ဦးဆောင်သူစာရင်း၏ ထိပ်ဆုံးသို့ ရောက်ရှိခြင်း။
Vol. 15 Ch. 189
အဓိက အချက်အနေဖြင့် ယွမ်ရှောင်က ပြင်းထန်စွာ သတ်ဖြတ်ခဲ့သောကြောင့် မြင်းစီးတပ်ဖွဲ့တစ်ခု ချီတက်လာသကဲ့သို့ လူတိုင်း၏ စိတ်အခြေအနေကို ဗြောင်းဆန်သွားစေသည်။
"ဝိုး၊ ဘယ်လောက်တောင် ကြမ်းတမ်းလိုက်သလဲ။ အဲ့ဒီ ဓားပျံရဲ့ အမြန်နှုန်းကို မင်းတို့ မြင်လိုက်လား"
"ယွမ်ရှောင်ကွ"
"အရုဏ်တက်နတ်ပြည်ထောင်က အထွတ်အထိပ် ရောက်နေပြီ"
နားကွဲလောက်အောင် ကျယ်လောင်သော အားပေးသံများက ကောင်းကင်နယ်မြေကို နောက်တစ်ကြိမ် တုန်ခါစေပြီး ပြိုင်ပွဲတလျှောက် အကျယ်လောင်ဆုံး ဖြစ်ခဲ့သည်။ ခရမ်းရောင်ကောင်းကင် အင်မော်တယ်နတ်ပြည်ထောင်၏ အိမ်ရှေ့စံက လုံးဝ သေဆုံးသွားခြင်း မရှိဘဲ မျက်လုံးများ မှိန်ဖျော့နေကာ မျက်နှာ ဖြူဖျော့နေသည်။ သူ၏ လက်များ တုန်ရီပြီး တွန့်လိမ်နေသကဲ့သို့ မြေပြင်တွင် ပြုတ်ကျနေသော ခရမ်းရောင် ချီ ဓားကို အသက်မဲ့စွာ စိုက်ကြည့်နေသည်။ သူက ဓားကို ဆင့်ခေါ်၍ အခြေအနေကို ပြောင်းလဲရန် မျှော်လင့်နေဆဲဖြစ်သော်လည်း ကံဆိုးသည်မှာ ခရမ်းရောင် ချီ ဓား ပျက်စီးနေသကဲ့သို့ လှုပ်ရှားမှု မရှိပေ။ ထိုအချိန်တွင် သူ၏ ရင်ဘတ်ကို ထိုးဖောက်နေသော ကောင်းကင် သင်္ချိုင်း ဓားဝိညာဉ်က သူ့ရုပ်ခန္ဓာကို နတ်ဆိုးစွမ်းရည်ဖြင့် ဖြည်းညှင်းစွာ အပိုင်းပိုင်း ဖြတ်တောက်နေသည်။
"ဓား ငါ့ဆီ လာခဲ့စမ်း"
အိမ်ရှေ့စံက အနက်ရောင် သွေးကို အန်ထုတ်၍ သူ၏ လက်ကို ခရမ်းရောင် ချီ ဓားဆီသို့ အစွမ်းအစ ရှိသမျှဖြင့် ဆန့်တန်းလိုက်သည်။
"ဓားက လာချင်စိတ် မရှိဘူးတဲ့"
ယွမ်ရှောင်က အိမ်ရှေ့စံ၏ ဦးခေါင်းပေါ်သို့ ခြေထောက်တင်၍ ရေခဲပမာ အေးစက်စက် ငုံ့ကြည့်လိုက်၏။
"မင်းအတွက် ဒါက ရတနာတွေထဲက တစ်ခုသာ ဖြစ်လို့ ဘယ်အချိန်မဆို စွန့်ပစ်နိုင်တယ်မလား။ ဒါပေမယ့် သူ့အတွက်လည်း မင်းက တစ်ဦးတည်းသော သခင် မဟုတ်ဘူး။ မင်း သေဆုံးသွားရင် သူက သခင်သစ်တစ်ယောက် ရှာဖွေပြီး ဘဝသစ် ဆက်လိမ့်မယ်"
"မဟုတ်ဘူး။ ခရမ်းရောင် ချီ ဓားက ငါ့ကို သစ္စာဖောက်မှာ မဟုတ်ဘူး"
