← Chapters

အပိုင်း (၁၃၉၀)

Vol. 94 Ch. 1390

အပိုင်း (၁၃၉၀)

Vol. 94 Ch. 1390

“သူလုပ်ပြီးသွားပြီ ဟုတ်လား” ဖြူမဲညီနောင်တို့သည် ဆွံ့အသွားခဲ့ကြသည်။ အချိန်ကို တွက်ချက်ရမည်ဆိုလျှင် သူတို့ စိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်းသို့ ရောက်ရှိလာခဲ့သည်မှာ အကြာဆုံး တစ်နာရီလောက်သာ ရှိသေး၏။ သေးငယ်သည့် မိုင်းတွင်းလေးတစ်ခုဆိုရင်တောင်မှ နာရီအနည်းငယ်ကြာ တူးဖော်ရမှာဖြစ်သည်။ ယခုကဲ့သို့ အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်းကို တူးဖော်ရမည်ဆိုလျှင် အချိန်အတော်ကြာမြင့်မည်မှာ အမှန်ပင် ဖြစ်တော့သည်။

သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် အရာအားလုံးကို ဆယ်မိနစ်အတွင်း တူးထုတ်ခဲ့သည်ဟု ပြောဆိုလျက် ရှိနေ၏။ ထိုအရာသည် အဖြူရောင်နတ်ဆိုးအား အမှန်ပင် အံ့အားသင့်သွားစေခဲ့၏။ အဘယ်ကြောင့် ဤမျှ မြန်ဆန်နေရသနည်း။

အဘယ့်ကြောင့်ဆိုသော် ကျွင်းချောင်ရှောင်းသည် စနစ်၏ စတိုးဆီမှ ကျောက်ရိုင်း ထုတ်ဖော်စက်ဆိုသည့် ပစ္စည်းတစ်ခုအား ဂိုဏ်းစုဆောင်းမှတ် တစ်သိန်းအသုံးပြုကာ ဝယ်ယူခဲ့ခြင်းကြောင့်ပင်။ သူသည် ထိုအရာကို ထုတ်ဖော်၍ စတင်မည်ဆိုသည့်ခလုတ်ကို နှိပ်လိုက်သည်နှင့် တပြိုင်နက် မြေဆီလွှာ၏ အတွင်းပိုင်းတွင်ရှိနေသော စိတ်ဝိညာဉ် ကျောက်တုံးများသည် ဘာမှန်းမသိသည့် အားအင်တစ်ခု၏ ဆွဲယူခြင်းကို ခံရပြီး ထိုစက်အတွင်းသို့ ဝင်ရောက်ကုန်၏။

“သောက်ကျိုးနည်း”

ရှောင်ကျီ၊ ရီရှင်းချန်နှင့် တခြားသောသူများ အားလုံးသည် မျက်လုံးအပြူးသား ဖြစ်မိနေကြ၏။ မြေဆီလွှာ အတွင်းဘက်တွင် ရှိနေသော စိတ်ဝိညာဉ်ကျောက်တုံးများသည် ထိုအရာထဲသို့ မြန်မြန်ဆန်ဆန် ဝင်ရောက်လျက် ရှိနေတော့သည်။ လူနှင့်သာ တူးဖော်ရမည်ဆိုလျှင် တစ်ရက် သို့မဟုတ် ရက်အနည်းငယ်ကြာ ကြာမြင့်နိုင်သည့် အချိန်ကာလသည် လက်ရှိ ဤစက်ကြီးအသုံးပြုလိုက်သည့်အချိန်အတွင်း ဆယ်မိနစ်နှင့် ပြီးမြောက်သွားခဲ့သည်။

ဒင် …..။

စိတ်ဝိညာဉ်ကျောက်တုံးများကို သိမ်းဆည်းပြီးနောက် စက်၏ အပေါ်တွင် စုပ်ယူရရှိခဲ့သည့် အရေအတွက် ပေါ်ပေါက်လာခဲ့၏။

“တစ် … နှစ် … သုံး … လေး … ငါး”

ကျွင်းချောင်ရှောင်းသည် နံပါတ်များကို သေသေချာချာ ရေတွက်ကြည့်လိုက်၏။ ပြီးနောက် မယုံကြည်နိုင်သလို ထအော်လိုက်မိသည်။ “သန်း တစ်ထောင့်နှစ်ရာ... အဲလောက်တောင် များတာလား”

