အပိုင်း (၁၃၉၁)
Vol. 94 Ch. 1391
ဟုတ်ပေသည်။ လင်းဝေအစစ်အမှန်ဂိုဏ်းအနေနှင့် မွန်းစတားသားရဲနှင့် တိုက်ခိုက်နေသည့်အချိန်တွင် ကျွင်းချောင်ရှောင်း၏ အစစ်အမှန်ပုံရိပ်ကို မြင်ခဲ့ပြီးဖြစ်၏။ သို့ပေမဲ့ သူတို့အနေနှင့် သံသယတော့ မဝင်ခဲ့ချေ။ ထိုအစား ဤကဲ့သို့ စိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်းကြီး ပါသွားရခြင်း၏ အဓိက အကြောင်းအရာသည် ပိုင်စီလီကြောင့်ဖြစ်ကြောင်း သတ်မှတ်ထားကြသည်။
“ဂိုဏ်းချုပ်ပိုင်”
ပဉ္စမအကြီးအကဲ၏ အကြည့်များသည် အေးစက်သွား၏။ “ပြိုင်စံရှားဂိုဏ်းက ဘယ်လိုဖြစ်ပြီး အဲတာကို သိရတာလဲ”
“ဒါက …” ပိုင်စီလီ ၏ နဖူးတွင် ချွေးစေးများ ဖြစ်တည်လာခဲ့သည်။ အဆုံးသတ်မှာတော့ သူသည် ရွေးချယ်စရာ မရှိဘဲ ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို ပြောဆိုခဲ့သည်။
“ဟား ဟား ဟား ဟား”
ပဉ္စမအကြီးအကဲသည် အေးစက်စက် ရယ်မောလိုက်၏။ “ဂိုဏ်းချုပ်ပိုင်က အဲကောင့်ရဲ့ အနိုင်ကျင့် ရိုက်နှက်ခြင်းကို ခံခဲ့ရတယ်။ ဒါကြောင့်မလို့ ကျုပ်တို့ကို စိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်း တည်နေရာကို ပြောခဲ့တာပေါ့။ ဆိုလိုချင်တာက ခင်ဗျားက လူငှားသတ်စေချင်တဲ့ သဘောလား”
“မဟုတ်ပါဘူး။ မဟုတ်ပါဘူး”
ပိုင်စီလီသည် အလောတကြီးဖြင့် ပြောလိုက်သည်။ “ကျုပ်က ခင်ဗျားတို့ဂိုဏ်းဆီကို လာပြီးတော့ အကူအညီ တောင်းဆိုခဲ့တာပါ။ ခိုလှုံခွင့်ရနိုင်မလားဆိုတဲ့ သဘောပါပဲ”
ဤရောင်းရင်း၏ အစီအစဉ်ချမှတ်မှုသည် အမှန်ပင် နက်နဲလွန်းလှချေ၏။ သူသည် လင်းဝေ အစစ်အမှန်ဂိုဏ်းဆီသို့ ရောက်ရှိလာပြီး အကြောင်းအရာများအားလုံးကို ပြောဆိုခဲ့ခြင်းတွင် ရည်ရွယ်ချက် ပေါင်းများစွာ ပါဝင်လို့နေခဲ့၏။
ကျွင်းချောင်ရှောင်းကို ပြန်လည် ကလဲ့စားချေနိုင်မည် ဖြစ်သလို လင်းဝေအစစ်အမှန်ဂိုဏ်းနှင့်လည်း ရင်းနှီးသည့် ဆက်ဆံရေးကို တည်ဆောက်ချင်မိသည်။ ထို့ကြောင့်ပဲ သူသည် အဆုံးထိ ကြံစည်ခဲ့ခြင်းဖြစ်၏။ သို့ပေမဲ့ အဆုံးသတ်မှာတော့ လင်းဝေ အစစ်အမှန်ဂိုဏ်းသည် တည်နေရာဆီသို့ အရင်ဆုံး ရောက်ရှိသွားခဲ့သည် ဆိုသော်လည်း စိတ်ဝိညာဉ်ကျောက်တုံးများကို တူးယူသွားခြင်းသည် တခြားတစ်ယောက် ဖြစ်လို့ နေခဲ့သည်။
