အပိုင်း(၁၃၈၃)
Vol. 93 Ch. 1383
ထိုကျောင်းတော်သားသည် ဖူးရှင်းဂိုဏ်း၏ ဂိုဏ်းချုပ် ပိုင်စီလီဖြစ်၏။ ထိုသူသည် ပွဲကြီးပွဲကောင်းများ ကြည့်ရှုရသည်ကို အလွန်ဝါသနာကြီးမား၏။
ကျွင်းချောင်ရှောင်း မည်သူဖြစ်သည်ကို သိရှိပြီးသည့်နောက် သူသည် ကျွင်းချောင်ရှောင်း နှင့် အင်ပါရီယန်နတ်ဓားဂိုဏ်း ၊ ရေခဲဓားမော့ဂိုဏ်းတို့အကြား အငြိုးအတေးတည်ရှိနေကြောင်း သတိရလိုက်မိ၏။ ထို့ကြောင့် လှည့်စားရန် ကြိုးစားခဲ့သည်။
ဟုတ်ပေသည်။ ပိုင်စီလီသည်သူ၏ ကြိုးစားမှုအောက်တွင် တကယ်ပဲ ပွဲကြီးပွဲကောင်းကို ကြည့်ရှုခဲ့ရ၏။ သို့ပေမဲ့ အဆုံးသတ်မှာတော့ ကျွင်းချောင်ရှောင်းသည် သူ့အား အငြိုးအတေး ထားခဲ့တော့၏။
တစ်ခြားသူများအား လှည့်စားရသည်ကိုသာ နှစ်ခြိုက်တတ်သည့် ကုန်းရှန့်သည် သူလှည့်စားခံရသည့်ကိစ္စအား မည်သို့မှ သည်းခံလိမ့်မည်မဟုတ်ချေ။ ထို့ကြောင့် တစ်ဖက်လူအား ရိုက်နှက်ခြင်းသည် သူ၏ အဓိက ဦးတည်ချက်မဟုတ်ပေ။
“ကျုပ်ပြောတာကို ကြားလား။”
ကျွင်းချောင်ရှောင်းသည် ပိုင်စီလီ၏ မျက်နှာပေါ်တွင် ခြေထောက်တင်ကာဖြင့် မာမာထန်ထန် ပြောလိုက်၏။ “အသက်ရှင်ချင်တယ်ဆိုရင် ယွမ်စိတ်ဝိညာဉ်ကျောက်တုံး သန်း ၁၀၀ ပေး။”
ဤအရာသည် အလွန်များပြားလှသည့် တောင်းဆိုမှုဖြစ်သည်။
“ဂိုဏ်းချုပ်ကျွင်း”
အကြီးအကဲတစ်ယောက်သည် ငိုချင်စိတ်ပေါက်နေ၏။ သို့ပေမဲ့ မျက်ရည်များတော့ ကျမလာခဲ့ချေ။
“ကျုပ်တို့ ဖူးရှင်းဂိုဏ်းက အရာအားလုံးကို ရောင်းချပြီးတော့ ပေးမယ်ဆိုရင်တောင်မှ အဲလောက်များပြားတဲ့ စိတ်ဝိညာဉ်ကျောက်တုံးတွေ မရှိပါဘူး။”
ထိုကဲ့သို့သော ပမာဏကို ပေးအပ်ရမည်ဆိုပါက ယွမ်အဆင့်ဂိုဏ်းများပင်လျှင် မွဲတေကျသွားနိုင်၏။ သူတို့လို သာမန်ဂိုဏ်းတစ်ခုဆို ပြောနေစရာပင် မလိုချေ။
“ဒါက ခင်ဗျားတို့ပြဿနာလေ။ ကျုပ် ပြဿနာမှမဟုတ်ဘူး။ ယွမ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး သန်းတစ်ရာကို မပေးဘူးဆိုရင် သူဒီနေ့သေရမယ်။” ကျွင်းချောင်ရှောင်းက အေးစက်စက်ပြောလိုက်သည်။
“…….”
