အပိုင်း (၁၃၇၄)
Vol. 93 Ch. 1374
ကျွင်းချောင်ရှောင်းအနေနှင့် ဆေးဟောခန်းမဆောင်ကို အာရုံစိုက်ထား၏။ သို့ပေမဲ့ စနစ်၏ သတိပေးမှုကို ကြားရှိပြီးသည့်နောက်မှာတော့ သူသည် ဖန်းကွေ့ချန်၏ တန်ဖိုးကို နားလည်ခဲ့မိ၏။ ၎င်းအနေနှင့် စီးပွားရေးအချိတ် အဆက်များပေါများစွာ တည်ရှိလာသလို ဆေးလုံးများကိုလည်း အမျိုးအစားစုံလင်စွာ သန့်စင်နိုင်စွမ်းရှိ၏။
ဂိုဏ်း၌ လက်ရှိတွင် မည်သည့်အရာများ လိုအပ်နေသနည်း။ လိုအပ်နေသည်မှာ ဆေးလုံးပင် ဖြစ်တော့၏။ သွေးသန့်စင်ခြင်းဆေးလုံး၊ သွေးဖြည့်ခြင်းဆေးလုံး၊ ဒန်ထျန်အကာအကွယ်ဆေးလုံး စသည့်အရာများသည် ကျယ်ကျယ် ပြန့်ပြန့် အသုံးပြု၍ရနိုင်သည့်ဆေးလုံးများပင် ဖြစ်သည်။
“ဟောခန်းသခင်ဖန်း”
ကျွင်းချောင်ရှောင်းသည် လေးလေးနက်နက် ပြောလိုက်၏။ “ဆေးပင်တွေကို အခုမလေ့လာနဲ့တော့။ ဂိုဏ်းအတွက် လိုအပ်တဲ့ဆေးလုံးတွေ အကုန်လုံးကို ဖော်စပ်ဖို့က ခင်ဗျားရဲ့ တာဝန်ဖြစ်သွားပြီ။”
“ဂိုဏ်းချုပ်ကို စိတ်မပျက်စေရပါဘူး။”
ဖန်းကွေ့ချမ်းသည် လက်သီးဆုပ်ကာဖြင့် ထပ်ပြောလိုက်သည်။ “ဒါပေမဲ့ ကျုပ်ကို လူလေးနည်းနည်းပါးပါး ထပ်ပေးပါအုံး။ ဒီတောင်ကြီးက အကြီးကြီးဆိုပေမဲ့ ကျုပ်တစ်ယောက်တည်း ရှိတယ်လေ။ ဒါက နည်းနည်း အထီးကျန်ဆန်လွန်းတယ်။”
“ပြဿနာမရှိဘူး။”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဆေးပင်ဟောခန်းမဆောင်က လူတစ်ချို့ကို ဒီကို စေလွှတ်လိုက်မယ်။ ခင်ဗျားအနေနဲ့ ဆေးလုံးဖော်စပ်တဲ့နေရာမှာ ပိုပြီး အာရုံစူးစိုက်နိုင်တာပေါ့။”
မကြာခင်မှာပဲ စွန်းပုကုံးနှင့် တစ်ခြားသောတပည့်များသည် ဤတောင်ထွတ်ဆီသို့ ရောက်ရှိလာ၏။
ဆေးလုံးခန်းမဆောင် နှင့်ဆေးဟောခန်းမဆောင်တို့ကြားတွင် ပတ်သက်ဆက်နွယ်သည့် ကိစ္စရပ်များ တည်ရှိနေသော်လည်း သီးခြားစီ ခွဲထားခြင်းသည်ဟောခန်းသခင်တစ်ယောက်စီ အနေဖြင့်လုပ်ငန်းဆောင်တာမျိုး မရောထွေးစေရန်ဖြစ်သည်။
“ဟောခန်းသခင်ဖန်းဆီကနေပြီးတော့ ဆေးလုံးနဲ့ပတ်သက်ပြီး သေသေချာချာ လေ့လာခဲ့။”
“ကောင်းပါပြီ။”