ရီရှင်းချန်နှင့် တခြားသောသူများသည် တုန်လှုပ်သွားခဲ့၏။

ဆွစ် ဆွစ်

ခဏလောက် ထိတ်လန့်တုန်လှုပ်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် ရှေ့ဆုံးတွင် မတ်တပ်ရပ်နေ၏။ အနောက်တွင်တော့ ခရမ်းရောင်ဘုရင်က မတ်တပ်ရပ်လျက် ရှိ၏။ ခရမ်းရောင်ဘုရင်၏ နောက်တွင်တော့ ရီရှင်းချန်၊ ရှောင်ကျီနှင့် ဟယ်ဝူတီတို့သည့် တန်းစီကာ မတ်တပ်ရပ်လျက် ရှိနေ၏။ ပြီးနောက် ၎င်းတို့ ငါးယောက်သည် ပျော်ရွှင်မြူးတူးစွာဖြင့် ညီညာစွာ ကခုန်လျက် ရှိနေတော့သည်။

ချီးတဲ့မှ … ဤလူများသည် တကယ့်ကို လိုက်ဖက်ညီလှသည့် လူများပင် ဖြစ်တော့၏။

နှင်းဆီဧကရီသည် မျက်မှောင်ကုတ်ကာ ပြောလိုက်သည်။ “ကမနေကြနဲ့တော့။ ဖြူမဲအစောင့်အရှောက်တွေက အပြင်ဘက်မှာ လင်းဝေအစစ်အမှန်ဂိုဏ်းကို အချိန်ဆွဲထားပေးရတာလေ။ ဖြစ်နိုင်သမျှ အမြန်ဆုံး ဒီကနေ ထွက်သွားဖို့ လိုတယ်”

“ကောင်းပြီ။ ကောင်းပြီ”

ကျွင်းချောင်ရှောင်းသည် ချက်ချင်းဆိုသလိုပဲ သူ၏စိတ်ကို တည်ငြိမ်အောင် ထိန်းသိမ်းလိုက်၏။ ပြီးနောက် ဖြူမဲညီနောင်တို့ဆီ အသံပို့လွှတ်ပြီး တပည့်များနှင့်အတူ အပြင်ဘက်သို့ ထွက်ခွာသွားခဲ့တော့၏။

နောက်ပြန်ဆုတ်မည်ဆိုသော သတင်းစကားကို ကြားသိပြီသည့်နောက် အဖြူရောင်နတ်ဆိုးသည် အဓိကလိုရင်း အကြောင်းအရာကို ပြောလိုက်တော့၏။ “ယွမ်ဝေတောင်မှာ ရတနာတစ်ခု ပေါ်ပေါက်လာတုန်းက ကျုပ်တို့နှစ်ယောက်က အပျင်းပြေဆိုပြီး သွားကြည့်ခဲ့ကြတယ်။ အဲပစ္စည်းကို ရယူဖို့အတွက် ဘယ်လိုရည်ရွယ်ချက်မှ မရှိခဲ့ဘူး။ ဒါပေမဲ့ ဘယ်လိုဖြစ်ပြီး လင်းဝေအစစ်အမှန်ဂိုဏ်းက ကျုပ်တို့ကို ဝင်တိုက်ခိုက်ခဲ့တာလဲ”

“..........”

ပဉ္စမအကြီးအကဲနှင့် တခြားသူများ အားလုံးသည် လဲပြိုလုမတတ်ပင် ဖြစ်သွား၏။ ဤအရာသည် ရိုးရှင်းလွန်းလှ၏။ ဤကဲ့သို့ ရိုးရှင်းလှသော ကိစ္စကို ပြောဆိုနေသည်မှာ လွန်ခဲ့သည့်လဝက်က ယုဝေတောင်ဆီကို မည်ကဲ့သို့ သွားရောက်မည်ဆိုသည့် အကြောင်းအရာကို စတင်တိုင်ပင်သည့် အကြောင်းအရာများပါ ပါဝင်လျက်ရှိ၏။ ထိုကဲ့သို့ တိုင်ပင်နေသည့် အချိန်တွင် မည်သည့်အရာကိုစားပြီး မည်သည့်အရာကို သောက်ခဲ့သည်ဆိုသည့် အကြောင်းအရာများပင် အသေးစိတ် ပါဝင်လျက် ရှိနေသေးသည်။

“တစ်ခုခုတော့ မှားနေပြီ”

