အပိုင်း (၁၃၈၉)
Vol. 93 Ch. 1389
"ကောင်ကောင်လေး စနစ်"
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "မင်းရဲ့ အကူအညီအတွက် ကျေးဇူးတင်ပါတယ်"
"…..."
စနစ်သည် တိတ်ဆိတ်ငြိမ်သက်သွားမိ၏။ လက်ခံသူသည် စိတ်ဝိညာဉ်မိုင်းတွင်းသို့ ကျောက်ရှိလာစဉ်ကတည်းက မည်သည့် အန္တရာယ်မှ မတွေ့ရှိခဲ့ချေ။ နဂါးခံတွင်းနှင့် ကျားခံတွင်းဆီသို့ ရောက်ရှိဖို့ ဆိုသည်မှာ အလွန်ဝေးကွာလှ၏။
ဟယ်ဝူတီသည် တံဂါးနှင့်ပတ်သက်၍ ရင်နာအောင်ပြုလုပ်ခံရသလို သူသည်လည်း ရင်နာရခြင်းမှ မလွန်မြောက်နိုင်ခဲ့ချေ။ သူ ပြောသမျှသည် တလွဲကြီးဖြစ်လို့နေသည်။
ကျွင်းချောင်ရှောင်းသည် မြေပုံကို ထုတ်ယူလိုက်ပြီး ပတ်ဝတ်းကျင်တည်နေရာကို လေးလေးနက်နက်နှင့် ကြည့်ရှုလျက်ရှိ၏။ နောက်ဆုံးမှတော့ သူရှာဖွေနေသည့် နေရာဖြစ်ကြောင်း အတည်ပြုလိုက်၏။ "ဒီလူ ငါ့ကို မလိမ်ဘူးပဲ။ ငါချမ်းသာပြီ။ ငါချမ်းသာပြီ"
သူ့အနေဖြင့် အထက်နယ်မြေ၏ စိတ်ဝိညာဉ်မိုင်းတွင်းကို တစ်ခါမှ မမြင်ဖူးသော်လည်း အောက်နယ်မြေရှိ မိုင်းတွင်းများကို တူးထုတ်ခဲ့ဖူး၏။ ထို့ကြောင့် ထူးခြားဆန်းပြားလှသော ဓာတ်သဘာဝများကို တွေ့ရှိသည်နှင့် ဤတည်နေရာ၏ အောက်ခြေတွင် စိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်း တည်ရှိနေမည်ဟု အတတ်သိနေ၏။
ထို့အပြင် ကျွင်းချောင်ရှောင်းသည် ပိုက်ဆံတော်တော်များများကို လိုအပ်နေ၏။ မိုင်းတွင်းသည်သာ သူ့ကို အရင်းအမြစ်တော်တော်များများ ပေးအပ်နိုင်မည်ဆိုပါက သူသည် ပိုမိုကာ အားကောင်းလာမှာ ဖြစ်သည်။
"ဂိုဏ်းချုပ်"
အမဲရောင်နတ်ဆိုးသည် စိတ်ကိုတည်ငြိမ်အောင်ထိန်းပြီးနောက် ပြောလိုက်၏။ "စိတ်ဝိညာဉ်မိုင်းတွင်း အကြောင်း လင်းဝေအစစ်အမှန်ဂိုဏ်းက သိရှိပြီးသား ဖြစ်လိမ့်မယ်။ ဒါကြောင့် ဒီမိုင်းတွင်းကို စောင့်ကြပ်တဲ့ မွန်းစတားနဲ့ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေတာပဲ ဖြစ်ရမယ်"
"ဒါဆိုရင် ကောင်းတာပေါ့"
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "သူတို့ဘာသူတို့ တိုက်ခိုက်ပါလေ့စေ။ ကျုပ်တို့က သွားရှာကြမယ်"
"…..."