ဤတူးဖော်သွားသည့်လူသည် ကျွင်းချောင်ရှောင်း ဖြစ်လား၊ မဖြစ်ဘူးလားကို ပိုင်စီလီက သေချာမသိချေ။ သို့ပေမဲ့ လက်ရှိ အခြေအနေမှာတော့ ဖြစ်ပျက်သမျှ အားလုံးသောအကြောင်းအရာအတွက်တစ်ဖက်လူများ၏ လက်ညှိုးသည် သူ့ဆီသို့ ရောက်ရှိနေပြီဖြစ်၏။ မည်သို့ပင် ဆိုစေကာမူ သူသည် ရှင်းလင်းချက်ကို ပြောဆိုရမည်ဖြစ်၏။
မည်သို့ပင်ဆိုစေကာမူ သူသည် ဓားငှား၍ လူသတ်သည့် အစီအစဉ်ကို ချမှတ်ခဲ့သူဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သည်။
“ဟင်း ….” ဖူးရှင်းဂိုဏ်း၏ ဂိုဏ်းချုပ် ပိုင်စီလီသည် မည်ကဲ့သို့ ရှေ့ဆက်ရမည်ကို မသိသလိုပင် ခံစားနေမိ၏။
“သွားရအောင်”
ပဉ္စမအကြီးအကဲက ပြောလိုက်သည်။ “ဖန်းချီ မိုးကောင်းကင်တောင်တန်းဆီကို သွားရအောင်”
ပိုင်စီလီ ဘာတွေ တွေးနေသည်ကို သူကောင်းကောင်း သိ၏။ ပြိုင်စံရှားဂိုဏ်းသည် စိတ်ဝိညာဉ်ကျောက်တုံး မိုင်းတွင်းကို တူးထုတ်ခဲ့သည်ဖြစ်ဖြစ်၊ တူးမထုတ်ခဲ့သည်ဖြစ်ဖြစ် သူ့အနေနှင့် သွားရောက်ကာ စုံစမ်းရပေလိမ့်မည်။ ထို့အပြင် အလယ်အလတ်အရွယ်အစားရှိသည့် မိုင်းတွင်းဆိုသည်မှာ အနည်းဆုံး စိတ်ဝိညာဉ်ကျောက်တုံး သန်းတစ်ထောင်လောက် တည်ရှိနေနိုင်၏။
“ပဉ္စမအကြီးအကဲ”
သက်လတ်ပိုင်းလူတစ်ယောက်က ပြောလိုက်သည်။ “ပြိုင်စံရှားဂိုဏ်းချုပ်ရဲ့ ဆရာက ထိုက်ရွှမ်အဘိုးအိုလို့ ကြားခဲ့တယ်လေ”
“ဪ တစ်ချိန်လုံး ဘယ်မှ မထွက်ဘဲ အစီအရင်တွေ၊ ကံကြမ္မာဖတ်ခြင်းအတတ်ကို လေ့လာနေတဲ့ တစ်ယောက်လား”
“အမှန်ပါပဲ”
“ဟမ့်” ပဉ္စမအကြီးအကဲ၏ မျက်လုံးတွင် အထင်သေးမှုများ ပြည့်နှက်လာခဲ့၏။
သက်လတ်ပိုင်းလူက အကြံပြုလိုက်သည်။ “တကယ်လို့ ပြိုင်စံရှားဂိုဏ်းက စိတ်ဝိညာဉ်ကျောက်တုံးတွေ တူးထုတ်သွားတယ်ဆိုရင် လွယ်လွယ်နဲ့ ဝန်ခံမှာ မဟုတ်ဘူးလေ။ ဒါကြောင့် အရင်ဆုံး ထိုက်ရွှမ်အဘိုးအိုကို သွားပြီး ဖမ်းရမယ်။ ဒါဆိုရင် ဝန်မခံမှာ စိုးရိမ်စရာ မလိုတော့ဘူး”
“အဲရောင်းရင်း ဘယ်မှာရောက်နေလဲဆိုတာ သိလား”
“သိပါတယ်။ သူက အရိပ်စိမ်းမြို့မှာ ရှိပါတယ်”
.............