သူတို့၏ဂိုဏ်းချုပ်သည် မြေပေါ်တွင် လဲလျောင်းနေပြီး သတိလစ်မမေ့မျောဘဲ သတိရှိနေကြောင်း သိရှိနေသော ကြောင့်သာ ဤကဲ့သို့ ခံနေခြင်းဖြစ်သည်။ သတိမေ့နေပြီး ဘာတစ်ခုမှ မကြားရသည့်အခြေအနေဖြစ်ပါက သေပါစေဆိုပြီး လွှတ်ထားခဲ့မှာ သေချာ၏။
“ဂိုဏ်းချုပ်ကျွင်း”
ပိုင်စီလီသည် ခက်ခက်ခဲခဲဖြင့် မြေပုံတစ်ခုကို ထုတ်ယူကာ ပြောလိုက်သည်။
“ကျုပ် …. ကျုပ်ဆီမှာ ရတနာ .. ရတနာ”
“ဟမ်”
ကျွင်းချောင်ရှောင်းသည် လက်ကို ယမ်းခါကာဖြင့် ထိုမြေပုံအား လှမ်းယူလိုက်၏။ ဤအရာသည် အထက်နယ်မြေ၏ သာမန်မြေပုံတစ်ခုဖြစ်ကြောင်းကို သူသိရှိ၏။ ထို့ကြောင့် အေးစက်စက်ပြောလိုက်၏။
“ကျုပ်ကို အရူးလို့ထင်နေတာလား။”
“ဂိုဏ်းချုပ်ကျွင်း”
အကြီးအကဲတစ်ယောက်က အလောတကြီးဖြင့် ဝင်ပြောလိုက်သည်။ “ဒီမြေပုံက သာမန်ပုံစံဆိုပေမဲ့ သဘာဝယွမ်စိတ်ဝိညာဉ်ကျောက်တုံးတွေ ရှိတဲ့တည်နေရာကို အနီရောင်စက်ဝိုင်းနဲ့ ပြသထားပါတယ်။”
ဤအကြောင်းအရာမှာ သူနှင့် ပိုင်စီလီတို့နှစ်ယောက်သာလျှင် သိရှိ၏။ ဂိုဏ်း၏ လျှို့ဝှက်ချက်လည်း ဖြစ်သည်။ လက်ရှိအခြေအနေမှာတော့ ဂိုဏ်းချုပ်၏ အသက်ကို ကယ်တင်ရန်အတွက် ထိုအရာကို ထုတ်၍ ပေးနေရပြီဖြစ်၏။
“တကယ်လား။”
“ကျိန်းသေပေါက်ပါပဲ။”
ကျွင်းချောင်ရှောင်းသည် ခဏလောက် တွေးတောလိုက်၏။ ထို့နောက် ပိုင်စီလီ၏ မျက်နှာပေါ်တွင် ရှိသော သူ့ခြေထောက်ကို ပြန်ရုပ်ကာ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ “ခင်ဗျားတို့ဆီမှာရှိတဲ့ တန်ဖိုးကြီးတဲ့ အရာတွေအားလုံးကို ထုတ်လိုက်။ ကျုပ်တို့က ဂိုဏ်းထောင်ထားတဲ့ လူတွေ အချင်းချင်းပဲဆိုတော့ ခင်ဗျားတို့ဂိုဏ်းချုပ်ရဲ့ အသက်ကို ချမ်းသာပေးလိုက်မယ်။”
ယွမ်စိတ်ဝိညာဉ်ကျောက်တုံး သန်း ၁၀၀ တောင်းခြင်းသည် မလျော်ညီသည့်ကိစ္စပင်ဖြစ်သည်။ သို့ပေမဲ့ သူသည် ရနိုင်သလောက်တော့ ယူဆောင်သွားရပေဦးမည်။ ထို့အပြင် မြေပုံပေါ်တွင် မှတ်သားထားသည့် အနီရောင်အမှတ် အသားသည် တောနက်ကြီးတစ်ခုကို ဖော်ပြနေ၏။ ဤတည်နေရာ၌ မည်သူမှမတွေ့ထားသေးသော မိုင်းတွင်းတစ်ခု တည်ရှိနေသည်လား။