အမဲရောင်နတ်ဆိုးသည် နှုတ်ခမ်းများ တုန်ယင်သွား၏။ ဤတို့ဆိုလျှင် အစစ်အမှန်ဂိုဏ်းတစ်ခုဆီမှ မိုင်းတွင်းကို လုယူခြင်းနှင့်ပင် ဆင်တူနေသည်မဟုတ်ပါလား။ စိတ်လှုပ်ရှားစရာပဲ။ ဒါက အရမ်းကို စိတ်လှုပ်ရှားစရာကောင်းတယ်။
“သွားကြရအောင်"
ကျွင်းချောင်ရှောင်းသည် အရင်ဦးဆုံး တွင်းထဲသို့ ခုန်ချလိုက်၏။ ပြီးသည့်နောက် အခြားသော သူများလည်း သူ့နောက်မှ လိုက်ပါလာ၏။
များပြားလှသည့် စိတ်ဝိညာဉ်စွမ်းအင်များ ပေါ်ထွက်နေသောကြောင့် အနားရှိမွန်းစတားများသည် အလွန်ပင် အားကောင်းနေကြ၏။ သို့ပေမဲ့ သူတို့သည် ကျင့်ကြံခြင်းဖုံးကွယ်သည့် နည်းစနစ် တည်ရှိနေသောကြောင့် လူသား သို့မဟုတ် မွန်းစတားများသည် သူတို့ ရောက်ရှိလာသည်ကို သတိမပြုမိကြချေ။
ဆွစ် ဆွစ်
ခနလောက်ကြာပြီးနောက် ကျွင်းချောင်ရှောင်းနှင့် အခြားသူများသည် ဗဟိုတည်နေရာကြီးတွင် ရပ်တန့်လိုက်၏။ ဤနေရာသည် နေရာလွတ်ကြီးပင် ဖြစ်၏။ သာမန်မျက်လုံးနှင့် ကြည့်မည်ဆိုလျှင်ပင် ကောင်းကင်နှင့်မြေကြီး ဓာတ်သဘာဝများ စုစည်းနေသည်ကို မြင်နိုင်စွမ်း ရှိပေလိမ့်မည်။ ထိုအရာများသည် အလွန် များလွန်းသောကြောင့် မြူကဲ့သို့ပင် လေထဲသို့ ဝေ့တက်လျက်ရှိ၏။
"ဂိုဏ်းချုပ်"
အမဲရောင်နတ်ဆိုးက ပြောလိုက်သည်။ "ဒီရဲ့အောက်ခြေမှာ မိုင်းတွင်းရှိရမယ်"
ဆွစ် ဆွစ် ……။
ကျွင်းချောင်ရှောင်းသည် လက်ကို ယမ်းခါလိုက်၏။ ပြီးသည့်နောက် များပြားလှသည့် အလံတိုင်လေးများ ထွက်ပေါ်လာပြီး တည်နေရာ၏ အစပ်ဆီသို့ စိုက်ဝင်သွား၏။ ဤအရာသည် သီးခြားဖြစ်တည်ခြင်း အစီအရင်ဖြစ်၏။
အမဲရောင်နတ်ဆိုးသည် အလွန်ကောင်းမွန်သည့် အစီအရင် အတတ်ပညာကို မြင်ရသည့် အချိန်မှာတော့ အံ့ချီးနပန်း ဖြစ်လို့နေသည်။
ဂိုဏ်းချုပ်၏ အစီအရင်အပေါ်နားလည်မှုသည် အထက်နယ်မြေတွင် ဆရာအဆင့်ဖြစ်နေသည် မဟုတ်ပါလား။ ဤအရာသည်လည်း အမှန်ပင်ဖြစ်၏။
ကျွင်းချောင်ရှောင်းသည် ဆယ်နှစ်ကျော် လေ့လာပြီးနောက် သူ၏ ဆံပင်များပင် ကျွတ်ကြခဲ့၏။ သို့သော် ကြိုးစားမှုသည် အလကားမဖြစ်ခဲ့ချေ။ ထို့ပြင် အထက်နယ်မြေသို့ ရောက်ရှိပြီးနောက် ထိုက်ရွှမ်အဘိုးအိုဆီမှ အစီအရင်နှင့်ပတ်သပ်သည့် စာအုပ်ကို ရရှိခဲ့သေး၏။ ထိုအရာကို သေသေချာချာ လေ့လာခဲ့ပြီးနောက် သူ၏ အတွေ့အကြုံများသည်လည်း ပိုမိုကာ အားကောင်းသွားခဲ့၏။