အရိပ်စိမ်းမြို့
အင်မော်တယ်တောင်နှင့် အဝေးဆုံးနေရာတွင် တည်ရှိနေသော အရိပ်စိမ်းမြို့သို့ သူ၏ အဝတ်ထုပ်ကြီးကို ဆွဲကာဖြင့် အလျင်အမြန် ထွက်ပြေးလာခဲ့သည်ဖြစ်သော ထိုက်ရွှမ်အဘိုးအိုသည် လက်ရှိအခြေအနေမှာတော့ လက်ဖက်ရည်ဆိုင်တစ်ခုထဲတွင် ဇိမ်ကျကျနှင့်ထိုင်ရင်း ရေနွေးသောက်လို့နေခဲ့၏။ သူသည် တွေးလိုက်မိသည်။ “သေချာပြီ။ ငါ အဲကောင်လေးနဲ့ ဝေးလာလေလေ ရင်ထဲမှာ ခံစားရတဲ့ မကောင်းတဲ့ အတိတ်နမိတ်နဲ့ မကောင်းတဲ့ ခံစားချက်တွေက ပျောက်ကွယ်လာလေပါလား”
ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ သနားစရာကောင်းလှသော ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ပါးသည် ကုန်းရှန့်၏ လှည့်စားခြင်းကို ခံခဲ့ရ၏၊ ထို့ကြောင့် ရွေးချယ်စရာ မရှိဘဲ ထွက်ခွာခဲ့ရ၏။
“ဒါပေမဲ့”
သူသည် ရေနွေးခွက်ကို အသာချပြီးသည့်နောက် သေသေချာချာ တွေးလိုက်မိသည်။ “ဒီကောင်လေးက အချိန်တို အတွင်းမှာ အရမ်းအားကောင်းလာခဲ့တယ်။ ဒီတော့ အချိန်ရောက်လာပြီဆိုရင် ငါ စာချုပ်ကို ပြန်ပြောင်းရေးမှနဲ့တူတယ်”
မည်သို့ပင်ဆိုစေကာမူ သူသည် ကျွင်းချောင်ရှောင်းအပေါ်၌ အကောင်းမြင်စိတ် တည်ရှိလို့နေ၏။
ရွှီး
ရုတ်တရက်ဆိုသလိုပဲ အလွန် အားကောင်းလှသည့် အော်ရာများနှင့် အဘိုးအိုတစ်ယောက်သည် သူ၏ရှေ့သို့ ရောက်ရှိလာသည်။ “ခင်ဗျားက ထိုက်ရွှမ်အဘိုးအိုလား”
သူ၏ ပတ်ပတ်လည်တွင် ထိုသူထက် မည်သို့မှ အားမနည်းသော ကျွမ်းကျင်သူများ ရှိနေသည်ကို မြင်လိုက်ရချိန်မှာတော့ ထိုက်ရွှမ်အဘိုးအိုသည် ဖြေဆိုရန် စဉ်းစားလိုက်သည်။ သူသည် သတိအပြည့် ဖြင့် မေးလိုက်၏။ “ခင်ဗျားတို့က ဘယ်သူတွေလဲ”
ဘုတ်
လင်းဝေအစစ်အမှန်ဂိုဏ်းဟု ရေးသားထားသော ကျောက်စိမ်းပြားတစ်ခုသည် စားပွဲပေါ်သို့ ရောက်ရှိလာ တော့သည်။
ထိုအရာကို မြင်သည့်နောက် လက်ဖက်ရည်ဆိုင်ထဲတွင် လက်ဖက်ရည်သောက်လျက်ရှိသည့် ဧည့်သည်များ၏မျက်လုံးထဲတွင် အလွန်အားကောင်းသည့် ကြောက်လန့်ခြင်းအရိပ်အယောင်များ ဖြစ်တည်လာခဲ့၏။ ပြီးသည့်နောက် ၎င်းတို့၏ ထိုင်ခုံဆီမှထကာ အလျင်အမြန်ဖြင့် ထွက်ခွာသွားကြ၏။
