← Chapters

အပိုင်း (၁၃၇၈)

Vol. 93 Ch. 1378

အပိုင်း (၁၃၇၈)

Vol. 93 Ch. 1378

အင်မော်တယ်တောင်၏ လွတ်လပ်နေသော မြေပြင်တည်နေရာကြီးထဲမှာတော့ တည်နေကြီးအား သေချာ အာရုံစိုက် ကြည့်ရှုနေသည့် လီချင်းယန်သည် သဘောတကျဖြင့် ပြောလိုက်မိ၏။ “ဒီနေရာက မဆိုးဘူးပဲ။ ဆေးဥယျာဉ်စိုက်ပျိုးဖို့အတွက် ကောင်းတဲ့နေရာတစ်ခုလို့ သတ်မှတ်နိုင်တယ်”

လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း သူသည် ဂိုဏ်း၏အပြင်ဘက် တည်နေရာတွင် လှည့်ပတ်ရှာဖွေကာဖြင့် ကောင်းမွန်သည့် တည်နေရာများကို ရွေးချယ်လျက်ရှိသည်။ ထိုတည်နေရာများအား ဆေးဥယျာဉ်များအဖြစ် ဖန်တီးပြုလုပ်ရန် သူစီစဉ်ထားသည်။

ဆောက်လုပ်ရေးပြုလုပ်ရာ လမ်းတလျှောက်မှာတော့ ဒုတိယတပည့်သည် ခပ်လှမ်းလှမ်းဆီသို့ လှမ်းလျှောက်လျက်ရှိ၏။ အဓိကအားဖြင့် ကျွင်းချောင်ရှောင်းသည် သူ၏တပည့်အား သိုင်းလေ့ကျင့်ခြင်း သည်သာမက ၎င်း၏ ဝါသနာကို ပြည့်စုံစေရန်အတွက် အလုံးစုံ ခွင့်ပြုပေးထားတော့၏။ လီချင်းယန်၏ ဝါသနာသည် အဆောက်အဦများ ဆောက်လုပ်ခြင်းပင်ဖြစ်၏။

“အင်း... နောက်တစ်နေရာကို သွားကြည့်ရမယ်”

လီချင်းယန်သည် တခြားတစ်နေရာကို သွားကြည့်ရန် ခြေထောက်ကို ဆွဲမလိုက်သည့်အချိန်မှာပဲ သူ၏ ခန္ဓာကိုယ်ထဲတွင် ထူးဆန်းလှသည့် စွမ်းအင်တစ်မျိုး ဖြစ်တည်လာ၏။ ခန္ဓာကိုယ်တစ်ခုလုံးသည် အချိန်အတိုင်းအတာ တစ်ခုအတွင်း ငြိမ်သက်သွား၏။ ခဏလောက်ကြာပြီးနောက် ပုံမှန်အဖြစ်သို့ ပြောင်းလဲ သွားသည်။

သူသည် အံ့အားတသင့်ဖြင့် မေးလိုက်မိ၏။ “ဘာတွေဖြစ်သွားတာလဲ”

“ချင်းယန်”

ထိုအချိန်မှာပဲ ဂိုဏ်းချုပ်၏ အသံသည် သူ၏နားထဲသို့ တိုးဝင်လာ၏။ “အဓိကဟောခန်းဆီ လာခဲ့အုံး”

“ကောင်းပါပြီ”

လီချင်းယန်သည် တည်နေရာများကို ဆက်လက်ရှာဖွေမည့် အကြံအစည်အား စွန့်လွှတ်လိုက်၏။ ပြီးနောက် သံမဏိ အရိုးတောင်တွင် ရှိနေသော ဂိုဏ်းချုပ်၏ အဓိကဟောခန်းဆီသို့ လှမ်းလျှောက်လိုက်သည်။

