အပိုင်း (၁၃၇၅- ၁၃၇၆)
Vol. 93 Ch. 1375-1376
ကျွင်းချောင်ရှောင်းသည်ဂိုဏ်းဆီသို့ ပြန်လာရာ လမ်းမှာတော့ မြို့တော်ဝန်လု ပြောခဲ့သော ဆေးဆိုင်ကြီးများ၏ အကြောင်းကို တောက်လျောက်စဉ်းစားလာခဲ့သည်။မည်သို့ပင်ဆိုစေကာမူ စီးပွားရေး ပြုလုပ်မည်ဆိုလျှင် အပြိုင်အဆိုင်ကတော့ရှိနေမှာ ဖြစ်သည်။
တစ်ဖက်လူများသည်ဆေးလုံးရောင်းချသည့် နှစ်ဆွေးဆိုင်များ ဖြစ်သည် ဆိုလျှင်တောင်မှသူသည်ဆယ်ဆ ပိုမို အကျိုးသက်ရောက်မှုရှိသည့်ဆေးလုံးများကို ရောင်းချမှာ ဖြစ်သည်။ ထို့ကြောင့်ဈေးကွက်မရှိဘဲနှင့်တော့မနေပေ။
ဂိုဏ်းဆီသို့ ပြန်ရောက်ပြီးနောက်ကုန်းရှန့်သည်ဂိုဏ်း၏ အထက်ပိုင်းအကြီးအကဲများအား ဆင့်ခေါ်ကာ ဆေးဆိုင်ဖွင့်လှစ်မည့်အကြောင်းကို တစ်ခါတည်း တိုင်ပင်တော့သည်။ချက်ချင်းဆိုသလိုပဲ ယွမ်ဖန်၏သဘောတူညီမှုကို မဆိုင်းမတွရရှိခဲ့၏။
“ဒါဆိုရင်ဆုံးဖြတ်လိုက်ပြီ”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည် “နောက်တစ်သုတ်ရဲ့ဆေးပင်တွေရင်မှည့်လာရင်ဆေးလုံးတွေသန့်စင်တာပေါ့။ ပြီးရင်လင်းယွမ်မြို့မှာ ဆေးဆိုင်ဖွင့်မယ်။ယွမ်ကြီက မြို့ထဲကဝယ်ပြီးသား ဆိုင်ဆီသွား။ ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်တော့”
“ကောင်းပါပြီ”
တစ်ရက်တည်းမှာပဲ ယွမ်သခင်လေးသည်ဖန်းကွေ့ချန်ကို ခေါ်ဆောင်ကာဖြင့်လင်းယွမ်မြို့ဆီသို့ထွက်ခွာသွားတော့သည်။
ဖန်းကွေ့ချန်ပါပါဝင်လာသောကြောင့် မြို့တော်ဝန်လုသည် ပြိုင်စံရှားဂိုဏ်း အား ပိုမိုကာ လေးစားသွားသည်။ယွမ်ဖန်အား ညီငယ်လေးဟုပင်ခေါ်ဆိုလျက်ရှိ၏။
“မယုံနိုင်စရာပဲ .. မယုံနိုင်စရာပဲ”
အကြီးအကဲဖန်း ရဲ့နာမည်နဲ့ဆိုရင်ဆေးဆိုင်က ဖွင့်လိုက်တာနဲ့အုတ်အော်သောင်းနင်း ဖြစ်ကုန်မှာ သေချာတယ်”
မြို့တော်ဝန်လု တွေးတောနေသည်ကို ကျွင်းချောင်ရှောင်းက တွေးတောပြီးသားဖြစ်၏။ထို့ကြောင့်ပင်ယခုဖွင့်မည့်ဆေးဆိုင်၏ဆေးလုံးများကို ဖန်းကွေ့ချန်ဖော်စပ်ခြင်းဖြစ်ကြောင်း လီလိုရှုကို သတင်းပင် ဖြန့်ခိုင်းနှင့်ပြီး ဖြစ်တော့သည်။
“……”
ထိုအချင်းအရာကိုကြားတော့ဖန်းကွေ့ချန်သည်နာနာကျင်ကျင် ဖြင့် ပြုံးလိုက်မိသည် “ကျုပ်အခု လောကကြီး အနှံ့ လျှောက်သွားဖို့မလွတ်လပ်တော့ဘူးပဲ”
သူ၏ ယခင်စိတ်နေစိတ်ထားများသည်အဆုံးသတ်သွားပြီ ဖြစ်သည်။ ယခုအချိန်၌ ပြိုင်စံရှားဂိုဏ်း ဆေးလုံး ခန်းမဆောင်၏ဟောခန်းသခင်ဖြစ်သလို အထက်နယ်မြေ ဆေးဟောခန်း၏ အကြီးအကဲလည်း ဖြစ်လို့နေသည်။ ကံကောင်းစွာဖြင့်ဆေးဟောခန်းသည်သူတို့၏အကြီးအကဲများအား ချုပ်နှောင်မထားချေ။လိုအပ်သည့်အလုပ်များလုပ်ပေးပါက လွတ်လပ်စွာ နေထိုင်ခွင့်ပေးထား၏။
ထို့ကြောင့်ပင်သူ့အနေဖြင့်အလုပ်နှစ်ခုကို လုပ်နိုင်စွမ်း ရှိနေသည်။
………
တစ်လ ကြာမြင့်ပြီးနောက် ….
