အပိုင်း (၁၃၇၃)
Vol. 93 Ch. 1373
ကလေး မွေးဖွားသည့် ကိစ္စနှင့်ပတ်သက်၍ မည်သူ သတင်းဖြန့်သည်မှာ အရေးမကြီးတော့ချေ။ အရေးကြီးသည်မှာ ထိုသတင်းသည် ဂိုဏ်းတစ်ခုလုံး၌ တောမီးကဲ့သို့ ပျံ့နှံ့နေပြီဖြစ်၏။ ထိုကဲ့သို့သော သတင်းများကို ရပ်တန့်နိုင်ရန် ကျွင်းချောင်ရှောင်းသည် ဂိုဏ်းချုပ်တစ်ယောက်၏ အာဏာကို အဆုံးစွန်အထိ အသုံးပြု၍ သတင်းဖြန့်သည့် လူများအားလုံးအား စည်းကမ်းထိန်းသိမ်းရေး ခန်းမဆောင်ဆီသို့ ပို့လွှတ်ခဲ့၏။ ထို့ကြောင့် မည်သူမှသည် ထိုအချင်းအရာနှင့်ပတ်သက်၍ ဆက်ကာ မပြောတော့ချေ။
သို့ပေမဲ့ တပည့်များအားလုံးသည် သူတို့၏ နှလုံးသားထဲမှာတော့ ဂိုဏ်းချုပ်အား အမှန်ပင် ချီးကျူးဂုဏ်ယူလျက် ရှိနေ၏။ သူတို့၏ဂိုဏ်းချုပ်သည် အစစ်အမှန် ဂိုဏ်းချုပ်မျိုး ဖြစ်၏။ သာမန် ဂိုဏ်းချုပ်တစ်ယောက် မဟုတ်ပေ။ မိန်းမများသာလျှင် ပြုလုပ်တတ်သည့် အလုပ်ကိုပင် တာဝန်ယူကာ ပြုလုပ်ရဲနေသည့်၊ ပြုလုပ်နိုင်စွမ်းရှိနေသည့် ဂိုဏ်းချုပ်တစ်ယောက် ဖြစ်နေသည် မဟုတ်ပါလား။
“ဟင်း”
ကျွင်းချောင်ရှောင်းသည် စာကြည့်ခန်းထဲတွင် ထိုင်လျက်ရှိ၏။ သူသည် စိတ်ပျက်လက်ပျက် ဖြစ်မိနေသည်။ အထူးတာဝန် ပြည့်စုံသည့်အတွက် စနစ်မှ ပေးအပ်ခဲ့သည့်အရာသည် စိတ်ဝိညာဉ်သားရဲခန်းမဆောင်ကို အဆင့် မြှင့်တင်နိုင်ရန်ဖြစ်၏။
“ဒင်... စိတ်ဝိညာဉ်သားရဲဟောခန်းမဆောင်သည် အဆင့်မြင့်ဗားရှင်းအဖြစ် အဆင့်တိုးမြှင့်ခဲ့သည်”
ဆေးခန်းမဆောင်၊ ပန်းပဲခန်းမဆောင်တို့အားလုံးသည် အဆင့်မြှင့်တင်ခဲ့ပြီး ဖြစ်တော့၏။ ကြည့်ရသည်မှာ ဆေးခန်းမဆောင်နှင့် ပန်းပဲခန်းမဆောင်တို့သည် ကြီးကြီးကျယ်ကျယ် တိုးတက်သွားခဲ့၏။ ယခုအဆင့်တိုးမြှင့် ခဲ့ခြင်းသည် မည်သည့်အသုံးဝင်သည့်အရာများ ဖြစ်လာမည်နည်း။