သူ အဓိက ဟောခန်းထဲသို့ လျှောက်ဝင်ဝင်ချင်းမှာပဲ ထူးဆန်းသည့်အရာတစ်ခုသည် သူ့ဆီပြေးဝင်လာခဲ့၏။ သူသည် ရှောင်ချိန်မရသောကြောင့် လက်ဖြင့် တားဆီးကာ ကာလိုက်ရ၏။ သို့ပေမဲ့ နှလုံးသားထဲတွင် ဖြစ်တည်နေသည့် ရင်းနှီးလှသည့် ခံစားချက်တစ်ခုကို ရရှိနေသောကြောင့် ထိုအရာကို အမှတ်မထင်ဘဲ ဖက်လိုက်မိ၏။

ရွှီး ……။

လျှပ်စီးကဲ့သို့သော အရာများ ဖြစ်တည်လာပြီး လေထုထဲတွင် သတ်ဖြတ်လိုခြင်းဆန္ဒများ ပြည့်နှက်လာ၏။ လီချင်းယန်သည် သေသေချာချာ စူးစိုက်ကြည့်လိုက်သည့်အချိန်မှာတော့ သူဖက်ထားသည့်သားရဲသည် လျှပ်စီးများ လွှမ်းခြုံလျက်ရှိနေသည့် သားရဲတစ်ကောင် ဖြစ်သည်ကို သိရှိလိုက်ရသည်။ ဤအရာသည် မည်သည့်မျိုးနွယ်မှန်း သူသေချာ မပြောနိုင်ချေ။ မျက်လုံးနှစ်လုံးသည် အလွန်တရာ ကြီးမားလှပြီး ခန္ဓာကိုယ်ပေါ်တွင် ခရမ်းရောင် ကဲ့သို့သော လျှပ်စီးဓာတ်များ တလက်လက် တောက်ပနေ၏။ သို့ပေမဲ့ ချစ်ဖို့ အလွန်ကောင်းလှသည်။

“ချင်းယန်”

ဂိုဏ်းချုပ်ထိုင်ခုံပေါ်တွင် ထိုင်လျက်ရှိနေသည့် ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒါက မိုးကြိုးကြံ့သားရဲပဲ။ မင်းရဲ့ပဋိညာဉ်သားရဲလေ”

“အမ်” လီချင်းယန်သည် ကြောင်အသွား၏။

ဝှစ်

ဂျာမန်ခွေးတစ်ကောင်၏ အရွယ်အစားခန့်ရှိသော မိုးကြိုးကြံ့သားရဲသည် လျှာကြီးကိုထုတ်ပြီးသည့်နောက် သူ့သခင်၏ မျက်နှာအား လျက်လျှက်ရှိသည်။ ၎င်း၏ မျက်နှာပေါ်မှာတော့ လူသားတစ်ယောက်ကဲ့သို့ အပြုံးမျိုး တည်ရှိနေသည်။

............

“ချီးတဲ့မှ... ဒုတိယအစ်ကိုရဲ့နောက်က ဘာကြီးလဲ”

“မိုးကြိုးနဲ့လျှပ်စီးဓာတ်တွေက သူ့ရဲ့အမွှေးတွေပေါ်မှာ ပြေးနေတယ်”

လီချင်းယန်သည် အဓိကဟောခန်းထဲမှ လျှောက်ထွက်လိုက်သည်နှင့်တပြိုင်နက် သူ၏နောက်မှ မိုးကြိုးကြံ့ သားရဲက လိုက်ပါလာခဲ့သည်။ ၎င်း၏ အမြီးသည် အနောက်ဘက်သို့ တယိမ်းယိမ်းဖြင့် ရှိနေပြီး ပတ်ဝန်းကျင်တွင် ရှိနေသော တပည့်အားလုံး၏ အာရုံကို ဆွဲဆောင်ထား၏။

“ဒုတိယစီနီယာအစ်ကို”

စုရှောင်မိုသည် ပြေးလာပြီးနောက် အံ့အားတသင့်ဖြင့် မေးလိုက်သည်။ “ဒါ ဘာကြီးလဲ”

