ဓားသူတော်စင်စွန်း၏ ဒေါသ
Vol. 15 Ch. 192
တည်းခိုခန်းတွင် ကောင်းကင်နယ်မြေ၌ ထောင်စုနှစ်များစွာ မျိုးရိုးစဉ်ဆက် ရှိသည့် မျိုးနွယ်ခေါင်းဆောင်များ စုဝေးနေကြသည်။ သူတို့အားလုံးက သူတော်စင် နယ်ပယ်မှ ဖြစ်ကြပြီး အင်မော်တယ်နတ်ပြည်ထောင်တွင် တရားဝင် ရာထူးများ ကိုင်စွဲထား၍ နိုင်ငံရေးနှင့် ကုန်သွယ်ရေး များကို ထိန်းချုပ်ထားကြသည်။ နတ်ဘုရားတိုက်ကြီး၏ အဓိက အင်မော်တယ်နတ်ပြည်ထောင် ခြောက်ခုအနက် သူတော်စင် နယ်ပယ် ကျင့်ကြံသူ များပြားသော်လည်း နတ်ဆိုးတိုက်ကြီးတွင် ပို၍ပင် များပြားသည်။ သူတော်စင် နယ်ပယ် အရေအတွက်သည် နိုင်ငံတစ်နိုင်ငံ၌ အရေးကြီးဆုံး အင်အား အတိုင်းအတာများထဲမှ တစ်ခု ဖြစ်သည်။ အရုဏ်တက်နတ် အင်မော်တယ်နတ်ပြည်ထောင်၏ သူတော်စင် နယ်ပယ် အင်အား အများစုကို အဇူရာ သစ်ရွက် အဖွဲ့ အဓိက ထိန်းချုပ်ထားပြီး ရဲ၊ မူ၊ ဟန်၊ ယို၊ ချိုင်၊ မော့၊ ရှ၊ လင်း စသည့် အမည်များက ကောင်းကင်နယ်မြေ၏ အာဏာရ မျိုးနွယ်များ ဖြစ်ကြသည်။
"ငရဲ မိစ္ဆာ၊ မင်း ဘာလုပ်ရမယ်ဆိုတာကို သိတယ် မလား"
လေထဲတွင် ရပ်နေသော ရဲချင်းထျန်၏လက်ထဲတွင် အနက်ရောင် စက်လုံးတစ်ခုရှိပြီး ရှုံ့တွနေသော မျက်နှာများ ၎င်းအပေါ်တွင် ပေါ်ထွက်လာသည်။
"ဒါ မင်းအပေါ်မှာ မူတည်နေပြီ"
ရဲ ချင်းထျန်က ယိုဖုန်းကို စိုက်ကြည့်၍ လေးနက်စွာ သတိပေးလိုက်သည်။
"စိတ်မပူနဲ့၊ မင်းရဲ့ မိသားစုနဲ့ မျိုးနွယ်ကို စောင့်ရှောက်ပေးမယ်။ သူမ သေဆုံးသွားရင် မင်းက လူသားမျိုးနွယ်ရဲ့ သူရဲကောင်းတစ်ဦးအဖြစ် ချီးကျူးခံရလိမ့်မယ်"
"နတ်ဘုရားတိုက်ကြီး နဲ့ နတ်ဆိုးတိုက်ကြီးရဲ့ ငြိမ်းချမ်းရေး မြတ်နိုးသူ အားလုံး နှလုံးသားထဲတွင်၊ ဝန်ကြီးချုပ်ယိုက သူရဲကောင်းတစ်ဦးအဖြစ် အကောင်းမြင်ခံရလိမ့်မယ်"
စိမ်းပြာရောင် မြူခိုးအတွင်းရှိ ပိုးကောင်တစ်ကောင်က ထောင့်တစ်နေရာမှ တိုးတိုးလေး ပြောသည်။
"ဧကရာဇ်ရဲ နဲ့ ကူဧကရာဇ်ရဲ့ ထောက်ခံမှုကြောင့် ငါက သေရမှာ မကြောက်ပါဘူး"
