အပိုင်း (၁၃၈၈)
Vol. 93 Ch. 1388
ဟယ်ဝူတီ တံခါးနှစ်ချပ်ကို ဆင့်ခေါ်လိုက်သည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် မည်သို့မှ မနေနိုင်တော့ဘဲ ထကာ ရယ်မောလိုက်မိသည်။ တံခါး အဖွင့်အပိတ်တာဝန်ကို ယူထားရသည့် တပည့်တစ်ယောက် အနေဖြင့် တံခါးဟူသည့် စာလုံးကို လက်ခံရယူခဲ့သလို ၎င်း၏ ထူးခြားသည့် စွမ်းရည်ကလည်း တံခါးနှင့် သက်ဆိုင်လို့ နေခဲ့၏။
“ဝူတီ”
ကျွင်းချောင်ရှောင်းက မေးလိုက်သည်။ “ဒါ ဘာအတွက် သုံးရတာလဲ”
ရီရှင်းချန်နှင့် ရှောင်ကျီတို့သည် လက်နက်အပြည့် တပ်ဆင်ပြီးဖြစ်၏။ ၎င်းတို့ဆီမှ ထုတ်လွှတ်လိုက်သည့် အော်ရာများကို ကြည့်ရှုမည်ဆိုလျှင် တစ်ယောက်သည် ခုခံမှုကို အသားပေးပြီး တစ်ယောက်မှာ တိုက်ခိုက်မှုကို အသားပေးသည် ဖြစ်ကြောင်း ကြည့်ရှုလိုက်သည်နှင့် သိရှိနိုင်၏။ သို့ပေမဲ့ ဟယ်ဝူတီ၌ ရှိနေသည့် ရှင်ခြင်း နှင့် သေခြင်း ဟူသည့် တံခါးနှစ်ခုသည် နားလည်ရန် ခက်ခဲနေ၏။ ၎င်းကို ဖွင့်ပြီးသည့်နောက် ငရဲဆီသို့ ပို့ဆောင်ပေးနိုင်သည့် အရာများ ဖြစ်နေသည်လား။
ဟယ်ဝူတီက ပြောလိုက်သည်။ “ဂိုဏ်းချုပ်... ဒါက သေခြင်းရှင်းခြင်းတံခါးပါပဲ။ ရှင်ခြင်းဆိုတဲ့ထဲမှာ သက်ရှိ စိတ်ဝိညာဉ်တွေ တည်ရှိနေပြီး သေခြင်းဆိုတဲ့ထဲမှာတော့ သေဆုံးနေတဲ့ စိတ်ဝိညာဉ်တွေ တည်ရှိနေတယ်”
“ဪ”
ကျွင်းချောင်ရှောင်းသည် စိတ်ဝင်တစားဖြင့် ပြောလိုက်၏။ “ဒါကို ဖွင့်ပြီး စမ်းကြည့်ပါလား”
ဟယ်ဝူတီသည် ခေါင်းကိုခါယမ်းကာ ပြောလိုက်သည်။ “ဒါက ပစ်မှတ်ကို အထဲဆီ ပို့လွှတ်လိုက်ရတာလေ။ သူတို့က အပြင်ကို ထွက်လာမယ့်အရာမျိုး မဟုတ်ဘူး”
“ကောင်းပြီ”
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ဒါဆိုရင် မင်းရဲ့ စွမ်းရည်ကို လောလောဆယ် ပြန်သိမ်းထားလိုက်တော့။ ငါနဲ့အတူ စိတ်ဝိညာဉ်မိုင်းတွင်းဆီ လိုက်ခဲ့ကြ”
“ကောင်းပါပြီ”