လီချင်းယန်က ပြောလိုက်သည်။ “ဂိုဏ်းချုပ်က ပေးတဲ့ ပဋိညာဉ်သားရဲလေ”

“ပဋိညာဉ်သားရဲ ဟုတ်လား” စုရှောင်မိုသည် ပိုမိုကာ အံ့အားသင့်သွား၏။ ပြီးနောက် သူ၏လက်ကို ဆန့်တန်းကာ ချစ်ဖို့ကောင်းလှသော ဤအကောင်လေးကို လှမ်းကာ ပွတ်သပ်လိုက်၏။

သို့ပေမဲ့ တစ်ဖက်သတ္တဝါ၏ အမွှေးများကို ထိလိုက်သည်နှင့်တပြိုင်နက် သူ၏ တစ်ကိုယ်လုံးသည် တုန်ယင်သွားသည်။ ဆံပင်များထောင်ထသွားပြီး မြေပေါ်သို့ ဆန့်ဆန့်ကြီး လဲကျသွား၏။ ပါးစပ်ထဲမှ အမြှုပ်များပင် ထွက်လာခဲ့သည်။

လီချင်းယန်၏ မျက်လုံးများသည် ပြူးကျယ်သွား၏။ ဤအကောင်လေးသည် အားနည်းလွန်းသည့် ပုံစံပေါ်သော်လည်း ဂျူနီယာညီလေးစုကိုပင် ဓာတ်လိုက်စေခဲ့၏။

“ချင်းယန်”

ကျွင်းချောင်ရှောင်းသည် အဓိကဟောခန်းထဲမှ ထွက်လျှောက်လာပြီး လက်နှစ်ဖက်ကို နောက်သို့ ပစ်ကာ ပြောလိုက်၏။ “ဒီသားရဲက အခုမှ မွေးလာတယ်ဆိုပေမဲ့ သူတော်စင်အဆင့်သားရဲ အားအင်ကို ပိုင်ဆိုင်တယ်။ ဒီတော့ တခြားသူတွေကို အမှတ်မထင် ထိခွင့်မပေးသင့်ဘူး”

“သူတော်စင်အဆင့်သားရဲနဲ့ နှိုင်းယှဉ်လို့ရတယ် ဟုတ်လား”

လီချင်းယန်က အံ့အားသင့်သွားသည်။ “အားကောင်းလိုက်တာ”

စိတ်ဝိညာဉ်သားရဲခန်းမဆောင်တွင်ရှိသော သားရဲဥများသည် အလွန်ရှားပါးပြီး ဆန်းကြယ်လွန်းသော သားရဲများ ဖြစ်၏။ ထို့ကြောင့် သာမန်ထက်ပိုသည့် အရည်အသွေးများကို ပိုင်ဆိုင်ကြ၏။

အချက်အလက်အားဖြင့် ကျွင်းချောင်ရှောင်းသည် သဘောတော့ မကျသေးပေ။ မွေးဖွားလာသည်နှင့် တပြိုင်နက် တည်နေရာချိုးဖြတ်ခြင်း အဆင့် သို့မဟုတ် အမြူတေပြောင်းလဲခြင်းအဆင့်လောက် ဖြစ်တည်လာမည်ဆိုလျှင် မည်မျှ ကောင်းလိုက် မည်နည်း။

“ဂိုဏ်းချုပ်”

လီထျန်းထျန်းသည် ပြေးလာပြီးနောက် သူ၏လက်များကို ပွတ်သပ်ကာ ပြောလိုက်၏။ “ကျွန်တော်ကို လည်း ပဋိညာဉ်သားရဲတစ်ကောင်လောက် ဘယ်တော့ ဆုပေးမှာလဲ”