"ခရီးလမ်း ချောမွေ့ပါစေ၊ ဝန်ကြီးချုပ်"
ယိုဖုန်းသည် စာလိပ်တစ်ခုကို ဆုပ်ကိုင်၍ ပြတင်းပေါက်ထံ ချဉ်းကပ်လိုက်ပြီး သူ၏ ရှေ့တွင် သူရဲကောင်းဓားသမားများ၏ အထိမ်းအမှတ် ကျောက်တိုင် ရပ်တည်နေသည်။
"အရုဏ်တက်နတ်ဧကရီ နဲ့ ယွမ်ရှောင်က ငါတို့ကို ဆန့်ကျင်နေပြီး ကောင်းကင်နယ်မြေရဲ့ မြင့်မြတ်မျိုးနွယ်ဝင် တစ်သန်းကျော်ရဲ့ ကံကြမ္မာက ဒီအကြံပေါ် မူတည်နေတယ်"
ရဲချင်းထျန်က ယို ဖုန်းယ၏ ပခုံးကို ပုတ်၍ ပြောလိုက်၏။
"ဟုတ်တယ်။ ငါတို့ မျိုးနွယ်စုတွေရဲ့ အကျိုးစီးပွားကို လူသားမျိုးနွယ် အားလုံးထက် ရှေ့တန်းတင်ရမယ်"
ယိုဖုန်းသည် ရဲ ချင်းထျန်နှင့် အကြည့်တစ်ချက် ဖလှယ်ပြီး လှေကားများမှ ဆင်းသက်သွားကာ လက်ထဲတွင် စာလိပ်တစ်ခု ကိုင်ဆောင်ထားရင်း ဓားတာအိုကျောက်တိုင်ထံ ဦးတည်လိုက်သည်။
"ဝန်ကြီးချုပ်နောက် လိုက်ကြ"
လမ်းတစ်လျှောက်တွင် မဟာကျောင်းတော်၏ တပည့် ကျောင်းသားများနှင့် ကြီးမြတ်သော မျိုးနွယ်များ၏ သားသမီးများက ဆိုင်များမှ ထွက်ပေါ်လာကြပြီး ယို ဖုန်း၏ အနောက်တွင် တန်းစီကာ အချိန်တိုအတွင်း ထောင်ပေါင်းများစွာသော အင်အားတစ်ခု စုရုံးခဲ့ပြီးဖြစ်သည်။
"ဝန်ကြီးချုပ် နှင့် မဟာကျောင်းတော်ရဲ့ ကျောင်းသားတွေလား"
"သူတို့က ဘာလုပ်ဖို့ စီစဉ်နေတာလဲ"
လူထောင်ပေါင်းများစွာ၏ အကြည့်အောက်တွင် ယိုဖုန်းသည် ဓားတာအိုကျောက်တိုင်ရှေ့တွင် ရပ်လိုက်သဖြင့် ဓားဂူကြီး သုံးခု၏ အာရုံစိုက်မှုကို ဆွဲဆောင်ခဲ့သည်။ ဓားကျင့်ကြံသူများ စတင် ပေါ်ထွက်လာကြပြီး သူတို့ထဲတွင် နန်းကုန်းရှီး၊ ရောင်ယွဲ့နှင့် စုလန်လန်၏ မျက်နှာများ တင်းမာနေသည်။
"တော်ဝင် အမိန့်တော်အရ ဓားဂူများသည် ဤအမိန့်ကို နာခံရမည်"
အမိန့်တော်ဟု ကြားလိုက်သောအခါ မဟာကျောင်းတော် တပည့်ပေါင်းများစွာ ဒူးထောက်ကြလိုက်သကဲ့သို့ ဓားကျင့်ကြံသူများအတွက်လည်း ချွင်းချက်မရှိပေ။
ယိုဖုန်း တစ်ယောက်တည်း ရပ်နေပြီး သူ၏ မျက်လုံးများ လေးနက်နေကာ စိတ်အားထက်သန်စွာ ကြေညာလိုက်သည်။