“ကောင်းပါပြီ။ ကောင်းပါပြီ။”
ဂိုဏ်းအကြီးအကဲများအားလုံးသည် ၎င်းတို့၏ သိုလှောင်လက်စွပ်များအားလုံးကို လှမ်းကာပစ်ပေးလိုက်၏။
ကျွင်းချောင်ရှောင်းသည် ပိုင်စီလီ၏ သိုလှောင်လက်စွပ်ကို ချွတ်ယူလိုက်၏။ အထဲသို့ ဝင်ရောက်ကာ ကြည့်ရှုလိုက် သည့်အချိန်မှာတော့ ယွမ်စိတ်ဝိညာဉ်ကျောက်တုံး ၁ သန်းနီးပါးနှင့် များပြားလှသည့် ဆေးပင်များ တည်ရှိနေသည်ကို တွေ့ရှိရ၏။ ထို့ကြောင့် သူသည် ပြောလိုက်မိသည်။ “ခင်ဗျားတို့က တကယ့်ကို ဆင်းရဲနွမ်းပါးတဲ့ လူတွေပဲ။”
ဘုန်း ….။
သူသည် ပိုင်စီလီအား ခပ်ဝေးဝေးတည်နေရာဆီသို့ ကန်ထုတ်ကာပြောလိုက်၏။ “နောက်တစ်ချိန် ကျုပ်ကို ပြဿနာရှာရဲတယ်ဆိုရင် သေဖို့သာ မှတ်ထား။”
“ကျုပ် … ကျုပ် … ကျုပ်မှတ်ထားပါမယ်။”
“သွားစမ်း။”
ပိုင်စီလီသည် သူ၏ ဂိုဏ်းအကြီးအကဲများ၏ ကူညီမှုနှင့်အတူ ခပ်ဝေးဝေးတည်နေရာဆီသို့ အမြန်ဆုံးနည်းဖြင့် ပျောက်ကွယ်သွားခဲ့သည်။
ကျွင်းချောင်ရှောင်းမှာတော့ မရပ်တန့်ချေ။ အင်မော်တယ်တောင်ဆီသို့ ပြန်လာခဲ့၏။ သူသည် ဆယ်မိနစ်လောက် လမ်းလျှောက်ပြီးသည့်နောက် မိုးကြိုးအဆောင်၏ အကျိုးသက်ရောက်မှုသည် ကုန်ဆုံးသွားခဲ့၏။ သူ၏ ခန္ဓာကိုယ်အသွင်အပြင်သည် ပုံမှန်အတိုင်းပြန်ဖြစ်သွားခဲ့၏။ “ဟေး … ဒါက ဘေးထွက်ဆိုးကျိုးမရှိပါလား။”
စနစ်က ပြောလိုက်သည် “မင်း ဂိုဏ်းစုဆောင်းမှတ် ၇၀၀၀၀၀ ကိုရရှိပြီ။ အတွေ့အကြုံအဆောင် ၃ ခုလည်းရတယ်။ သိုင်းကျင့်ကြံခြင်း လျှို့ဝှက်နည်းစနစ်တစ်ခုလည်းရရှိခဲ့တယ်။ ဒါတန်တယ်မဟုတ်လား။”
“အင်း”
ကျွင်းချောင်ရှောင်းသည် မြေပုံကို ထုတ်ယူပြီးသည့်နောက် ပြောလိုက်၏။ “ဒါ တကယ့်ကို စိတ်ဝိညာဉ်ကျောက်တုံး မိုင်းတွင်းတစ်ခု ဖြစ်နေမယ်ဆိုရင် အလောတကြီး သွားကြည့်ဖို့ လိုအပ်နေပြီ။ အင်း … ဒါနည်းနည်း မယုံရသလိုတော့ခံစားရတယ်။”
စနစ်က ပြောလိုက်သည်။“ဒီအမှတ်အသားပြုလုပ်ထားတဲ့နေရာက နဂါးတွင်းကျားတွင်းလည်း ဖြစ်နေနိုင်တယ်လေ။”