ပဉ္စမအကြီးအကဲသည် တစ်စုံတစ်ခုကို တွေးတောမိဟန်ဖြင့် ပြောလိုက်၏။ “ကျုပ်တို့ လင်းဝေ အစစ်အမှန်ဂိုဏ်းက လူတွေကို ပို့လွှတ်လိုက်တယ် ဆိုပေမဲ့ ယွမ်ဝေအေဖြူရောင်နတ်ဆိုးက ပြောလိုက်သည်။ “ဒါပေမဲ့ ကျုပ်တို့ သေသေချာချာ ထပ်ပြီးစုံစမ်းအုံးမယ်။ ခင်ဗျားတို့ လင်းဝေ အစစ်အမှန်ဂိုဏ်းက လုပ်ခဲ့တာ သေချာပြီဆိုရင်တော့ ခင်ဗျားတို့ ဂိုဏ်းဆီကို ကိုယ်တိုင်ကိုယ်ကျ လာပြီး တရားမျှတမှုကို တောင်းဆိုရလိမ့်မယ်။ သွားကြရအောင်”

ဆွစ် ဆွစ် ……။

ထိုနှစ်ယောက်သည် အလင်းတန်းကဲ့သို့ပင် ပြောင်းလဲကာ ထွက်ခွာသွားခဲ့တော့သည်။

သူတို့ ဤကဲ့သို့ ထွက်ခွာသွားခဲ့သည်လား။ လင်းဝေ အစစ်အမှန်ဂိုဏ်းမှ ကျွမ်းကျင်သူများ၏ အမူအရာသည် နဝေတိမ်တောင်နှင့် ဖြစ်လျက် ရှိ၏။ ပဉ္စမအကြီးအကဲသည် ကြိတ်ကာ သက်ပြင်းရှည်ကြီး ချလိုက်မိ၏။ ဤအမြူတေ အသွင်ပြောင်းလဲခြင်း အဆင့်ခြောက် စွမ်းအားမြင့် ကျင့်ကြံသူ နှစ်ယောက်တို့သည် ၎င်းတို့နှင့် တိုက်ခိုက်မည့် အခြေအနေမျိုးအထိ ရောက်ရှိခဲ့၏။ သို့ပေမဲ့ တစ်ဖက်လူများ မြန်မြန်ဆန်ဆန် ထွက်ခွာသွားသည်မှာ ကံကောင်းလွန်းလှချေသည်။ ၎င်းတို့ စိတ်ဝိညာဉ်ကျောက်တုံး မိုင်းတွင်းကြီးကို ရှာဖွေတွေ့ရှိထားသည့် အကြောင်းအား ကာကွယ်ထားသလိုပင် ဖြစ်ခဲ့၏။ “သွားကြရအောင်”

ဆွစ် ဆွစ် ……။

အားလုံးသောသူတို့သည် စိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်း တည်ရှိရာနေရာဆီသို့ လှမ်းလျှောက်သွားခဲ့၏။ ပျောက်ကွယ်သွားခဲ့ပြီဖြစ်သော သီးခြားဖြစ်တည်ခြင်း အစီအရင်ကြီးအား ချိုးဖြတ်ပြီးနောက် ၎င်းတို့သည် ပေတစ်ရာနီးပါးခန့် နက်လွန်းသည့် တွင်းကြီးတစ်ခုကိုသာ မြင်လိုက်ရတော့၏။ ၎င်းတို့၏ မျက်နှာပေါ်ရှိ ကြွက်သားများသည် တုန်ယင်သွားခဲ့သည်။

မိုင်းတွင်း - မိုင်းတွင်းသည် တူးဖော်ခံလိုက်ရပြီလား။ သူတို့အနေနှင့် သေသေချာချာ တွေးတောရန် အချိန်ပင် မရှိခဲ့ချေ။ ချက်ချင်းပဲ တွင်းထဲသို့ ခုန်ချလိုက်၏။ အထဲ၌စိတ်ဝိညာဉ်ကျောက်တုံးနှင့် တူသည့်အရာဟူ၍ တစ်ခုတစ်လေတောင် မတွေ့ရသည့် အချိန်မှာတော့ အလုံးစုံ ဆွံ့အလို့ နေမိ၏။