"အရုဏ်တက်နတ်ဧကရီ၏ အမိန့်တော်တွင် ဖော်ပြထားသည်မှာ ရှေးခေတ်မှစ၍၊ ဓားကျင့်ကြံသူများ၏ မျိုးရိုးစဉ်ဆက်သည် ရက်စက်ကြမ်းကြုတ်မှုနှင့် ဥပဒေမဲ့မှုအတွက် လူသားများနှင့် နတ်ဆိုးများကြား ပဋိပက္ခကို လှုံ့ဆော်၍ ပြည်သူများထံ ဒုက္ခ ဆောင်ကြဉ်းခဲ့သည်။ သူတို့၏ ရာဇဝတ်မှုများက ဤကမ္ဘာကို ပရမ်းပတာ ဖြစ်စေခဲ့သည်"
"သစ္စာရှိ လက်အောက်ခံများထံမှ မရေမတွက်နိုင်သော အသနားခံစာများကို အလေးထား၍ ဓားကျင့်ကြံသူများ၏ မျိုးရိုးကို ဖျက်သိမ်းရန်၊ ဓားဂူကြီး သုံးခုကို ဖျက်သိမ်းရန်၊ ဓားတာအိုကျောက်တိုင်ကို ဖယ်ရှားရန်နှင့် အင်မော်တယ်နတ်ပြည်ထောင်၏ ကိုယ်ကျင့်တရား ကောင်းမွန်သော ပတ်ဝန်းကျင်ကို ပြန်လည် ထူထောင်ရန် စံနမူနာတစ်ခုအဖြစ် သတ်မှတ်ခဲ့သည်"
စောင့်ကြည့်နေသော ကောင်းကင်နယ်မြေ၏ ကျင့်ကြံသူများ မင်သက်သွားကြပြီး ယွမ်ရှောင် နှင့် ချန်ရီ ဦးဆောင်သူစာရင်း၏ ထိပ်ဆုံးသို့ ရောက်ရှိနေသဖြင့် ဧကရီအနေဖြင့် ဤအမိန့်တော်မျိုး ထုတ်ပြန်ရန် ရူးသွပ်နေရပေလိမ့်မည်။ ဓားတာအိုကျောက်တိုင်သည် အတိတ်ခေတ်များ၏ သူရဲကောင်းများအတွက် အထိမ်းအမှတ် ကျောက်တိုင်တစ်ခုဖြစ်ပြီး ၎င်းကို ဖျက်ဆီးခြင်းက ထောင်စုနှစ်ချီသော သမိုင်းကို ပစ်ပယ်ခြင်း ဖြစ်လိမ့်မည်။
အိုမင်းပြီး ခါးကိုင်းနေသော ပုံရိပ်တစ်ခု လူအုပ်ကြားမှ ထရပ်လာကာ သူ၏ မျက်လုံးများ တိမ်ဖုံးနေသော်လည်း သွေးရောင် စွန်းထင်းနေသည်။
"ယိုဖုန်း မင်း တော်ဝင် အမိန့်တော်ကို လိမ်လည် ဖန်တီးရဲသလား"
အဘိုးအို၏ အသံက ဒေါသကြောင့် တုန်ရီနေသည်။ တော်ဝင် အမိန့်တော်ကို လိမ်လည် ဖန်တီးခြင်းက မိသားစု တစ်ခုလုံးကို ကွပ်မျက်ခြင်းဖြင့် အပြစ်ပေးထိုက်သော ရာဇဝတ်မှု ဖြစ်သောကြောင့် လူအုပ်အကြား အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ဓားကျင့်ကြံသူများကို ချေမှုန်းခြင်း၊ ဓားတာအိုကျောက်တိုင်ကို ဖျက်ဆီးခြင်းနှင့် အမိန့်တော်ကို လုပ်ကြံ ဖန်တီးခြင်း ယိုဖန်း ကိုယ်တိုင် ရူးသွပ်သွားသည် မဟုတ်ပါလော။