ထိုအချိန်မှာတော့ စွန်းပုကုံးတို့သည် နေ့တစ်ဝက်ကို ဆေးပင်များ သွားရောက်စိုက်ပျိုးပြီး အခြားနေ့တစ်ဝက်မှာတော့ ဆေးလုံးများသန့်စင်သည့် အကြောင်းအရာကို သင်ယူကြ၏။ ၎င်းတို့၏ နေ့ရက်များသည် ခက်ခဲလှသည်ဆိုသော် လည်း ဆေးဟောခန်းမဆောင်၏ အကြီးအကဲတစ်ယောက်ဖြစ်ခဲ့ဖူးသည့် ဖန်းကွေ့ချန်၏ သင်ကြား ပြသမှု ထေိုကဲ့သို့သော သင်ယူနိုင်မှုသည် အထက်နယ်မြေတွင်ရှိသော လူပေါင်းများစွာတို့၏ အိပ်မက်ပင်ဖြစ်၏။ သို့ပေမဲ့ ပြိုင်စံရှားဂိုဏ်းမှ တပည့်များသည်တော့ ထိုအချင်းအရာကို လွယ်လွယ်ကူကူနှင့် ရရှိနေကြ၏။ အဆင့်မြင့် ဟောခန်းမဆောင်ကြီးမှ ရောက်ရှိလာခဲ့သည့် အဖွဲ့ဝင်သားများသည် ဆေးလုံးဖော်စပ်နည်း များကို သင်ယူသည့် နေရာတွင် အလွန်ပင် လိုက်ဖက်နေသည်။
အထူးသဖြင့် စွန်းပုကုံးပင် ဖြစ်တော့၏။ ၎င်းသည် လီထျန်းထျန်းတို့နှင့်အတူ ဂိုဏ်းထဲသို့ ဝင်ရောက်လာခဲ့ပြီး သည့်နောက် ဆေးဟောခန်းမဆောင်တွင် တစ်ချိန်လုံး တာဝန်ထမ်းဆောင်ခဲ့၏။ ထို့ကြောင့် သိုင်းကျင့်ကြံခြင်း ၌ မထူးချွန်လှသည်ဆိုသော်လည်း ဆေးပညာနှင့် ပတ်သက်၍တော့ အလွန်တရာ ပါရမီရှိနေ၏။ ယခု တော်လွန်းလှသော ဆရာတစ်ယောက်၏ လမ်းညွှန်ပြသမှု အောက်တွင် သူ၏ ပါရမီသည် ထိုးတက်သွားခဲ့၏။
“ဂိုဏ်းချုပ်။”
ရက်အနည်းငယ်လောက် သင်ပြပြီးသည့်နောက် ဖန်းကွေ့ချန်သည် သူ့အား ပြောလိုက်သည်။ “ဒီကလေးရဲ့ ဆေးပညာအပေါ် နားလည်မှုက တကယ့်ကို ထိပ်တန်းပဲ။ သူ့ကို ကောင်းကောင်းလေ့ကျင့်ပေးလိုက်မယ် ဆိုရင် အနာဂတ်မှာ ခန့်မှန်းလို့မရတဲ့ အောင်မြင်မှုတွေ ရရှိသွားနိုင်တယ်။”
“သြော်”
ကျွင်းချောင်ရှောင်းသည် အံ့အားသင့်မိသွား၏။
ဆေးဟောခန်းမဆောင်၏ အကြီးအကဲတစ်ယောက်သည် ဤကဲ့သို့ သုံးသပ်ခဲ့သည်ဆိုမှတော့ စွန်းပုကုံး၏ ပါရမီသည် လုံလောက်အောင် ပြသနှင့်ပြီး ဖြစ်ပေလိမ့်မည်။
ကံဆိုးစွာဖြင့် အောက်နယ်မြေတုန်းက သူသည် ဆေးလုံးများ ဖော်စပ်သည့်နေရာ၌ သူ၏စနစ်ဆီမှ ဆေးခန်းမဆောင်ကိုသာ အသုံးပြုခဲ့၏။ ထို့ကြောင့် စွန်းပုကုံး၏ ပါရမီသည် ဆယ်စုနှစ်ပေါင်း များစွာ တိမ်မြှုပ် နေခဲ့ရသည်ဟု ဆိုရမည်။
ကိစ္စမရှိပေ။ ရွှေဆိုသည်မှာ အမြဲတမ်းတောက်ပြောင်လျက်ရှိ၏။ သင့်တော်သည့်အခြေအနေနှင့် အချိန်အခါကို ရောက်ရှိသည်ဆိုလျှင် ၎င်းသည် ထွန်းလင်းတောက်ပလာပေလိမ့်မည်။
……..