ဆေးပင်များသည်ရင့်မှည့်လာခဲ့သည်။
ဖန်းကွေ့ချန်သည်ဆေးလုံးများကို စတင်ကာ သန့်စင်တော့၏။
စွန်းပုကုံးနှင့် တခြားဂိုဏ်းသားများသည်လာရောက်ကူညီရာတွင် ကျွမ်းကျင်နေကြပြီမို့အကူအညီ တော်တော်ရသည်။
ကျွင်းချောင်ရှောင်းသည်လည်း ငြိမ်ငြိမ်မနေချေ။ ဆေးပင်တစ်ချို့ကို ယူ၍ အသွင်ပြောင်း ခန္ဓာကိုယ်ဖြစ်တည်ခြင်း ဆေးလုံးများ ဖော်စပ်ကာ ဖြန့်ဝေခြင်းကို ပြုလုပ်၏။
“ဂိုဏ်းချုပ်”
ဖန်းကွေ့ချန်သည်ဆေးလုံးကို စားသုံးပြီးသည့်တောက်သူ၏ ခန္ဓာကိုယ် ၊မရီဒန် ၊ဝိညာဉ်နှင့်တခြားသော အရာများ တိုးတက်သွားသည်ကို အာရုံခံမိလိုက်သည်။ထို့ကြောင့်အံ့အားသင့်မိနေသည် “ဒါဘယ်လို ဆေးလုံးမျိုးလဲ”
“ပြိုင်စံရှားဂိုဏ်း အဆက်ဆက်ဆင်းသက်လာတဲ့ဆေးလုံးပဲ”
“ကျုပ် ဆေးလုံးပညာကို လေ့လာခဲ့တာ နှစ်ပေါင်းမနည်းတော့ဘူး။ ဒီလိုမျိုး အရာတော်တော်များများ ကို တိုးတက်စေတဲ့ဆေးလုံး တစ်လုံးတစ်လေ တောင်မတွေ့ဖူးဘူး။”
အထက်နယ်မြေတွင်ဆေးပညာသည်အလွန်တိုးတက်နေပြီဖြစ်သည်။တစ်ခုချင်းစီ၏ အကျိုးသက်ရောက်မှုကို တိုးတက်စေနိုင်သည့်ဆေးလုံးများ ရှိသည်ဆိုသော်လည်း ယခုလို အလုံးစုံ ပြည့်စုံသည့်ဆေးလုံးမျိုးကိုတော့ မြင်ဖူးဖို့မဆိုနှင့် ကြားပင်မကြားဖူးချေ။
“ဟောခန်းသခင်ဖန်း … ကျေးဇူးပြုပြီး မှတ်ထားပါ”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည် “ကျုပ်တို့ဂိုဏ်းရဲ့ပထမဆုံး ဆောင်ပုဒ်က သိုသိုသိပ်သိပ်နေဖို့ပဲ”
“…….”