၎င်းတို့ သုံးယောက်သည် ထူးခြားသည့် ၎င်းတို့၏ စွမ်းရည်များကို ပြန်လည်ရုတ်သိမ်းပြီးသည့်နောက် ၎င်းတို့၏ လက်နှင့် နဖူးပေါ်တွင် ရှိနေသည့် စာလုံးများသည် တဖြည်းဖြည်း မှေးမှိန်ကာ ပျောက်ကွယ်သွားခဲ့ကြ၏။ ၎င်းတို့သည် ထူးခြားသည့် စွမ်းရည်များကို ထုတ်ဖော်ခဲ့သည်ဆိုသော်လည်း တကယ်တမ်း တိုက်ခိုက်မှုကို မပြုလုပ်ခဲ့သောကြောင့် အားနည်းသည့် အခြေအနေဆီသို့ ပြန်မရောက်ခဲ့ပေ။
“သွားကြရအောင်”
ကျွင်းချောင်ရှောင်းသည် သူ၏လူများကို ဦးဆောင်ကာဖြင့် အမဲရောင်တောကြီးထဲကို တိုးဝင်သွားခဲ့၏။ လမ်းတလျှောက်မှာတော့ သူသည် သူ့ကိုယ်သူ ပြောလိုက်မိသည်။ “ဒီလိုမျိုး ထူးခြားတဲ့ စွမ်းရည်အရဆိုရင် လင်းယွမ်ခန်းမဆောင်က တပည့်တွေကို လက်နက်တွေ ပံ့ပိုးပေးစရာ မလိုလောက်တော့ဘူး”
စနစ်သည် သူ့အား ရင်နာအောင် ပြောဆိုလိုက်တော့၏။ “ထူးခြားတဲ့ စွမ်းရည်ဆိုတာ ထူးခြားတဲ့ ကန့်သတ်မှုတွေလည်း ပါဝင်နေတယ်လေ။ အသက်သွင်းမှရတာမျိုးမဟုတ်လား။ သာမာန်တိုက်ခိုက်မှုတွေအတွက် လက်နက်တွေ၊ ပစ္စည်းတွေ လိုအုံးမှာပဲ”
“ဒါကတော့ အမှန်ပဲ”
ကျွင်းချောင်ရှောင်းက ပြောလိုက်မိသည်။ “နောက်ထပ် ဂိုဏ်းအဆောက်အအုံကို အဆင့်မြှင့်တင်တဲ့ လုပ်ဆောင်ချက်တစ်ခု ရမယ်ဆိုရင် နတ်ဘုရားလက်နက် ခန်းမဆောင်ကို အရင်ဆုံး အဆင့်မြှင့်တင်ဖို့ စဉ်းစားရမယ်”
ကုန်းရှန့်အနေဖြင့် စိတ်ဝိညာဉ်သားရဲ ခန်းမဆောင်နှင့် လင်းယွမ် ခန်းမဆောင်တို့ကို အဆင့်မြှင့်တင်ပြီး သည့်နောက် နတ်ဘုရားလက်နက်ခန်းမဆောင်ကို အဆင့်မြှင့်တင်ရန် ဆုံးဖြတ်ချက် ချလိုက်၏။
“ဝူတီ”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “လက်ရှိ မင်းရဲ့ လုပ်ဆောင်မှုအရဆိုရင် ငါ မင်းကို လက်နက်တစ်ခု ပေးဖို့ ရည်ရွယ်ထားတယ်။ ဒီတော့ မင်း ဓားကို လိုချင်လား။ ဓားမော့ကို လိုချင်လား”
ရီရှင်းချန်သည် မျက်လုံးပြူးသွားမိ၏။ သူနှင့် ရှောင်ကျီတို့၏ လက်နက်များကို ပေးအပ်ခဲ့စဉ်က ဂိုဏ်းချုပ်သည် ရွေးချယ်ခွင့် မပေးခဲ့ချေ။