အိမ်ရှေ့စံက သူ့ကို ဒေါသတကြီး စိုက်ကြည့်လိုက်သော်လည်း ယွမ်ရှောင် လက်တစ်ဖက် ယမ်းလိုက်ရုံဖြင့် ၎င်းမှာ နာခံစွာ ရောက်ရှိလာပြီး ခရမ်းရောင် ချီ ဓားကို ကိုင်ဆောင်ရင်း တစ်ဖက်လူ၏ မျက်နှာကို ပုတ်ကာ တစ်ချက်ပြုံးလိုက်သည်။
"မင်းရဲ့ ဓားကို လူတိုင်းက စိတ်ကြိုက် သုံးစွဲနိုင်တယ်။ ဒါကို ဓားလမ်းစဥ်လို့ ခေါ်တာလား။ ပြောရရင် ဒါ ရတနာ သန့်စင်ခြင်း သက်သက်ပဲ"
"ယွမ်ရှောင်၊ ငါက အရှုံးအတွက် ပြောစရာမရှိပေမယ့် ငါ့ရဲ့ ဓားပညာကို မစော်ကားနဲ့
အိမ်ရှေ့စုက သူ့ကို ထိုးစိုက်ထားသော ဧရာမ အပြာရောင် ဓားကို ဆုပ်ကိုင်နေပြီး သူ၏ ခန္ဓာကိုယ်မှာ ကောင်းကင် သင်္ချိုင်း ဓားဝိညာဉ်၏ ဖျက်ဆီးမှုအောက်တွင် အနက်ရောင် သွေးနှင့် ထူထဲသော မီးခိုးများအဖြစ် အရည်ပျော်ကျစပြုလာသည်။
"မင်းကို အနိုင်ယူဖို့ ငါက ခြေထောက်နဲ့သာ ဓားကို ထိန်းချုပ်ခဲ့တယ်။ မင်းရဲ့ ဓားပညာက စော်ကားဖို့ တန်လို့လား"
ဤစကားလုံးများက အိမ်ရှေ့စံ၏ စိတ်ဓာတ်ကို လုံးဝ ကြေမွသွားစေသဖြင့် နှစ်ကြိမ် အသတ်ခံလိုက်ရသကဲ့သို့ ဖြစ်ပြီး သနားစဖွယ် အဆုံးသတ်ပင်။ သူ တစ်ချိန်က ဂုဏ်ယူခဲ့သောအရာမှာ လူအုပ်ရှေ့တွင် ပြက်လုံးတစ်ခု ဖြစ်လာခဲ့ပြီး ခရမ်းရောင်ကောင်းကင်၏ အိမ်ရှေ့စံ၏ ပုံပြင်တွင် ဓားသမားတစ်ယောက်၏ ဓားကွက် တစ်ချက်တည်းဖြင့် အရှက်ခွဲခံခဲ့ရခြင်းမှာ နတ်ဘုရားတိုက်ကြီးတစ်ခွင် ပျံ့နှံ့သွားလိမ့်မည်။
"မင်း"
အိမ်ရှေ့စံသည် သူ နေ့စဥ် တသသထားခဲ့သော ခရမ်းရောင်ချီဓားနှင့် ယွမ်ရှောင် ကစားနေသည်ကို ကြည့်ရင်း သူ၏ စိတ်နှလုံး အပိုင်းပိုင်း ကြေကွဲသွားသည်။ထိုအချိန်တွင် ဓားပျံက ဓားရှည်အဖြစ် ပြောင်းလဲသွားပြီး ယွမ်ရှောင်၏ လက်ထဲသို့ ပြန်ရောက်လာ၍ သွေးစွန်းပြီး စုတ်ပြတ်သတ်နေသော ခန္ဓာကိုယ်သည် တိုက်ပွဲကွင်း၏ နံရံမှ လျှောကျသွားသည်။
"မလုပ်…"