"ဘယ်လောက်တောင် ရဲတင်းလိုက်လဲ။ သာမန် ပြည်သူတစ်ယောက်က ဝန်ကြီးချုပ်ကို အသရေဖျက်ရဲသလား"
မဟာကျောင်းတော်၏ တပည့်များက ထိုအဘိုးအိုကို ဝိုင်းဝန်း အပြစ်တင်နေကြသည်။
"အမိန့်တော် ထုတ်ပြန်ပြီးပြီ။ ဘယ်သူမဆို ဆန့်ကျင်ရင် ပိုမို ပြင်းထန်စွာ အပြစ်ပေးခံရလိမ့်မယ်။ ကောင်းကင်နယ်မြေရဲ့ ပညာရှင်တွေ ငါ့အမိန့်ကို နာခံကြ။ မဟာကျောင်းတော်က အင်မော်တယ်နတ်ပြည်ထောင် နဲ့ လူသားမျိုးနွယ်၏ စစ်မှန်သော စိတ်ဓာတ်နှင့် ကိုယ်ကျင့်တရား ကျောရိုးကို ကိုယ်စားပြုပြီး အစဉ်အမြဲ အမွေအနှစ် မီးရှူးတန်ဆောင်တစ်ခု ဖြစ်ခဲ့တယ်။ မင်းတို့လို လူငယ် ပညာရှင်တွေက အင်မော်တယ်နတ်ပြည်ထောင်၏ အနာဂတ်ထောက် တိုင်များ နဲ့ မျိုးနွယ်ရဲ့ ကျောရိုး ဖြစ်ကြတယ်။ အရှင်မက မင်းတို့ရဲ့ ထက်သန်ပြီး ဖြောင့်မတ်သော နှလုံးသားများကို အသုံးပြု၍ ဆိုးညစ်သော ဓားတာအိုကျောက်တိုင်ကို ဖျက်ဆီးလို့ လူသားမျိုးနွယ် ပြည်သူများကို ခေတ်သစ်တစ်ခုသို့ ဦးဆောင်ရန် အမိန့်ပေးလိုက်တယ်"
ယိုဖုန်း၏ အသံက အေးစက်နေပြီး ဓားတာအိုကျောက်တိုင်ကို ညွှန်ပြ၍ ကြေညာခဲ့သည်။ ဤ စကားလုံးများကြောင့် မဟာကျောင်းတော်၏ ကျောင်းသားများက စိတ်အားထက်သန်သော နှလုံးသားများဖြင့် ဓားတာအိုကျောက်တိုင်ဆီသို့ ချီတက်လိုက်ကြသည်။
"အဲ့နေရာမှာ ရပ်လိုက်စမ်း"
ဓားကျင့်ကြံသူ တစ်သိန်းက ဓားဂူများမှ ပေါ်ထွက်လာ၍ အဘိုးအို နှင့် သခင်မ သုံးဦးက ဦးဆောင်ပြီး မဟာကျောင်းတော် ကျောင်းသား သောင်းပေါင်းများစွာ၏ လမ်းကြောင်းကို ပိတ်ဆို့ခဲ့သည်။ သူတို့၏ မျက်လုံးများ တောက်လောင်နေကာ ထိုလူငယ်များကို စိုက်ကြည့်ရင်း ယမ်းပုံမီးကျ ဒေါသထွက်နေသည်။ ဒေါသ သူတို့၏ ရင်ဘတ်များထဲတွင် လှုပ်ခတ်နေသည်။ ဓားတာအိုကျောက်တိုင်က မကောင်းဆိုးဝါး၏ သင်္ကေတဟူသည့် စကားမျိုး ပြောရဲသည်အထိ အရှက်ကင်းမဲ့နေကြသည်။