မူလအားဖြင့် အနည်းငယ်စိုးရိမ်ပူပန်လျက်ရှိနေသည့် ကျွင်းချောင်ရှောင်းသည် စနစ်က ဤသို့ ပြောဆိုလိုက်သည်ကို ကြားရသည့်အချိန်မှာတော့ သူ၏ ယုံကြည်မှုများသည် မြှင့်တက်သွား၏။ သူက ပြောလိုက်၏။ “ဒါဆိုရင် အဆင်ပြေတယ်။ အဆင်ပြေလောက်တယ်။”
…
မြေပုံပေါ်ရှိ အမှတ်အသားတည်နေရာသည် အင်မော်တယ်တောင်၏ အနောက်မြောက်ပိုင်းတွင် တည်ရှိ၏။ ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် ဂိုဏ်းဆီသို့ အရင်ဆုံးပြန်မှဖြစ်၏။
ပြီးသည့်နောက် သူသည် သူနှင့်အတူစုံစမ်းရန် ဖြူမဲညီနောင်တို့ကို ခေါ်ဆောင်လာခဲ့၏။ နှင်းဆီဧကရီသည်လည်း အနောက်မှ လိုက်ပါလာ၏။ အကြောင်းအရာမှာ လင်းဖန်တောင်တန်းတွင် ဖြစ်ပျက်ခဲ့သည့်အရာအားလုံးကို သိရှိပြီးသည့်နောက် သူမယောက်ျားထပ်မံကာ အနိုင်ကျင့်ခံရမည်ကို စိုးရိမ်သောကြောင့်ပင်။
အင်ပါရီယန်နတ်ဓားဂိုဏ်းနှင့် ရေခဲဓားမော့ဂိုဏ်းတို့မှ ဂိုဏ်းချုပ်များသည် ထိုအချင်းအရာကို သိရှိသည်ဆိုပါက ကျိန်းသေပေါက် ထ၍ အော်ဟစ်နေပေလိမ့်မည်။ အနိုင်ကျင့်သွားတာ ကျုပ်တို့ မဟုတ်ဘူး။ သူဗျ … သူ။
“ဂိုဏ်းချုပ်”
လမ်းတစ်လျှောက်မှာတော့ အမဲရောင်နတ်ဆိုးက လေးလေးနက်နက် ပြောလိုက်၏။ “မြေပုံပေါ်မှာ မှတ်သားထားတဲ့ တည်နေရာက နှစ်ပေါင်းများစွာ ဘယ်သူမှမသွားတဲ့ တည်နေရာကြီးလေ။ ဒီတော့ အထဲကို ဝင်သွားမယ်ဆိုရင် သေသေချာချာ သတိထားမှဖြစ်လိမ့်မယ်။ အထဲမှာ အားကောင်းလွန်းတဲ့ မွန်းစတားတွေလည်း ရှိနေနိုင်တယ်။”
ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ သားရဲများတွင် သားရဲရိုင်းနှင့်စိတ်ဝိညာဉ်သားရဲနှင့် သူတော်စင်သားရဲဟူ၍သာ ခွဲခြားထား၏။ သို့ပေမဲ့ အထက်နယ်မြေမှာတော့ အားလုံးအား မွန်းစတားဟုပင် သိမ်းကျုံးခေါ်ဆို၏။ ဥပမာအားဖြင့် ခရမ်းရောင်ဘုရင်သည် မွန်းစတားများထဲမှ မွန်းစတားပင်ဖြစ်၏။ ဟောခန်းသခင်ကျိသည် တိုက်ခိုက်သည့် အချိန်တွင် အဝတ်အစားများကို ချွတ်၍ တိုက်ခိုက်သည်ကလွဲလျှင် အလွန်အားကောင်းလွန်းလှသည့် မွန်းစတား ဟု သတ်မှတ်နိုင်သည်။
……..
