အစွမ်းထက်ဟန်ရသည့် နတ်အလင်းများက တို့ဟူးတုံးအလား နှစ်ခြမ်းခွဲခံလိုက်ရ၏။
ထို့နောက် လူထံသို့ ဆက်လက်၀င်ရောက်သွားလေသည်။
ဘန်း…
ကောင်းကင်မျက်လုံး ဘုရင်ခန္ဓာပိုင်ရှင် ၏ မျက်လုံးမှ သွေးများစီးကျလာခဲ့ပြီး ဖြူဖျော့နေသော မျက်နှာဖြင့် မြေပေါ်သို့ ဝုန်းကနဲ ပြုတ်ကျသွား၏။
ကျန်(၆)ယောက်လည်း ငြိမ်မနေနိုင်ကြတော့ချေ။
ထိုအထဲမှ (၂)ယောက်က စီကျုံးဂိုဏ်းမှ ဆင်းသက်လာကြသည်ဖြစ်ရာ အတူတကွ ပေါင်းစပ်တိုက်ခိုက်လိုက်ကြ၏။
သူတို့ တိုက်ခိုက်မှုက ထပ်တူညီနေပြီး ဝှက်ဖဲများကိုပင် ထုတ်ဖော်အသုံးပြုလိုက်ကြသည်။
ရွှစ်…
အနက်ရောင်အလင်းတန်းတစ်ခု ကောင်းကင်ထက်သို့ ထိုးတက်သွားပြီး ဓားသံများထွက်ပေါ်လာ၏။ ၎င်းက အနက်ရောင် တာအိုဓားတစ်ချောင်းဖြစ်ပြီး ၎င်းအထက်မှ တာအိုပုံစံများကမူ ပျက်စီးနေခဲ့သည်။
“ တာအိုမျဉ်းကြောင်းတွေ….! အဲ့တာ အင်ပါယာအဆင့်ကို ကျော်လွန်နေတဲ့ ဓားမဟုတ်လား….”
အောက်မှလူတိုင်း မျက်လုံးများ ပြူးကျယ်သွား၏။
သို့သော် မကြာမီ တစ်စုံတစ်ယောက်က တုံ့ပြန်လိုက်သည်။
၎င်းက ပြီးပြည့်စုံသော ဓားတစ်ချောင်းတော့ မဟုတ်ချေ။ တာအိုမျဉ်းကြောင်းများက ပျက်စီးနေပြီး ၎င်းအတွင်း၌ ထည့်သွင်းထားသော ဥပဒေသများ ရှိမနေပေ။
သို့သော် ပါရမီရှင် လူသားဘုရင်အဆင့်(၂)ယောက်၏ ပူးပေါင်းတိုက်ခိုက်မှုအောက်တွင် ၎င်းက ပျက်စီးနေသည့်တိုင် သာမန် အဆင့်(၆)ဓားထက် ကျော်လွန်သော စွမ်းအားမျိုး ထုတ်လွှတ်နေသည်။
ကောင်းကင်ဘုရင်တစ်ယောက်ကိုပင် တုန်လှုပ်သွားစေနိုင်စွမ်းရှိသည်။
သို့သော် သူတို့ ရရှိလိုက်သည့်အရာက စိတ်ပျက်မှုသာဖြစ်၏။
ဓားချီအလင်းတန်းကို ပိတ်ဆို့တားဆီးနိုင်ခြင်းမရှိချေ။ ထိုဓားချီအလင်းတန်းရှေ့၌ ကလေးငယ် တစ်ဦးသဖွယ်ဖြစ်နေ၏။
ထို့အပြင် ဓားချီအလင်းတန်းကြောင့် နဂိုကပင် ပျက်စီးနေသည့် အနက်ရောင် တာအိုဓားက အရည်ပျော်သွားပြီး မျက်စိတစ်မှတ်အတွင်း လေထဲ၌ အငွေ့ပျံသွားလေသည်။
နှစ်ယောက်လုံး ပါးစပ်မှသွေးများ ပန်းထွက်ကာ လွင့်စင်သွားခဲ့၏။ သူတို့မျက်နှာများကမူ အလွန်ပျက်ယွင်းနေချေပြီ။
၎င်းတို့က ယခင် ရှေ့မှ(၂)ယောက်လောက် အပြင်းအထန် ဒဏ်ရာမရခဲ့သော်လည်း ဆုံးရှုံးမှု အလွန်ကြီးမားလှသည်။
အလွန်တန်ဖိုးထားရသော အနက်ရောင် တာအိုဓား ပျက်စီးသွားခဲ့၏။
ရင်ဘတ်ထဲ၌ စူးအောင့်သွားပြီး အသက်ပင်မရှုနိုင်တော့သလို ခံစားလိုက်ကြရသည်။