"မင်းတို့ အမှန်တရားကို ဘယ်လို မျက်ကွယ်ပြုရဲတာလဲ။ အာဇာနည်သူရဲကောင်းတွေက သူတို့ရဲ့အသက်နဲ့ ကောင်းကင်နယ်မြေအတွက် ကာကွယ်ရေး စည်းတစ်ခု တည်ဆောက်ခဲ့တယ်။ မင်းတို့က သူတို့အတွက် အမှတ်တရကို ညစ်ညမ်းစေပြီး စော်ကားရဲသလား"
စု လန်လန်၏ မျက်လုံးများ ဒေါသကြောင့် နီရဲနေသည်။
"ဘယ်က အာဇာနည်တွေလဲ။ အရှင်မက သူတို့ကို ခေတ်အဆက်ဆက်ရဲ့ အပြစ်သားဟု အမိန့်ထုတ်ပြန်ခဲ့ပြီ။ ဤ ဓားတာအိုကျောက်တိုင်သည် ဘယ်တော့မှ အထိမ်းအမှတ် ကျောက်တိုင် မဟုတ်ခဲ့ဘူး။ သူတို့ရဲ့ ရာဇဝတ်မှုအတွက် သက်သေခံတစ်ခုဖြစ်ပြီး အနာဂတ် မျိုးဆက်တွေကို သတိပေးရမယ်"
မူချင်းချွမ် ဟူသည့် မဟာကျောင်းတော်မှ လူငယ် တာအို ပညာရှင်တစ်ဦးက ကျယ်လောင်စွာ ပြန်ပြော၍ မူတန်းရှီ၏ ညီလည်း ဖြစ်သည်။ မဟာကျောင်းတော် ကျောင်းသားများ အလယ်မှ အမျိုးသမီးတစ်ဦးကလည်း ရှေ့သို့ ခြေလှမ်းလာပြီး မျောက် သူတော်စင်၏ ညီမ၊ လီရှီရှီပင်။
" နတ်ဆိုးတိုက်ကြီးရဲ့ ညီအစ်ကိုမောင်နှမတွေက အသက်ရှင် ရပ်တည်ဖို့သက်သက်အတွက် ဆန့်ကျင် တိုက်ခိုက်ခဲ့ကြတယ်။ တကယ်လို့ ဓားကျင့်ကြံသူတွေကသာ ညှဉ်းပန်းနှိပ်စက်မှု မရှိခဲ့ရင် ဘာကြောင့် အဆုံးမဲ့ စစ်ပွဲတွေ ရှိနေရမှာလဲ။ နတ်ဆိုးတိုက်ကြီးက ငါတို့ကို လူသားမျိုးနွယ်ဆီမှာ သင်ယူရန်နဲ့ ယဉ်ကျေးသော နည်းလမ်းများကို ခံယူရန် စေလွှတ်နေဆဲဖြစ်တယ်။ ဒါပေမယ့် ဓားကျင့်ကြံသူတွေက နောင်တမရဘဲ ရက်စက်ပြီး ကြမ်းတမ်းနေဆဲဖြစ်တယ်။ အရုဏ်တက်လနတ်ဧကရီ ၊ ကောင်းကင်နယ်မြေ နဲ့ နတ်ဘုရားတိုက်ကြီးရဲ့ ပြည်သူ အားလုံး မင်းတို့ကို မုန်းတီးတာ အံ့ဩစရာ မရှိဘူး"
သူမက အော်ဟစ်ကြွေးကြော်လိုက်ပြီး မဟာကျောင်းတော်မှ နတ်ဆိုးကျောင်းသား ရာပေါင်းများစွာ ထောက်ခံလိုက်ကြသည်။
"ကျောက်တိုင်ကို ဖြိုချ"
မူချင်းချွမ်၊ လီ ရှီရှီ၊ နှင့် အခြား တာအို ပညာရှင်များ ဦးဆောင်၍ ကျောင်းတော်သား သောင်းပေါင်းများစွာ အရှိန်အဟုန်ဖြင့် ရှေ့သို့ တိုးဝင်လာကြသည်။
" အမိန့်တော်ကို ဆန့်ကျင်ရင် မိသားစု တစ်ခုလုံး ကွပ်မျက်ခံရလိမ့်မယ်"