ကျွင်းချောင်ရှောင်းသည် ပင်ကိုစွမ်းရည်ပြောင်းလဲခြင်း ဆေးရည်များကိုသုံးကာ သူ၏အစီအရင်အပေါ် နားလည်မှုကို တိုးတက်စေခဲ့သည် ဆိုသော်လည်း ကောင်းပင်နှင့်မြေကြီး ထောင့်လေးခုအစီအရင်ကို လေ့လာရာတွင် သူ့အားသူကိုးခဲ့သူ ဖြစ်၏။ ကုန်းရှန့်၏ ဇွဲနှင့် သတ္တိကို အထင်မသေးသင့်ပေ။
အစီအရင်ကို ဖန်တီးပြီးနောက် ၎င်းတို့သည် ကျင့်ကြံခြင်းဖိနှိပ်ထားသည်ကို ရပ်လိုက်၏။ ပြီးနောက် အထဲသို့ စတင်ကာ တူးထုတ်တော့၏။
ကျွင်းချောင်ရှောင်းသည် အလုပ်လုပ်ရာတွင် သေသေချာချာ ခွဲခြားထားသည်။
သူနှင့်သူ၏တပည့်များသည် မြေကြီးကို တူးနေကြပြီး အဖြူအမဲညီနောင်တို့သည် စောင့်ကြည့်လျက် ရှိကြ၏။ အကယ်၍ လင်းဝေဂိုဏ်း ရောက်ရှိလာသည်ဆိုပါက အဖြူအမဲညီနောင်တို့သည် ၎င်းတို့ကို အခြားတစ်ဖက်ဆီသို့ မျှားခေါ်သွားရန် စီစဉ်ထား၏။
စိတ်ဝိညာဉ်မိုင်းတွင်းသည် တလောကလုံး၏ ပိုင်ဆိုင်မှု ဖြစ်သည်။ ကောင်းကင်ရတနာများ ဆိုသည်မှာ မည်သူက ရှာဖွေတွေ့ရှိသည်မှာ အဓိကမဟုတ်ပေ။ မည်သူက တူးထုတ်ခဲ့သည်မှာ အဓိကဖြစ်သည်။
မည်သူမျှ အတင်းသိမ်းပိုက်ထား၍ မရချေ။ လုံလောက်သည့် အားအင်မရှိပါက ထိုကဲ့သို့ မောင်ပိုင်စီးခြင်းကို ပြုလုပ်နိုင်လိမ့်မည် မဟုတ်ချေ။ ကုန်းရှန့်သည် သိုသိုသိပ်သိပ် နေထိုင်ခဲ့သည်ဆိုသော်လည်း စိတ်ဝိညာဉ်မိုင်းတွင်းအတွက်ဆိုလျှင် သူသည် ကောင်းကင်အဆင့်ဂိုဏ်းများကိုပင် ဂရုစိုက်နေလိမ့်မည် မဟုတ်ချေ။
သူလိုချင်သည့် အရာရှိပါက ကျိန်းသေပေါက် ထိုအရာကို ရယူရန်အတွက် နည်းလမ်းကို စဉ်းစားပေလိမ့်မည်။ ထို့ပြင် သူ့၌ ကြီးမြတ်သူတုံးကုဟူသည့် ဆရာတစ်ယောက် ရှိနေသေးသည် မဟုတ်ပါလား။
တုံးကုအနေဖြင့် တာအိုနှလုံးသားတွင် မည်မျှအားကောင်းလှကြောင်း သေချာ မသိရှိသေးချေ။ ထိုအရာသည် ၎င်းစမ်းသပ်မှုပင် ဖြစ်လာပေလိမ့်မည်။
ဆွစ် … ဆွစ် …။
ကျွင်းချောင်ရှောင်းနှင့် သူ၏တပည့်များသည် တက်ညီလက်ညီနှင့် တူးထုတ်လျက် ရှိနေကြ၏။ အကြိမ်ပေါင်းများစွာ တူးထုတ်ပြီးနောက် ပေတစ်ရာ ခန့်နက်သည့် တွင်းကြီးတစ်ခု ဖြစ်တည်လာခဲ့သည်။ အထဲတွင်တော့ ကျောက်အလွှာများ ပေါ်ထွက်လာ၏။
"ဂိုဏ်းချုပ်"