ဟယ်ဝူတီသည် ခေါင်းကိုကုတ်ကာ ပြောလိုက်၏။ “ဂိုဏ်းချုပ် ပေးတာ ဘာမဆို ယူပါမယ်”
“ဒါဆိုလည်း ကောင်းပြီ”
ကျွင်းချောင်ရှောင်းသည် နတ်ဘုရားလက်နက် ခန်းမဆောင်ကို ဖွင့်လိုက်၏။ သေသေချာချာ ရွေးချယ်ပြီးသည့်နောက် ဂိုဏ်းစုဆောင်းမှတ် တစ်သောင်းကို အသုံးပြုကာဖြင့် မှော်ပညာဖြင့် အဆင့်မြှင့်တင်ထားသော ထူးခြားလှသည့် သက်တန့်ဖြူဆိုသော လက်နက်ကြီးကို ဝယ်ယူခဲ့လိုက်၏။ ပြီးနောက် သူသည် အပြင်ဘက်သို့ ထုတ်ကာဖြင့် လှမ်းပစ်ပေးကာ ပြောလိုက်တော့သည်။ “ဒီနေ့ကစပြီး မင်းက ဒီလက်နက်ရဲ့ ပိုင်ရှင်ပဲ”
ဟယ်ဝူတီသည် လှမ်း၍ ဖမ်းယူလိုက်၏။ သူ၏ မျက်နှာသွင်ပြင် တစ်ခုလုံးသည် နဝေတိမ်တောင်နှင့် ဖြစ်လို့နေ၏။
“ဟား ဟား ဟား ဟား”
ခရမ်းရောင်ဘုရင်သည် မည်သို့မှ မနေနိုင်တော့ချေ။ မြေပေါ်သို့ ဒူးထောက်ထိုင်ချလိုက်ပြီး လက်နှစ်ဖက်ဖြင့် မျက်နှာကို အုပ်ကာကာ အားရပါးရ ရယ်မောလျက် ရှိ၏။
သေသေချာချာ လေ့ကျင့်ခြင်းကို ခံထားရသည့်ပုံပေါ်သော ဖြူမဲညီနောင်တို့သည်ပင်လျှင် မျက်နှာများ နီရဲလျက်ရှိနေ၏။ သီးသန့် နတ်ဘုရားလက်နက်ဖြစ်သည့် သက်တန့်ဖြူသည် ထူးခြားသည့် ပုံပန်းသွင်ပြင်ရှိ၏။ ထိုအရာသည် လက်ဝါးအရွယ်အစားခန့်ရှိသော တံခါးခေါက်သည့် ကွင်းကြီးတစ်ခု ဖြစ်တော့၏။
(တရုတ်အိမ်တွေရဲ့တံခါးမှာ ကျားခေါင်း၊ ခြင်္သေ့ခေါင်း စသဖြင့်ချိတ်ဆွဲထားပြီး ထိုသတ္တဝါ၏ပါးစပ်သည်ကွင်းကြီးတစ်ခုကို ကိုက်ထားတတ်သည်။ထိုကွင်းကြီးအား ကိုင်ခေါက်ကာဖြင့်တံခါးခေါက်ခြင်းကို ပြုလုပ်တတ်သည်)
“ဂိုဏ်းချုပ်”
ဟယ်ဝူတီသည် စိတ်ဓာတ်တကျဖြင့် ပြောလိုက်သည်။ “ကျွန်တော်က တံခါးဆိုတဲ့အရာနဲ့ တကယ့်ကို ရေစက်ပါနေတာများလား”
ကျွင်းချောင်ရှောင်းသည် အသာလှမ်းလျှောက်လာပြီးသည့်နောက် သူ၏ ပခုံးကို ပုတ်ကာ ပြောလိုက်၏။ “ဒီပုံစံက နည်းနည်းလေး ခြားနားနေတယ်ဆိုပေမဲ့ စွမ်းအင်ကတော့ သာမန်ထက်ပိုတယ်”
“..........”