ထိုက်ရွှမ်အဘိုးအိုသည် မျက်မှောင်ကုတ်ကာ မေးလိုက်သည်။ “ဘာကိစ္စရှိလို့လဲ”
ပဉ္စမအကြီးအကဲက ပြောလိုက်၏။ “ခင်ဗျားတပည့်ရဲ့ ကျုပ်တို့ လင်းဝေအစစ်အမှန်ဂိုဏ်းရဲ့ ရတနာမိုင်းတွင်းကို လုယူသွားခဲ့တယ်”
“အမ်”
ထိုက်ရွှမ်အဘိုးအိုသည် ချက်ချင်းပဲ မျက်လုံးပြူးသွားမိ၏။ သူ့၌ တပည့်မရှိချေ။ သို့ပေမဲ့ တစ်ဖက်လူ ပြောဆိုနေသည်မှာ သူ့အား အရှက်မဲ့စွာဖြင့် ဆရာကြီးဟု ခေါ်ဆိုနေသည့် ကျွင်းချောင်ရှောင်းဖြစ်ကြောင်း သူသိရှိ နားလည်မိသည်။
ဤသူတောင်းစားလေးသည် ရွှမ်အဆင့် ဂိုဏ်းအနည်းငယ်ကို ရန်စခြင်းအားဖြင့်စိတ်ကျေနပ်မှုကို မရရှိခဲ့ပေ။ ယခု အစစ်အမှန်ဂိုဏ်း ဆီသို့ တက်ရောက်ကာ ပြဿနာ ရှာနေသည်လား။
အောက်နယ်မြေတွင် ရှင်သန်နေထိုင်ခဲ့စဉ်က မည်ကဲ့သို့သော သေလမ်းရှာခြင်းနည်းလမ်းများကို အသုံးပြုကာ နေထိုင်ခဲ့သနည်းကို သူစဉ်းစား၍ပင် မရခဲ့ချေ။
“အားလုံးပဲ”
ထိုက်ရွှမ်အဘိုးအိုသည် နာနာကျင်ကျင် ပြုံးကာ ပြောလိုက်၏။ “ကျုပ် ဘယ်တုန်းကမှ တပည့် တစ်ယောက်ကို လက်ခံခေါ်ယူခဲ့ခြင်း မရှိဘူးလို့ပြောရင် ခင်ဗျားတို့ ယုံမှာလား”
“ခင်ဗျားက ဘယ်လိုထင်လို့လဲ”
“အင်း”
ထိုက်ရွှမ်အဘိုးအိုသည် ခေါင်းကိုခါယမ်းလိုက်၏။ ပြီးသည့်နောက် လက်ဖက်ရည်ဆိုင်၏ ပြတင်းပေါက်ဆီမှ အလွန်သွက်လက်လှသော လှုပ်ရှားမှုနှင့်အတူ ခုန်ကာ ထွက်လိုက်၏။ ပြီးသည့်နောက် လင်းဝေအစစ်အမှန် ဂိုဏ်းမှ ကြိုတင်ဖန်တီးထားခဲ့သော အထူးအကျဉ်းထောင် တစ်ခုထဲသို့ ရောက်ရှိသွားတော့သည်။
ကျွီ
တံခါးပိတ်သွား၏။
“မဟုတ်ဘူး”
ထိုက်ရွှမ်အဘိုးအိုသည် လှောင်အိမ်ကဲ့သို့သော အကျဉ်းထောင်၏သံတိုင်လက်ရန်းများကို ဆုပ်ကိုင်ကာ အော်ဟစ်လိုက်သည်။ “ကျုပ်က အဲကောင်ရဲ့ဆရာ မဟုတ်ဘူး။ အဲကောင် ရှာသမျှ ပြဿနာတိုင်းကို တာဝန်ယူရမယ့်လူလဲ မဟုတ်ဘူး”