လက်ရှိအခြေအနေမှာတော့ ဤကဲ့သို့ အဝတ်အစားများကို ချွတ်၍ တိုက်ခိုက်တတ်သည့် ခရမ်းရောင်ဘုရင် ကြောင့်ပင် ရီရှင်းချန်နှင့် တစ်ခြားသူများသည် အတွေ့အကြုံသစ်များ ပိုဆိုးပက်စက် ရရှိနေကြ၏။
နတ်ဆိုးဘုရင်လှိုဏ်ဂူ …
ဤနေရာသည် အထက်နယ်မြေ၏ တားမြစ်တည်နေရာထဲတွင် အကျော်ကြားဆုံးတည်နေရာထဲမှ တစ်ခုဖြစ်၏။ လက်ရှိအခြေအနေမှာတော့ ရီရှင်းချန်၊ ရှောင်ကျီနှင့် ဟယ်ဝူတီတို့သည် ရှုပ်ထွေးလှသည့်လှိုဏ်ခေါင်းထဲ၌ ရှိနေ၏။
၎င်းတို့အားလုံးသည် လျှာထွက်လုမတတ် ပြေးလွှားလျက်ရှိနေပြီး ၎င်းတို့၏အနောက်တွင်တော့ အလွန်တရာ ရုပ်ဆိုးလှသည့် မွန်းစတားကြီးတစ်ရာကျော်တို့သည် အနောက်မှ လိုက်ပါနေ၏။
ဤသတ္တဝါအားလုံးသည် ကြမ်းတမ်းလှသည့် မွန်းစတားသားရဲရိုင်းများပင်ဖြစ်၏။ ၎င်းတို့၏ မျိုးနွယ်များသည် ဘာမှန်းမသိချေ။ အသွင်သဏ္ဍာန်များသည် အဆင့်ဆင့်အသွင်ပြောင်းလဲလာသည့် အကောင်များဖြစ်ပုံပေါ်၏။ နတ်ဆိုးဘုရင်လှိုဏ်ဂူ အကြောင်းကို လူများပြောဆိုရသည့်အချိန်တွင် ကြမ်းတမ်းလှသည့် မွန်းစတား သားရဲရိုင်းများကို အရင်ဆုံး ပြောဆိုကြသည်။
ဤမွန်းစတားသားရဲများသည် တည်နေရာပတ်ဝန်းကျင်တွင် တစ်နှစ်ပတ်လုံးနေထိုင်နေကြပြီး အဖွဲ့အစည်းလိုက် နေထိုင်ကြသည်ကို နှစ်သက်၏။ လှိုဏ်ဂူ၏ အတွင်းဘက်တွင် သားရဲပေါင်းတစ်သောင်းကျော်ပင် တည်ရှိနေ၏။
ထို့ကြောင့် ဤလှိုဏ်ဂူ၏ အတွင်းပိုင်းသည် နတ်ဆိုးဘုရင်လှိုဏ်ဂူ၏ အန္တရာယ်အကြီးဆုံးတည်နေရာလည်း ဖြစ်တော့သည်။
အခြားတစ်ဖက်ကပြောရမည်ဆိုလျှင် ရူးရူးမူးမူး ပြေးလွှားလျက်ရှိနေသည့် ရီရှင်းချန်နှင့် တစ်ခြားသော သူများအားလုံးသည် ဤနတ်ဆိုးဘုရင်လှိုဏ်ဂူ၏ အပြင်ဘက်တည်နေရာတွင်သာ လေ့ကျင့်ရန်လာခဲ့ခြင်းဖြစ်၏။ သို့ပေမဲ့ အဘယ့်ကြောင့် ကြောက်မက်ဖွယ်ရာကောင်းသည့်သားရဲများသည် သူတို့နောက်သို့လိုက်နေရသနည်း။