ဖန်းကွေ့ချန် ၏ နှုတ်ခမ်းထောင့်များသည်တုန်ရင်သွားသည်။သူက စိတ်ဝင်တစားဖြင့်မေးလိုက်မိသည် “ဂိုဏ်းချုပ် ..ပထမဆုံး ဆောင်ပုဒ်က သံမဏိလို စိတ်ဓာတ်မျိုး ပိုင်ဆိုင်ရမယ်ဆိုတာ မဟုတ်ဘူးလား။”
“ဟောခန်းသခင်ဖန်း”
စွန်းပုကုံးက တီးတိုးပြောလိုက်သည် “ပြိုင်စံရှားဂိုဏ်းရဲ့ပထမဆုံး ဆောင်ပုဒ်က ဂိုဏ်းချုပ်ရဲ့စိတ်အခြေအနေအဂ အမြဲ ပြောင်းလဲနေတယ်။ ကြာရင်အသားကျသွားလိမ့်မယ်”
ဖန်းကွေ့ချန်၏နဖူးပေါ်တွင်အရေးအကြောင်းများပင်ပေါ်လာရ၏။ သောက်ကျိုးနည်းပါတကား။
………
လင်းယွမ်မြို့၌ ပြိုင်စံရှားဂိုဏ်း၏ ဆေးလုံးဆိုင်အသစ်ကို စတင်ဖွင့်လှစ်ပြီ ဖြစ်သည်။
(အောက်နယ်မြေတွင်ပါဝင်ခဲ့သော ဇာတ်လမ်းကျောရိုးနှင့် တစ်ချို့အခန်းများထပ်နေသည်မို့ဘာသာပြန်သူ သည်ဆေးဆိုင်ဖွင့်သည့်အသေးစိတ်အချက်အလက်များအား ကျော်၍လိုအပ်သလို စုတုပြုခဲ့သည်။)
အသစ်ဖွင့်လှစ်ခဲ့သော ဆေးဆိုင်သည်အကျိုးသက်ရောက်မှုဆယ်ဆ ရှိသည့်အပြင်ဖန်းကွေ့ချန်သန့်စင်သည့်ဆေးလုံးများ ဖြစ်သောကြောင့် ဝက်ဝက်ကွဲ ရောင်းချရသည်။မိုးမလင်းခင်ကပင်တန်းစီ၍ စောင့်နေကြသည်အထိ ဆေးဆိုင်သည်အောင်မြင်လျက်ရှိသည်။
“ယွမ်ကြီး .. ဖန်ကြီး”
ကျွင်းချောင်ရှောင်းက စီစဉ်လိုက်သည် “ဒီကိစ္စကို ခင်ဗျားဆီ ထားခဲ့မယ်။ ကျုပ်ဂိုဏ်းဆီ ပြန်တော့မယ်။”
သူသည်ဆိုင်ဖွင့်ပွဲကို လာရောက်ခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းဆိုင်၏စီမံခန့်ခွဲမှုကိုတော့ယွမ်ဖန် နှင့်ဖန်းကွေ့ချန်ဆီ လွှဲအပ်ထားလိုက်ပြီ ဖြစ်သည်။
ဆေးဆိုင်သည်လက်ရှိအချိန်၌ လင်းယွမ်မြို့ထဲ ဟုန်းဟုန်းတောက်ကျော်ကြားလျက်ရှိသည်။ထို့ကြောင့်ပိုမို ရင်းနှီးမှုရစေရန် မြို့တော်ဝန်လုသည်ယွမ်ဖန်အား ညစာပင်ခေါ်ကျွေးခဲ့၏။ ပြီးနောက်တစ်ခါတည်း ပြောဆိုလိုက်၏ “ခင်ဗျားတို့ဆိုင်ကို တစ်နှစ်စာ အခွန်ကင်းလွတ်ခွင့်ပေးမယ်”
ဆေးဆိုင်ပိုမိုအောင်မြင်လာသည်နှင့်သူ၏ မြို့သည်လည်း ပိုမိုကာ စည်ကားလာမှာဖြစ်သည်။ထိုသို့ဆိုလျှင် မြို့၏ဝင်ငွေသည်လည်း တခြားပတ်ဝန်းကျင်မြို့များထက်သာလွန်သွားမှာ သေချာသည်။
“မြို့တော်ဝန်လု”