“မပူနဲ့။ မပူနဲ့”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “မင်းတို့ရဲ့ လုပ်ဆောင်မှုတွေကသာ ထူးချွန်နေမယ်ဆိုရင် မနှေးနဲ့ မမြန်ဆိုသလို တစ်ကောင်စီရမှာပေါ့”

သူ့အနေနှင့် တပည့်များအား ပဋိညာဉ်သားရဲ တစ်ကောင်စီ ပေးရန် မစောင့်နိုင်တော့ချေ။ သို့ပေမဲ့ သူ၏ ငွေကြေးအားအင်သည် ထိုအရာကို ပြုလုပ်ရန် ခွင့်မပြုသေးချေ။ တဖြည်းဖြည်း စုဆောင်းပြီး အနာဂတ်တွင် အားလုံးကို တစ်ကောင်စီပေးမည်ဟု ဆုံးဖြတ်ထား၏။

အားညိုဆီမှာ သိမ်းငှက်ရှိတယ်လေ။ ဒီတော့ ငါ ဆယ်သန်းကို စုဆောင်းထားသလို ဖြစ်တာပေါ့။

ရီရှင်းချန်၏ သိမ်းငှက်သည်လည်း အထက်နယ်မြေဆီသို့ တက်လှမ်းလာခဲ့၏။ သို့ပေမဲ့ အားအင်အဆင့်အရ ဆိုလျှင် အချိန် အကြာကြီး ပြန်လည်လေ့ကျင့်ရမှာ ဖြစ်သည်။

................

သံမဏိအရိုးတောင်ထဲတွင် မတူညီသည့်အဆင့်နှင့် မတူညီသည့် စိတ်ဝိညာဉ်သားရဲများ တည်ရှိနေသည်။ ဂိုဏ်း၏ တပည့်အရေအတွက်ထက်ပင် များပြားနေ၏။ ထို့အပြင် ခရမ်းရောင်ဘုရင်က ဦးဆောင်ထားသည်မို့ ပဋိညာဉ်သားရဲများအနေဖြင့် တခြားသောတပည့်များနှင့် ပြဿနာဖြစ်ရန်ဆိုသည်မှာ လုံးဝမဖြစ်နိုင်ပေ။ သို့ပေမဲ့ ဂိုဏ်းထဲတွင်ရှိနေသော သားရဲများသည် သာမန်သာဖြစ်၏။

စိတ်ဝိညာဉ်သားရဲခန်းမဆောင်ထဲမှာ သားပေါက်ခဲ့သော သားရဲသည် အလွန်ရှားပါးပြီး ထူးဆန်းလှသော သားရဲမျိုး ဖြစ်သည်။ သူ၏သခင်နှင့်အတူ ယှဉ်တွဲကာ တိုက်ခိုက်နိုင်မည့် ပဋိညာဉ်သားရဲမျိုးဖြစ်ပြီး များပြားလှသည့် အကျိုးကျေးဇူးများလည်း တည်ရှိနေသည်။

ဥပမာအားဖြင့် လီချင်းယန်တစ်ယောက် သူ၏ အိပ်ခန်းဆီသို့ ရောက်ရှိပြီး ထုံးစံအတိုင်း ကျင့်ကြံနေသည့်အချိန်တွင် သူ၏ မိုးကြိုးဓာတ်သဘာဝများအပေါ် နားလည်နိုင်မှုနှင့် စုပ်ယူမှုသည် ပိုမိုကာ တိုးတက်လာ၏။

“မဟုတ်သေးပါဘူး။ ငါ ဒီနေ့ ကျင့်ကြံခြင်းဆေးလုံးတွေလည်း မစားရပါဘူး”