"ငါတို့က အင်မော်တယ်နတ်ပြည်ထောင်ရဲ့ အနာဂတ် ဖြစ်တယ်၊ ဘယ်သူက ငါတို့ရဲ့ လမ်းတွင် ပိတ်ရပ်ရဲသလဲ"
လူငယ်များက ဓားကျင့်ကြံသူများကို ဆန့်ကျင် တွန်းတိုက်နေသောကြောင့်
ဓားကျင့်ကြံသူများ၏ မျက်လုံးများ သွေးနီရောင် သန်းနေကာ ဒေါသဖြင့် လောင်ကျွမ်းနေကြသည်။ သူတို့က အမြဲတမ်း သည်းခံခဲ့သော်လည်း လက်ရှိတွင် လက်ဖဝါးများ တဆတ်ဆတ်တုန်ရီနေကာ ဓားဝိညာဥ်များထံမှ မကျေမနပ်မြည်တမ်းသံများ ထွက်ပေါ်နေသည်။
"တကယ်လို့ မင်း နဲ့ ဓားကျင့်ကြံသူ တစ်သိန်း ဒူးထောက်ပြီး အပြစ်ကို ဝန်ခံရင်၊ မင်းတို့ အသက်ရှင်နိုင်သေးတယ်။ ဒါပေမယ့် မင်းတို့ ခုခံရင် မျိုးနွယ်တစ်ခုလုံး ရင်ဆိုင်ရမယ့် ကြောက်မက်ဖွယ် ကံကြမ္မာကို စဉ်းစားကြည့်လိုက်။ ဒါက အစပဲရှိသေးတယ်"
မူချင်းချွမ်က ခါးကိုင်းနေသော အဘိုးအို ဓား သူတော်စင် စွန်းရှေ့တွင် ရပ်နေပြီး မထီမဲ့မြင် ရယ်မောလိုက်သည်။
"မင်းတို့ အမိန့်တော်ကို လိမ်လည် ဖန်တီးပြီး အထိမ်းအမှတ် ကျောက်တိုင်တစ်ခုကို ဖျက်ဆီးဖို့ ခြိမ်းခြောက်တယ်။ လူသားမျိုးနွယ်ကို သစ္စာဖောက်ခြင်း ကျူးလွန်တာပဲ"
" အမိန့်တော်အတုဆိုတော့ရော ဘာဖြစ်လဲ။ အဘိုးကြီး၊ အပြစ် ကျူးလွန်နေတာက အရုဏ်တက်နတ်ဧကရီပဲ။ သူမက ငါတို့ကို ဒီအခြေအနေအထိရောက်အောင် တွန်းပို့ခဲ့လို့ ဘယ်သူ့ကို အပြစ်တင်ရမှာလဲ။ တကယ်လို့ ငါတို့က အရုဏ်တက်နတ်ဧကရီ နဲ့ နတ်ဆိုးတိုက်ကြီးအကြား ရွေးချယ်ရမယ်ဆိုရင်တောင် သူမကို ရွေးချယ်မှာ မဟုတ်ဘူး။ သူမက အင်မော်တယ်ဖြစ်သွားရင် ငါတို့ အသတ်ခံရလိမ့်မယ်"
မူချင်းချွမ်က အရေးမစိုက်ဟန်ဖြင့် တီးတိုးပြောလိုက်ပြီး ဆိုးယုတ်သော စိတ်ထား ပေါ်လွင်နေ၏။ ထို့နောက် သူက ဓားသူတော်စင်စွန်းကို တွန်းထုတ်လိုက်ပြီး ဖြောင့်မတ်ဟန်ဖြင့် အော်ကြီးဟစ်ကျယ် ကြေညာခဲ့သည်။
