ကောင်းကင်အောက်က အကောင်းဆုံးတောင်ကြား ၈
Vol. 100 Ch. 1399
လျန်ဝူမင်တို့ဝင်လာပြီးနောက်တွင် ကွင်းပြင်တစ်ခုလုံးသည် ငြိမ်ကျသွား လေသည်။
ဘိုင်ရှန်းနှင့် အဘိုးနတ်ဆိုးတို့သည် စင်ပေါ်ရပ်ပြီး အောက်မှလူများကို လက်ဝှေ့ယမ်းပြရာ ကွင်းပြင်တစ်ခုလုံး တိတ်သွားကြသည်။
“ကျုပ်တို့ ဂိုဏ်းအသိအမှတ်ပြု အခမ်းအနးကို ဟိုးအဝေးကြီးကနေလာ ကြတဲ့လူတိုင်းကို ကျေးဇူးတင်ပါတယ်” အဘိုးနတ်ဆိုးအရင်ပြောလေသည် “ဒီနေ့ အားလုံးက မျက်မြင်သက်သေအဖြစ်လာကြတာကို ကျုပ်ဝမ်းသာပါ တယ်”
“အစောပိုင်းက အံ့ဖွယ်နတ်ဆိုးတောင်ကြားက တိမ်တိုက်ဂူနဲ့ လျှို့ဝှက် ဆန်းကြယ်တဲ့ အင်အားစုတို့ရဲ့တိုက်ခိုက်ခြင်းကိုခံရပြီး အများအပြား ဆုံးရှုံး လိုက်ရပါတယ်၊ အခု အတွင်းပိုင်းဒေသတွေက အင်အားစုတွေက အလယ်ပိုင်း ဒေသကအင်အားစုတွေကို ဝင်စွက်ဖက်နေတာက ကြောက်ရွံ့မှုလှိုင်းလုံးကြီးကို မြင့်တက်စေပါတယ်၊ ကျုပ်တို့က မတည်ငြိမ်တဲ့အခြေအနေကို ရင်ဆိုင်ရတာနဲ့ အမျှ အင်အားရနိုင်ဖို့ကို လူတိုင်းမျှော်လင့်နေကြပါတယ်၊ အသည်းကွဲတောင် ကြားနဲ့ အံ့ဖွယ်နတ်ဆိုးတောင်ကြားလည်း အတူတူပါပဲ၊ ဂိုဏ်းနှစ်ခုကြား ဆွေးနွေးချက်အရ ကျုပ်တို့ဟာ တောင်ကြားနှစ်ခုက တပည့်တွေကို တစ်ဖွဲ့ တည်းပေါင်းစည်းပြီး အင်အားသစ်တစ်ခုကို ပြန်တည်ဆောက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်” ဘိုင်ရှန်း ပြောလေသည်။
“ဟုတ်ပါတယ် အားလုံးသိကြတဲ့အတိုင်းပဲ အသည်းကွဲတောင်ကြားရဲ့ တောင်ကြားဒုခေါင်းဆောင်က အံ့ဖွယ်နတ်ဆိုးတောင်ကြားရဲ့ တောင်ကြား သခင်မလေးပါပဲ၊ အဲလိုဆက်နွယ်မှုတွေရှိလို့ပဲ တောင်ကြားနှစ်ခုလုံးက တပည့် တွေဟာ ဆက်သွယ်ချက်ကိုပိုလေးနက်ချင်ကြပါတယ်၊ ဒီနေ့ကစပြီးတော့ အံ့ဖွယ်နတ်ဆိုးတောင်ကြားရော အသည်းကွဲတောင်ကြားရောမရှိတော့ပဲ အသစ်ဖွဲ့စည်းလိုက်တဲ့အင်အား ထိပ်တန်းတောင်ကြားသာရှိပါတော့မယ်”
“ရွှီး ဘုန်း….”