ကျွင်းချောင်ရှောင်းအနေဖြင့် ထိုအရာကို နှိပ်ကြည့်လိုက်သည့် အချိန်မှာတော့ ထအော်လုမတတ်ပင် ဖြစ်သွား၏။ စိတ်ဝိညာဉ်သားရဲခန်းမဆောင်၏ မျက်နှာပြင်သည် ပြောင်းလဲသွားခဲ့၏။ ယခင်တုန်းက လုပ်ဆောင်နိုင်မှုများ မရှိတော့သော်လည်း သေးငယ်လှသည့် သေတ္တာများသည် အစီအရီနှင့် တည်ရှိနေ၏။ သေတ္တာတစ်ခုချင်းစီ တိုင်းတွင် သားရဲဥတစ်မျိုးချင်းစီရှိ၏။ ထိုသားရဲဥများသည် အသွင်အပြင်၊ အမူအရာ၊ အရောင်နှင့် နာမည်များ ကွာခြားလျက် ရှိနေ၏။ မိုးကြိုးကြံ့ဥ၊ ရေခဲဖီးနစ်ဥ၊ စိတ်ဝိညာဉ် ခရီးနှင်ဥ စသည်ဖြင့် တို့ဖြစ်သည်။
“ချီးတဲ့မှ... ဒါက နည်းနည်း မလွန်လွန်းဘူးလား”
ကျွင်းချောင်ရှောင်းအနေဖြင့် ပို၍ ထိတ်လန့်အံ့အားသင့်စေသည် မှာ စိတ်ဝိညာဉ်သားရဲ ဟောခန်းမဆောင်ကို အဆင့်မြှင့်တင်ပြီးသည့်နောက် ဥတစ်ခုချင်းစီတိုင်းသည် ရှားပါးလှသည့် သားရဲဥများဖြစ်ပြီး ထိုအရာများသည်လုံလောက်သည့် အရင်းအမြစ်များ ပေးအပ်မည်ဆိုပါက သားဖောက် နိုင်စွမ်းရှိ၏။ ထို့အပြင် သားဖောက်ပြီးသွားသည့် သားရဲများကိုလည်း ဂိုဏ်းထဲရှိ မည်သူမဆို၏ ပဋိညာဉ်သားရဲ အဖြစ် ပေးနိုင်စွမ်းရှိ၏။
အောက်နယ်မြေမှာတုန်းက စိတ်ဝိညာဉ်သားရဲ ဟောခန်း၏ အလုပ်လုပ်ဆောင်မှုသည် သူ၏ ပဋိညာဉ်သားရဲများ အား စွမ်းရည်များ ရရှိစေရန် လေ့ကျင့်ပေးနိုင်ခြင်းနှင့် သားရဲဆေးလုံးများ သန့်စင်နိုင်ခြင်းပင်ဖြစ်၏။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ ပိုမိုကာ ကြောက်မက်ဖွယ်ကောင်းသည့် စိတ်ဝိညာဉ်သားရဲဟောခန်းအဖြစ် ပြောင်းလဲ သွားခဲ့သည်။ သားရဲဥများကို သားဖောက်နိုင်ရုံသာမက မိမိနှစ်သက်ရာ တပည့်များဆီသို့ ပဋိညာဉ်သားရဲအဖြစ်ပေးအပ်နိုင်စွမ်းရှိနေသေးသည်။
ကျွင်းချောင်ရှောင်းသည် သူ၏မျက်နှာကို ဖုံးကာကာ ရယ်မောလိုက်၏။ သားရဲဥများ၏ နာမည်ကို ကြည့်ရှုလိုက် သည်နှင့် ဤအရာများသည် အလွန်ရှားပါးလှသည့် သားရဲများဖြစ်မည်ဟု ကျိန်းသေ သိရှိနိုင်၏။ သူ့အနေနှင့် ပဋိညာဉ်သားရဲများ မလိုအပ်ချေ။ သို့ပေမဲ့ သူ၏တပည့်များကတော့ လိုအပ်နေ၏။ တစ်ယောက်ချင်းစီတိုင်းသည် ပဋိညာဉ်သားရဲ တစ်ကောင်စီ ရရှိမည်ဆိုပါက ၎င်းတို့၏ အားအင်အဆင့်များသည် တိုးတက်မှာသေချာ၏။