လီချင်းယန်တစ်ယောက် တွေဝေလျက် ရှိနေတုန်းမှာပဲ သူ၏ဘေးနားတွင် လှဲလျက်ရှိနေသည့် မိုးကြိုးကြံ့သားရဲအား လှမ်း၍ ကြည့်ရှုလိုက်မိ၏။ ၎င်း၏ ခန္ဓာကိုယ်ပေါ်တွင်တော့ ထူထဲလှသည့် မိုးကြိုး ဓာတ်သဘာဝများ ပြေးလွှားလျက်ရှိ၏။ သန့်စင်သည့် စွမ်းအင်များသည် အသက်ရှူသွင်းလိုက်တိုင်း ဖြစ်တည်လျက် ရှိနေသည်။ တစ်ချိန်တည်းမှာပဲ မိုးကြိုး ဓာတ်သဘာဝများအပေါ် နားလည်မှုသည် ပိုမိုကာ တိုးတက်လာခဲ့၏။

“အင်း.. သူက ငါ့ကို ကျင့်ကြံတဲ့နေရာမှာ ကူညီပေးနိုင်စွမ်း ရှိတာကိုး”

ဤခန့်မှန်းချက်ကို အတည်ပြုရန်အတွက် လီချင်းယန်သည် လေ့ကျင့်ရာမှ ရပ်တန့်ပြီး မိုးကြိုးကြံ့သတ္တဝါ၏ အသက်ရှူသွင်းသည့်ပုံစံကို သေသေချာချာ ကြည့်ရှုနေ၏။ နောက်ဆုံးမှာတော့ ၎င်းကျင့်ကြံသည်နှင့်တပြိုင်နက် သူသည်လည်း ကျင့်ကြံခြင်း၏ အကျိုးကျေးဇူး ကို ရရှိနေကြောင်း သတိပြုမိလိုက်သည်။

“မဆိုးဘူးပဲ”

ဤအရာသည် စိတ်ဝိညာဉ်သားရဲခန်းမဆောင်၏ သားရဲဥမှ ရရှိလာသည့် ကောင်းမွန်သည့် အကျိုး ကျေးဇူးပင် ဖြစ်သည်။ ၎င်းသည် ကျင့်ကြံသည်နှင့်တပြိုင်နက် သခင်၏ ကျင့်ကြံခြင်းကိုပါ အထောက် အကူပေးနေလေ၏။

ဟုတ်ပေသည်။ သခင် တိုးတက်လာသည်ဆိုလျှင် ပဋိညာဉ်သားရဲကလည်း တိုးတက်လာမှာဖြစ်၏။ အချက်အလက် အားဖြင့် ကျွင်းချောင်ရှောင်း၏ ပဋိညာဉ်သားရဲများဖြစ်သော တောဝက်ရိုင်းလေးနှင့် နဂါးလေးတို့သည်လည်း ဤကဲ့သို့သော စွမ်းအင်မျိုးကို ပိုင်ဆိုင်၏။ သို့ပေမဲ့ လီချင်းယန်၏ သားရဲသည် အဆင့်မြင့် ဗားရှင်းပင် ဖြစ်သည်။

ကျွမ်းကျင်သူတစ်ယောက်၏ အမြင်ဖြင့် ရှင်းပြရမည်ဆိုလျှင် ဤအရာသည် အသက်သွေး ပဋိညာဉ်ရေးထိုးခြင်းပင် ဖြစ်၏။ ကျင့်ကြံသူများအနေနှင့် အသက်သွေးလက်နက်နှင့် ရတနာများ အားလုံးသည် တစ်သားတည်း ဖြစ်တည်စေ၏။ ဆရာနှင့် ကျေးကျွန်ဆက်ဆံရေးတွင် အသက်သွေးပဋိညာဉ်စာချုပ်ကို ချုပ်ဆိုထားသည်ဆိုပါက နှစ်ဦးလုံး တပြိုင်နက် သိုင်းပညာနှင့် အရင်းအမြစ်များကို ခွဲဝေကာ အသုံးပြုနိုင်စွမ်း ရှိ၏။

“ချီးတဲ့မှ”

ကျွင်းချောင်ရှောင်းသည် ထိုအရာကို ကြားတော့ အံ့အားသင့်မိသွားသည်။ “အဲလောက် အံ့အားသင့်စရာ ကောင်းတာလား”