ဟယ်ဝူတီသည် မျက်လုံးများ ချာချာလည်သွား၏။ ဤလက်နက်သည် ကောင်းမွန်လှသည့် ပစ္စည်းများနှင့် ပြုလုပ်ထားပြီး အလွန်အားကောင်းလှသည်ဆိုသော ခံစားချက်များကို ပေးစွမ်းနေသည်ကတော့ မငြင်းပယ်နိုင်ချေ။
“အစ်ကိုရီ”
ဟယ်ဝူတီသည် ထိုအရာကို လှမ်းပေးကာ ပြောလိုက်၏။ “ဒါကိုနဖားကွင်းလိုမျိုး သုံးကြည့်ပါလား”
ရီရှင်းချန်က အော်ဟစ်လိုက်သည်။ “ငါက နွားမှ မဟုတ်တာ”
“ကောင်းပြီ”
ကျွင်းချောင်ရှောင်းသည် လေးလေးနက်နက် ပြောလိုက်၏။ “မင်းတို့ရဲ့ နတ်ဘုရားလက်နက်တွေက အထက်နယ်မြေမှာ အသားကျအုံးမှာ မဟုတ်ဘူး။ ဒီတော့ ဒီအရာတွေကို ကောင်းကောင်းပြုစုပြီး ဂရုစိုက်ထားကြ။ နောက်ထပ် အဆင့်မြှင့်တင်တဲ့ အချိန်ရောက်ရင် ဒါကိုထုတ်ပြီးတော့ အသုံးပြုလို့ ရနိုင်တယ်”
အဆင့်မြှင့်တင်သည်ဆိုသည့်အကြောင်းကို သူတို့ သေသေချာချာ နားမလည်ကြသော်လည်း ဂိုဏ်းချုပ်သည် လေးလေးနက်နက် ပြောဆိုနေခြင်းကြောင့် နတ်ဘုရားလက်နက်များကို သေသေချာချာ သိမ်းဆည်းထားရန် စဉ်းစားလိုက်မိသည်။
“ယောက်ျား”
နှင်းဆီဧကရီက မေးလိုက်၏။ “ကျွန်မသုံးဖို့ လက်နက်ကော ရှိလား”
ဘာလို့ ထောက်ပံ့ကူညီသူတစ်ယောက်က လက်နက်ကိုင်အုံးမှာလဲ။ ကျွင်းချောင်ရှောင်းသည် စိတ်ထဲမှ ရေရွတ်လိုက်၏။ သို့ပေမဲ့ သူသည် နတ်ဘုရားလက်နက်ခန်းမဆောင်ဆီသို့ ဝင်ကာ ကြည့်လိုက်၏။
“ဒင်... ဂိုဏ်းစုဆောင်းမှတ် တစ်သောင်းကို အသုံးပြုပြီး လက်နက်အား ဝယ်ယူခဲ့၏။ ပစ္စည်းအား သိုလှောင်လက်စွပ်ထဲသို့ ပို့ဆောင်ပြီးပါပြီ”
“ဒင်... ဂိုဏ်းစုဆောင်းမှတ် - ၇၂၀၀၀၀”
ကျွင်းချောင်ရှောင်းအနေဖြင့် တစ်ဖက်လူသည် ထောက်ပံ့ကူညီသူ တစ်ယောက်ဖြစ်သည်ဆိုသော်လည်း လက်နက်ပေးရန် ဆုံးဖြတ်လိုက်၏။ အဘယ့်ကြောင့်ဆိုသော် နတ်ဘုရားလက်နက်တစ်ခု၏ တန်ဖိုးသည် ဂိုဏ်းစုဆောင်းမှတ် တစ်သောင်းသာ ကုန်ကျသည် မဟုတ်ပါလား။ ဈေးနည်းလွန်းလှ၏။
“ရော့”
သူသည် လှမ်းကာ ပစ်ပေးလိုက်သည်။
နှင်းဆီဧကရီသည် ထိုအရာကို ဖမ်းယူပြီးသည့်နောက် သက်တန့်ရောင်ပေါက်နေသည့် ကြာပွတ်တစ်ခုဖြစ်မှန်း သိရှိလိုက်ရ၏။ ထို့ကြောင့် ချိုသာစွာ ပြုံးကာ ပြောလိုက်၏။ “ကျေးဇူးပါ ယောက်ျား”
ရီရှင်းချန်၊ ရှောင်ကျီ၊ ဟယ်ဝူတီနှင့် ခရမ်းရောင်ဘုရင်တို့သည် ဆွံ့အသွား၏။
“မဖြစ်နိုင်ဘူး။ ဘာလို့ ဂိုဏ်းချုပ်ကတော်ရဲ့ လက်နက်က အရမ်းကို လှနေရတာလဲ။ ဘာဖြစ်လို့ ဒယ်အိုးတွေ၊ အရက်ခွက်တွေ မဟုတ်ရတာလဲ။ ဘာကိစ္စ တံခါးခေါက်တဲ့အရာတွေ၊ ပန်းရောင်လက်ဝှေ့အိတ်ကြီးတွေ မဖြစ်ရတာလဲ”
သူတို့အား ပိုမို၍ ပြိုလဲစေသည်မှာ ဂိုဏ်းချုပ်သည် ဖြူမဲညီနောင်တို့အတွက် နတ်ဘုရားလက်နက်များကို ထုတ်ပေးလိုက်သည့် အချိန်မှာတော့ တစ်ယောက်သည် ဓားဖြစ်၍ တခြား တစ်ယောက်မှာတော့ ဓားမော့ကြီးကို ကိုင်ဆောင်ခွင့် ရခဲ့သည်။ ပုံပန်းသွင်ပြင်သည် အလွန်ကြည့်ကောင်းလှသည် ဖြစ်သလို လက်ရာမှာလည်း သေသပ်လွန်းလှ၏။
ဟယ်ဝူတီသည် ငိုချင်စိတ်များပင် ပေါက်မိနေသည်။ စောစောကများ သိမည်ဆိုလျှင် သူသည် ဓားမော့နှင့် ဓားကိုသာ ရွေးချယ်ပေလိမ့်မည်။
“ဂိုဏ်းချုပ်”
သူသည် အားပျော့စွာဖြင့် ပြောလိုက်မိ၏။ “ထပ်ပြီး ရွေးချယ်လို့ ရသေးလား”
“တော်လိုက်စမ်း”
....................