အိမ်ရှေ့စံ၏ မှိန်ဖျော့ပြီး စိတ်ပျက်အားငယ်နေသော မျက်လုံးများတွင် ယွမ်ရှောင်က ကောင်းကင် သင်္ချိုင်း ဓားဝိညာဉ်ကို လက်တစ်ဖက် နှင့် ခရမ်းရောင် ချီ ဓားကို အခြားတစ်ဖက်တွင် ဆုပ်ကိုင်ထားသည်ကို မြင်တွေ့လိုက်ရသည်။ ထို့နောက် သူက ကောင်းကင် သင်္ချိုင်း ဓားဝိညာဉ်ကို ပြင်းထန်စွာ ဝှေ့ယမ်းပြီး ခရမ်းရောင် ချီ ဓားကို ထန်ခနဲ ခုတ်ပိုင်းကာ နှစ်ပိုင်း ဖြတ်ပစ်လိုက်ပြီး ဝမ်းနည်းစွာ အော်မြည်သံတစ်ခု ထွက်ပေါ်လာသည်။ ဤ မြင်ကွင်းကြောင့် အိမ်ရှေ့စံက နောက်ထပ် အနက်ရောင် သွေး တစ်လုတ် အန်ထွက်လာကာ မြေပြင်၌ သူ၏ ခန္ဓာကိုယ် ပျော့ခွေသွားပြီး ယွမ်ရှောင်ရှေ့တွင် ဖြည်းညှင်းစွာ ဒူးထောက်ကျခဲ့သည်။
"မင်းရဲ့ နောက်ဘဝရောက်ရင် လှည့်ကွက်ကို အားကိုးပြီး ကမ္ဘာဖျက်နိုင်တဲ့ ရှေးဟောင်း နတ်ဘုရား ဓားတစ်ချောင်း ပိုင်ဆိုင်ရင်တောင် ငါနဲ့တိုက်ခိုက်ရာမှာ ဓားထုတ်ဖို့ အချိန်တောင် ရမှာမဟုတ်ဘူးဆိုတာကို မှတ်ထား"
ဓားသမားများအတွက် ဓားရှိလျှင် လူရှိမည်ဖြစ်ပြီး ရတနာကို အားကိုးနေရန် မလိုအပ်ပေ။ လူနှင့် ဓား တစ်သားတည်းဖြစ်ပြီး ကိုယ့်ကိုကိုယ် အစွမ်းထက်ဓားအဖြစ် သွန်းလုပ်ရပေလိမ့်မည်။ ရတနာဓားများ ရှာဖွေရန်ထက် ဓားကျိုးလျှင် လူသေရမည်ဟူသော အချက်က ပို၍ နှစ်သက်စရာပင်။
" ငါ့ဓားဝိညာဉ်က အဆုံးမဲ့ စကြာဝဠာတစ်ခုရဲ့ တာအိုသန္ဓေ ဖြစ်တယ်။ မင်းရဲ့ ရတနာက ဘယ်လိုလုပ် ယှဥ်နိုင်မှာလဲ"
"မင်း....မင်း"
စိတ်ပျက်အားငယ်မှုကြောင့် အိမ်ရှေ့စံ၏ မျက်လုံးများ မှိန်ဖျော့သွားကာ ယွမ်ရှောင်ရှေ့တွင် ဒူးထောက်လျက်သား အသက်ထွက်သွားခဲ့သည်။
"တန်ဖိုးမရှိတဲ့ အမှိုက်ပဲ"
ယွမ်ရှောင်က ကျိုးပဲ့နေသော ခရမ်းရောင် ချီ ဓားကို အိမ်ရှေ့စံဘက်သို့ ပေါ့ပေါ့ပါးပါး ကန်ထုတ်လိုက်သည်။ ထို့နောက် သူက အိမ်ရှေ့စံ၏ ခန္ဓာကိုယ်မှ အင်မော်တယ်စစ်ပွဲ ကျောက်စိမ်းပြား သုံးရာကျော် သိမ်းယူလိုက်သဖြင့် ဦးဆောင်သူစာရင်း၌
ပဉ္စမနေရာသို့ တဟုန်ထိုး ခုန်တက်သွားသည်။ ခရမ်းရောင်ကောင်းကင် အင်မော်တယ်နတ်ပြည်ထောင်၏ မင်းသား မင်းသမီးများထံမှ အင်မော်တယ်စစ်ပွဲ ကျောက်စိမ်းပြားများကို ထပ်မံစုဆောင်းလိုက်ရာ ထိုစာရင်း၌ စတုတ္ထနေရာသို့ မြင့်တက်သွားခဲ့ပြန်သည်။ ရွှေရောင် အင်မော်တယ်စစ်ပွဲ ကျောက်စိမ်း တံဆိပ်ပြားများ မရှိသည့်တိုင်အောင် သူက လူသားများအကြားတွင် ထိပ်ဆုံးသို့ အတင်းအကျပ် လမ်းဖောက်နိုင်ခဲ့ပြီး ချန်ရီနှင့် သူ၏ အလောင်းအစားကို အနိုင်ရခဲ့ပြီးဖြစ်သည်။