ကွင်းပြင် အပြင်ဘက်မှ မီးရှူးမီးပန်း ၈၁ ခု ပစ်ဖောက်ကာ အင်အားသစ် တစ်ခုမွေးဖွားခါြခင်းအတွက် အသံဖြင့် ကြေညာလေသည်။
မီးရှူးမီးပန်းဖောက်ပြီးသောအခါ ဘိုင်ရှန်း ဆက်ပြောလေသည် “ထိပ်တန်းတောင်ကြားမှာ သခင်လျန်ဝူမင်နဲ့ သခင်ရှီမန်ဖန်ဆိုပြီး တောင်ကြား သခင် ၂ယောက်၊ တောင်ကြားဒုသခင် ၄ယောက်၊ အကြီးအကဲ ၃၄ ယောက်၊ ခန်းမခွဲ ၁၀ခုရဲ့ သခင်များ၊ ခန်းမခွဲတစ်ခုစီမှာ…”
ဘိုင်ရှန်းသည် ထိပ်တန်းတောင်ကြား၏ အချက်အလက်များကို မိတ်ဆက်ပေးလေသည်။ ရှီမာယူယူသည် ထိုရှည်လျားသာ နာမည်စာရင်းကို နားထောင်ပြီး သူမ၏ အင်အားစုကြီးမားသည်ကို ပထမဆုံးအကြိမ်ခံစားလိုက်ရ ခြင်းဖြစ်သည်။
သို့သော် ထိုနေရာတွင် ထိုင်နေရသည်မှာ ပျင်းစရာကောင်းလှသည်။
ပြီးနောက်တွင် လျန်ဝူမင်နှင့် ရှီမန်ဖန်တို့သည် တခြားကိစ္စများကို မိန့်ခွန်း တိုတိုတုပ်တုပ်ပြောကြသည်။ ထို့နောက် တခြားအင်အားစုများ၏ လက်ဆောင် များပေးအပ်ကြလေသည်။
“ဝါး”
ရှီမာယူယူသည် နေရာတွင်ပင် အကြိမ်ပေါင်းများစွာ ထိုင်သမ်းဝေနေ သည်။ ဒီအစီအစဉ်တစ်ခုလုံးကြီးက ဘာလို့ဒီလောက်ရှည်ရတာလဲ။
ထိုနေရာတွင် ထိုင်ပြီး အဖြစ်အပျက်တစ်ခုလုံးကို ကြည့်ရသည်ကိုပင် ပင်ပန်းလာသည်။
အတန်ကြာပြီးနောက် နေ့လည်ပိုင်းရောက်ခါနီးတွင် ပြီးဆုံးသွားလေ သည်။
“အားလုံးပဲ ဒီနေ့လည်ကို နေ့လယ်စာပေါ့ပေါ့ပါးပါးလေး ပြင်ဆင်ထားပါ တယ်၊ နေ့လယ်စာသုံးဆောင်ချင်သူတွေက တောင်ကြားက တပည့်လေးတွေ နောက်ကိုလိုက်သွားလို့ရပါတယ်၊ အသည်းကွဲတောင်ကြားကို လှည့်ပတ်ကြည့် ချင်သူတွေကတော့ တပည့်လေးတွေက လမ်းပြပေးမှာပါ၊ သူတို့ကိုယ်ပေါ်မှာ အမှတ်အသားလေးတွေရှိပါတယ် ခေါ်သွားချင်တဲ့လူရဲ့ အမှတ်အသားနဲ့လူကို ရှာကြပါ၊ ဒီနေ့ညကို ညစာစားပွဲကြီးရှိပါမယ်၊ လာရောက်သုံးဆောင်ကြဖို့ ဖိတ်ခေါ်ပါတယ်”