ရှောင်ကျီသည် သန့်စင်ထားသည့် ကျောက်အလွှာတစ်ခုကို ထိကာ ပြောလိုက်သည်။ "စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးကို တူးမိပြီ"
"တူးတူး …. မြန်မြန်"
ရီရှင်းချန်နှင့် ဟယ်ဝူတီ တို့သည် အားကုန်ထုတ်ကာ တူးထုတ်နေကြ၏။ ၎င်းတို့သည် ပတ်ဝန်းကျင်ရှိ ကျောက်အလွှာများကို တစ်ခုပြီးတစ်ခု တူးထုတ်ကြ၏။ ပြီးသည့်နောက် ၎င်းတို့၏ မြင်ကွင်းထဲတွင် ပေါ်ပေါက်လာသည်မှာ မြေဆီလွှာထဲတွင် မြုပ်နှံလျက်ရှိနေသည့် သလင်းကဲ့သို့ ကြည်လင်နေ့သည့် စိတ်ဝိညာဉ်ကျောက်တုံးများပင် ဖြစ်၏။
"ကောင်းကင်ဘုံ"
ရှောင်ကျီသည် ထ၍အော်လိုက်သည်။ "အများကြီးပါလား"
ဟယ်ဝူတီသည် လေးနက်စွာ ပြောလိုက်မိ၏။ "ဒါက အနည်းဆုံး အလယ်အလတ်အဆင့် စိတ်ဝိညာဉ်မိုင်းတွင်းပဲ ဖြစ်ရမယ်"
ကျွင်းချောင်ရှောင်းသည် ပျော်ရွှင်သွားသည်။ "ငါတို့ ချမ်းသာပြီ"
"ဂိုဏ်းချုပ်"
ထိုအချိန်မှာပဲ အမဲရောင်နတ်ဆိုးသည် အသံပို့လွှတ်လိုက်၏။ "လင်းဝေအစစ်အမှန်ဂိုဏ်း လာပြီ"
ကျွင်းချောင်ရှောင်းသည် အသံပို့လွှတ်ပြီး ပြောလိုက်သည်။ "သီးခြားဖြစ်တည်ခြင်း အစီအရင်ကို သူတို့ ရှာတွေ့သွားနိုင်တယ်။ သူတို့ကို အနားမကပ်စေနဲ့"
"ကောင်းပါပြီ" ဖြူမဲညီနောင်သည် ချက်ချင်းအသံပို့လွှတ်လိုက်၏။ ပြီးနောက် ၎င်းတို့၏ နှလုံးသားထဲရှိ စိတ်လှုပ်ရှားမှုများသည် အလွန်ပဲ အားကောင်းလာခဲ့၏။ ပြီးနောက် အမှောင်ထဲဆီမှ လှမ်းကာထွက်လိုက်ကြ၏။
အစစ်အမှန်ဂိုဏ်းတွင် အားကောင်းလှသော အမြူတေအသွင်ပြောင်းခြင်းအဆင့် ကျင့်ကြံသူများ တည်ရှိနေခဲ့၏။ ၎င်းတို့သည် ကျင့်ကြံခြင်းလောကတွင် လှည့်လည်သွားလာနေခဲ့သည် ဆိုသော်လည်း ဤကဲ့သို့ အားကောင်းလှသည့် ကျင့်ကြံသူအရေအတွက်များများကို ရင်ဆိုင်ခြင်း မပြုလုပ်ခဲ့ချေ။
လင်းဝေ အစစ်အမှန်ဂိုဏ်းဆီမှ လူများမှာတော့ တောနက်ထဲတွင် ရှိနေသည့် မွန်းစတားများနှင့် ရင်ဆိုင်ပြီးနောက် အလျင်မြန်ဆုံးနှင့် ရှေ့ဆီသို့ လှမ်းတက်လာကြ၏။
မုတ်ဆိတ်များနှင့် လူတစ်ယောက်သည် ပြောလိုက်မိသည်။ "ထူးဆန်းလိုက်တာ။ စောနက ဘာလို့ ဒီနေရာမှာ လူတစ်ချို့ပေါ်လာတာလဲ"
ရှေ့မှ ဦးဆောင်နေသည့် အဘိုးအိုက ပြောလိုက်၏။ "ဒီနေရာမှာ နတ်ဆိုးဘုရင်လိုဏ်ဂူကို ဝင်ပြီးကျင့်ကြံသူတွေ ရှိတယ်လေ။ ဒါကြောင့် ရှိနေတာပဲ ဖြစ်ရမယ်"