“ဒီတောက အရမ်းကို အန္တရာယ်များတဲ့ပုံပဲ။ အားလုံး သတိအပြည့်နှင့်နေကြ”
“ကောင်းပါပြီ” နတ်ဆိုးဘုရင်၏ လှိုဏ်ဂူသည် တားမြစ်ထားသည့် တည်နေရာဖြစ်၏။ တောင်၏ အနီးအနား နယ်နိမိတ်တည်နေရာများသည် တားမြစ်ထားသည့် တည်နေရာများ ဖြစ်၏။ ထို့ကြောင့် လူအနည်းငယ်တို့သည်သာ ဤတည်နေရာဆီသို့ ရောက်ရှိတတ်သည်။ အထဲသို့ ဝင်ရောက်လိုက်သည်နှင့် သားရဲရိုင်းများ ၏ အရိုးနှင့် ချေးများသည် နေရာအနှံ့တွင် တည်ရှိနေခဲ့၏။
“ဂိုဏ်းချုပ်”
ခရမ်းရောင်ဘုရင်သည် အသာလှမ်းလျှောက်လာပြီး သတိအပြည့်ဖြင့် ပြောလိုက်သည်။ “ဒီနေရာမှာ မွန်းစတားတွေ အများကြီးပဲ။ အားအင်အဆင့်အရဆိုရင် လုံးဝကို အားနည်းမှာ မဟုတ်ဘူး”
ကျွင်းချောင်ရှောင်းသည် မည်သည့်စကားကိုမှ မဆိုချေ။ အခြေအနေ တစ်ခုလုံးသည် အလွန် လေးနက်လျက်ရှိသည်ကို သူခံစားမိ၏။
စနစ်က ပြောလိုက်သည်။ “ငါမှန်းတာ မှန်ပြီ။ ဒီနေရာမှာ မိုင်းတွင်းတစ်ခု ရှိနေတယ်ဆိုရင်တောင်မှ ဒါကျားခံတွင်းကြီးပဲ”
ဤတစ်ကြိမ်မှာတော့ အမှန်ပင် သူဂုဏ်ယူမိနေ၏။
ဝေါင်း ဝေါင်း ……..။
ထိုအချိန်မှာပဲ ဒေါသတကြီး အော်ဟစ်သံများသည် တော၏ အတွင်းပိုင်းဆီမှ ထွက်ပေါ်လာ၏။ မြေပြင် တည်နေရာ တစ်ခုလုံးရှိ သစ်ရွက်များပင်လျှင် လှုပ်ခါနေသည်။
“ငါတို့ကို သိသွားပြီလား”
ကျွင်းချောင်ရှောင်းသည် ချက်ချင်းပဲ အမိန့်ပေးလိုက်၏။ “သတိအပြည့်နဲ့ နေကြ”
ရီရှင်းချန်နှင့် တခြားလူများသည် ၎င်းတို့၏ နတ်ဘုရားလက်နက် များကို ထုတ်ယူလိုက်ကြ၏။ ၎င်းတို့၏ စိတ်များသည် မွန်းစတားများ အော်သံများ ထွက်ပေါ်နေရာသို့ သေသေချာချာ ကြည့်ရှုနေ၏။ အော်သံကို နားထောင်လိုက်သည်နှင့် တစ်ဖက် သားရဲများသည် အားနည်းလှသည် မဟုတ်ချေ။
နှင်းဆီဧကရီသည် အမှတ်မထင်ဖြင့် ကျွင်းချောင်ရှောင်းနားသို့ ကပ်လိုက်၏။ ပြဿနာတစ်ခုခု တက်မည်ဆိုပါက သူမသည် သူမ၏ ယောက်ျားနှင့် တစ်သားတည်ဖြစ်အောင် ပေါင်းစပ်လိုက်မှာဖြစ်၏။
