အပိုင်း (၁၃၇၉)
Vol. 93 Ch. 1379
အထက်နယ်မြေသည် ယနေ့မှာတော့ အနည်းငယ် လှုပ်လှုပ်ရှားရှား ဖြစ်နေ၏။ ခြေချ၍ လှုပ်ရှားခြင်း မရှိသော မျိုးနွယ်စုများသည် စတင်ကာ လှုပ်ရှားလာခဲ့၏။ သို့ပေမဲ့ ဤလောကကြီးတစ်ခုလုံးကို ရှုပ်ထွေးအောင် စဦးပြုလုပ်ခဲ့သည့် ကျွင်းချောင်ရှောင်းမှာတော့ ဤအချင်းအရာများကို မသိရှိချေ။ သူ့အနေနှင့် ငြိမ်းငြိမ်းချမ်းချမ်း ဂိုဏ်း၌ ပိုက်ဆံများ ရရှိရန် ဖန်တီးလျက် ရှိနေတော့၏။
အရင်းနည်းပါးပြီး အမြတ်အစွန်းများ များပြားစွာ ရရှိနေသည်မို့ ဆေးဆိုင်၏ အရောင်းသည် ဆက်တိုက် တိုးတက်နေသလို သူ၏ ချမ်းသာကြွယ်ဝမှုသည်လည်းလည်း ပိုမိုကာ တိုးတက်လာ၏။ သို့ပေမဲ့ ချမ်းသာ ကြွယ်ဝမှုများသည် တောင်လိုပုံလာမည် ဆိုလျှင်တောင်မှ မည်သူက ငြင်းပယ်နေမည်နည်း။ ပျော်ပျော်ရွှင်ရွှင်ဖြင့် ဆက်လက်ကာ ရယူနေမှာဖြစ်၏။ ထို့ကြောင့် ကျွင်းချောင်ရှောင်းအနေဖြင့် အခြားသော မြို့များတွင် ဆိုင်ခွဲများ ဖွင့်ရန် စတင်ကာ စဉ်းစားလာမိသည်။
“မဖြစ်သေးဘူး။ ငါ့အနေနဲ့ လူအင်အားနဲ့ ပစ္စည်း လုံလုံလောက်လောက် မရှိသေးဘူး။ လင်းယွမ်မြို့ထဲမှာ အရင်ဆုံး ဆေးဆိုင်ကို ကြီးကြီးမားမားဖြစ်အောင် လုပ်ရမယ်။ ပြီးတော့မှ စီးပွားရေးကို ချဲ့ထွင်ဖို့ စဉ်းစားသင့်တယ်”
ထို့အပြင် လက်ရှိဆေးလုံးဖော်စပ်မှုများသည် ဆေးလုံးခန်းမဆောင်မှာကဲ့သို့ ခလုတ်တစ်ချက်နှိပ်ရုံဖြင့် ဖြစ်တည်လာသည့် ဆေးလုံးများ မဟုတ်ချေ။ ထို့ကြောင့် လူအင်အားကလည်း လိုအပ်နေ၏။ မဟုတ်ပါက ဖန်းကွေ့ချန် အနေဖြင့် မော၍ သေဆုံးသွားနိုင်သည်။
“ဂိုဏ်းချုပ်”
လီလိုရှုသည် အဓိကဟောခန်းထဲသို့ လျှောက်ဝင်လာကာ ပြောလိုက်၏။ “ယွမ်သခင်လေးက စာတစ်စောင် ပို့လိုက်တယ်။ အနီးအနားမြို့မှာရှိတဲ့ ဆေးပင်လုပ်ငန်း လုပ်ကြတဲ့ လူတွေ အကုန်လုံးက အစည်းအဝေး ပြုလုပ်ဖို့ ကမ်းလှမ်းခဲ့တယ်တဲ့”
လက်ရှိအခြေအနေမှာတော့ ၎င်းတို့နှင့်အတူ စီးပွားရေးပြုလုပ်ရန် ကမ်းလှမ်းနေသည့် မျိုးနွယ်စုများပင် တည်ရှိ လာပြီဖြစ်၏။ ဤလအတွင်းမှာပဲ ပြိုင်စံရှားဂိုဏ်း၏ ဆေးဆိုင်သည် ပတ်ဝန်းကျင် တည်နေရာတစ်ခုလုံးတွင် ကျော်ကြားလာခဲ့၏။ ဆေးပင်ကုန်သည်များသည် သူတို့၏ ဆေးပင်များအား ရောင်းချနိုင်ရန်အတွက် ပြိုင်စံရှား ဂိုဏ်း၏ ဆေးဆိုင်အား မျက်စိကျလျက်ရှိသည်။