“ဘုရားရေ နောက်ဆုံးတော့ပြီးသွားပြီ” ရှီမာယူယူသည် ထိုင်ရာမှထ, လိုက်သည်။ ထိုသည်မှာ နေ့တစ်ဝက်စာကျင့်ကြံသည်ထက်ပင် ပို၍ပင်ပန်း သည်ဟု ခံစားရသည်။
“ယူယူ မင်း ငါတို့ကိုလမ်းပြပေးလေ” ရှားကျောင်ထျန် ပြောလိုက်သည်။
“ယူယူ ငါဘယ်လောက်အလုပ်များလည်းဆိုတာ မင်းလည်းမြင်တာပဲ၊ ဥက္ကဌတွေကို မင်းလက်ထဲပဲအပ်လိုက်ပြီ” လျန်ဝူမင် ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ ဆရာဦးလေး ကျွန်မကို အပ်လိုက်ပါ” ရှီမာယူယူ ပြန်ဖြေလေ သည်။
တခြားအင်အားစုသာ ဖိတ်ကြားပါက ရှားကျောင်ထျန်တို့သည် သူတို့ ကိုယ်တိုင်တက်ရောက်မည်မဟုတ်ပေ။ သူတို့သည် ရှီမာယူယူအတွက် လာကြ ခြင်းဖြစ်သည်။
အဲလိုဆိုမှတော့ သူမကပဲ သူတို့ကို ဂရုစိုက်ပေးတာအကောင်းဆုံးပဲလေ။
ပြောရလျှင် ထိုလူများသည် အရင်ကအသည်းကွဲတောင်ကြားကို မရောက်ဖူးကြသဖြင့် သူတို့သည် ထိုနေရာအကြောင်းကို သိချင်ကြသည်။
ထို့ကြောင့် ရှီမာယူယူသည် သူတို့ကို တောင်ကြားတစ်လျှောက်ခေါ်သွား လိုက်သည်။ သို့သော် သူမ,သွားသော နေရာအများစုမှာ ဧည့်သည်များ လည်ပတ်ရန် ခွင့်မပြုသောနေရာများဖြစ်သောကြောင့် အနှောင့်အယှက်မဖြစ် လှပေ။
“အသည်းကွဲတောင်ကြား အထဲကဒီလိုဖြစ်လိမ့်မယ်လို့ တကယ်ပဲ ထင် မထားဘူး၊ မြင်ကွင်းကတော့ တကယ်မဆိုးဘူး” ရှဲချောင်လင်း သက်ပြင်းချ လေသည်။
“ဒီက ရှုခင်းကတော့ ကောင်းတယ်၊ ဒါပေမဲ့ ဒီလှတဲ့ရှုခင်းတွေရဲ့ နောက်ကွယ်မှာ ပုန်းကွယ်နေတဲ့ သေစေလောက်တဲ့ ထောင်ချောက်တွေရှိ တယ်၊ သတိမထားတဲ့သူက သေနိုင်တယ်” ရှီမာယူယူ ပြောလေသည်။
“ယူယူ မင်းဒီအတိုင်း အဆိပ်ဖြေဆေးပေးလိုက်ရင် တခြားသူတွေက အဲဒီ ဆေးကိုလေ့လာမှာကို မကြောက်ဘူးလား” ရှားကျောင်ထျန်သည် စိုးရိမ်တကြီး ပြောလေသည်။
“အဲဒီအဆိပ်ဖြေဆေးက လေ့လာဖို့လွယ်တယ်ဆိုရင် အရင်က ဒီလောက် အချိန်ကုန်ခံပြီး အားထုတ်မှာမဟုတ်ဘူး” ရှီမာယူယူ ပြောလိုက်သည်။
“ဒါပေမဲ့ အခု အဲလူတွေမှာ မင်းရဲ့ဆေးတွေရှိနေပြီလေ၊ သူတို့က တကယ့် အဆိပ်ဖြေဆေးကို ဖော်နိုင်တယ်”