တက်လှမ်းခြင်း တံခါးတွင် စစ်သေနာပတိချုပ်က နောက်လှည့်၍ လူသားမျိုးနွယ် အင်အားကြီး အုပ်စုများကို မျက်နှာချင်းဆိုင်လိုက်သည်။
" ဒါက ခရမ်းရောင်ဧကရာဇ် မဟုတ်ဘူးလား"
သူက အံ့ဩတကြီးဖြစ်သွားဟန်ဖြင့် ရေရွတ်သည်။ သူ၏ ရှေ့တွင် ခရမ်းရောင်ဧကရာဇ်၏ မျက်နှာက ငြိမ်သက်နေသော ရေပြင်ကဲ့သို့ တည်ငြိမ်နေပြီး ခန့်ညားသော မျက်နှာထက်တွင် နက်ရှိုင်းသော ရန်ကြွေးကို ဖုံးကွယ်ထားသည်။ အမှတ်တစ် လေးထောင့်ကွက်မှ ကမ္ဘာမြေတုန်လှုပ်စေသော အားပေးသံများ၊ ကြေမွနေသော ခရမ်းရောင် ချီ ဓား နှင့် ဒူးထောက် သေဆုံးနေသည့် သားဖြစ်သူ၏ မြင်ကွင်းက သူ၏ နှလုံးသားကို ထိုးဖောက်နေသော ဓားသွားတစ်ထောင်ကဲ့သို့ နာကျင်စေပြီး သွေးစက်စက်ယိုစီးကျနေ၏။
အင်မော်တယ်စစ်ပွဲသည် ရှင်ခြင်း နှင့် သေခြင်းအတွက် ရုန်းကန်မှုတစ်ခု ဖြစ်ပြီး လူသားနှင့် နတ်ဆိုး မည်သူပင် ဖြစ်ပါစေ၊ သနားကြင်နာမှု မရှိပေ။ တက်လှမ်းခြင်း တံခါးအောက်တွင် သွေးချောင်းစီးနေပြီဖြစ်ကာ လက်ရှိ အခြေအနေအရ နတ်ဆိုးများ ရှုံးနိမ့်နေပြီး နတ်ဆိုးလက်ပါးစေများမှာ အပြင်းထန်ဆုံး ရှုံးနိမ့်မှုကို ခံစားခဲ့ရသည်။
"ကောင်းကင်ကို ဆန့်ကျင်နိုင်တဲ့ ပါရမီရှင် သမက်ကြောင့် စစ်သူကြီး ချန်ကို ဂုဏ်ပြုပါတယ်။ ဒီအထောက်အပံ့ကြောင့် နန်းပလ္လင်ထက်ကို တက်နိုင်တော့မှာပဲ"
ခရမ်းရောင်ဧကရာဇ်က ယွမ်ရှောင်ကို ကြည့်ရင်း အားနည်းစွာ ပြောလိုက်သည်။
"ခရမ်းရောင်ဧကရာဇ်က နောက်ပြောင်နေတာပဲ။ ဧကရီက အင်မော်တယ်အဖြစ် တက်လှမ်းသွားရင်တောင် သခင်ရဲ ရှိနေတော့ ကျုပ်အလှည့် မဟုတ်သေးပါဘူး။ မင်းရဲ့ ထောက်ခံမှုကြောင့် ဒီသုံးယောက်က နန်းတက်ဖို့ အဆင်သင့်ဖြစ်နေလောက်ပါပြီ"
စစ်သေနာပတိချုပ်က တစ်ချက်ပြုံး၍ ရဲ ချင်းထျန်ဘက် လှည့်ကြည့်လိုက်သည်။
"ကလေး ကစားပွဲတစ်ခုကြောင့် စစ်သူကြီး ချန် စိုးရိမ်စရာ ဘာမှမရှိဘူး"
ယိုဖုန်းက ဝင်ပြောသည်။
" လူဆိုးကလေး ယိုချင်းကျစ် ကောင်းကင်ရောက်သွားလို့ ငါ အမှန်တကယ် စိတ်အေးသွားရတယ်"