"ပဉ္စမအကြီးအကဲက အော်လိုက်ရုံနဲ့ သူတို့ ထွက်ပြေးသွားကြတယ်မလား။ ဒီတော့ ဝင်လာတဲ့ သိုင်းကျင့်ကြံသူတွေ က အားနည်းတဲ့ ကျင့်ကြံသူတွေပဲ ဖြစ်ရမယ်" တစ်စုံတစ်ယောက်သည် ပြုံးကာပြောလိုက်၏။
လင်းဝေအစစ်အမှန်ဂိုဏ်းမှ လူများဖြစ်သည်မို့ သူတို့အား ဘယ်သူမှလာရောက်ရန်စရဲလိမ့်မည် မဟုတ်ချေ။ ပြောလိုက်သည်နှင့် ငကြောက်များကဲ့သို့ ထွက်ပြေးသွားသည်ကို ပြန်လည် မြင်ယောင်ပြီးနောက် သူတို့သည် ရယ်မောလိုက်ကြ၏။ အထူးသဖြင့် ကျွင်းချောင်ရှောင်းပင် ဖြစ်တော့၏။
တစ်ကယ်တမ်းမှာတော့ ကျွင်းချောင်ရှောင်းတို့သည် ၎င်းတို့အားကြောက်ရွံ့၍ ထွက်ပြေးသွားခဲ့သည် မဟုတ်ပေ။ လက်ရှိအချိန်မှာတော့ စိတ်ဝိညာဉ်မိုင်းတွင်းထဲသို့ပင် ရောက်ရှိနေပြီး စိတ်ဝိညာဉ်ကျောက်တုံးများကို တူးထုတ်လျက်ရှိနေသည်။
ရှောင်ကျီမှာတော့ ထိုအရာများကို သိမ်းဆည်းသည့် တာဝန်ယူထား၏။ ၎င်းသည် အလွန်ပင် အလုပ်များ လျက်ရှိ၏။
“ဟားဟားဟား ..”
သက်လတ်ပိုင်းလူသည် ရယ်မောလိုက်၏။ "ကောင်းကင်နဲ့မြေကြီးမှာ စုဝေးနေတဲ့ ဓာတ်သဘာဝတွေက အရမ်းကို အားကောင်းတာပဲ။ ဒါက အလယ်အလတ်အဆင့် စိတ်ဝိညာဉ်မိုင်းတွင်းပဲ ဖြစ်ရမယ်။ သန်းတစ်ရာလောက် ရှိမယ် ထင်တယ်။ ဒါတွေကိုသာ တူးထုတ်နိုင်မယ်ဆိုရင် ဂိုဏ်းကများပြားလှတဲ့ အရင်းအမြစ်တွေ ရတော့မယ်"
ကုန်းရှန့်သာ ထိုအရာကို ကြားသည်ဆိုပါက ထ၍ခုန်မိမှာသေချာ၏။ စိတ်ဝိညာဉ်ကျောက်တုံး သန်းတစ်ရာလောက် တည်ရှိနေ၏။ ချမ်းသာလှသော ဂိုဏ်းများအတွက် ဤအရာသည် သာမန်ဖြစ်သော်လည်း သေးငယ်လှသော ဂိုဏ်းများအတွက် ဤအရာသည်ရွှေပုံကြီးပင် ဖြစ်၏။
ဝှစ် ဝှစ် …။
လင်းဝေအစစ်အမှန်ဂိုဏ်းဆီမှ ကျင့်ကြံသူများထွက်လာသည်နှင့် တစ်ပြိုင်နက် အဖြူအမဲညီနောင်တို့သည် အခြားသောနေရာဆီသို့ လှမ်းထွြက်လိုက်၏။ ပြီးနောက် မည်သည့် ရှင်းပြချက်မှမပြုဘဲ ချီများကိုအသုံးပြုကာ တိုက်ခိုက်တော့သည်။
"တစ်ယောက်ယောက် ရောက်လာပြီ …သတိထားကြတော့"
အမြူတေအသွင်ပြောင်းခြင်းအဆင့် ကျင့်ကြံသူ ဆယ်ယောက်တို့သည် လျင်လျင်မြန်မြန်ပဲ စုဝေးလာကြ၏။ ၎င်းတို့သည် သိုင်းနည်းစနစ်နှင့် လက်နက်များကို ထုတ်ဖော်ပြီး ပြန်လည်တိုက်ခိုက်ရန် ပြင်ဆင်လိုက်၏။
ဖြူမဲညီနောင်တို့သည် ကြီးမားသည့် ကျောက်တုံးပေါ်တွင် မတ်တပ်ရပ်ပြီး အေးစက်စက် ပြောလိုက်သည်။ "ရန်သူကို ဒီမှာလာပြီး တွေ့လိမ့်မယ်လို့ မထင်ထားဘူး"