လက်နက်၊ ရတနာနှင့် စီးတော်ယာဉ် - ကျင့်ကြံခြင်းလောကတွင် ကိုယ်ပိုင်ကျင့်ကြံမှုလမ်းစဉ် အားကောင်းဖို့ လိုအပ်သလို ဟိတ်ဟန်ထုတ် ကြွားဝါ၍ ရနိုင်သည့် လက်နက်၊ အသုံးအဆောင်နှင့် စီးတော်ယာဉ်များလည်း လိုအပ်နေ၏။ လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသောသူများသည် လက်ရှိအချိန်တွင် စီးတော်ယာဉ်များ လိုအပ်လျက်ရှိသည်။
ဆွစ်
ကျွင်းချောင်ရှောင်းသည် မိုးကြိုးကြံ့ဥဆိုသည့်အရာအား နှိပ်ကာ ကြည့်ရှုလိုက်၏။ အသေးစိတ် အချက်အလက်များ သည် ပေါ်ပေါက်လာ၏။
“မိုးကြိုးကြံ့ဥ - ရှားပါးလှသည့် သားရဲ
အရည်အသွေး - ရှားပါးလှသည့်သားရဲ
အခြေအနေ - စိတ်ဝိညာဉ်ကျောက်တုံး ဆယ်သန်းနှင့် သားဖောက်ရန် လိုအပ်သည်။
အထူးအခြေအနေ - မရှိ”
“.........”
အခြေအနေကို မြင်ရပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် နှလုံးသားထဲတွင် အေးခဲသွားမိ၏။ ဤ မိုးကြိုး သားရဲဥအား သားဖောက်ရန်အတွက် လိုအပ်သည့် လုပ်ငန်းစဉ်များသည် ရှုပ်ထွေးမှု မရှိပေ။ ရွှမ်စိတ်ဝိညာဉ် ကျောက်တုံး ဆယ်သန်းကိုသာ ပြင်ဆင်ထားရန် လိုအပ်၏။
ကုန်းရှန့်သည် တခြားသော သားရဲဥများကိုလည်း လိုက်လံကာ ကြည့်မိလိုက်၏။ အားလုံးသည် ရှားပါးလှသည့် ရတနာ သားရဲများဖြစ်ပြီး ထိုဥများကို သားဖောက်ရန်အတွက် ရွှမ်စိတ်ဝိညာဉ်ဆယ်သန်း လိုအပ်လျက်ရှိသည်။ ဆိုလိုသည်မှာ အချိန်ဖြုန်းနေစရာမလို ပိုက်ဆံကို သုံးလိုက်ရုံသာဖြစ်သည်။
“ဈေးကြီးလွန်းတယ်”
သားရဲဥလေး တစ်ခုသည် ဆယ်သန်းတောင် ကုန်ကျ၏။ ဂိုဏ်းတွင် တပည့်ပေါင်း တစ်သိန်း ခန့်ရှိ၏။ အားလုံးကိုသာ ပဋိညာဉ်သားရဲပေးရမည် ဆိုလျှင် …
“မဖြစ်ဘူး။ မဖြစ်ဘူး”
ဤအရာသည် သူတတ်နိုင်သည့် အရာ မဟုတ်ပေ။
“စိတ်အေးအေးထား”
စနစ်က ပြောလိုက်သည်။ “ဘာပဲပြောပြော စိတ်ဝိညာဉ်ကျောက်တုံးတွေက ရှာဖွေလို့ ရတာပဲ”