ဝေါ့ …..။

ပဉ္စမအကြီးအကဲသည် မည်သို့မှ မခံစားနိုင်ဟန်ပင် သွေးများ အန်ထွက်လာခဲ့၏။ သူတို့ ဤနေရာဆီသို့ ရောက်ရှိလာခဲ့သည်မှာ ရက်အနည်းငယ် ကြာမြင့်ခဲ့ပြီဖြစ်ပြီး မိုင်းတွင်းအား စောင့်ကြပ်လျက် ရှိနေသည့် မွန်းစတားကြီးနှင့်ပင် တိုက်ခိုက်ခဲ့ရသည်။

အလုံးစုံ လုံခြုံစေရန် အလို့ငှာ ဤအစောင့်အရှောက် သားရဲကြီးကိုပင် တခြားတစ်ဖက်သို့ ဆွဲခေါ်ကာ တိုက်ခိုက်ခဲ့၏။ သို့ပေမဲ့ တကယ့် မိုင်းတွင်း တည်နေရာဆီသို့ ရောက်ရှိလာချိန်မှာတော့ မည်သည့်အရာမှ မကျန်ရှိခဲ့ပေ။

“ပဉ္စမအကြီးအကဲ”

ကျွမ်းကျင်သူတစ်ယောက်သည် ဒေါသတကြီးဖြင့် ပြောလိုက်၏။ “ဟိုနှစ်ယောက်က ကျုပ်တို့ကို အချိန်ဆွဲထားတာပဲ ဖြစ်ရမယ်”

ဝေါ့

ပဉ္စမအကြီးအကဲသည် နောက်ထပ် သွေးတစ်လုတ် အန်ထုတ်လိုက်၏။ အမှန်တရား ပေါ်ပေါက်ပြီးသည့်နောက်မှာတော့ သူမည်မျှ ညံ့ဖျင်းခဲ့သည်ဖြစ်ကြောင်း နားလည်လိုက်မိသည်။

“ချီးတဲ့မှ”

တခြားသော အကြီးအကဲတစ်ယောက်သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်၍ ပြောလိုက်၏။ “ကျုပ်တို့ လင်းဝေအစစ်အမှန်ဂိုဏ်းရဲ့ စိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်းကို ဘယ်သူက ခိုးယူရဲတာလဲ”

ကျွင်းချောင်ရှောင်းသာ ထိုအချင်းအရာကို ကြားသည်ဆိုပါက ကျိန်းသေပေါက် သူဖြစ်သည်ဟု လက်ညှိုးထိုးပြမိမှာ သေချာ၏။ ဤအရာသည် အများပြည်သူ ပိုင်ဆိုင်သည့်အရာဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိရှိနေ၏။ တစ်ဖက်လူများသည်ထိုတည်နေရာရှိသော စိတ်ဝိညာဉ် ကျောက်တုံးမိုင်းအားတစ်ခုလေးတောင် မတူးရဘဲနှင့် အဘယ်ကြောင့် သူတို့၏ ကိုယ်ပိုင်မိုင်းတွင်းဟု ပြောဆိုနေရသနည်း။

“နောက်ကလိုက်မယ်”

ပဉ္စမအကြီးအကဲသည် ဒေါသတကြီးဖြင့် ပြောလိုက်သည်။ “အဲနှစ်ယောက်ကို လွတ်မြောက်စေလို့ မဖြစ်ဘူး”

ဝှစ် ဝှစ်

လင်းဝေအစစ်အမှန်ဂိုဏ်းဆီမှ စွမ်းအားမြင့် ကျင့်ကြံသူ ဆယ်ယောက်ကျော်တို့သည် မိုင်းတွင်း၏ အပြင်ဘက်ဆီသို့ ပျံသန်းပြီး ဖြူမဲညီနောင်နောက်သို့ လိုက်ပါခဲ့၏။ သို့ပေမဲ့ ၎င်းတို့သည် အချိန်အတော်ကြာ ရှာဖွေပြီးသည့်နောက် ရှာမတွေ့ခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ဆန့်ကျင်ဘက်အရပ်ဆီသို့ သွားကာ ရှာဖွေမိနေသောကြောင့်ပင်။

ဤကဲ့သို့ပင် ပြီးသွားခဲ့လေသည်လား။ မဟုတ်ပေ။ ပဉ္စမအကြီးအကဲသည် စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်လိုက်၏။ သူသည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ကာ ဒေါသတကြီး ပြောလိုက်၏။ “ဒီမိုင်းတွင်းရဲ့ တည်နေရာကို ပိုင်စီလီက တခြားသူတွေကို ပြောခဲ့တာလည်း ဖြစ်နိုင်တယ်။ ဒါကြောင့်တခြားသူတွေက အရင်ဆုံးလာပြီး တူးသွားတာဖြစ်မယ်”