ညသို့ ရောက်ရှိလာခဲ့၏။ ကျွင်းချောင်ရှောင်းသည် လက်များကို ယှက်ကာဖြင့် အဓိကဟောခန်းထဲတွင် ထိုင်လျက်ရှိ၏။ သူသည် အဓိပ္ပာယ်ပါပါဖြင့် ပြောလိုက်မိ၏။ “တစ်နေ့မှာ စနစ်ရဲ့ အကူအညီကနေ ချိုးဖြတ်ပြီး ကိုယ့်ဘာသာကိုယ် အောင်မြင်တဲ့ ဂိုဏ်းတစ်ခုဖြစ်အောင် ဖန်တီး နိုင်ရမယ်။”
ကုန်းရှန့်သည် လူသားဖြစ်၏။ ထို့ကြောင့် သူ၏ ဂုဏ်သိက္ခာတရားနှင့်ပတ်သက်၍ အလွန်ပင် ဂရုစိုက်လှ၏။ လောက ကြီးတစ်ခုလုံး၏ ထိပ်ဆုံးသို့ ရောက်ရှိသည့်အချိန်တွင် ဂိမ်းဆာဗာခိုးယူသည့်ကိစ္စများကို မလုပ်ဘဲ မိမိကိုယ်ကိုယ် အားကိုးကာဖြင့် ရည်တည်ချင်မိသည်။
“ဒါဆိုရင်လည်း ငါ့ကို မသုံးနဲ့လေ။” စနစ်က ဝင်ပြောလိုက်၏။
…..
ဆေးဟောခန်းမဆောင်၊ ဆေးပင်ဟောခန်းမဆောင်၊ ပန်းပဲခန်းမဆောင် …..။
အချက်အလက်အားဖြင့် ဤဟောခန်းမသုံးခုသည် ဂိုဏ်းတစ်ခု ပိုမိုအားကောင်းစေရန် အဓိကနေရာတွင် ပါဝင်သည့် ဟောခန်းမများပင် ဖြစ်၏။ သေသေချာချာ စဉ်းစားပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် နောက်တစ်ရက် မှာတော့ လင်းယွမ်မြို့ဆီ သွားလိုက်၏။
လိုအပ်သည့် ပစ္စည်းပစ္စယများကို ဝယ်ယူသည့်အပြင် သူသည် အနာဂတ်တွင် စနစ်ကို အားမကိုးရစေရန်အတွက် တကယ့်အစစ်အမှန်ခြေလှမ်းတစ်ခုကို စတင်ကာ လှမ်းခဲ့တော့၏။ ထိုအရာမှာ တပည့်များအနေနှင့် သင်ယူလေ့လာ ရာတွင် လိုအပ်သည့် ပစ္စည်းပစ္စယများ၊ စာအုပ်များ၊ ကျမ်းစာများအားလုံးကို ဝယ်ယူခြင်းပင်။
ကုန်းရှန့်အနေနှင့် ပိုက်ဆံလုံလုံလောက်လောက်မရှိချေ။ သို့ပေမဲ့ ဤကဲ့သို့သော အရာများကို ဝယ်ယူရန်တော့ လုံလောက်နေ၏။ ပြီးသည့်နောက် သူသည် လင်းယွမ်မြို့ဆီသို့ ခြေလှမ်းလိုက်၏။ ကျယ်ပြောလှသော အဓိက လမ်းမကြီးရှေ့တွင် မတ်တပ်ရပ်လိုက်၏။
သူသည် ယခင်ကအတိုင်း အားနည်းသည့် လူငယ်လေးတစ်ယောက်အဖြစ် ဖြစ်တည်နေ၏။ ဖန်းကွေ့ချန်သည် မြို့တော်ဝန်လုဆီမှ သူစိုက်ပျိုးခဲ့သည့် ဆေးပင်များကို ဝယ်ယူခဲ့သည်ဟု ကြားခဲ့ပြီးဖြစ်၏။ ထို့ကြောင့် တစ်ဖက်လူသာ အရူးမဟုတ်ပါက သူ၏ တန်ဖိုးကို ကျိန်းသေပေါက် နားလည်ပေလိမ့်မည်။