သို့သော်ငြား လက်ရှိအချိန်မှာတော့ သူသည် ထိုအရာမျိုးကို ပြောဆိုရန်အတွက် နောက်ကျသွားခဲ့ပြီဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သူသည် ပိုးအိမ်ကဲ့သို့သော အကျဉ်းခန်းလေးထဲတွင် ခေါင်းလေးသာဖော်၍ လိုက်ပါသွားခဲ့ရပြီး အရိပ်စိမ်းမြို့ထဲတွင် ရှိနေသည့် လူပေါင်းများစွာတို့သည် သူ့အား အံ့အားတသင့်ဖြင့် ကြည့်လျက်ရှိ၏။
“ဘာတွေ ဖြစ်နေတာလဲ”
“ဒီအဝတ်အစားတွေကို ကြည့်ရတာ လင်းဝေအစစ်အမှန်ဂိုဏ်းက လူတွေ ဖြစ်ပုံပေါ်တယ်”
“ဒါဆို အဲအဘိုးကြီးက ဘာလုပ်ခဲ့တာလဲ”
“ကျုပ်လည်း မသိဘူးလေ”
အားလုံးက တီးတိုးရေရွတ်လျက် ရှိနေကြ၏။ ဤကဲ့သို့ တိုက်ရိုက်ဖမ်းဆီးပြီး လူပုံအလယ်တွင် ခေါ်ဆောင်သွားခဲ့ခြင်း ဆိုသည်မှာ အမှန်ပင် လေးစားသမှု ကင်းမဲ့လှ၏။ သို့ပေမဲ့ အစစ်အမှန်ဂိုဏ်းမှလူများ ပြုလုပ်သွားခဲ့သည်ဖြစ်ခြင်းကြောင့် မည်သူမှသည် ဝင်ရောက်ကာ ကန့်ကွက်ပြောဆိုမည့်ပုံ မပေါ်ကြချေ။
“ကျုပ်က ပြိုင်စံရှားဂိုဏ်းနဲ့ ဘာမှ မဆိုင်ဘူး။ ပြီးတော့ အဲကောင်က ကျုပ်တပည့် မဟုတ်ဘူး။ ကျုပ်ကို လွှတ်ပေး”
ဖန်းချီမိုးကောင်းကင်တောင်တန်းဆီသို့ သွားရာလမ်းမှာတော့ ထိုက်ရွှမ်အဘိုးအိုသည် ဆက်တိုက်ဆိုသလို အော်ဟစ်လျက်ရှိပြီး သူ၏ နှလုံးသားထဲတွင်တော့ ကျွင်းချောင်ရှောင်းအား အားရပါးရ ဆဲဆိုလျက် ရှိနေတော့၏။
“ဟတ်ချိုး”
ပြိုင်စံရှားဂိုဏ်းဆီသို့ ပြန်ရောက်လာခဲ့သော ကုန်းရှန့်သည် နှာပင် ချေလျက်ရှိ၏။ သူသည် နှာခေါင်းကို ပွတ်သပ်ကာ တွေးလိုက်မိ၏။ “တစ်စုံတစ်ယောက်က ငါ့အကြောင်း မကောင်းတာတွေ ပြောနေလား မသိဘူး”
ရွှမ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး သန်းတစ်ထောင့်နှစ်ရာ - ဤပမာဏသည် အမှန်ပင် ကြီးမားလွန်းလှ၏။ ဂိုဏ်းဆီသို့ ပြန်ရောက်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် မည်ကဲ့သို့ အသုံးပြုရမည်ဖြစ်ကြောင်းကို လေးလေးနက်နက် စဉ်းစားလျက်ရှိ၏။ “ကောင်းကင်နှင့်မြေကြီးရဲ့ ဓာတ်သဘာဝတွေက အရမ်းကို အားကောင်း တယ်ဆိုပေမယ့် ရွှမ်အဆင့်စိတ်ဝိညာဉ်ကျောက်တုံးတွေလောက်တော့ အားမကောင်းဘူး။ ဒီတော့ ရွှမ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး သန်းတစ်ထောင်ကို ထုတ်ပြီးတော့ တပည့်တွေကို ပေးရမယ်။ ကျန်တဲ့ နှစ်ရာကိုတော့ ဂိုဏ်းအတွက် အရေးပေါ် အသုံးပြုဖို့ ထားရမယ်”