“သူတို့ မဖော်နိုင်ပါဘူး” ရှီမာယူယူသည် ခိုင်မာစွာပြောလေသည်။
“ဒီတစ်ခါသုံးဆေးက တကယ့်အဆိပ်ဖြေဆေးနဲ့ ဘာမှမဆိုင်ဘူး၊ ပါဝင် ဆေးပစ္စည်းတွေက ခပ်ဆင်ဆင်ဆိုရင်တောင် ကျန်တာတွေကို မမှန်းနိုင်ဘူး၊ အဲဒါကြောင့် သူတို့မှာ ဆေးပါဝင်ပစ္စည်းတွေရှိရင်တောင် တကယ့်အဆိပ် ဖြေဆေးကို လုပ်နိုင်မှာမဟုတ်ဘူး”
“အဆိပ်ဖြေဆေးမှာ အနည်းဆုံး ပါဝင်ပစ္စည်း တစ်ရာလောက်ပါတယ်၊ ၇ ခုလောက်ပဲ တူတာ၊ ကွာခြားချက်က များပါတယ်” ရှားကျောင်ထျန် သက်ပြင်း ချလိုက်သည်။
“မဟုတ်ရင် တစ်ခုက နှစ်ရက်ပဲ သက်တမ်းရှိပြီး နောက်တစ်ခုက ငါးနှစ် လောက်သက်တမ်းရှိမလဲ” ရှီမာယူယူ ရယ်မောလေသည်။ “ကျွန်မတို့ရဲ့ အသက်သွေးကြောကို သူများလက်ထဲထည့်လိုက်ရင် ဒီသဘာဝကာကွယ်မှုက ဘာအသုံးဝင်တော့မှာလဲ”
“အမှန်ပဲ ဒါပေမဲ့ ဒါကတော်တော် လက်ဝင်တယ်လေ”
“ဒါကို ချီးကျူးတာလို့ပဲမှတ်ယူလိုက်ပါမယ်” ရှီမာယူယူ ဆက်ပြောလေ သည် “မဟာမိတ်ခေါင်းဆောင်ရှဲ လျှို့ဝှက်ဆန်းကြယ်အင်အားစုအကြောင်းကို ဘာသိထားလဲ”
“ပြီးခဲ့တဲ့ ၂ နှစ်အတွင်းကို ရှာဖွေဖို့က တကယ်ခက်တယ်၊ ဒီနှစ်တွေမှာ တော့ အဆင်ပြေပါတယ်၊ သဲလွန်စတွေရပြီး သူတို့အောက်ခြေတချို့ကို ဖျက်ဆီးနိုင်လိုက်ပြီး သူတို့နဲ့ဆက်စပ်နေတဲ့ အင်အားစုတချို့ကိုတောင် ရှာတွေ့ ခဲ့တယ်” ရှဲချောင်လင်း ပြောလေသည်။
“အိုး ဘာအင်အားစုတွေလဲ”
“ငါတို့ရှာတွေ့တာက အရမ်းအားမကောင်းဘူး ဒါပေမဲ့ ငွေကြေးချမ်းသာ တယ်” ရှဲချောင်လင်း ပြောလိုက်သည် “အဲဒါကြောင့် သူတို့က အဲဒီအင်အားစုကို ငွေကြေးထောက်ပံ့တယ်လို့ မှန်းမိတယ်၊ သူတို့ကိုယ်တိုင်ရော အဲဒီအင်အားစုနဲ့ ရော ဘာပတ်သတ်မှုမှမတွေ့သေးဘူး ဒါပေမဲ့ အဆုံးသတ်မရောက်သေးဘူး၊ သဲလွန်စတွေနောက်လိုက်ရင်းနဲ့ သူတို့ကို သတိပေးသလိုဖြစ်မှာ မလိုလားဘူး”