“ကျုပ် ကျွင်းချောင်ရှောင်း ပြန်လာပြီ။ မြန်မြန်ဆန်ဆန်နဲ့ လာပြီး ကြိုဆိုကြတော့။”
ရွှီး ရွှီး ရွှီး
ထိုအချိန်မှာပဲ စစ်သည်တစ်စုသည် ရောက်ရှိလာခဲ့၏။ ဦးဆောင်လာသူမှာ မြို့တော်ဝန်လုပင် ဖြစ်၏။ ၎င်းသည် တောက်ပနေသည့် အပြုံးဖြင့် ပြုံးကာ ပြောလိုက်၏။ “ကြိုဆိုပါတယ် … သူငယ်ချင်းလေး။ ကျုပ်တို့ လင်းယွမ်မြို့မှာ ထပ်ပြီးဆုံကြပြန်ပြီ။”
ဤအတောအတွင်းသူသည် ကျွင်းချောင်ရှောင်းကို တောက်လျှောက်ရှာဖွေနေခြင်းဖြစ်၏။ ထို့အပြင် ကျွင်းချောင်ရှောင်း ဆီမှ ဝယ်ယူထားသည့် ဆေးပင်များအား ဖန်းကွေ့ချန်သည် ပိုက်ဆံများပေးကာ ထပ်မံကာ ဝယ်ယူခဲ့သည်မဟုတ်ပါလား။
“အင်း”
ကျွင်းချောင်ရှောင်းသည် ဦးခေါင်းကို ကုတ်ကာပြောလိုက်၏။ “ဒီမှာ လိုအပ်တဲ့ နေ့စဉ်သုံးပစ္စည်းတွေ လာဝယ်တာပါ။ မြို့တော်ဝန်အနေနဲ့ တကူးတကကြီး လာကြိုစရာတော့ မလိုဘူးနဲ့တူတယ်။”
သူသည် ခံစားချက်ကင်းမဲ့သည့် မျက်နှာသွင်ပြင်မျိုး ဖြစ်နေသည်ဆိုသော်လည်း နှလုံးသားထဲတွင်တော့ ပျော်ရွှင် လျက်ရှိနေ၏။ ဤလူသည် အကူအညီအများကြီး ပေးနိုင်စွမ်းရှိသည့် လူတစ်ယောက်ပင် ဖြစ်နေသည်မဟုတ်ပါလား။
“သူငယ်ချင်းလေး …. ဘာလိုအပ်တာလဲ။ ဒီလူက နောက်လိုက်တွေကို ခေါ်ပြီးတော့ ချက်ချင်းဝယ်ခိုင်းလိုက်မယ်။”
မြို့တော်ဝန်လုသည် အလွန်ယဉ်ကျေးနေသည်သာမက ကျွင်းချောင်ရှောင်းကိုပင် မြို့တော်ဝန် စံအိမ်ဆီသို့ ပင့်ဖိတ်ကာ ဧည့်ခံ၏။
ရလဒ်အားဖြင့် မြို့ထဲတွင် ရှိနေသော ဖြတ်သွားဖြတ်လာလူများအားလုံးသည် ဇဝေဇဝါ ဖြစ်မိနေသည်။
ဤအားနည်းပုံပေါ်သော လူငယ်လေးသည် မြို့တော်ဝန်၏ သားကို မကြာသေးမီကပင် ရိုက်နှက်ခဲ့သည် မဟုတ်ပါလား အဘယ့်ကြောင့် မြို့တော်ဝန်သည် ကိုယ်တိုင်ကိုယ်ကျ ရောက်ရှိလာပြီး ကြိုဆိုနေရ သနည်း။
…..