“အင်း” ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် လင်းလက်သွား၏။ စိတ်ဝိညာဉ်ကျောက်တုံးများသည် အရေးကြီးသည်ဆိုသော်လည်း ထိုအရာကို ရှာဖွေရန် နည်းလမ်းကို စဉ်းစားနိုင်သေး၏။ ဂိုဏ်းစုဆောင်းမှတ်များ မှာတော့ တာဝန်များမှတဆင့် ရရှိသည့်အရာများပင်ဖြစ်သည်။ ဥပမာအားဖြင့် သူ့တွင် လက်ရှိ ဂိုဏ်းစုဆောင်းမှတ် လေးသောင်းသာရှိ၏။ ထို့ထက်ပို၍ တိုးတက်မလာခဲ့ချေ။
“အလျင်မလိုဘူး။ အလျင်မလိုဘူး”
ကျွင်းချောင်ရှောင်းသည် တည်ငြိမ်စွာ ပြောလိုက်မိ၏။ “ပိုက်ဆံဆိုတာ ဖြည်းဖြည်းချင်း ရှာလို့ရတယ်။ အချိန်ရောက်လာရင် ငါ စိတ်ဝိညာဉ်ကျောက်တုံး ဆယ်သန်းဆီကို ထုတ်ပြီး တပည့် တစ်ယောက်ချင်းစီကို ပဋိညာဉ်သားရဲတွေ ပေးပစ်မယ်။ မိုးကြိုးကြံ့ဥဆိုတဲ့ သားရဲကောင်က ချင်းယန်နဲ့ လိုက်ဖက်မှာပဲ။ ချင်းယန်က မိုးကြိုးဓာတ်သဘာဝကို ပိုင်ဆိုင်တယ်။ ရေခဲဖီးနစ်ဆိုတဲ့ဥကတော့ ချင်းချင်းနဲ့ လိုက်ဖက်လိမ့်မယ်။ စိတ်ဝိညာဉ်ခရီးနှင်သူဆိုတဲ့ဥကတော့ ရှောင်မိုနဲ့ လိုက်ဖက်မယ်ထင်တယ်”
ကျွင်းချောင်ရှောင်းအနေဖြင့် လောလောဆယ် ပိုက်ဆံမရှိသေးသော်လည်း ပဋိညာဉ်သားရဲများကို မည်သူ့အား ပေးမည်ဆိုသည့်အကြောင်းအရာနှင့် ပတ်သက်၍ ကြိုတင်ကာ စဉ်းစားလျက် ရှိနေ၏။
ဟုတ်ပေသည်။ စိတ်ဝိညာဉ် သားရဲဟောခန်းထဲတွင် များပြားလှသည့် သားရဲဥများလည်း တည်ရှိနေသေး၏။ သို့ပေမဲ့ တည်နေရာ အကန့်အသတ်ကြောင့် ထိုအရာများ အားလုံးသည် ထွက်ပေါ်မလာခဲ့ချေ။ တစ်ခုချင်းစီကို လိုက်လံကြည့်ရှုဖို့ ဆိုသည်မှာ ခက်ခဲလွန်းလှသည်။
ဘုန်း ဘုန်း …။
မဲမှောင်နေသည့် တိမ်တိုက်များကြားတွင်ရှိသော မြင့်မားလွန်းလှသည့် တောင်၏ထိပ် တည်နေရာထဲတွင် မိုးကြိုးများ ပစ်ခတ်လျက် ရှိနေတော့၏။ တည်နေရာကြီးတစ်ခုလုံးသည် တုန်ခါလျက်ရှိပြီး ထိုတည်နေရာကြီး ထဲတွင် သတ်ဖြတ်လိုခြင်း အော်ရာများ စုစည်းနေ၏။
“ဂိုဏ်းချုပ်”
မိုးကြိုးများ ပစ်ခတ်လျက် ရှိသည့် တောင်၏ အစွန်းတည်နေရာမှာတော့ မုတ်ဆိတ်များနှင့် အဘိုးအို တစ်ယောက်သည် အလျင်အမြန်ဖြင့် ရောက်ရှိလာသည်။ “မိုးကြိုးကန်ထဲမှာ နှစ်ပေါင်းတစ်ထောင်ကျော် ပြုစုပျိုးထောင်ထားရတဲ့ မိုးကြိုးဥက အခု မရှိတော့ဘူး”
.............