“ဒီ ၂နှစ်အတွင်းမှာ အင်အားစုတွေအများကြီး ချေမှုန်းခံရတယ်၊ တိုက်ပွဲ တွေလည်း နေရာတိုင်းမှာမြင်နေရတယ်၊ ဥပဒေတွေလည်း အကုန်ရှုပ်ကုန်ပြီ” ဖန်မင် သက်ပြင်းချလေသည်။
“ဘယ်လိုပဲဖြစ်ဖြစ် သူတို့က ကျွန်မတို့ကိုပစ်မှတ်ထားမှတော့ ကျွန်မတို့ လည်း လက်စားချေဖို့ ပြင်ဆင်ရမှာပေါ့” ရှီမာယူယူ ဆက်ပြောလေသည် “ဒါပြီး သွားတာနဲ့ လျှို့ဝှက်ဆန်းကြယ်အဖွဲ့ကို စုံစမ်းတဲ့ကိစ္စမှာ ဝင်ပါပါ့မယ်”
သူမသည် အရင်အသည်းကွဲတောင်ကြားနှင့်ဆိုလျှင် သူရဲကောင်းဖြစ်ချင် ဖြစ်မည်။ သို့သော် ထိပ်တန်းတောင်ကြားနှင့်ဆိုလျှင် အတွင်းပိုင်းအင်အားစုမှ မည်သူမှ အထင်သေးမည်မဟုတ်ပေ။
“ဟုတ်ပြီလေ မင်းတို့လည်း မင်းတို့နည်းနဲ့ လျှို့ဝှက်ဆန်းကြယ်အင်အားစု ကို ခြေရာခံပေါ့၊ ငါတို့လည်း မကြာခင်ကို တစ်ခုခုသိရမှာပါ၊ အဲလူတွေ ဘာလို ချင်တာလဲဆိုတာ ငါတို့သေချာပေါက် သိအောင်လုပ်ရမယ်” ဟော်ချန်းဒုန်သည် သူ၏ ဆက်ခံသူအခမ်းအနားသို့ ထိုလူများလာပြီး ရှုပ်ယှက်ခတ်အောင်လုပ်သွား သည့်အဖြစ်ကို မှတ်မိနေတုန်းပင်။
“ဪ ဟုတ်သားပဲ ယူယူ မင်းက ဒဏ္ဍာရီလာနဂါးဂိုဏ်းနဲ့ ဆက်သွယ်မှု ရှိတယ်လို့ ကြားတယ် အဟုတ်ပဲလား”
“အင်း ကျွန်မက သူတို့ဂိုဏ်းခေါင်းဆောင်ရဲ့ သမီးကိုဆေးကုပေးဖူးတယ်၊ သူတို့ အံ့ဖွယ်တမန်တော်ကလည်း ကျွန်မရဲ့စီနီယာအစ်ကိုပဲ” ရှီမာယူယူ ခေါင်းညိတ်လိုက်သည်။ ရုတ်တရက် ဘာကြောင့်များ ဒဏ္ဍာရီလာနဂါးဂိုဏ်း အကြောင်း ပြောလာရသည်ကို သိချင်သဖြင့် မေးလိုက်သည် “ဒဏ္ဍာရီလာနဂါး ဂိုဏ်းမှာဘာဖြစ်လို့လဲ”
“ဒဏ္ဍာရီလာနဂါးဂိုဏ်းက လွန်ခဲ့တဲ့ ၁ နှစ်ကပဲ ချေမှုန်းခံလိုက်ရပြီ” ရှားကျောင်ထျန် ပြောလိုက်သည်။
“ဘာပြောတယ်” ရှီမာယူယူသည် ထိတ်လန့်သွားကာ ချက်ချင်းပင် ကောင်းကင်ခွဲနတ်ဆိုးဓားကို တွေးမိသွားသည်။
ဒဏ္ဍာရီလာနဂါးဂိုဏ်းသာ ပြိုကွဲသွားရင် ကောင်းကင်ခွဲနတ်ဆိုးဓားက ဘယ်လိုဖြစ်သွားပြီလဲ။ ရှီချင်းရှောင်၊ ရှီချန်းကျိနဲ့ ကျန်းကျူးရှန့်တို့ကရော…
***