“ဂိုဏ်းချုပ်”
အဖြူရောင်နတ်ဆိုးသည် လေးလေးနက်နက် ပြောလိုက်သည်။ “တစ်စုံတစ်ယောက်က အထဲမှာ မွန်းစတားနဲ့ တိုက်ခိုက်နေတာပဲ”
ကျွင်းချောင်ရှောင်းသည် သူ၏ စိတ်ဝိညာဉ်အာရုံများကို ဖြန့်ကျက်ကာ ကြည့်ရှုလိုက်သည့်နောက် တူညီသည့် ဝတ်စုံများကို ဝတ်ဆင်ထားသည့် သိုင်းကျင့်ကြံသူ ဆယ်ယောက်တို့သည် ထူးခြားလှသည့် အစီအရင်များကို ဖန်တီးကာဖြင့် အားကောင်းလွန်းလှသော သားရဲကြီးတစ်ကောင်ကို တိုက်ခိုက်လျက်ရှိနေ၏။
ကြည့်ရှုရသည်မှာ သူတို့သည် တစ်ဖက် သားရဲကြီးအား ဖိနှိပ်ထားခဲ့၏။ ထိုသူများ အားလုံးသည် အနည်းငယ် အိုမင်းနေသည့်ပုံ ပေါက်သည်ဆိုသော်လည်း အမြူတေအသွင်ပြောင်းခြင်းအဆင့်သုံးနှင့်အထက်တွင် ရှိနေကြသော လူများဖြစ်သည်။
“ဂိုဏ်းချုပ်”
အမဲရောင်နတ်ဆိုးသည် တစ်ဖက်သိုင်းကျင့်ကြံသူ၏ ရင်ဘတ်တွင် ရှိနေသော ပုံအားကြည့်ရှုကာ ပြောလိုက်၏။ “ဒီလူတွေ အားလုံးက လင်းဝေ အစစ်အမှန်ဂိုဏ်းက လူတွေပဲ”
“အစစ်အမှန်အဆင့်လား”
ကျွင်းချောင်ရှောင်းသည် စိတ်ဝင်စားသွား၏။ “သူတို့ ဒီလောက် အားကောင်းတယ်ဆိုတာ အံ့အားသင့်စရာ မဟုတ်တော့ဘူးပဲ”
လက်ရှိအခြေအနေတွင် အင်ပါရီယန် နတ်ဓားဂိုဏ်းနှင့် ရေခဲဓားမော့ဂိုဏ်းတို့သည် ရွှမ်အဆင့်ဂိုဏ်း များသာဖြစ်၏။ သို့ပေမဲ့ အစစ်အမှန်အဆင့်သည် ပိုမိုကာ အားကောင်းလွန်းလှချေ၏။
“သွားကြရအောင်”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ ဤတစ်ကြိမ် သူ၏ ရည်မှန်းချက်သည် စိတ်ဝိညာဉ်မိုင်းတွင်းကို ရှာဖွေရန်ဖြစ်၏။ ထို့ကြောင့် ပွဲကြည့်ရန် စိတ်မဝင်စားချေ။
သို့ပေမဲ့ အရှေ့ဆီသို့ လှမ်းတက်ရန် ပြင်လိုက်သည့်အချိန်မှာပဲ တိုက်ခိုက်လျက်ရှိနေသည့် အဘိုးအိုသည် လှမ်းကာ အော်ဟစ်လိုက်၏။ “ဒီနေရာနဲ့ ငါးဆယ်ကီလိုမီတာအတွင်း ကျုပ်တို့ဂိုဏ်းက စည်းခတ်ထားတယ်။ မသက်ဆိုင်တဲ့လူတွေ မြန်မြန်ထွက်သွား။ မဟုတ်ရင် ဖြစ်လာနိုင်တဲ့ အကျိုးဆက်ကို ခံနိုင်မှာ မဟုတ်ဘူး”