ချန်ရှောင်က ဝမ်းသာလုံးဆို့နေပြီး သမီးနှင့်သမက်ကြောင့် အင်မော်တယ်စစ်ပွဲ ဗြောင်းဆန်နေစဥ် ရန်သူလေးဦးနှင့် ရင်ဆိုင်ဆန့်ကျင်နေခဲ့သည်။ ဤ နတ်ဆိုးလက်ပါးစေ ခေါင်းဆောင်များ ဒေါသတကြီးဖြစ်၍ နာကျင်နေရသည်မှာ ကောင်းသောအချက်ပင်။ သန်းခေါင်ယံတွင် စတင်ခဲ့သော တိုက်ပွဲက အရုဏ်တက်သည်အထိ ဆက်လက် ကျင်းပခဲ့ပြီး နေ့လည်ခင်းအထိ ဆက်လက် တည်ရှိနေလိမ့်မည်။
"စစ်သူကြီး ချန်က ကိုးကောင်းကင် အင်မော်တယ်စစ်တပ်ကို ကောင်းကင်နယ်မြေ တစ်ခုလုံး နေ့ရောညပါ ကင်းလှည့်ဖို့ စေလွှတ်ခဲ့တယ်လို့ ကြားတယ်"
ခရမ်းရောင်ဧကရာဇ်က မှတ်ချက်ချသည်။
" နတ်ဆိုးမိတ်ဆွေတွေ ကောင်းကင်နယ်မြေမှာ လမ်းပျောက်သွားမှာကို စိုးရိမ်လို့ပါ"
စစ်သေနာပတိချုပ်က ပြန်ဖြေသည်။
"စစ်သူကြီးချန်က အမှန်တကယ် စဉ်းစားပေးတတ်တာပဲ။ ညဘက်ရောက်ရင် စစ်တပ်ရဲ့ လုံခြုံရေးကို သတိထားပါ။ သူတို့တွေ တွင်းတစ်ခုထဲ ပြုတ်ကျပြီး မသေစေချင်ဘူးမလား"
ခရမ်းရောင်ဧကရာဇ်၏ မျက်လုံးများက နက်ရှိုင်းသော ချောက်နက်ကြီးများကဲ့သို့ မည်းနက်လာကာ ခြိမ်းခြောက်လိုက်သည်။
ခရမ်းရောင်ကောင်းကင် အင်မော်တယ်နတ်ပြည်ထောင်၏ အိမ်ရှေ့စံ သေဆုံးခဲ့သည်နှင့်တပြိုင်နက် ယွမ်ရှောင်၏အမည် တစ်ခုတည်းက နတ်ဘုရားတိုက်ကြီး နှင့် နတ်ဆိုးတိုက်ကြီး နှစ်ခုလုံးကို တုန်လှုပ်စေခဲ့သည်။ သို့သော် အစသာဖြစ်ပြီး နောက်ပိုင်းတွင် သူ၏ စွမ်းအားကို အပြည့်အဝ ထုတ်လွှတ်ကာ နောက်တိုက်ပွဲအတွက် နံရံများ ပွင့်လာသည့် အကြိမ်တိုင်း အနိုင်ယူရန် အကြည့်တစ်ချက်သာ လိုအပ်သည်။ အကယ်၍ ပြိုင်ဘက်က နတ်ဆိုးတစ်ကောင် ဖြစ်နေလျှင် ချက်ချင်းသတ်ပစ်ခဲ့ပြီး ခရမ်းရောင်ကောင်းကင် သို့မဟုတ် လူသားမျိုးနွယ်၏ အဇူရာ သစ်ရွက် အဖွဲ့မှ ဖြစ်လျှင်လည်း ဓားတစ်ချက်တည်းဖြင့် အဆုံးသတ်ပစ်ခဲ့သည်။ ထို့ကြောင့် ယွမ်ရှောင်တွင် အင်မော်တယ်စစ်ပွဲ ကျောက်စိမ်း တံဆိပ်ပြားများ စုဆောင်းမှု နှုန်း သိသိသာသာ တိုးတက်ပလာခဲ့ပြီး ပတ်လည်တိုက်ပွဲတွင် စုစုပေါင်း အင်မော်တယ်စစ်ပွဲ ကျောက်စိမ်း တံဆိပ်ပြား ငါးထောင်သာ ရှိသော်လည်း နေ့လည်အချိန် ရောက်သည့်အခါ သူ့အနေဖြင့် တံဆိပ်ပြား သုံးထောင်ကျော် စုဆောင်းခဲ့ပြီးဖြစ်သည်။