“ယွမ်ကြီးကို ပြောလိုက်။ သူတို့နဲ့ ပူးပေါင်းလုပ်ဆောင်မယ်။ လိုအပ်တဲ့ဆေးပင်တွေကို ထောက်ပံ့ပေးနိုင်မယ်ဆိုရင် ကျုပ်တို့ကလည်း ဝယ်ယူမယ်လို့” ကျွင်းချောင်ရှောင်းက ပြန်ပြောလိုက်၏။
သာမန်ဆေးပင်များအနေနှင့် အဆင့်မြင့် ဆေးလုံးများ ဖန်တီးနိုင်စွမ်း မရှိချေ။ သို့ပေမဲ့ ဆေးမျိုးစေ့များကို ဝယ်ယူနိုင်မည်ဆိုလျှင်တော့ ပိုမို အားကောင်းသည့် ဆေးပင်များကို ထုတ်လုပ်နိုင်၏။ ထို့အပြင် လုံလောက်သည့် ကုန်ကြမ်းပစ္စည်းများကို ရရှိပါက သူ့အနေနှင့် အသွင်ပြောင်းခန္ဓာကိုယ်ဖြစ်တည်ခြင်း ဆေးလုံးများကိုလည်း သန့်စင်၍ ရနိုင်သေးသည်။
လီလိုရှုသည် ဂိုဏ်းချုပ်၏ အမိန့်အား လင်းယွမ်မြို့ဆီသို့ အလျင်အမြန် ပြန်လည် ပို့ဆောင်လိုက်၏။ ယွမ်သခင်လေးသည် ထိုသတင်းကို ရရှိပြီးသည့်နောက် ချက်ချင်းပဲ ဆေးပင်လုပ်ငန်း ပြုလုပ်ကြသည့် လူပေါင်း များစွာတို့ကို ခေါ်ယူကာ အစည်းအဝေး ပြုလုပ်ခဲ့၏။ ပြောရမည်ဆိုလျှင် အားလုံးကိုခေါ်၍ ဈေးဆစ်ခြင်းပင် ဖြစ်၏။
တစ်နာရီလောက် ဆွေးနွေးပြီးသည့်နောက် အစည်းအဝေးပွဲသို့ လာရောက်တက်ကြသည့် လူများအားလုံးသည် တွေဝေငေးငိုင်စွာဖြင့် လှမ်းလျှောက်ထွက်လာကြသည်။ တစ်ဖက်လူသည် သူတို့၏ တစ်ဘဝလုံးတွင် တစ်ခါမှ မတွေ့ဖူးသည့် အလွန်ကပ်စေးနည်းကာ ကုတ်ခြစ်လှသော လူတစ်ယောက် လောကကြီးတွင်ရှိနေသောကြောင်း အသိအမှတ် ပြုလိုက်မိကြသည်။
...........
ရက်အနည်းငယ် ကြာပြီးသည့်နောက် ထောက်ပံ့ရမည့် ဆေးပင်အရေအတွက်သည် လင်းယွမ်မြို့ဆီသို့ ရောက်ရှိ လာ၏။ ကျွင်းချောင်ရှောင်း အနေဖြင့် တစ်ခုချင်းစီကို ကြည့်ရှုပြီးနောက် အံ့အားသင့်သွားမိ၏။ “ဒါတွေရဲ့ ဈေးနှုန်းက ဈေးပေါလိုက်တာ”
အကယ်၍ အစည်းအဝေးခန်းမတွင် ယွမ်သခင်လေး၏ တံတွေးများသည် စားပွဲများပေါ်သို့ပျံ့နှံ့လျက် ရှိပြီး တစ်ဖက်လူများသည် ဈေးဆစ်ခံရလွန်းသောကြောင့်မျက်ရည်များပင်ဝိုင်းခဲ့ကြောင်းကို သိရှိမည်ဆိုပါက ကုန်းရှန့်အနေနှင့် အဘယ့်ကြောင့် ဈေးပေါသည့်အကြောင်းကို နားလည်ပေလိမ့်မည်။ တစ်ဖက် လူများ အားလုံးသည် မည်သို့မှ နားမခံသာသောကြောင့် အနိမ့်ဆုံးဈေးများကို ပေးအပ်လိုက်ခြင်း ဖြစ်သည်။