“ကောင်းပါပြီ”
ကျွင်းချောင်ရှောင်းသည် ကျယ်လောင်စွာ အော်ပြောလိုက်၏။ ပြီးနောက် အသာလှည့်ကာ လာရာလမ်းဆီသို့ ပြန်လာလိုက်သည်။
ရီရှင်းချန်၊ ရှောင်ကျီနှင့် တခြားသူများသည် ဆွံ့အသွားခဲ့ကြ၏။ ဂိုဏ်းချုပ်သည် မည်သည့်အချိန်က ဤကဲ့သို့ သိုသိုသိပ်သိပ်နှင့် နေထိုင်သွားခဲ့ရသနည်း။ တစ်ဖက်လူ ပြောဆိုလိုက်သည်နှင့်တပြိုင်နက် တစ်ခါတည်း နောက်သို့ပင် လှည့်မကြည့်ဘဲ လှည့်ပြန်လာခဲ့၏။
တစ်နာရီခန့် ကြာမြှင့်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် ၎င်းတို့အား ယခင်နေထိုင်ခဲ့သည့် လှိုဏ်ခေါင်းရှိရာသို့ ပြန်လည် ခေါ်ဆောင်လာ၏။ ပြီးနောက် အမဲရောင်ဝတ်စုံနှင့် မျက်နှာဖုံးများကို ထုတ်ယူကာ ပြောလိုက်သည်။ “မင်းတို့ အဝတ်အစားတွေလဲ၊ ရုပ်တွေ ဖျက်ကြတော့။ ပြီးတော့ ကျင့်ကြံခြင်းအဆင့် ဖုံးကွယ်ခြင်းနည်းစနစ်ကို အသုံးပြုပြီး လိုက်ခဲ့”
“..........”
ရီရှင်းချန်နှင့် တခြားသောသူများ၏ နှုတ်ခမ်းထောင့်များသည် တုန်ယင်သွားခဲ့၏။
“ဂိုဏ်းချုပ်”
အမဲရောင်နတ်ဆိုးသည် လေးလေးနက်နက် ပြောလိုက်သည်။ “လင်းဝေ စစ်အမှန်ဂိုဏ်းဆိုတာက လျော့တွက်လို့ရတဲ့ ဂိုဏ်းမဟုတ်ဘူးနော်။ သေသေချာချာ စဉ်းစားသင့်တယ်”
ကျွင်းချောင်ရှောင်းသည် ခပ်တည်တည်ဖြင့် ပြောလိုက်၏။ “ဒီတောအုပ်ကြီးက ပိုင်ရှင်မဲ့တဲ့ တောအုပ်ကြီးလေ။ သူ့တို့က ဒီနေရာကို လာပြီး စည်းခတ်ထားသေးတယ်။ အဲလိုလုပ်လေ အထဲကို ပိုပြီးတော့ ဝင်ချင်လေပဲ”
“...........”
အမဲရောင်နတ်ဆိုးသည် တိတ်ဆိတ်ငြိမ်သက်သွားခဲ့၏။ အစစ်အမှန်ဂိုဏ်းများသည် မည်မျှကြောက်မက်ဖွယ်ကောင်းသည်ကို သူသိရှိပြီးဖြစ်၏။ သို့ပေမဲ့ ဂိုဏ်းချုပ်သည် အထဲသို့ ဝင်ချင်သည်ဆိုမှတော့ .........