လုံလောက်အောင် အားကောင်းသရွေ့ ပတ်လည်တိုက်ပွဲ၏ ထိရောက်မှုသည် ကွင်းတွင်း ချန်ပီယံ တိုက်ပွဲထက်ပင် သာလွန်ပေသည်။ ကွင်းတွင်း ချန်ပီယံ တိုက်ပွဲတွင် ပါရမီရှင်တစ်ယောက်က စိန်ခေါ်သူများကို တစ်ဦးပြီးတစ်ဦး စောင့်ဆိုင်းရပြီး အမြန်နှုန်းမှာ အခြားသူများအပေါ် မူတည်သည်။ ပတ်လည်တိုက်ပွဲတွင် ပြိုင်ဘက်တစ်ဖွဲ့ကို အမြန်ဆုံး အနိုင်ယူရန်သာ လိုအပ်ပြီး နောက်တစ်ဖွဲ့ချက်ချင်း ရောက်ရှိလာသောကြောင့် အမြန်နှုန်းမှာ ကိုယ့်အပေါ် မူတည်သည်။ရန်သူများကို သတ်ဖြတ်ရာတွင် ယွမ်ရှောင်၏ ဓားကွက်က အံ့ဩစရာကောင်းလောက်အောင် လျင်မြန်ပြီး ဓားကျင့်ကြံသူများ အားလုံးသည် တိုက်ပွဲပြီးဆုံးရန် အမြန်နှုန်းကို အထူးပြုကြသည်။
အင်မော်တယ်စစ်ပွဲ၏ ပထမနေ့ အဆုံးတွင်၊ ယွမ်ရှောင်က ဦးဆောင်သူစာရင်း၏ ထိပ်ဆုံးသို့ ရောက်ရှိခဲ့ပြီး ဒုတိယနေရာထက် တံဆိပ်ပြား တစ်ထောင်ကျော်အသာဖြင့် ရှိနေသည်။ ဒုတိယနေရာမှာ ချန်ရီ ဖြစ်ပြီး နတ်ဆိုး စိန်ခေါ်သူ အများအပြားကို ဆွဲဆောင်ခဲ့ကာ နတ်ဆိုးတိုက်ကြီးမှ ပါရမီရှင် အများအပြားကို သတ်ဖြတ်ခဲ့သည်။ ပထမ နှင့် ဒုတိယ နေရာကို လက်ရှိတွင် အရုဏ်တက်နတ် အင်မော်တယ်နတ်ပြည်ထောင်မှ ပိုင်ဆိုင်ထားပြီး တိုက်ပွဲ၏ ကနဦး အဆင့်သတ်မှတ်ချက်များက မည်သည့် လောင်းကစားရုံ၏ ခန့်မှန်းချက်များထက်မဆို ကျော်လွန်ခဲ့သည်။
"အင်မော်တယ်စစ်ပွဲ၏ ပထမနေ့ ပြီးဆုံးကြောင်း ကြေညာတယ်။ ယနေ့ည သန်းခေါင်ယံမှာ အစစ်အမှန် တိုက်ပွဲ စတင်ပြီး လောကရဲ့ ထိပ်တန်း အင်မော်တယ်ကို ဆုံးဖြတ်မယ်"
ယိုဖုန်းက ကြေညာလိုက်ပြီး အရုဏ်တက်နတ်ပြည်ထောင်မှ ဦးဆောင်နေသော်လည်း ဝန်ကြီးချုပ်အနေဖြင့် ပျော်ရွှင်နေခြင်း မရှိပေ။ ဤသဘောထားကြောင့် ကောင်းကင်နယ်မြေ၏ ပြည်သူများသည် အရေခြုံ သူတော်စင်များနှင့် နတ်ဆိုးတိုက်ကြီး လက်ပါးစေ ခွေးများ၏ စစ်မှန်သော သဘာဝကို ပို၍ ရှင်းလင်းစွာ သိလာကြသည်။ ကြေညာချက်အပြီးတွင် ခရမ်းရောင်ဧကရာဇ်၊ ရဲ ချင်းထျန်၊ မူတန်းရှီ နှင့် ယိုဖုန်းတို့က အေးစက်စက် မျက်နှာထားများဖြင့် ထွက်ခွာသွားကြသည်။ ရဲချင်းထျန်က ဓားတာအိုကျောက်တိုင် တည်ရှိရာဘက်သို့ ကြည့်နေပြီး သူ၏ မျက်လုံးများတွင် သရဲတစ္ဆေဆန်ဆန် ဆိုးညစ်နေသည်။