ဒုတိယတပည့်နှင့် မိုးကြိုးကြံ့သားရဲတို့သည် အတွေ့အကြုံများကို မျှဝေခံစားနိုင်သည်။ ထို့ကြောင့် ကျင့်ကြံခြင်းနှင့် အမြန်နှုန်းသည်လည်း ပိုမိုကာ မြန်ဆန်လာပေလိမ့်မည်။ ထို့အပြင် သားရဲများသည် သိုင်းပညာနှင့် ကျင့်ကြံခြင်း နည်းစနစ်များကို လေ့ကျင့်ရန် မလိုအပ်ချေ။ ၎င်းတို့သည် အသက်ရှူသွင်း အိပ်ပျော်ရင်းနှင့်ပင် အဆင့်တိုးတက် နိုင်သည့် သတ္တဝါများပင် ဖြစ်၏။

စနစ်က ပြောလိုက်သည်။ “ဒီမှာ ပြစ်ချက်တွေ ရှိသေးတယ်”

“ဘယ်လို ပြစ်ချက်တွေလဲ”

“ဒုတိယတပည့်နဲ့ ကြံ့သားရဲက အတွေ့အကြုံတွေ၊ အသိအမြင်နဲ့ သိုင်းကျင့်ကြံခြင်း နည်းစနစ်တွေ၊ စုပ်ယူနိုင်မှု အားအင်တွေ အကုန်လုံးကို မျှဝေနိုင်တယ်ဆိုပေမဲ့ တစ်ယောက်က ဒဏ်ရာရပြီဆိုရင် ကျန်တဲ့လူကလည်း ဒဏ်ရာ ရပြီပဲ”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဟ... ဟုတ်လား”

“ဟုတ်တာပေါ့”

စနစ်က ပြောလိုက်၏။ “ဒီလိုသားရဲမျိုးကို ရရှိထားတဲ့အတွက် ဒုတိယတပည့်က ပိုပြီး အားကောင်းလာလိမ့်မယ်။ ပြီးတော့ အတူတူ တိုက်ခိုက်နိုင်စွမ်း ရှိလိမ့်မယ်။ ဒါပေမဲ့ အန္တရာယ်ကိုလည်း ကြိုပြီး သတိထားနိုင်မှ ဖြစ်လိမ့်မယ်”

“ဒါကတော့ ဟုတ်တာပဲ”

ကျွင်းချောင်ရှောင်းသည် မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်မိသည်။ “နောက်လ ငွေကြေး အမြတ်အစွန်းတွေ ထပ်ရမယ်ဆိုရင် ချင်းချင်းနဲ့ တခြားသူတွေကိုလည်း ပဋိညာဉ်သားရဲ တစ်ကောင်စီ ပေးအုံးမှပဲ”

မိုးကြိုးကြံ့ဥကို သားဖောက်ရခြင်းကြောင့် ဖြစ်ပေါ်လာသည့် ရလဒ်သည် စိတ်ကျေနပ်ဖွယ်ရာပင်ဖြစ်၏။ ထို့ကြောင့် အတွင်းစည်းတပည့်များ အားလုံးကို ပဋိညာဉ်သားရဲများ ပေးအပ်ရန် သူစဉ်းစားထားသည်။ အချိန်ကတော့ လိုအပ် နေပေဦးမည်။

ကုန်းရှန့်အနေဖြင့် ဆေးဆိုင်ဆီမှ အမြတ်အစွန်း ကြီးကြီးမားမားသာ မရရှိပါက ဤကဲ့သို့ ကိစ္စရပ်မျိုးကို စဉ်းစားရဲလိမ့်မည် မဟုတ်ချေ။ ထို့အပြင် သားရဲဥတစ်လုံးကို သားဖောက်ရခြင်းသည် ရွှမ်စိတ်ဝိညာဉ် ဆယ်သန်းကုန်ကျသည် မဟုတ်ပါလား။