ဆွစ်
သူသည် ဆေးလုံးခန်းမဆောင်ကို ဖွင့်ပြီးသည့်နောက် အသွင်ပြောင်းခန္ဓာကိုယ်ဖြစ်တည်ခြင်းဆေးလုံးကို သန့်စင် လိုက်၏။ အချိန်အတော်ကြာပြီးသည့်နောက် ဆေးလုံးများ အားလုံးသည် သန့်စင်ခြင်းအဖြစ်သို့ ရောက်ရှိ သွားသည်။ ကျွင်းချောင်ရှောင်းသည် ခံစားချက်အပြည့်ဖြင့် သက်ပြင်းချလိုက်မိ၏။ “အင်း.. လွယ်ကူလိုက်တာ”
စနစ်က ပြောလိုက်သည်။ “လက်ခံသူအနေနဲ့ ဒီလိုဆေးလုံးမျိုးကိုသာ ရောင်းမယ်ဆိုရင် အမြတ်အစွန်းက ပိုပြီး ကြီးလိမ့်မယ်လေ”
“အင်း”
ကျွင်းချောင်ရှောင်းသည် မျက်လုံးများ ချာချာလည်သွားမိ၏။ “တပည့်တွေတောင် လုံလုံလောက်လောက် မရသေးဘူး။ ငါက ဘာတွေပိုနေလို့ တခြားကို ထုတ်ရောင်းရမှာလဲ”
အသွင်ပြောင်း ခန္ဓာကိုယ်ဖြစ်တည်ခြင်း ဆေးလုံးများအား ဂိုဏ်းထဲရှိ တပည့်များသည် တစ်ယောက်ပြီး တစ်ယောက် ရရှိခဲ့၏။ ရရှိခဲ့သည့် တပည့်များသည် ပိုမိုကာ အကျိုးကျေးဇူးများ ရရှိပြီး ကျင့်ကြံခြင်းအရာတွင် ပိုမိုကာ အာရုံစိုက် နိုင်၏။ သူတို့အနေနှင့် အထက်နယ်မြေဆီသို့ လှမ်းတက်လာသည်မှာ လအနည်းငယ် ကြာမြင့်ပြီဖြစ်၏။
ပြိုင်စံရှားဂိုဏ်း၏ အားအင်အဆင့်သည် တည်တည်ငြိမ်ငြိမ်နှင့် တိုးတက်လျက်ရှိသည်ဟု ဆိုရမည်။ သို့ပေမဲ့ ရွှမ်အဆင့်ဂိုဏ်းများနှင့်တော့ နှိုင်းယှဉ်၍ မရနိုင်သေးချေ။ ထို့အပြင် ၎င်းတို့ဂိုဏ်းတစ်ခုလုံးတွင် ထိပ်တန်းအဆင့် အားအင်ကို ပိုင်ဆိုင်သူဟူ၍ ဖြူမဲညီနောင်သာ ရှိသည်။
“ငါ ပိုပြီးတော့ မြန်မြန်ဆန်ဆန်နဲ့ အားကောင်းအောင် ဘယ်လိုလုပ်ရမလဲ” ကျွင်းချောင်ရှောင်းက စဉ်းစားလိုက်၏။
“ရိုးရှင်းတယ်လေ”
စနစ်က ပြောလိုက်သည်။ “စတိုးဆီကို သွားပေါ့”
ကျွင်းချောင်ရှောင်းသည် အကူအညီမဲ့စွာဖြင့် ပြောလိုက်၏။ “ငါလည်း သွားချင်တယ်လေ။ ဒါပေမဲ့ ငါ့ဆီမှာ သွားဖို့ အတွက် လုံလောက်တဲ့ ဂိုဏ်းစုဆောင်းမှတ် မရှိဘူး”
ဤအတောအတွင်း သူသည် မည်သည့်တာဝန်ကိုမှ မရရှိခဲ့ချေ။ ထို့ကြောင့် သူ၏ ဂိုဏ်းစုဆောင်းမှတ်များ သည်လည်း လေးသောင်းတွင်သာ ပိတ်မိနေ၏။ ဆန်မရှိဘဲ ထမင်းချက်ရန် ဆိုသည်မှာ မဖြစ်နိုင်ချေ။
“တစ်နေ့လုံး ဒီနေရာမှာ နေပြီးတော့ ဘယ်လိုလုပ်တာဝန်က ပေါ်လာမှာလဲ”
“ဒင်... သီးခြားတာဝန် အသက်ဝင်”
စနစ် “...”