ရေခဲနှင့် နှင်းများ ဖုံးလွှမ်းနေရာ တည်နေရာ
သာမန်ထက် ပို၍ လှပလွန်းသော မိန်းကလေးများသည် လေထဲ၌ ရပ်လျက်ရှိ၏။ ၎င်းတို့သည် လက်ရှိ အခြေအနေမှာတော့ ၎င်းတို့ ကလန်ထဲတွင် ရှိနေသည့် ရေခဲဖီးနစ်ဥကြီး ခိုးခံလိုက်ရသောကြောင့် လိုက်လံ ရှာဖွေနေကြခြင်းပင်။
ဆွစ် ဆွစ် ….။
ကျယ်ပြောပြီး အကန့်အသတ်မဲ့လှသော မြက်ခင်းပြင်ထဲမှာတော့ စွမ်းအားမြင့် သားရဲများ၊ ကျားလိုလို၊ ဝံပုလွေ လိုလို စွမ်းအားမြင့် သားရဲများသည် မြေကြီးမှ တစ်ဆင့် ခုန်ပျံလျက်ရှိ၏။ ၎င်းတို့၏ ကျောဘက်တွင် တောင်ပံများ တည်ရှိ၏။ ၎င်းတို့၏ ကြီးမားလှသည့် မျက်လုံးထဲတွင် ဒေါသတရားများ ပြည့်နှက်လျက်ရှိသည်။
“ဂိုဏ်းချုပ်ရဲ့အမိန့်... စိတ်ဝိညာဉ်ခရီးနှင်ဥကို ခိုးယူသွားခဲ့တဲ့ ဘယ်သူ့ကိုမဆို ဖြစ်နိုင်သမျှ အရင်ဆုံး ဖမ်းရမယ်”
ကျွင်းချောင်ရှောင်း စိတ်ဝိညာဉ်သားရဲဟောခန်းကို အဆင့်မြှင့်တင်လိုက်သည်နှင့်တပြိုင်နက် အထက်နယ်မြေတွင် ရှိနေသော လူသားမဟုတ်သည် မျိုးနွယ်များသည် တစ်စုံတစ်ခု ပျောက်ကွယ် ကုန်ကြတော့၏။ လက်ရှိအချိန် မှာတော့ ၎င်းတို့သည် အပူတပြင်း လိုက်လံရှာဖွေနေကြ၏။
စိတ်ဝိညာဉ်သားရဲဟောခန်းတွင် သားရဲဥများ ပိုမိုများပြားလာသည်နှင့်တပြိုင်နက် များပြားလှသည့် ကလန် အသီးသီးမှ သားရဲဥများ ပျောက်ရှသည့် အရေအတွက်သည်လည်း ပိုမိုကာ များပြားလာခဲ့သည်။ ဤအရာသည် ကြီးမားသည့် ထောင်ချောက်ကြီးပင် ဖြစ်တော့၏။ ကံဆိုးစွာဖြင့် ကျွင်းချောင်ရှောင်းသည် ထိုအရာကို မသိရှိချေ။ သူ့အနေနှင့် ရွှမ်စိတ်ဝိညာဉ်ကျောက်တုံးများကို ရှာဖွေကာဖြင့် တပည့်များအား စီးတော်ယာဉ်ပေးအပ်ရန်သာ စဉ်းစားလျက်ရှိသည်။
“ဟုတ်ပြီ”