မြို့တော်ဝန်၏အိမ်တော် အဓိကဟောခန်းထဲမှာတော့ ကျွင်းချောင်ရှောင်းသည် အခန်း၏ ပရိဘောဂများကို လိုက်လံ ကြည့်ရှုပြီးသည့်နောက် လေးလေးနက်နက် ပြောလိုက်မိသည်။ “မြို့တော်ဝန်လုက တကယ့်ကို ရိုးရှင်းစွာ နေထိုင်တတ်တာပဲ။ ဒါပေမဲ့ တကယ့်ကို ခန့်ညားလွန်းတယ်။”
“မြှောက်နေပါပြီ။ မြှောက်နေပါပြီ။”
မြို့တော်ဝန်လုသည် လက်ကို ရမ်းခါကာဖြင့် ပြောလိုက်မိ၏။ “ဒါက ရေနွေးကြမ်းလေးပါပဲ။ သူငယ်ချင်းလေး စိတ်မရှိဖို့ မျှော်လင့်ပါတယ်။”
ကျွင်းချောင်ရှောင်းသည် စားပွဲပေါ်တွင် ရှိနေသော ရေနွေးခွက်ကို ယူ၍ အသာကောက်မော့လိုက်သည်။
“တကယ့်ကို ရေနွေးကောင်းတစ်ခုပဲ။”
မြို့တော်ဝန်လုက မေးလိုက်၏။ “ဒါနဲ့ သူငယ်ချင်းလေးရဲ့ မျိုးရိုးနာမည်က ဘာလဲ။”
“ကျုပ်ရဲ့ မျိုးရိုးနာမည်က ကျွင်းပါ။”
“သခင်လေးကျွင်းက တကယ်ခန့်ညားတဲ့လူတစ်ယောက်ပါပဲ။ ကြီးမားတဲ့နောက်ခံ ရှိမယ်နဲ့တူတယ်။”
မြို့တော်ဝန်လုသည် စကားအစကို ဆွဲယူလိုက်၏။ ဖန်းကွေ့ချန်ပင် ဝယ်ယူချင်သည့် ဆေးပင်များကို စိုက်ပျိုးနိုင် သည့်လူတစ်ယောက်သည် ကြီးမားသည့်နောက်ခံကို ပိုင်ဆိုင်မှာသေချာသည်။
ကျွင်းချောင်ရှောင်းက ခပ်တည်တည်နှင့် ပြောလိုက်၏။ “ဒီကျွင်းဆီမှာ တကယ့်ကို အနှိုင်းမဲ့တဲ့ နောက်ခံမျိုးတွေတော့မရှိပါဘူး။ ဂိုဏ်းသေးသေးလေးတစ်ခုကို စီမံခန့်ခွဲနေရုံ ပါပဲ။”
“သြော်”
မြို့တော်ဝန်လုသည် အနည်းငယ် အံ့အားသင့်သွားသည်။ “ဒါဆိုရင် သခင်လေးကျွင်းက ဂိုဏ်းတစ်ခုရဲ့ ဂိုဏ်းချုပ်ပေါ့။”
“အမှန်ပါပဲ။”
ကျွင်းချောင်ရှောင်းက ခေါင်းညိတ်လိုက်၏။ ဤကဲ့သို့သော သွင်ပြင်အမူအရာနှင့် ပြန်လည်ဖြေဆိုမှုပုံစံမျိုးသည် တစ်ခြားသူများအတွက် ကြည့်ကောင်းလွန်းလှသည်ဆိုသော်လည်း စနစ်မှာတော့ ထွက်၍ ရိုက်ချင်စိတ်ပင် ပေါက်နေ၏။
“ဒါဆိုရင် ဂိုဏ်းချုပ်ကျွင်း မလေးမစား ပြုမူမိတဲ့အတွက် တောင်းပန်ပါတယ်။”
မြို့တော်ဝန်လုသည် လက်သီးကိုဆုပ်ကာ မေးလိုက်သည်။ “ဒါနဲ့ ဂိုဏ်းရဲ့ နာမည်ကို မေးမြန်းလို့ရမလား။”
“ပြိုင်စံရှားဂိုဏ်းပါ။”
“ဟမ်”