"ရန်သူ ဟုတ်လား"
လင်းဝေအစစ်အမှန်ဂိုဏ်းမှ ကျင့်ကြံသူများသည် ပြောလိုက်၏။ သူတို့သည် တစ်ဖက်လူများကို ရန်သူအဖြစ် ထင်မှတ်ထားပြီး ဖြစ်၏။ တစ်ဖက်လူများသည် မျက်နှာဖုံးများ ဝတ်ဆင်မထားသောကြောင့် မျက်နှာများအား ရှင်းရှင်းလင်းလင်း မြင်နေရသည်။ သူတို့နှင့် ရင်းနှီးလှသည့် အသွင်အပြင်မျိုးလည်း မဟုတ်ချေ။ အဘယ့်ကြောင့် သူတို့နှင့် ရန်သူဖြစ်သွားရသနည်း။
ထို့ပြင် တစ်ဖက်လူများသည် အမြူတေအသွင်ပြောင်းခြင်း အဆင့်ခြောက်ကျင့်ကြံသူများလည်း ဖြစ်လို့နေခဲ့၏။ သူတို့အနေဖြင့် ဤလူများနှင့် မတိုက်ခိုက်ချင်ကြပေ။
ဖြူမဲညီနောင်တို့မှာ အာရုံ ပြောင်းစေရန်အတွက် ပြောချင်ရာပြောနေကြခြင်းပင် ဖြစ်၏။
လင်းဝေ အစစ်အမှန်ဂိုဏ်းဆီမှ အကြီးအကဲသည် အေးစက်စက်ပြောလိုက်သည်။ "ကျုပ်တို့ကြားမှာ ဘယ်လိုရန်ငြိုးတွေ ရှိနေလို့လဲ"
သူတို့ဆယ်ယောက်သည် အမြူတေအသွင်ပြောင်းခြင်း အဆင့်ခြောက် မွန်းစတားကြီးနှင့် ယှဉ်ပြိုင်တိုက်ခိုက်ခဲ့သည် ဖြစ်သောကြောင့် အဖြူအမဲညီနောင်နှင့် တိုက်ခိုက်ရန် ကြောက်ရွံ့လိမ့်မည် မဟုတ်ချေ။ သို့သော် ဤနေရာတွင် စိတ်ဝိညာဉ်မိုင်းတွင်း တည်ရှိနေ၏။ ထို့ကြောင့် အပြင်လူများ သိရှိမသွားစေရန် တိုက်ခိုက်ခြင်းကို ရှောင်ရှားချင်ကြ၏။
"ခင်ဗျားတို့က ယွမ်ဝေတောင်ပေါ်မှာ ဖြစ်ခဲ့တဲ့ အကြောင်းအရာတွေကို မေ့သွားပြီလား"
"ယွမ်ဝေတောင် ဟုတ်လား"
အကြီးအကဲနှင့် အခြားသောသူများသည် ဆွံ့အသွားမိကြ၏။ လင်းဝေဂိုဏ်းသည် လွန်ခဲ့သော နှစ်ထောင်ကျော်ကတည်းက တည်ရှိခဲ့သော ဂိုဏ်းတစ်ခု။ သို့ပေမဲ့ မည်သည့် ကိစ္စကိုမှ ဝင်မရှုပ်ခဲ့ချေ။
အဖြူရောင်နတ်ဆိုးက အေးစက်စက်နှင့် ပြောလိုက်သည်။ "ကြည့်ရတာ ခင်ဗျားတို့ မေ့သွားတဲ့ပုံပဲ။ ဘာတွေ ဖြစ်ခဲ့တယ်ဆိုတာ ကျုပ်တို့ပြောပြမယ်"
ပြီးသည့်နောက် သူနှင့် အမဲရောင်နတ်ဆိုးတို့သည် ဇာတ်လမ်းတစ်ပုဒ်ဖန်တီးကာ အားရပါးရ ပြောဆိုလျက် ရှိနေတော့၏။ အဓိကရည်ရွယ်ချက်အားဖြင့် သူတို့သည် တစ်ဖက်လူများအား အချိန်ဆွဲချင်ခြင်းပင်။
ထိုအချိန်မှာပဲ ကျွင်းချောင်ရှောင်း၏ အသံသည်သူတို့နားထဲတွင် ထွက်ပေါ်လာ၏။ "တူးလို့ပြီးသွားပြီ။ ဆုတ်ခွာကြရအောင်"