အဓိကတာဝန်သည် ဂိုဏ်းအား အင်မော်တယ်အဆင့်ဆီသို့ရောက်အောင် ပြုလုပ်ရန် ဖြစ်၏။ ထို့ကြောင့် တပည့်များအား သိုင်းပညာအရင်းအမြစ်များ ဖြန့်ဝေပေးခြင်းသည် ဂိုဏ်း၏ အားအင်အဆင့်ကို ပိုမိုတိုးတက် စေခြင်းပင်ဖြစ်သည်။ နောက်တစ်ရက်မှာတော့ တပည့်ပေါင်းတစ်သိန်းကို ခေါ်ဆောင်ပြီးသည့်နောက် ရွှမ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်ယောက်ကို တစ်သောင်းစီ ပေးလိုက်၏။
“ဒီအရေအတွက်က များတယ် ဆိုပေမဲ့ …”
ကျွင်းချောင်ရှောင်းသည် ခေါင်းကိုခါယမ်းကာ ပြောလိုက်သည်။ “တကယ်တော့ မများဘူးပဲ”
ပမာဏသည် တကယ်တမ်း များပြားလှသည်ဆိုသော်လည်း တပည့်တစ်ယောက်ချင်းစီ ရရှိနိုင်သည့် ပမာဏ မှာတော့ သေသေချာချာ ဖြန့်ဖြူးပြီးသည့်နောက် နည်းပါးလျက် ရှိနေသေးကြောင်း သူနားလည်ခဲ့မိ၏။
စနစ်က ပြောလိုက်သည်။ “လက်ခံသူအနေနဲ့ သိုင်းပညာ အရင်းအမြစ်တွေကို ပိုပြီးရရှိဖို့ လိုသေးတယ်”
“အင်း”
ကျွင်းချောင်ရှောင်းက ခေါင်းညိတ်လိုက်မိ၏။ ရွှမ်စိတ်ဝိညာဉ်ကျောက်တုံး သန်းနှစ်ရာနှင့် ဆေးဆိုင်မှ ရရှိသည့် အမြတ်ငွေများသည် ဂိုဏ်းအား ပုံမှန်လည်ပတ်ရန်အတွက် လုံလောက်သည့်အရာများ ဖြစ်လို့နေခဲ့၏။
လောလောဆယ် ပြိုင်စံရှားဂိုဏ်းတပည့်များသည် ရွှမ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်သောင်းစီကို လက်ခံရယူပြီးသည့်နောက် ရူးရူးမူးမူး ကျင့်ကြံကြတော့၏။ ဤတစ်ကြိမ်မှာတော့ သန့်စင်လွန်းလှသော စွမ်းအင် များ၏ ထောက်ပံ့မှုကြောင့် သူတို့၏ အားအင်အဆင့်များသည် တိုးတက်သွားပေလိမ့်မည်။ မည်မျှ တိုးတက်လာခဲ့သနည်း ဆိုသော် အချိန်ကသာလျှင် ဆုံးဖြတ်ပေးပေလိမ့်မည်။
ဆွစ် ဆွစ် …..။
ဝှစ် ဝှစ် ဝှစ် ….။