"ဓား သူတော်စင် စွန်း။ မင်းက နတ်ဆိုးတိုက်ကြီးရဲ့ ညီအစ်ကိုမောင်နှမတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တယ်။ မင်းလည်း သမိုင်းဝင် ရာဇဝတ်ကောင်တစ်ဦး ဖြစ်တယ်။ ယနေ့၊ ငါတို့က ကောင်းကင်ကိုယ်စား မင်းကို အပြစ်ပေးမယ်။ ငါ့ကို သတ်လည်း ကိစ္စမရှိဘူး။ ငါ မူချင်းချွမ်က သေဆုံးဖို့ ဆန္ဒရှိတယ်။ ငါ့နောက်မှာ ဖြောင့်မတ်တဲ့ လူသားများစွာ ရပ်တည်ပေးကြလိမ့်မယ်။ ငါ့ကို သတ်ရဲလား ဓား သူတော်စင် စွန်း။ မင်းရဲ့ အပြစ်ရှိတဲ့ ဓားဝိညာဉ်ကို ဝှေ့ယမ်းပြီး ငါ့ကို ခုတ်လိုက်"
"ငါတို့ကိုလည်း သတ်လိုက်စမ်းပါ။ နတ်ဆိုးတွေကို သတ်ပြီး မင်းတို့ရဲ့ ဓားအော်ရာနဲ့ ဓားစက်ကွင်းကို တိုးတက်အောင် လုပ်နေကြတာမလား။ မင်းတို့က စစ်ပွဲကို အမြတ်ထုတ်နေတာပဲ"
မူချင်းချွမ်နည်းတူ မဟာကျောင်းတော်၏ တပည့်များက ဓားကျင့်ကြံသူများထံ ပြေးဝင်သွားကာ မြေပေါ်သို့ တွန်းလှဲလိုက်ကြသည်။
"ငါ့ကို သတ်စမ်း။ တကယ်လို့ မင်းတို့ မလုပ်ရဲရင်၊ ငါတို့က ပြည်သူအတွက် ရပ်တည်ပြီး ဒီမကောင်းဆိုးဝါး အထိမ်းအမှတ် ကျောက်တိုင်ကို ဖြိုပစ်မယ်"
ဓားကျင့်ကြံသူ တစ်သိန်းက သွေးရောင်မျက်ဝန်းများဖြင့် မဟာကျောင်းတော်၏ တပည့်များ ဓားတာအိုကျောက်တိုင်ထံ ချဉ်းကပ်လာသည်ကို စောင့်ကြည့်နေကြသည်။ သူတို့၏ မျက်နှာများက ပြင်းပြသော ဝေဒနာကြောင့် ရှုံ့မဲ့နေကာ ဓားဝိညာဉ်များ လက်ထဲတွင် ထွက်လာခဲ့သည်။ သူတို့အားလုံးက မူချင်းချွမ်ကြောင့် ရွှံ့ထဲသို့ တွန်းချခံထားရသော အဘိုးအိုထံ လှည့်ကြည့်နေကြသည်။ သူက အလွန် အိုမင်းနေပြီဖြစ်ကာ အရာအားလုံး ဆုံးရှုံးခဲ့ပြီး သူ လိုချင်ခဲ့သမျှမှာ ဤ ဓားကျင့်ကြံသူ တစ်သိန်းနှင့် ဓားလမ်းစဥ်ကို ထိန်းသိမ်းထားရန် ဖြစ်သော်လည်း ဖျက်ဆီးလိုသူများ အမြဲတမ်း ရှိနေခဲ့သည်။
"ထစမ်း။ တိုက်ခိုက်ရမှာ ကြောက်နေပြီလား။ ဒီကိစ္စပြီးရင် မင်းကို လူသားမျိုးနွယ်ရဲ့ တမန်တော်အဖြစ် နတ်ဆိုးတိုက်ကြီးကို ပို့ပေးမယ်။ ဟား ဟား"