ကျွင်းချောင်ရှောင်းသည် ကြိတ်ကာ ပြောလိုက်မိ၏။ “တပည့်တွေ အကုန်လုံးကို ပဋိညာဉ်သားရဲတွေ၊ လက်နက်တွေ ဖန်တီးပေးဖို့ဆိုတာ သိပ်မလွယ်ဘူး။ ဒီတော့ အထက်ပိုင်းအကြီးအကဲနဲ့ အတွင်းစည်း တပည့်တွေကို အရင်ဆုံး တပ်ဆင်ပေးထားရမယ်။ အတွင်းစည်းတပည့်တွေ အကုန်လုံး သားရဲတွေ စီးပြီးတော့ လောကရဲ့ ကြယ်ပင်လယ်ကြီးကို အနိုင်ယူတိုက်ခိုက်နိုင်တဲ့ အခြေအနေတစ်ခုကို မြင်ယောင်ကြည့်လိုက်ရင် ဘယ်လောက် အထိ လှပလိုက်တဲ့ မြင်ကွင်း ဖြစ်မလဲ”
ကျွင်းချောင်ရှောင်းသည် ထိုသို့ တွေးတောနေသည်ဆိုသော်လည်း ထိုကဲ့သို့ ဖြစ်လာမည့်တစ်နေ့တွင် များပြားလှသည့် သားရဲကလန်များသည် သူ၏တောင်ပတ်ပတ်လည်၌ စုဝေးကာ ဖြင့်လာရောက်တိုက်ခိုက်မည့် မြင်ကွင်း ကိုတော့ မမြင်ယောင်မိခဲ့စေိတ်ကူးကောင်းများ ရှိနေသော ကျွင်းချောင်ရှောင်းသည် သူ၏ အဓိပ္ပာယ်မရှိသော အတွေးများကို ခဏဖယ်ရှားပြီးနောက် ပိုက်ဆံမည်သို့ ရှာဖွေရမည်ဆိုသည့်အကြောင်းအား စတင်ကာ စဉ်းစားတော့သည်။
“ဟောခန်းသခင်ဖန်းက ဆေးဟောခန်းဋ္ဌာနချုပ်ရဲ့ အကြီးအကဲလေ။ သူတို့ အဖွဲ့အစည်းက ကျိန်းသေပေါက် ဆေးပင်တွေ လိုအပ်နေမှာပဲ။ ငါကသာ ဒါတွေကို စိုက်ပျိုးပြီးတော့ ပို့ဆောင်ပေးနိုင်မယ်ဆိုရင် တကယ့်ကို အကျိုးရှိတဲ့ စီးပွားရေး လမ်းကြောင်းတစ်ခု ဖြစ်လာမှာ မဟုတ်လား”
ကျွင်းချောင်ရှောင်းသည် စာကြည့်ခန်းထဲမှ ထွက်သွားပြီးသည့်နောက် ဆေးလုံးဟောခန်းဆီ သွားရောက်သည့် အချိန်မှာတော့ အထဲတွင် တစ်ယောက်တည်း ပျော်ရွှင်မြူးတူးစွာဖြင့် ကခုန်လျက်ရှိနေသည့် ဖန်းကွေ့ချန်ကို မြင်လိုက်ရသည်။
သူက အံ့အားတသင့်ဖြင့် မေးလိုက်မိ၏။ “မနက်ခင်းလေ့ကျင့်ခန်း မလုပ်ရသေးလို့ ဒီမှာ လုပ်နေတာလား”
“ဂိုဏ်းချုပ်”
ဖန်းကွေ့ချန်သည် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ “ဂိုဏ်းချုပ်ရဲ့ ဆေးပင်တွေကို ဆေးလုံး သန့်စင် ကြည့်လိုက်တာ သာမန်ဆေးပင်တွေထက် ပိုပြီးတော့ ဆယ်ဆကျော်လောက် ပိုပြီး အားကောင်းလာတယ်”
“စိတ်ကို အေးအေးထား။ စိတ်ကို အေးအေးထား”