ခဏကြာလျှင် တစ်ယောက်ဆိုသလို ဂိုဏ်းထဲတွင် အဆင့်တက်သည့် အခြေအနေများ ဖြစ်တည်နေခဲ့၏။ အဓိက ဟောခန်းအတွင်းမှာတော့ ကျွင်းချောင်ရှောင်းသည် လီချင်းယန်၊ စုရှောင်မို၊ လီဖေးတို့အား ခေါ်ယူ၍ ၎င်းတို့ လင်းယွမ်ခန်းမဆောင်ကို ဝင်ရောက်ပြီးသည့်နောက် နတ်ဘုရားအဆင့်လက်နက်များကို ပေးအပ်လိုက်၏။ လုချင်းချင်းသည် ကြည်လင်လျက်ရှိသည့် ကျောက်စိမ်းလက်ကောက်တစ်ခုကို ရရှိခဲ့၏။
စုရှောင်မို၏ လက်နက်မှာတော့ မီးအိမ်တစ်ခုဖြစ်ပြီး လီဖေး၏ လက်နက်မှာတော့ ကျောက်တုံးတစ်ခု ဖြစ်လို့နေ၏။ ၎င်းတို့ နှစ်ယောက်သည် ၎င်းတို့၏ နတ်ဘုရားလက်နက်များကို ကြည့်ရှုပြီးသည့်နောက် အကြီးဆုံးစီနီယာ အစ်မကြီး၏လက်နက်ကို လှမ်း၍ ကြည့်ရှုလိုက်မိ၏။ ၎င်းတို့၏ အမူအရာများသည် ဇဝေဇဝါ ဖြစ်လို့နေ၏။ ၎င်းတို့သည် တူညီသည့် တပည့်များပင် ဖြစ်ကြ၏။ သို့ပေမဲ့ နှစ်ဖက်ကြားတွင် အဘယ်ကြောင့် ဤမျှ ကွာခြားချက်ကြီးမားနေရသနည်း။ သို့ပေမဲ့ ရီရှင်းချန်၏ ဝိုင်ဂျားကြီးနှင့် ရှောင်ကျီ၏ ဒယ်အိုးကြီးကို ပြန်လည်စဉ်းစားပြီးသည့်နောက် စိတ်သက်သာရာရသလို ခံစားလိုက်မိကြသည်။
လက်ရွေးစင်တပည့်များအား လက်နက်တပ်ဆင်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် အတွေ့အကြုံအဆောင် သုံးခုကို ထုတ်ယူကာဖြင့် တစ်ခါတည်း ချိုးချေလိုက်တော့၏။ သို့ပေမဲ့ သူ၏ အားအင်အဆင့် တိုးတက်သွားသည်ကို ခံစားမိသော်လည်း အဆင့်ချိုးဖြတ်သည့် လက္ခဏာတော့ မရှိခဲ့ချေ။
“ထင်ထားတဲ့ အတိုင်းပဲကိုး”
သူသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “ဒုတိယအဆင့်ကို အဆင့်ချိုးဖြတ်နိုင်ဖို့ဆိုတာ အတွေ့အကြုံအဆောင် တစ်ခု၊ နှစ်ခုလောက်နဲ့ အမှီအခိုပြုဖို့ မဖြစ်နိုင်ဘူး”
“အဆင့်တိုင်း အဆင့်တိုင်းက အဆင့်ကြီးတွေနဲ့ အတူတူပဲလေ။ လက်ခံသူအနေနဲ့ အဆင့်တက်ဖို့ကို အတွေ့အကြုံ အဆောင်တွေ မှီခိုနေလို့ မရတော့ဘူး” စနစ်က ပြောလိုက်သည်။
“နေအုံး”