ဤအရာကို ပြောရမည်ဆိုလျှင် လွန်ခဲ့သည့် ရက်အနည်းငယ်မှ စတင်ကာ ပြောရမည်။ သူတို့အား ကာကွယ်ရန် တာဝန်ယူရသည့်ခရမ်းရောင်ဘုရင်သည် သူတို့အပြင်ဘက်တွင်စိန်ပြေနပြေ တိုက်ခိုက်နေသည်ကို ကြည့်ရှုရင်း ဘာမှလုပ်စရာ မရှိသောကြောင့်ပျင်းရိလာခဲ့၏။ ထို့ကြောင့် လှိုဏ်ဂူ၏ အတွင်းပိုင်းဆီသို့ ဝင်ရောက်ကာ မွန်းစတား သားရဲရိုင်းများကို တိုက်ခိုက်တော့၏။ ထို့ကြောင့် ကြမ်းတမ်းလှသည့် သားရဲရိုင်းများအုပ်ကြီးသည် ခရမ်းရောင်ဘုရင်၏ နောက်သို့ လိုက်ပါလာရင်း အားညိုတို့ဆီ ရောက်ရှိလာကြခြင်းဖြစ်လေသည်။
ပထမတုန်းက ရီရှင်းချန်နှင့် ဟယ်ဝူတီတို့သည် များများစားစား တွေးတောမနေခဲ့ချေ။ ထို့ကြောင့် အပျင်းပြေပင် ပြန်လည်တိုက်ခိုက်ခဲ့သေး၏။ သို့ပေမဲ့ ရောက်ရှိလာခဲ့သည့် သားရဲရိုင်းများသည် တဖြည်းဖြည်းပိုမို များပြားလာသည်ကို ကြည့်ရှုပြီးသည့်နောက် ပြဿနာကြီးတက်ပြီဖြစ်ကြောင်းကို နားလည်လိုက်၏။
ထိုနားလည်ထားသည့်အတိုင်းပင်လက်ရှိအခြေအနေမှာတော့ လျှာထွက်လုမတတ် ပြေးနေရသည်။
တစ်ဖက်သားရဲရိုင်းများသည် သိုင်းနယ်မြေပြည့်စုံသည့် အဆင့်သို့ ရောက်ရှိနေ၏။ သို့ပေမဲ့ ဤကဲ့သို့ သိုင်းနယ်မြေပြည့်စုံသည့်အဆင့်သို့ ရောက်ရှိနေသည့် သားရဲသည် တစ်ကောင်တည်းဆိုလျှင် အဆင်ပြေသေး၏။ သူတို့ဂိုဏ်းတူ ညီအစ်ကို သုံးယောက်အနေနှင့် ယှဉ်ပြိုင်တိုက်ခိုက်ရန် ပြဿနာမရှိချေ။ သို့ပေမဲ့ တစ်ဖက်သားရဲများ သည် သောင်းနှင့်ချီ၏။ မည်ကဲ့သို့ ရင်ဆိုင်တိုက်ခိုက်ရမည်နည်း။
“ချီးတဲ့မှ”
“ဂိုဏ်းချုပ် …. ကာကွယ်ပေးဖို့ လွှတ်လိုက်တဲ့ ဟောခန်းသခင်က ကျုပ်တို့လေ့ကျင့်မှုကို ပိုပြီးခက်ခဲအောင် ပြုလုပ် လိုက်ပြီ။”
“ဒါက ငရဲခန်းလုပ်ဆောင်မှုပုံစံကို စိန်ခေါ်တာနဲ့တောင် မတူတော့ဘူး။ အထူးငရဲခန်းလုပ်ဆောင်မှုပုံစံကို စိန်ခေါ်တာနဲ့ကို တူနေပြီ။”
ဘုန်း ဘုန်း ဘုန်း …..