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ဒါက သာမန်ပါပဲ”
ဖန်းကွေ့ချန်သည် မည်သို့မှ စိတ်မအေးချမ်းနိုင်ချေ။ ထို့ကြောင့် စားပွဲပေါ်သို့ သတင်းကဲ့သို့ ကြည်လင်လျက် ရှိနေသည့် ဆေးလုံးတစ်လုံးကို တင်ကာ ပြောလိုက်သည်။ “ဒါက သွေးသား သန့်စင်တဲ့ဆေးပဲ။ ဒါကို သောက်ပြီး သွားရင် ကောင်းကင်နဲ့မြေကြီးရဲ့ ဓာတ်သဘာဝတွေကို ပိုမိုပြီး စုစည်းနိုင်တယ်။ ပြီးတော့ လောကကြီးရဲ့ နိယာမ တွေကို မြန်ဆန်စွာပဲ နားလည်နိုင်စွမ်းရှိတယ်။ သာမန်ဆေးလုံးတစ်လုံးကို သောက်ပြီးရင် တစ်ရက်ပဲ ခံနိုင်တယ် ဆိုပေမယ့် ဂိုဏ်းချုပ်ရဲ့ဆေးပင်တွေနဲ့ ဖော်စပ်လိုက်တဲ့ ဆေးလုံးကတော့ ဆယ်ရက်ကျော်အထိ ခံနိုင်နေတယ်”
“အင်း”
ကျွင်းချောင်ရှောင်းသည် တည်ငြိမ်လျက်ပင် ရှိသေး၏။ ဤဆေးလုံးသည် အောက်နယ်မြေရှိ ချီစုစည်းခြင်း ဆေးလုံးနှင့် အသွင်တူညီလျက်ရှိနေသည်။ ထို့အပြင် များပြားလှသည့် ဆေးလုံးများကို စားသုံးလိုက်လျှင်ပင် ဘေးထွက်ဆိုးကျိုး မရှိချေ။ စိတ်သည် ရေကဲ့သို့ပင် ကြည်လင်လျက် ရှိပေလိမ့်မည်။
“ပြီးတော့”
ဖန်းကွေ့ချန်က ထပ်ပြောလိုက်သည်။ “စုပ်ယူနိုင်မှု အမြန်နှုန်းကလည်း သာမန်ဆေးလုံးတွေထက် ဆယ်ဆပိုတယ်”
“ဟောခန်းသခင်ဖန်း.... ကျေးဇူးပြုပြီး စိတ်ကိုငြိမ်ငြိမ်ထိန်းပါအုံး။ ခင်ဗျားတံတွေးတွေ အကုန်လုံး ကျုပ်မျက်နှာမှာ ကြီးပဲ”
ကျွင်းချောင်ရှောင်းသည် အကူအညီမဲ့စွာဖြင့် သူ၏ မျက်နှာပေါ်ရှိ တံတွေးများကို သုတ်လိုက်ရ၏။
ရွှီး
ဖန်းကွေ့ချန်သည် များပြားလှသည့် ဆေးလုံးများကို ထုတ်ယူကာ ပြောလိုက်သည်။ “ဒါကတော့ သွေးခဲဆေးလုံးပဲ။ ဒါက မရီဒန် ကာကွယ်ပေးတဲ့ဆေးလုံး၊ ဒါက ပြန်လည်ကောင်းမွန်စေတဲ့ဆေးလုံး... ဂိုဏ်းချုပ်ရဲ့ ဆေးပင်တွေနဲ့ ဖော်စပ်လိုက်တဲ့အချိန်မှာ ဒီဆေးလုံးတွေက ဆယ်ဆပိုပြီး အားကောင်းခဲ့တယ်။ ပိုပြီး အရေးကြီးတဲ့အရာက ….”