မြို့တော်ဝန်လု၏ မျက်နှာပေါ်ရှိ ကြွက်သားများသည် တုန်ခါသွားခဲ့၏။ အောက်နယ်မြေဆီမှ အထက်နယ်မြေဆီသို့ အတင်း ချိုးဖြတ်ဝင်ရောက်လာခဲ့သည့် ပြိုင်စံရှားဂိုဏ်းအကြောင်းကို သူကောင်းကောင်းသိရှိပြီးဖြစ်၏။ ထို့အပြင် ဤဂိုဏ်းသည် အင်ပါရီယန်နတ်ဓားဂိုဏ်းနှင့် ရေခဲဓားမော့ဂိုဏ်းတို့ကိုပင် ထိခိုက်နာကျင်အောင်ပြုလုပ်ခဲ့သည့် ဂိုဏ်းတစ်ခုမဟုတ်ပါလား။
ကျွင်းချောင်ရှောင်းမှာတော့ ရေနွေးခွက်ကို အသာချကာ ပြောလိုက်၏။ “မြို့တော်ဝန်လုက ကျုပ်တို့ရဲ့ ဟောခန်းသခင်ဖန်းနဲ့ စီးပွားရေးကိစ္စတွေပြုလုပ်ခဲ့တယ်လို့ ကျုပ် ကြားခဲ့တယ်။”
“ဒါက”
မြို့တော်ဝန်လုသည် တစ်စုံတစ်ခုကို ပြောချင်၏။ သို့ပေမဲ့ ရုတ်တရက် ကျွင်းချောင်ရှောင်းပြောခဲ့သည့်စကားကို သတိပြုမိသွားသည်။
“ဟမ် … ဆိုလိုတာက ဂိုဏ်းချုပ်ကျွင်းပြောတဲ့ ဟောခန်းသခင်ဖန်းဆိုတာက ဖန်းကွေ့ချန်ကို ပြောတာလား။ အကြီးအကဲဖန်း က …..”
“ဟုတ်ပါတယ်။” ကျွင်းချောင်ရှောင်းသည် ခေါင်းညိတ်လိုက်၏။
မြို့တော်ဝန်လု၏ အမူအရာသည် ပိုမိုကာ ဇဝေဇဝါဖြစ်လာ၏။ အကြီးအကဲဖန်းကဲ့သို့သောလူပင် ပြိုင်စံရှားဂိုဏ်း၏ ဟောခန်းသခင်ဖြစ်လာသည်ဆိုမှတော့ တစ်ဖက်လူသည် ကြီးမားလှသည့် နောက်ခံကိုပိုင်ဆိုင်မှာသေချာသည်။
“မြို့တော်ဝန်လု”
ကျွင်းချောင်ရှောင်းက လေးလေးနက်နက် ပြောလိုက်၏။ “အချက်အလက်အားဖြင့် ကျုပ်ဒီကို ရောက်လာတာက နေ့စဉ်သုံးလိုအပ်တဲ့ ပစ္စည်းတွေကို ဝယ်ယူရုံတင်မကဘူး။ ဒီမှာ စီးပွားရေးကိစ္စအနည်းငယ်လုပ်ဖို့ရှိတယ်။ ခင်ဗျားတို့ မြို့ထဲမှာရှိတဲ့ ဆိုင်အချို့ကို ဝယ်ယူချင်တယ်လေ။ ခင်ဗျားအနေနဲ့ နည်းနည်း ကူညီပေးနိုင်မလား။”
သူ့အနေနှင့် ဤတည်နေရာသို့ရောက်ရှိပြီးသည့်နောက် ဆေးပင်ရောင်းချခြင်းလုပ်ငန်း၊ ဆေးလုံး ရောင်းချခြင်းလုပ်ငန်းများကို ပြုလုပ်ချင်မိ၏။ အောက်နယ်မြေမှာတုန်းကဆိုလျှင် သူသည် ဆရာအိုက်နှင့် ထန်သခင်လေးတို့ကို အားကိုးအားထားပြုလုပ်ကာ စီးပွားရေးပြုလုပ်ခဲ့ဖူးသည်။
လက်ရှိအခြေအနေမှာတော့ သူ့၌ ဖန်းကွေ့ချန်အပြင် စီနီယာတုံးကု ကဲ့သို့သော ဆရာတစ်ယောက်တည်ရှိလို့ နေသေး၏။ ထို့ကြောင့် သူ၏ အဆက်အသွယ်များသည် ပိုမိုကာ ကောင်းမွန်နေသည်။ မည်သူက သူ့အား လာရောက်ရန်စရဲမည်နည်း။