လှိုဏ်ခေါင်း၏ အတွင်းအစပ်ပိုင်းမှာတောင် ခရမ်းရောင်ဘုရင်သည် အနီရောင်အတွင်းခံကို ဝတ်ဆင်၍ပန်းရောင်လက်ဝှေ့အိတ်ကြီးနှင့်အတူ တိုက်ခိုက်လျက်ရှိ၏။ သူသည် အလွန်ကျွမ်းကျင်လှသောလက်ဝှေ့သမား တစ်ယောက်ကဲ့သို့ ဘယ်ဖြောက်လက်သီး၊ ညာဖြောက်လက်သီးများနှင့် သူ့ဆီသို့ တိုးဝင်လျက်ရှိနေသည့် သားရဲရိုင်းများကို လွှင့်စင်အောင် တိုက်ခိုက်နေ၏။
“ငါရှိနေရင် ပြိုင်စံရှားဂိုဏ်းမှာရှိတဲ့ ဘယ်သူ့ကိုမှ ထိခိုက်နာကျင်အောင်လုပ်လို့မရဘူး။”
လီချင်းယန်နှင့် တစ်ခြားသောသူများသည် အဖြစ်မှန်ကိုသာ မသိရှိပါက ကျိန်းသေပေါက် ဟောခန်းသခင်ကျိ၏ အမူအရာအတွက် ချီးကျူးမှုများပြုလုပ်နေပေလိမ့်မည်။ သို့ပေမဲ့ ယခုကဲ့သို့ တိုက်ခိုက်နေရသည့် ပြဿနာသည် ဟောခန်းသခင်ကျိ ရှာဖွေလာခြင်းဖြစ်၏။ ထို့ကြောင့် ဤကဲ့သို့ပြောဆိုမှုကို ကြားလိုက်သည်နှင့်တစ်ပြိုင်နက် သွေးအန်လုမတတ် ခံစားနေမိကြသည်။ “ချီးတဲ့မှ …. ပြဿနာရှာတာလည်းသူပဲ။”
ဝေါင်း ဝေါင်း
ရုတ်တရက် ကြမ်းတမ်းလှသော သားရဲရိုင်းများသည် ခွေးရူးများကဲ့သို့ တစ်ကောင်ပြီးတစ်ကောင် ထွက်ပေါ်လာ၏။
“သတိထား။”
အနောက်ဘက်တွင် ရှိနေသည့် ရှောင်ကျီသည် သူ၏ ကျင့်ကြံခြင်းအဆင့်များကို အလုံးစုံထုတ်ဖော်ကာဖြင့် ရီရှင်းချန်၊ ဟယ်ဝူတီတို့အား ခပ်ဝေးဝေးဆီသို့ တွန်းထုတ်လိုက်၏။ ပြီးနောက်အော်ဟစ်လိုက်သည်။ “ဒိုင်းအကာအကွယ်”
ဒွီ ဒွီ
သူ၏ နတ်ဘုရားလက်နက်ဖြစ်သော တိမ်လှေသည် ထွက်ပေါ်လာတော့၏။ ပြီးသည့်နောက် ဒိုင်းတစ်ခုကြီးကဲ့သို့ ဖြစ်တည်ကာ သူ့အား ကာကွယ်ထား၏။
ဘန်း ဘန်း ဘန်း ……။
ဘုန်း …။
သားရဲရိုင်းများ၏ ဆက်တိုက်တိုက်ခိုက်မှုအောက်မှာတော့ ရှောင်ကျီသည် ကြံ့ကြံ့ခံ့ရင်ဆိုင်နေ၏။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် လွှင့်စင်သွားခဲ့ပြီး အနီးအနားတွင်ရှိသော ကျောက်နံရံကြီးနှင့် သွားရောက်ရိုက်မိ၏။ သွေးများ အန်ထွက်လာပြီး မျက်နှာပြင်တစ်ခုလုံးသည်လည်း ဖြူလျော်သွားသည်။
“စီနီယာအစ်ကိုရှောင်”
ဟယ်ဝူတီသည် မိမိကိုယ်ကို ဟန်ချက်ညီအောင် ထိန်းချုပ်ရင်းအော်ဟစ်လိုက်၏။ သို့ပေမဲ့ နောက်တစ်စက္ကန့် အတွင်းမှာပဲ သူသည် အလုံးစုံဆွံ့အသွားမိ၏။
အဘယ့်ကြောင့်ဆိုသော် သူ၏ ဘေးတွင်ရှိနေသော ရီရှင်းချန်သည် ခန္ဓာကိုယ်ကို ကွေးညွှတ်ကာ ဦးခေါင်းကို ငုံ့ထား၏။ သူ၏ ညာဘက်လက်တွင်တော့ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် စွမ်းအင်များ စုဝေးလာ၏။ ၎င်းသည် သေခြင်းတရား၏နတ်ဘုရား တစ်ပါး ဆင်းသက်လာသည့် ဟန်ပန် အမူအရာများနှင့် ခြောက်ကပ်ကပ် ပြောဆိုလိုက်သည်။ “မင်းတို့အားလုံး ဒီနေ့သေရမယ်။”