ယွမ်သခင်လေးသည်ဝိုင်တစ်ခွက်ကို ကောက်မော့ပြီး ပြုံးလိုက်သည် “လင်းယွမ်မြို့ဆိုတာ အောက်နယ်မြေ အတွက် ကြီးမားတဲ့ မြို့တစ်ခု ဆိုပေမဲ့အထက်နယ်မြေမှာတော့ပြောပလောက်တဲ့ မြို့တစ်ခု မဟုတ်ဘူးမလား”
မြို့တော်ဝန်လုသည်ခဏလောက်တိတ်ဆိတ်ငြိမ်သက်သွားသည်။ ပြီးနောက်လက်ခုပ်တီးကာ ပြောလိုက်၏ “အခွန်ကင်းလွတ်ခွင့်သုံးနှစ်ပါ”
တဟ်ဖက်လူ ဘာကို ဆိုလိုသနည်း ဆိုသည်ကို သူ နားလည်မိ၏။ ထို့ကြောင့်သုံးနှစ်စာ အခွန်ကင်းလွတ်ခွင့်ပေးလိုက်ခြင်းဖြစ်သည်။
“ပြီးတော့ဂိုဏ်းချုပ်က ဒီနေရာကို အခြေပြုပြီး တခြားမြို့တွေဆီမှဆိုင်ခွဲတွေဖွင့်မယ်လည်း ကြားထားတယ်” ယွမ်သခင်လေးက တီးတိုးပြောလိုက်သည်။
“ဒါက …”
မြို့တော်ဝန်လုသည်မျက်လုံးပြူးသွား၏။ ထိုသို့ဆိုလျှင်ပင်မ ဆေးဆိုင်ကြီးရှိနေသည့်မြို့သည်ပိုမိုကာ စည်ကားမည်မဟုတ်ပါလား။ “အနာဂတ်မှာ ဘာအခွန်မှမပေးနဲ့တော့။လိုအပ်ရင်ဒီလုက ကျိန်းသေပေါက်ကူညီပေးမယ်”
“ဒါဆိုရင် မြို့တော်ဝန်လုကိုပဲ ဒုက္ခပေးရတော့မှာပဲ”
ယွမ်သခင်လေးသည်သူ၏ ဝိုင်ခွက်ကိုမြှောက်လိုက်သည်။
မြို့တော်ဝန်လုသည်လည်း ခွက်ကို အလောတကြီး မြှောက်လိုက်၏။
သူတို့နှစ်ယောက်သည်တစ်နာရီလောက်သောက်စားပြီးမှလူချင်းခွဲကြတော့သည်။ ကျွင်းချောင်ရှောင်းသည်တခြားသောမြို့များတွင်ဆိုင်ခွဲများဖွင့်ရန်အကြံအစည်မရှိသေးပေ။ သို့ပေမဲ့ယွမ်သခင်လေးသည်အကျိုးလိုသောကြောင့်ညောင်ရေလောင်းခဲ့ခြင်းပင် ဖြစ်တော့သည်။
…….
ပြိုင်စံရှားဂိုဏ်းသားများသည် ကြိုးစားလေ့ကျင်နေကြပြီး တစ်ယောက်ပြီးတစ်ယောက်အဆင့်ချိုးဖျက်နေကြ၏။
ကျွင်းချောင်ရှောင်းသည်လည်း အလကားမနေချေ။ဆေးဆိုင်မှာ ရောင်းကောင်းသောကြောင့်ဓားပျံ တစ်စင်းနှင့် ပတ်ကာ ဆေးမျိုးစေ့များ လိုက်လံ ဝယ်ယူနေရသည်။
ဂိုဏ်း၏ အတွင်းကိစ္စများအား တာဝန်ယူထားသော ယွမ်ဖန်သည်ဆေးဆိုင်လုပ်ငန်းအတွက်လင်းယွမ်မြို့တွင်သွားရောက်နေထိုင်ရသည်။ဂိုဏ်းချုပ်သည်တစ်ခါတရံမှဂိုဏ်းဆီသို့ ပြန်လာနိုင်သည်။ထို့ကြောင့်အထက်ပိုင်း အကြီးအကဲများနှင့် အတွင်းစည်း တပည့်များသည်အရေးကိစ္စများအား နှင်းဆီ ဧကရီနှင့် တိုင်ပင်ဆောင်ရွက်ရ၏။ ထို့အပြင်သူမသည်ဂိုဏ်းချုပ်၏မိန်းမ ဖြစ်နေသည် မဟုတ်ပါလား။