“ဖြစ်နိုင်တယ်”

“ဒါဆိုရင် ဖူးရှင်းဂိုဏ်းကို သွားရအောင်”

ပြောရမည်ဆိုလျှင် ဤစိတ်ဝိညာဉ်ကျောက်တုံး မိုင်းတွင်းကို ပိုင်ဆိုင်သူသည် ပိုင်စီလီပင်ဖြစ်၏။ ထို့အပြင် သူသည် ဤအရာကို ပထမဆုံး ရှာဖွေတွေ့ရှိသူ ဖြစ်သည် မဟုတ်ပါလား။ သို့ပေမဲ့ သူ၏ အသက်ကို ကယ်တင်နိုင်ရန်အတွက် ဤမိုင်းတွင်း၏ ပိုင်ဆိုင်မှုအား ကျွင်းချောင်ရှောင်းကို လက်လွှဲပေးခဲ့ရ၏။

ထိုသို့ဆိုလျှင် လင်းဝေအစစ်အမှန်ဂိုဏ်းသည် မည်ကဲ့သို့ အစောဆုံး ရောက်ရှိလာရသနည်း။ အကြောင်းအရာမှာ ရိုးရှင်းလွန်း လှ၏။ ဂိုဏ်းချုပ်ပိုင်သည် ကျွင်းချောင်ရှောင်းတစ်ယောက် သူ့အား ရိုက်နှက်ခဲ့သည့် အကြောင်းအရာနှင့်ပတ်သက်၍ အလွန်ဒေါသထွက်နေ၏။ ထို့အပြင် သူ၏လက်ထဲတွင် ရှိနေသော စိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်း၏ မြေပုံသည်လည်း ပါသွားခဲ့ပြီဖြစ်၏။ ထို့ကြောင့် သူသည် အစစ်အမှန်ဂိုဏ်း တစ်ခုဆီသို့ ရောက်ရှိလာခဲ့ပြီး ဤမိုင်းတွင်းတည်ရှိသည့် တည်နေရာအတိအကျကို ပေးအပ်ခဲ့ခြင်းပင်ဖြစ်သည်။

အတိုချုပ်ပြောရမည်ဆိုလျှင် ကျွင်းချောင်ရှောင်းသည် ထိုအရာကို အရင်ဆုံး သိရှိခဲ့၏။ လင်းဝေအစစ်အမှန်ဂိုဏ်းမှာတော့ နောက်မှ သိရှိခဲ့ခြင်းပင်ဖြစ်သည်။ သို့ပေမဲ့ တစ်ဖက်လူများသည် အလွန် မြန်ဆန်လွန်းသောကြောင့် တည်နေရာဆီသို့ အရင်ဆုံး ရောက်ရှိလာခဲ့ခြင်းပင် ဖြစ်တော့သည်။ ကံကောင်းစွာဖြင့် တစ်ဖက်လူများ အရင်ဆုံး ရောက်ရှိမလာပါက ကုန်းရှန့် အနေဖြင့် ဤနေရာကို စောင့်ကြပ်နေသည့် မွန်းစတား သားရဲကြီးနှင့် တိုက်ခိုက်ရပေဦးမည်။

.....................

“အံ့အားသင့်စရာပဲ”

နတ်ဆိုးဘုရင်လှိုဏ်ဂူ၏ ခပ်ဝေးဝေးဆီသို့ လှမ်းလျှောက်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် သူ၏ အမဲရောင်ဝတ်စုံကို ချွတ်ယူကာ ရုပ်ဖျက်ခြင်းကိုလည်း ပြန်လည် ပြောင်းလဲလိုက်၏။ သူ၏ မျက်နှာပေါ်တွင် တောက်ပသည့် အပြုံးတစ်ခု ဖြစ်တည်လာခဲ့၏။ အချိန်တိုအတွင်းမှာပဲ သူသည် စိတ်ဝိညာဉ်ကျောက်တုံး သန်းတစ်ထောင့်နှစ်ရာကို ရရှိခဲ့၏။ ဤအရာသည် ဂိုဏ်းအတွက် ကြီးမားသည့် အကျိုးကျေးဇူးပင် ဖြစ်ပေသည်။