“မင်း အဲလို များများ ပြောသင့်တယ်”
ကျွင်းချောင်ရှောင်းသည် အားရပါးရ ရယ်မောလိုက် မိ၏။ “အနာဂတ်မှာ ငါပိုပြီး အားကောင်းလာမလား။ မလာဘူးလားဆိုတာ မင်းရဲ့ ပါးစပ်ပေါ်မှာ မူတည်နေတယ်။ မင်းက တစ်လောကလုံးမှာ ရင်အနာရဆုံးသော စနစ် တစ်ကောင်ပဲ”
သူသည် စနစ်၏ မျက်နှာပြင်ကို ဖွင့်လိုက်၏။ တာဝန်၏ အသေးစိတ်သည် နောက်လအစပိုင်းတွင် ကျင်းပမည့် လင်းဖန်တောင်၏ စုဝေးပွဲဆီသို့ သွားတက်ရောက်ရန် ဖြစ်သည်။
“ဒီလို ရိုးရှင်းလား”
ကျွင်းချောင်ရှောင်းက အံ့အားသင့်သွား၏။ တာဝန်အနေနှင့် မွန်းစတားများကို သတ်ဖြတ်ရန် မဟုတ်ပေ။ စုဝေးပွဲတစ်ခုကို သွားတက်ရောက်ရန်ဖြစ်သည်။ ထို့ကြောင့် တာဝန်သည် လုံလောက်အောင် မခက်ခဲ လှချေ။
လင်းဖန်တောင်တန်း
သူသည် မြေပုံကို ထုတ်ယူပြီးနောက် တည်နေရာကို အတည်ပြုလိုက်၏။
စနစ်က တီးတိုး ရေရွတ်လိုက်သည်။ “တာဝန်က ရိုးရှင်းတယ်ဆိုပေမဲ့ လက်ခံသူရဲ့ ကိုယ်ရည်ကိုယ်သွေး အမူအကျင့်အရဆိုရင် ဒါက ကျိန်းသေပေါက် ပြဿနာတက်မယ့် စုဝေးပွဲပဲ”
“မဖြစ်နိုင်ဘူး”
ကျွင်းချောင်ရှောင်းသည် တည်ငြိမ်အေးချမ်းစွာဖြင့် ပြောလိုက်၏။ “ငါက တခြားဂိုဏ်းအသီးသီးက ခေါင်းဆောင်တွေ တစ်ယောက်နဲ့တစ်ယောက် ဟန်ရေးထုတ်ပြီးတော့ လေကျယ်နေတာကို သွားပြီးတော့ နားထောင်ရုံပဲလေ။ ပြဿနာ ဖြစ်လာမှာ မဟုတ်ဘူး”
အချက်အလက်အရဆိုရင် အောက်နယ်မြေမှာပဲ ဖြစ်ဖြစ်၊ အထက်နယ်မြေမှာပဲ ဖြစ်ဖြစ် ဂိုဏ်းစုဝေးပွဲများဆိုသည်မှာ တစ်ယောက်နှင့်တစ်ယောက် ဟန်ထုတ်ကြွားဝါသည့် ပွဲတစ်ခုမျှသာဖြစ်၏။ ကျွင်းချောင်ရှောင်း အနေနှင့် ဤကဲ့သို့သော ကိစ္စရပ်များကို ရင်းနှီးပြီးသားဖြစ်သည်။ တာဝန်သာ မရှိပါက သူ့အနေနှင့် သွားရောက်လိမ့်မည့် ပွဲမျိုးလည်း မဟုတ်ချေ။
သူသည် မြေပုံကို ထုတ်ယူပြီးနောက် တည်နေရာကို အတည်ပြုလိုက်၏။ “ဒါ အရမ်းမဝေးဘူးပဲ။ အခုချိန် ထွက်သွားမယ်ဆိုရင် နောက်လ အစပိုင်းလောက်ဆိုရင် ရောက်သွားနိုင်တယ်”
သီးခြားတာဝန် ပေါ်ပေါက်လာပြီဖြစ်သောကြောင့် ကျွင်းချောင်ရှောင်းသည် စိတ်လှုပ်ရှား တက်ကြွလျက်ရှိ၏။ သူ့အနေနှင့် ဂိုဏ်း၏ အသေးစိတ် စီမံစရာကိစ္စရပ်များကို စီမံပြီးသည့်နောက် မနက်ဖြန် မနက်ခင်းတွင် စတင် ထွက်ခွာရန် ဆုံးဖြတ်လိုက်တော့သည်။