ကျွင်းချောင်ရှောင်းသည် အနောက်ဆီသို့ ဆုတ်လိုက်ရ၏။ တစ်ဖက်လူသည် အားရပါးရ ပြောလေ ခံစားချက်ကို မထိန်းချုပ်နိုင်တော့သောကြောင့် တံတွေးများ သူ့မျက်နှာဆီသို့ လာစင်လေ ဖြစ်နေ၏။
ဖန်းကွေ့ချန်သည် လေးလေးနက်နက် ပြောလိုက်သည်။ “သာမန်ဆေးပင်တွေနဲ့ ဖော်စပ်ရင် ဖြစ်လာနိုင်တဲ့ ဆေးလုံးရဲ့ အောင်မြင်မှုက နည်းပါးတယ်ဆိုပေမဲ့ ဂိုဏ်းချုပ်ရဲ့ဆေးပင်တွေကို အသုံးပြုလိုက်တဲ့အချိန်မှာ တစ်ချက်ကလေးမှ ပျက်ဆီးမသွားခဲ့ဘူး။ အလုံးစုံပြည့်စုံတဲ့ ဆေးလုံးတွေအဖြစ် ဖြစ်လာခဲ့တယ်”
စနစ်က ပြောလိုက်၏။ “ကြည့်ရတာ လက်ခံသူအနေနဲ့ ဆေးဖော်မြူလာတွေကို ဝယ်ဖို့ မလိုအပ်တော့ဘူးနဲ့ တူတယ်။ ဆေးလုံးဟောခန်းသခင်ဖန်းက တကယ့်ကို ဆေးလုံးနဲ့ပတ်သတ်တဲ့ ဖော်မြူလာတွေကို ကျွမ်းကျင်နေ တာပဲ”
“ချီးတဲ့မှ..”
ကျွင်းချောင်ရှောင်းသည် သူ၏နဖူးကို ပိတ်ရိုက်ကာဖြင့် ပြောလိုက်သည်။ “ဟုတ်သားပဲ။ ငါ ဘာလို့ မစဉ်းစားမိတာလဲ” သူ၏ အတွေးများသည် ဆေးခန်းမဆောင်၏ အဆင့်မြင့် ဗားရှင်းထဲတွင် ပိတ်မိလျက် ရှိသည်။ သူသည် ဆေးလုံးဖော်မြူလာများကို ဝယ်ယူခဲ့ပြီးသည့်နောက် ဆေးလုံးခန်းမဆောင်ထဲသို့ သွားရောက်ကာ ခလုတ် တစ်ချက်နှိပ်ရုံဖြင့် ဆေးလုံးများ ဖော်စပ်နိုင်မည့် အကြောင်းကိုသာ တွေးတောနေမိ၏။
တကယ်တမ်း အချက်အလက်များဖြင့် ဖန်းကွေ့ချန်သည် တစ်ထိုင်တည်း ဆေးလုံးများကို ဖော်စပ်နိုင်သူ မဟုတ် သော်လည်း ၎င်း၏ ဗဟုသုတနှင့် အသိအမြင်များသည် အလွန်မြင့်မားလွန်းလှ၏။ ၎င်း၏ဦးနှောက်ထဲတွင် များပြားလွန်းလှသော ဆေးဖော်မြူလာများ တည်ရှိလို့နေခဲ့၏။ သူ့အနေနှင့် ဆေးလုံးဖော်မြူလာများကို ဝယ်ယူ နေစရာ မလိုအပ်တော့ချေ။ ပစ္စည်းများ ပေးအပ်ပြီး သန့်စင်ခိုင်းလိုက်ရုံသာလိုသည်။
ဟား ဟား ဟား
ဟား ဟား ဟား
နောက်ဆုံးမှာတော့ စိတ်ကို တည်ငြိမ်အောင်ထားပါဟု တတွတ်တွတ်ပြောဆိုလျက် ရှိခဲ့သည့် ကျွင်းချောင်ရှောင်းသည် ဖန်းကွေ့ချန်နှင့်အတူ ဆေးလုံးခန်းမဆောင်ထဲတွင် ကခုန်လျက်ရှိနေ၏။ တစ်ခါတစ်ရံ အရှက်မဲ့စွာဖြင့် ကြောင်ကဲ့သို့ တမြှောင်မြှောင်ပင် လုပ်လို့ နေသေး၏။