ကျွင်းချောင်ရှောင်းတစ်ယောက် မြို့ထဲရှိ ဆိုင်အချို့ကို ဝယ်ယူချင်သည်ကို ကြားသည်အချိန်မှာတော့ မြို့တော်ဝန်လု သည် ချက်ချင်းပင် ပြောလိုက်၏။ “ဂိုဏ်းချုပ်ကျွင်း …. မြို့ထဲရဲ့ အဓိကနေရာမှာရှိတဲ့ ကြိုက်တဲ့ဆိုင်ကို ရွေးလိုက်ပါ။”
မကြာခင်မှာပဲ မြို့တော်ဝန်လုသည် သူ့အား အလွန်စည်ကားလှသည့် လမ်းတစ်ခုရှိ ဆိုင်တစ်ခုအား ပေးအပ်လိုက် တော့သည်။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် ဆိုင်တစ်ခုတည်းနှင့် သဘောမကျခဲ့ချေ။ ထို့ကြောင့် သူ့၌ရှိသော ယွမ်စိတ်ဝိညာဉ်ကျောက်တုံး ၅ သန်းကို အသုံးပြုကာ ဆိုင်လေးဆိုင်တန်းကြီးအား တစ်ခါတည်း ဝယ်ယူလိုက်သည်။
အရောင်းအဝယ်ကိစ္စများပြီးသည့်နောက် မြို့တော်ဝန်လုသည် ပြုံးလိုက်မိ၏။ “ဂိုဏ်းချုပ်ကျွင်းက ဒီနေရာမှာ ဆိုင်ဝယ်တာက ဆေးလုံးရောင်းချဖို့အတွက်လား။”
“ဟုတ်ပါတယ်။”
မြို့တော်ဝန်လုသည် လေးလေးနက်နက်နှင့် ပြောလိုက်သည် “ဒီမြို့ရဲ့ အရှေ့ဘက်နဲ့ အနောက်ဘက်တွေမှာ တကယ့်ကို ဆေးလုံးတွေရောင်းချတဲ့ ဆေးဆိုင်အိုကြီး နှစ်ခုရှိတယ်။ ဂိုဏ်းချုပ်ကျွင်းအနေနဲ့ ထူးခြားတဲ့ ဆေးလုံးမျိုးတွေ မရောင်းချနိုင်ဘူးဆိုရင်တော့ ဒီနေရာမှာ ဖြစ်ထွန်း အောင်မြင်မယ်မထင်ဘူး။”
မြို့တော်ဝန်လုသည် လေးလေးနက်နက် အမူအရာဖြင့် ပြောလိုက်၏။ “ဒါကြောင့် ထူးခြားတဲ့ ဆေးလုံးတွေမရှိဘူးဆိုရင် အောင်မြင်ဖို့ဆိုတာ သိပ်လွယ်မှာမဟုတ်ဘူး။”
ကျွင်းချောင်ရှောင်းက ပြုံးလိုက်မိသည်။ “သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် … မြို့တော်ဝန်လု”
ပြီးသည့်နောက် မြို့တော်ဝန်လုသည် မြို့၏ ဂိတ်တံခါးဆီသို့ ကိုယ်တိုင်ကိုယ်ကျ လိုက်ပါပို့ဆောင်တော့၏။ တစ်ဖက်လူပျောက်ကွယ်သွားသည်ကို ကြည့်ရှုပြီးသည့်နောက် အစောင့်များသည် ဇဝေဇဝါဖြင့် တီးတိုးပြောဆိုနေ မိကြ၏။ “မြို့တော်ဝန်က ဒီဂိုဏ်းချုပ်ကျွင်းကို တော်တော်ကြီး တန်ဖိုးထားတဲ့ပုံပဲ။”
“အင်း ….ဒီကောင်လေး”
မြို့တော်ဝန်လုက ပြောလိုက်သည်။ “ဒီကောင်လေးက ရိုးရှင်းတဲ့ လူတစ်ယောက်မဟုတ်ဘူး။”
ဤအရာမှာ စိုက်ပျိုးထားသည့်ဆေးပင်များသည် ကောင်းကင်အဆင့် ရတနာ အဆင့်သို့ ရောက်ရှိနေသောကြောင့် မဟုတ်ပေ။ ဂိုဏ်းတစ်ခုလုံးအား အထက်နယ်မြေဆီသို့ ခေါ်ဆောင်လာနိုင်သည့် တစ်ဦးတည်းသောလူ ဖြစ်သော ကြောင့်ပင်။