သူ့အနေနှင့် ဂိုဏ်းများကြား အစည်းအဝေးကို သွားတက်မည်ဖြစ်ကြောင်း သိရှိပြီးသည့်နောက် နှင်းဆီဧကရီသည် သူ့အား အဆက်မပြတ် မေးခွန်းထုတ်လျက်ရှိသည်။ “သူတို့ကကော လာဖို့အတွက် သဘောတူ လို့လား။ ရှင်က ဘာလို့ သွားတက်မှာလဲ”
“ဒါက”
ကျွင်းချောင်ရှောင်းသည် ထူးမခြားနားသလို ပခုံးကို တွန့်ကာ ပြောလိုက်၏။ “အဲကို ရောက်တဲ့အချိန်ကျမှပဲ ကြည့်ကျက် ပြောရမှာပဲ”
နှင်းဆီဧကရီက ပြောလိုက်သည်။ “သူတို့က ရှင့်ကို အစည်းအဝေးပွဲ မတက်ခိုင်းမှာ စိုးရိမ်ရတယ်။ ပြီးတော့ တစ်ယောက်တည်းကို ဝိုင်းပစ်မှတ်ထားပြီး ပြဿနာရှာရင် ဘယ်လိုလုပ်မလဲ”
“ခင်ဗျား စိုးရိမ်လွန်နေတာပါ”
ကျွင်းချောင်ရှောင်းက ဂုဏ်ယူစွာ ပြောလိုက်၏။ “ကျုပ်ရဲ့ဆရာက ကြီးမြတ်သူ တုံးကုလေ။ ဘယ်သူက ပစ်မှတ်ထားပြီး ပြဿနာ ရှာရဲမှာလဲ”
ထိုအချိန်မှာတော့ အဝေးတစ်နေရာရှိ သူ၏ မိတ်ဆွေနှင့်အတူ စစ်တုရင်ကစားနေသည့် ကြီးမြတ်သူ တုံးကုသည် နှလုံးသားထဲတွင် မကောင်းသည့် ခံစားချက်များ ဖြစ်တည်လာ၏။ ထိုခံစားချက်များသည် ထိုက်ရွှမ်အဘိုးအို ခံစားရသည့် ခံစားချက်များနှင့် တူညီလှသည်။
“ထူးဆန်းလိုက်တာ”
သူသည် စစ်တုရင်ရုပ်တစ်ခုကို အသာချကာ စဉ်းစားလိုက်၏။ “ဘာလို့ မသက်မသာနဲ့ ခံစားနေရတာလဲ”
သူ၏ မျက်နှာချင်းဆိုင်တွင် ထိုင်လျက်ရှိနေသော မိတ်ဆွေသည် စစ်တုရင်ရုပ်ကို ကောက်ကိုင်ကာဖြင့် လေးလေးနက်နက် ပြောလိုက်သည်။ “လက်ရှိအချိန်မှာ အဓိက မျိုးနွယ်စုတွေ အကုန်လုံးက လှုပ်လှုပ်ရှားရှား ဖြစ်နေတယ်။ မကြာခင်မှာ မတည်ငြိမ်တဲ့ လောကကြီး ဖြစ်လာမှာတောင် စိုးရတယ်”
ကြီးမြတ်သူတုံးကုက ပြောလိုက်၏။ “အဲတာ ကျုပ်တို့နဲ့ မဆိုင်ဘူးလေ။ မူလအားဖြင့် အဲလိုကိစ္စမျိုးတွေကို ဂရုစိုက်စရာမှ မလိုတာ”
“အင်း”
သူ၏ မိတ်ဆွေသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “အချိန်ရောက်လာမှာတောင် စိုးရတယ်။ ပြီးတော့ အရမ်းခက်ခဲတဲ့ အရာမျိုးဖြစ်လာရင် ကျုပ်တို့ကိုယ် ကျုပ်တို့ ကာကွယ်နိုင်ပါ့မလားတောင် မသေချာဘူးမလား” ပြောပြီးသည့်နောက် သူသည် စစ်တုရင် ရုပ်တစ်ခုကို အသာချလိုက်သည်။
“ဒါဆိုရင်တော့ ခင်ဗျားက ကျုပ်ရဲ့ တာအိုနှလုံးသားကို အထင်သေးမိပြီပဲ”