ဤကဲ့သို့သော ပဋိညာဉ်သားရဲများ ဖြစ်တည်လာဖို့ဆိုသည်မှာ ဂိုဏ်း၏ စီးပွားရေး ပိုမို တိုးတက်လာရန်လည်း လိုအပ်နေသေးသည်။

ဝှစ် ဝှစ်

ပြိုင်စံရှားဂိုဏ်း၏ အဝေးတစ်နေရာ တောင်ပေါ်တွင်တော့ များပြားလှသည့် အမဲရောင်အရိပ်များသည် လှုပ်ရှားလျက် ရှိနေကြသည်။

“အစ်ကိုကြီး... ကလန်ထဲက သတင်းတစ်ခုကြားတယ်။ မိုးကြိုးရေကန်ထဲက ဥက မွေးဖွားခဲ့ပြီတဲ့”

“တည်နေရာကို အတည်ပြုပြီးပြီလား”

“မပြုရသေးပါဘူး”

“ချီးတဲ့မှ... အထက်နယ်မြေက အရမ်းကြီးတာလေ။ တိကျသေချာတဲ့ တည်နေရာ မရှိဘဲနဲ့ ဘယ်လိုရှာရမလဲ”

ထိုအမဲရောင်အဖွဲ့များသည် ဥပေါက်သွားပြီ ဖြစ်ကြောင်းကို အတည်ပြုနိုင်ခဲ့၏။ သူတို့နည်းတူပဲ တခြားသော ကလန်အသီးသီးတို့သည်လည်း လိုက်လံရှာဖွေလျက် ရှိနေကြ၏။

ကျယ်ပြောလှသည့် နယ်မြေဟောခန်းကြီးတစ်ခုအတွင်းမှာတော့ အကြီးအကဲ အနည်းငယ်တို့သည် ဆွေးနွေးလျက် ရှိ၏။ ၎င်းတို့ထဲမှ တစ်ယောက်က တီးတိုးပြောလိုက်သည်။

“လက်ရှိ အခြေအနေမှာ တခြားမျိုးနွယ်ကလန်တွေ အကုန်လုံးက နည်းနည်း လှုပ်လှုပ်ရှားရှား ဖြစ်လာကြတယ်။ သူတို့က ငြိမ်ငြိမ်သက်သက် နေပါမယ်ဆိုတဲ့ ကတိ စကားကို ဖယ်ရှားပြီးတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းတုန်းက သဘောတူစာချုပ်ကို ချိုးဖြတ်ချင်ပုံ ရတယ်”

“ဟုတ်လား။ ဟမ့်”

အကြီးအကဲတစ်ယောက်သည် အေးစက်စက် ပြောလိုက်သည်။ “ကျုပ် အရင်တုန်းက ပြောခဲ့ဖူးသားပဲ။ သူတို့တွေက လူသားတွေ မဟုတ်တော့ ယုံကြည်လို့ မရဘူး”

“သတင်းပို့ပါတယ်”

ထိုအချိန်မှာပဲ တစ်စုံတစ်ယောက်သည် အထဲသို့ ဝင်ရောက်လာကာ ပြောလိုက်၏။ “နဂါး ကလန်က စပြီး လှုပ်ရှားနေပါပြီ”

“ဘာ”

အကြီးအကဲတချို့သည် ရုတ်တရက် မတ်တပ်ထရပ်လိုက်မိကြ၏။ ၎င်းတို့သည် မျက်မှောင်ကုတ်ကာ ပြောလိုက်သည်။ “နဂါးကလန်ကတောင် ငြိမ်ငြိမ်သက်သက် မနေနိုင်တော့ဘူးဆိုတော့ ဒါက ကောင်းမွန်တဲ့ လက္ခဏာတွေ မဟုတ်မှာ စိုးရိမ်ရတယ်”

All Chapters