"ဟေ့"
ယွမ်ရှောင် နှင့် သူ၏ အသင်းဖော်များ အမှတ်တစ် လေးထောင့်ကွက်မှ ထွက်ခွာလာစဉ် တစ်စုံတစ်ယောက်က သူ့ကို အော်ခေါ်လိုက်သည်။ လှည့်ကြည့်လိုက်သောအခါ အဖြူရောင် ဝတ်စုံထက်တွင် နတ်ဆိုးသွေးများ စွန်းထင်းနေသော်လည်း ဖြူစင်သော ကြာပန်းပမာ လှပနေသည့် ချန်ရီကို မြင်လိုက်ရ၏။
"ငါတို့ ဆက်သွားမယ်"
ချန်ကျင်း နှင့် အခြားသူများက အခြေအနေကို နားလည်သည့်အတွက်လျင်မြန်စွာ ထွက်ခွာသွားကြသည်။ နေရောင်အောက်တွင် အားကျဖွယ် စုံတွဲက အိမ်သို့ ဘေးချင်းယှဉ် လျှောက်လှမ်းလာကြသည်။
"ငါ ဒီနေ့ လောင်းကြေး နိုင်ခဲ့သည်"
ယွမ်ရှောင်က ရုတ်တရက် ပြောလိုက်သည်။
"အခြေအနေတွေ နည်းနည်း ရှုပ်ထွေးလာနေပြီ"
"နင် ဘာကို ဆိုလိုတာလဲ"
ချန်ရီက သူ့ကို ကြည့်လိုက်သည်။
"ဒီလို ဆက်သွားနေရင် ငါက ထိပ်တန်း အင်မော်တယ် ဖြစ်လာပြီး အရုဏ်တက်နတ် ဧကရီကို လက်ထပ်ရလိမ့်မယ်။ မင်း အသည်းကွဲနေရမှာပေါ့"
"နင်နဲ့ငါက လက်ထပ်ပြီးသားပဲ။ အိပ်မက် မက်မနေနဲ့"
"အိပ်မက်ဟုတ်လား။ အင်မော်တယ်စစ်ပွဲ၊ ထာဝရ ပျော်ရွှင်ခြင်းရဲ့ သေဆုံးမှု၊ မင်္ဂလာပွဲ… အခုထိ အရာအားလုံးက အိပ်မက်တစ်ခုလိုမျိုး မဟုတ်ဘူးလား။ မင်္ဂလာပွဲအကြောင်းဆိုမှ မင်း ငါ့ကို အဲ့ဒီတင်တောင်းကြေး မပေးရသေးဘူး"
ယွမ်ရှောင်က စနောက်လိုက်သောကြောင့် သူမ မင်သက်သွားသည်။
"ဟန်ဆောင်မျက်နှာဖုံးတွေ ခွာချလိုက်ရအောင်။ ငါတို့နှစ်ယောက်လုံး ဟန်ဆောင်နေတာ ရပ်လိုက်သင့်ပြီ"
သူက ရုတ်တရက် ရပ်တန့်၍ သူမနှင့် မျက်လုံးချင်းဆုံလိုက်သည်။
"ဘာပြောချင်တာလဲ"
"အင်မော်တယ်စစ်ပွဲအပြီးမှာ မင်းက ငါ့ကို တွေ့ချင်တယ်မဟုတ်ဘူးလား။ တကယ်လို့ နဂါးဝတ်ရုံနဲ့ သရဖူကို ဝတ်ထားမယ်ဆိုရင် ငါ တော်တော်စိတ်လှုပ်ရှားသွားလောက်တယ်"
ယွမ်ရှောင်က ချန်ရီ၏လက်ကို ဆွဲကိုင်လိုက်ပြီး ကြင်နာစွာ ပြုံးပြလိုက်လေသည်။