ကြီးမြတ်သူတုံးကုက ပြုံးကာ ပြောလိုက်သည်။ သူ၏ ထူးမခြားလှသည့် အပြုံးနှင့် ကောင်းမွန်လွန်းသည့် ဟိတ်ဟန်သည် အားလုံး၏ အထင်ကြီး ကိုးစားမှုကို ရယူနိုင်စွမ်း ရှိနေ၏။
“ဒါနဲ့…”
သူ၏ မိတ်ဆွေက မေးမြန်းလိုက်သည်။ “ခင်ဗျားနဲ့ ကုဟုန်တို့က ပြိုင်ပွဲတစ်ခု ပြုလုပ်ထားတယ်ဆို၊ တပည့်တွေ အချင်းချင်း ယှဉ်ပြိုင်ကြမှာ ဟုတ်လား”
“အမှန်ပဲ” ကြီးမြတ်သူ တုံးကုသည် ခေါင်းညိတ်ကာ ပြောလိုက်၏။
သူ၏ မိတ်ဆွေက ပြောလိုက်သည်။ “ခင်ဗျား ကျုပ်နဲ့ စစ်တုရင် ကစားနိုင်တယ်ဆိုတော့ သင့်တော်တဲ့ တပည့်တစ်ယောက်ကို ရှာဖွေတွေ့ရှိခဲ့ပြီ မဟုတ်လား”
“သိပ်မှန်တယ်လေ”
“သူ့ရဲ့အရည်အချင်းက ဘယ်လိုရှိလဲ”
တပည့်အသစ်အကြောင်းကို ပြောရမည်ဆိုလျှင် ကြီးမြတ်သူ တုံးကု၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်တည်လာ၏။ “သူက ဂိုဏ်းတစ်ခုလုံးရှိတဲ့ တောင်ကြီးတစ်ခုလုံးကို အသင်္ချေမိုးကြိုးတစ်သောင်း အစီအရင်ကို ချိုးဖြတ်ပြီး အထက်နယ်မြေကို တက်လှမ်းနိုင်တဲ့လူလေ။ ကျုပ်တပည့်ရဲ့ အနာဂတ်က ဘယ်လောက်ကြီးမားတယ် ဆိုတာ ခင်ဗျား တွေးကြည့်စမ်း”
“ဟမ်”
သူ၏ မိတ်ဆွေသည် အံ့အားတသင့်ဖြင့် ပြောလိုက်၏။ “ဒါဆိုရင် လတ်တလောမှာ နာမည်ကြီးနေတဲ့ တောင်ကြီးတစ်ခုလုံး ရွှေ့လာတဲ့ကောင်လေးလား”
“အမှန်ပဲ”
“ဟား ဟား ဟား ဟား ခင်ဗျားတော့ ဗြဟ္မာကြီး ဦးခေါင်းကို ကိုင်ထားမိပြီ”
“ခင်ဗျား ဘာကို ဆိုလိုတာလဲ”
“ဂိုဏ်းတစ်ခုလုံးကို အပေါ်ကိုရွှေ့လာတယ်ဆိုတာ ကောင်းကင်တာအိုကို ငြင်းဆန်တာပဲ။ တကယ်လို့ အသင်္ချေ မိုးကြိုးတစ်သောင်း အစီအရင်ကနေ လွတ်မြောက်လာတယ်ဆိုရင်တောင် တရားရေးရာဟောခန်းကနေ ပစ်မှတ် ထားခံရဖို့ သေချာနေတယ်။ အနာဂတ်မှာ အမှားအယွင်းတစ်ခုခု ဖြစ်ပြီဆိုတာနဲ့ ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးဆက်က ပိုပြီးကြီးမားတယ်။ တခြားသူတွေနဲ့ မတူဘူး”
“ဒါက”
အကြီးအကဲတုံးကု၏ အပြုံးများသည် ရုတ်တရက် အေးခဲသွား၏။ သူ့အနေနှင့် နယ်မြေဟောခန်း နှင့်ပတ်သက်၍ ဂရုစိုက်မှုမရှိသော်လည်း ထိုဟောခန်းသည် တစ်လောကလုံးကို စီမံခန့်ခွဲလျက်ရှိနေသည့် အဖွဲ့အစည်း တစ်ခုပင်ဖြစ်၏။ သူ၏တပည့်သည် ထိုသူများနှင့် သွား၍ ရှုပ်ထွေးနေမည်ဆိုပါက …
အင်း... ထားလိုက်ပါတော့။ တစ်ဖက်လူနှင့် ရှုပ်ထွေးခဲ့သည်ဆိုလျှင်လည်း ရှုပ်ထွေးခိုင်းလိုက်ပါတော့။