“ဒါဆိုလည်း သွားကြရအောင်” အားလုံး၏ မျက်လုံးထဲတွင် ဆုံးဖြတ်ချက် ခိုင်မာသည့် အရိပ်အယောင်များ ဖြစ်တည်လာသည်ကို မြင်တော့ နှင်းဆီဧကရီသည် ဆွံ့အသွားမိသည်။
“ဘာလို့ ငါ့ယောက်ျား ခေါ်ယူထားတဲ့ အထက်ပိုင်းအကြီးအကဲနဲ့ တပည့်တွေ အားလုံးက သာမန်မဟုတ်သလို ခံစားနေရတာလဲ”
သူမ ပြောဆိုနေသည်မှာ သူမ၏ ယောက်ျားကတော့ သာမန် ဖြစ်နေသလိုပင်။ အတိအကျ ပြောရမည်ဆိုလျှင် ပြိုင်စံရှားဂိုဏ်း၏ အထက်ပိုင်း အကြီးအကဲနှင့် တပည့်များ အားလုံးသည် သူမယောက်ျား ကုန်းရှန့်ကြောင့် ပုံမှန်မဟုတ်သလို ဖြစ်နေကြခြင်းပင်။
ဆွစ် ဆွစ်
အားလုံးသည် အမဲရောင်ဝတ်စုံများကို ဝတ်ဆင်လိုက်ပြီး မျက်နှာ သွင်ပြင်များကိုလည်း ပြောင်းလဲလိုက်ကြ၏။ ပြီးသည့်နောက် ကျင့်ကြံခြင်းအဆင့် ဖုံးကွယ်ခြင်းနည်းစနစ်ကို အသုံးပြုကာ အော်ရာများကို ဖုံးကွယ်လိုက်သည်။
“သွားကြရအောင်”
ကျွင်းချောင်ရှောင်းသည် အားလုံးကို ခေါ်ကာဖြင့် သူတို့လာရာလမ်းဆီသို့ ပြန်လှည့်ခဲ့၏။ သူတို့သည် တိုက်ခိုက်နေသည့်နေရာကို ရောက်သည့်အချိန်မှာတော့ အသာရှောင်ကာဖြင့် အတွင်းဘက်သို့ လှမ်းဝင်လိုက်ကြ၏။
“ဂိုဏ်းချုပ်... သူတို့ ကျုပ်တို့ကို ရှာမတွေ့ဘူးလား”
“အင်း... ကျင့်ကြံခြင်းအဆင့် ဖုံးကွယ်ခြင်း နည်းစနစ်က တကယ်ကို အံ့အားသင့်စရာ ကောင်းတယ်လေ” အဖြူရောင်နတ်ဆိုးနှင့် အမဲရောင်နတ်ဆိုးတို့သည် အသံပို့လွှတ် ပြောဆိုနေခဲ့၏။
ဟယ်ဝူတီသည်သာ ထိုအရာကို ကြားသည်ဆိုပါက ရင်ကိုကော့ကာဖြင့် ပြောမိပေလိမ့်မည်။ “ဒီကျင့်ကြံခြင်း နည်းစနစ်ကို ဘယ်သူပေးထားတယ်ဆိုတာ သိလား”
.............
ဆွစ် ဆွစ်
အားလုံးတို့သည် တစ္ဆေ၊ သရဲများ ကဲ့သို့ပင် မြန်ဆန်စွာဖြင့်အထဲဆီသို့ တိုးဝင်လိုက်ကြသည်။ မိုင်ဒါဇင်ချီ လှမ်းသည့် အထဲတည်နေရာသို့ လျှောက်ဝင်ပြီးသည့်နောက်မှာတော့ တောင်စောင်းတစ်ခုဆီသို့ ရောက်ရှိသွားကြ၏။ သူတို့ရှေ့တွင် ရှိနေသော နေရာသည် ထူးခြားသည့်တည်နေရာကြီးဖြစ်ပြီး ကောင်းကင်နှင့်မြေကြီးဓာတ်သဘာဝများ ထွန်းတောက်နေသည်ကို သိရှိလိုက်သည်။
“ဂိုဏ်း …ဂိုဏ်းချုပ်”
အမဲရောင်နတ်ဆိုးသည် စိတ်လှုပ်ရှားစွာဖြင့် အသံပို့လွှတ်လိုက်၏။ “ဒီနေရာမှာ တကယ့်ကို စိတ်ဝိညာဉ်မိုင်းတွင်းကြီး ရှိနေတာပဲ”