ဆွစ် ဆွစ်

ဖြူမဲညီနောင်တို့သည် အနောက်မှ လိုက်ပါလာခဲ့ကြ၏။ အထဲတွင် ရှိနေသော စိတ်ဝိညာဉ်ကျောက်တုံး အရေအတွက်ကို သိရှိပြီးသည့်နောက် မျက်လုံးများ ပြူးထွက်လုမတတ်ပင် ဖြစ်သွား၏။

“ဂိုဏ်ချုပ်”

အမဲရောင်နတ်ဆိုးက လေးနက်တည်ကြည်စွာ ပြောလိုက်သည်။ “ဒါက တကယ့်ကို ကောင်းချီးကြီးပဲလေ။ ဒါပေမဲ့ လင်းဝေအစစ်အမှန်ဂိုဏ်းကတော့ လက်လွှတ်ပေးမှာ မဟုတ်ဘူး”

“စိတ်မပူနဲ့”

ကျွင်းချောင်ရှောင်းသည် ထူးမခြားနားသလို ပြောလိုက်၏။ “ဒီမျက်နှာဖုံးတွေနဲ့ ကျင့်ကြံခြင်းအဆင့် ဖုံးကွယ်ခြင်း နည်းစနစ်ကို အသုံးပြုထားတယ်ဆိုမှတော့ ဘယ်သူ တူးယူသွားတယ်ဆိုတာ သူတို့ သိမှာ မဟုတ်ဘူး”

“ဒါပေမဲ့”

အမဲရောင်နတ်ဆိုးသည် စိုးရိမ်ပူပန်စွာ ပြောလိုက်သည်။ “သူတို့ ပထမဆုံးအကြိမ် ကျုပ်တို့ကို တွေ့ခဲ့တုန်းက မျက်နှာတွေကို ရုပ်မပြောင်းရသေးဘူးလေ”

“ဒါကတော့ ဟုတ်တယ်”

ကျွင်းချောင်ရှောင်းသည် မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်သည်။ “ဒီနေရာမှာ ပြစ်ချက်တစ်ခု ရှိနေတာပဲ”

ဘာပဲပြောပြော စိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်းသည် သူ၏လက်ထဲသို့ ရောက်ရှိနေပြီဖြစ်၏။ တစ်ဖက်လူများ သိရှိသွားမည် ဆိုလျှင်တောင်မှ ဘာဖြစ်နိုင်မည်နည်း။ သူသည် ဂိုဏ်းထဲတွင် ပုန်းအောင်းပြီး ငြိမ်းငြိမ်းချမ်းချမ်းနှင့် အားအင်တိုးတက်အောင် ကျင့်ကြံနေရမည်ဖြစ်၏။

ကုန်းရှန့်၏ ဥပဒေသအရဆိုလျှင် သူ၏ အိတ်ကပ်ထဲသို့ ရောက်ရှိသွားသည့် ပစ္စည်းများသည် သူ၏ အပိုင်ပင် ဖြစ်၏။ တစ်ဖက်သူများသည် မည်သို့ပင် လာရောက်ကာ တောင်းဆိုသည် ဆိုဆို ပေးလိမ့်မည် မဟုတ်ချေ။

...............

ဖူးရှင်းဂိုဏ်း

အဓိကဟောခန်း၏ အပြင်ဘက်မှာတော့ ပြန်လည်အားမွေးလျက် ရှိနေသည့် ပိုင်စီလီသည် တုန်ယင်စွာဖြင့် မတ်တပ်ရပ်လျက် ရှိသည်။ သူ၏ နဖူးစပ်ဆီမှ အေးစက်သည့် ချွေးစေးများသည် တစ်တောက်တောက်နှင့် ကျဆင်းနေခဲ့၏။

သူ၏ ရှေ့တွင်တော့ လင်းဝေအစစ်အမှန်ဂိုဏ်းဆီမှ စွမ်းအားမြင့် ကျင့်ကြံသူများသည် မတ်မတ်ရပ်နေသည်။

“စီနီယာတို့”

ခဏလောက် ကြာပြီးသည့်နောက် သူသည် အံကိုကြိတ်ကာဖြင့် ပြောလိုက်မိ၏။ “ဒီတည်နေရာကို ပြိုင်စံရှားဂိုဏ်းရဲ့ ဂိုဏ်းချုပ်လည်း သိပါတယ်။ အဲတော့ စိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်းကို တူးဖော်သွားတဲ့လူ က အဲလူပဲ ဖြစ်နိုင်တယ်”

All Chapters