ကုန်းရှန့်သည်ထိုအချင်းအရာကို ဝန်ခံခြင်းမပြုသလို မသိချင်ယောင်ဆောင်လျက်ရှိသည်။တစ်ခါတရံတွင်ခပ်တည်တည်နှင့် နှင်းဆီဧကရီအား အော်ငေါက်တတ်သည်ဆိုသော်လည်း မည်သူမှမရှိသည့်အချိန်တွင် ခြံဝန်းထဲ သွား၍ ချော့ခဲ့ဖူးသည်မဟုတ်ပါလား။ ထို့ကြောင့်အထက်ပိုင်း အကြီးအကဲ နှင့် တပည့်များသည် နှင်းဆီဧကရီအား ရိုသေ လေးစားရ၏။
ဂြိုဟ်ကြီးတစ်ခု၏ ဧကရီမ ဖြစ်သည်မို့ သူမအတွက်ဂိုဏ်းတစ်ခုကို စီမံ ခန့်ခွဲရသည်မှာ ပြဿနာမဟုတ်ချေ။ ထို့ကြောင့် ကျွင်းချောင်ရှောင်း အပြင်ထွက်တိုင်း သူမသည်ဂိုဏ်းကိစ္စများကို သေချာ စီမံပေးထားတတ်သည်။
တစ်ညမှာတော့ …
ကျွင်းချောင်ရှောင်းသည်တခြားမြို့များဆီသို့ဆေးမျိုးစေ့များ ဝယ်ယူပြီး နဂါးဦးခေါင်း တောင်ထွတ်ရှိ သူ၏ ခြံဝန်းထဲ ပြန်လာလိုက်သည်။ သို့ပေမဲ့ဘေးခြံသည်မီးလင်းလျက်ရှိနေကြောင်း မြင်လိုက်ရတော့ အနားတိုးကာ ကြည့်လိုက်၏။
စာကြည့်ခန်းထဲတွင်စာရွက်စာတမ်းများနှင့် အလုပ်များလျက်ရှိနေသော နှင်းဆီဧကရီကို မြင်လိုက်ရသည်။
“ရင်ထဲ ထိသွားပြီလား” စနစ်က မေးမြန်းလိုက်၏။
“တော်စမ်း”
ကျွင်းချောင်ရှောင်းသည်မျက်လုံးများ ချာချာလည်သွားသည်။ ပြီးနောက် နှင်းဆီဧကရီ၏ ခြံဝန်းထဲ လှမ်းဝင်လိုက်သည်။သို့ပေမဲ့ဘာလို့မှန်းမသိဘဲ ဝင်ရမလို၊ မဝင်ရမလို နှင့် ဗျာများလျက်ရှိ၏။
စာရွက်စာတမ်းများနှင့် အလုပ်များလျက်ရှိနေသော နှင်းဆီဧကရီသည်တစ်စုံတခုကို သတိပြုမိ၏။ ထို့ကြောင့်တံခါးကို တွန်းဖွင့်ကြည့်လိုက်မိသည်။သူမသည်ဇဝေဇဝါဖြစ်မိနေသည် “ရှင်ဘာလုပ်နေတာလဲ”
ဝှစ် …။
ကုန်းရှန့်သည်ချက်ချင်း ကုတ်ချောင်းချောင်း လုပ်နေရာမှအကြောလျော့လေ့ကျင့်ခန်းလုပ်ရင်း ခုန်ပေါက်လိုက်သည် “မနက်ခင်း လေ့ကျင့်ခန်းလုပ်နေတာလေ”
နှင်းဆီ ဧကရီ က အံံ့အားသင့်သွားသည် “ညသန်းခေါင်ကြီး ဘာလို့မနက်ခင်း လေ့ကျင့်ခန်း လုပ်နေတာလဲ”
“ပျော်လို့ပါ”
ကျွင်းချောင်ရှောင်းသည်အကြိမ်အနည်းငယ်လောက်လုန်လိုက်ပြီးနောက်တစ်ခါတည်း လှည့်ထွက်သွားလိုက်သည် “ကျုပ်ပင်ပန်းနေပြီ။ သွားအိပ်တော့မယ်”
“…….”
နှင်းဆီဧကရီသည်ဆွံ့အသွားသည်။
သူ၏ ခြံဝန်းထဲ မဝင်ခင်မှာပဲ ကျွင်းချောင်ရှောင်းသည်ရုတ်တရက်ရပ်ကာ လှမ်းပြောလိုက်သည် “အလုပ်နဲ့အနားယူချိန်ကို မျှအောင်နေအုံးမှပေါ့။အိပ်တော့”