မူချင်းချွမ် ရယ်မောနေစဉ် သူ၏ ဦးခေါင်းက မြေပြင်သို့ ရုတ်တရက် ပြတ်ကျသွားသဖြင့် ရယ်သံ တိခနဲ ရပ်တန့်သွားသည်။ မရေမတွက်နိုင်သော မျက်လုံးများက မူချင်းချွမ်၏ ဦးခေါင်းပြတ် မြေပြင်သို့ ကျဆင်းသွားသည်ကို မြင်လိုက်ရပြီး ခါးကိုင်းနေသော အဘိုးအိုသည် သူ၏ ကျောကို ဖြောင့်ကာ သုံးရောင်ခြယ် ဓားဝိညာဥ်ကို လက်ထဲတွင် ကိုင်ဆောင်ထားခဲ့သည်။ ၎င်းမှ သွေးများ အလွန်အမင်း စီးကျနေပြီး ထိုနေရာရှိ လူတိုင်း၏နားအတွင်း ပဲ့တင်ထပ်သွားသော စကားတစ်ခွန်းကို ဓားသူတော်စင်စွန်းက အော်ဟစ်လိုက်သည်။
"သတ်"
သူက ဓားဝိညာဉ်ကို လူအများရှေ့တွင် နောက်ဆုံး ကိုင်စွဲခဲ့သည်မှာ မည်မျှ ကြာမြင့်ခဲ့ပြီကို မေ့လျော့နေခဲ့သည်။ ထိုနေ့တွင် သူက ဒေါသတကြီးဖြင့် နတ်ဆိုးသူတော်စင် အများအပြားကို သတ်ဖြတ်ပြီး သူတို့၏ ဦးခေါင်းများဖြင့် အောင်ပွဲခံ ပြန်လာခဲ့သည်။ သို့သော် သူ့ကို စောင့်မျှော်နေခဲ့သည်မှာ အဇူရာ ကောင်းကင် ဧကရာဇ်က သူ၏ မိသားစုဝင် ဆယ့်နှစ်ဦးကို ဖမ်းဆီးပြီး နတ်ဆိုးတိုက်ကြီး၏ နတ်ဆိုးများထံ ပေးအပ်လိုက်ခြင်း ဖြစ်သည်။ သက်ကြီးရွယ်အိုများမှ မွေးကင်းစ ကလေးငယ်တစ်ဦးအထိ အသက်သေဆုံးသည့်တိုင်အောင် ညှဉ်းပန်းနှိပ်စက်ခံခဲ့ရသည်။ သူ့အတွက် ကျန်ရှိခဲ့သမျှမှာ အကြွင်းအကျန် ဆံပင် ဆယ့်နှစ်မျှင်သာ ဖြစ်၍ သူတို့ကို နောက်ဆုံး တစ်ကြိမ်ပင် မြင်တွေ့ခွင့် မရခဲ့ပေ။ ထိုနေ့မှစ၍ သူက အတွင်းစိတ်၌ သေဆုံးခဲ့ရပြီး ဓားကျင့်ကြံသူများ ပျောက်ကွယ်သွားမည်ကို ကြောက်ရွံ့နေခဲ့သည်။ ဓားတာအိုကျောက်တိုင်ကို အနာဂတ် မျိုးဆက်များမး လေးစားမှု မရှိတော့မည်ကို စိုးရိမ်ပူပန်ခဲ့သည်။ ထို့ကြောင့် သူက မည်သူ့ကိုမဆို ခေါင်းငုံ့၍ မတူကွဲပြားသော ဘဝတစ်ခု ရှင်သန်ခဲ့ရသည်။
သူက ဓားဝိညာဥ်ကို ဆွဲထုတ်ပြီး မူချင်းချွမ်ကို ခေါင်းဖြတ်လိုက်သည့် အခိုက်အတန့်တွင် တစ်ချိန်လုံး ဖိနှိပ်ထားသော ဒေါသစိတ်များ မီးတောင်ကဲ့သို့ ပေါက်ကွဲထွက်လာသည်။ ကြာမြင့်စွာ တိတ်ဆိတ်နေခဲ့သော ဓားဝိညာဉ်က ပတ်ဝန်းကျင်တစ်ခုလုံး တုန်လှုပ်သွားစေမည့် ဓားအော်သံ စူးရှစွာ မြည်ဟီး၍ အသက်ဝင်လာခဲ့လေသည်။