ကျွင်းချောင်ရှောင်း၏ အမူအရာသည် ပြောင်းလဲသွားခဲ့သည်။ “မင်းဆိုလိုချင်တာက အဆင့်တက်ဖို့ဆိုရင် အထူးတာဝန်တွေကို ပြုလုပ်ဖို့ လိုအပ်သေးတာပေါ့”
“အင်း... သိပ်မှန်တယ်”
“ချီးတဲ့မှ”
ကျွင်းချောင်ရှောင်းသည်လည်း အဆင့်ချိုးဖြတ်မည့်ကိစ္စကို သိပ်မတွေးထားချေ။ သို့ပေမဲ့ စနစ်ပြောလိုက် ပြီဆိုမှ ချက်ချင်းပဲ စိတ်ပျက်လက်ပျက်ဖြစ်သွားမိသည်။ တာဝန်ဆိုသည်မှာ မည်သည့်အချိန်တွင် ပေါ်ပေါက်လာ မည်မှန်း မသိရှိချေ။ “ငါကတော့ သွားပြီ။ ငါကတော့ ပြဿနာပဲ”
သူသည် စနစ်၏ အရူးလုပ်ခြင်းကို ခံရသည်မှာ အသားကျနေပြီဖြစ်၏။ ဘာမှလည်း တက်နိုင်သည့်အရာ မဟုတ်သောကြောင့် ပျော်ပျော်သာနေရန် ဆုံးဖြတ်လိုက်မိ၏။
ရက်အနည်းငယ်ကြာပြီးသည့်နောက် ဖြူမဲညီနောင်တို့သည် အသံပို့လွှတ်လိုက်သည်။ “ဂိုဏ်းချုပ်... လင်းဝေ အစစ်အမှန်ဂိုဏ်းက လူတွေလာပြီ”
“ဪ” ကျွင်းချောင်ရှောင်းသည် အလျင်အမြန်ဖြင့် တောင်၏ ဂိတ်တံခါးဆီသို့ လှမ်းထွက်လိုက်၏။ စိတ်ဝိညာဉ် အာရုံများကို ဖြန့်ကျက်ပြီး ကြည့်ရှုလိုက်သည့်အချိန်မှာတော့ ၎င်းတို့ရှိရာတောင်ဆီသို့ အလင်းတန်းများသည် အမြန်ဆုံးနှုန်းဖြင့် ရွှေ့လျားလာသည်ကို မြင်လိုက်ရ၏။ ထိုသူတို့သည် လင်းဝေအစစ်အမှန်ဂိုဏ်းဆီမှ ကျွမ်းကျင်သူလူများပင် ဖြစ်ကြ၏။
စိတ်ဝိညာဉ်ကျောက်တုံးများကို သူ၏ တပည့်များသည် သေသေချာချာပင် ကုန်အောင် မသုံးရသေးချေ။ သို့ပေမဲ့ တစ်ဖက်လူများသည် တရားခံ မည်သူဖြစ်ကြောင်းကို ရှာဖွေတွေ့ရှိနေပြီဖြစ်၏။ ဤအမြန်နှုန်းသည် အလွန်ပင် မြန်ဆန်လွန်းလှသည်။
“အမ်”
ကျွင်းချောင်ရှောင်းသည် မျက်လုံးများ ကျဉ်းမြောင်းသွားမိ၏။ လင်းဝေအစစ်အမှန်ဂိုဏ်းမှ ကျွမ်းကျင်သူ များသည် ထူးခြားသည့် ကျောက်ရိုင်းနှင့် ပြုလုပ်ထားသည့် လှောင်အိမ်ကဲ့သို့သော အရာတစ်ခု ထမ်းလာသည်ကို မြင်လိုက်ရ၏။ ထိုလှောင်အိမ်ကြီး၏ အတွင်းမှာတော့...
“ကျွင်းချောင်ရှောင်း”
ထိုအချိန်မှာတော့ ထိုက်ရွှမ်အဘိုးအို၏ ကျယ်လောင်လှသော ဒေါသသံကြီးသည် ဖန်းချီ မိုးကောင်းကင်တောင်တန်း တစ်ခုလုံးကို ပျံ့နှံ့နေခဲ့၏။ “ငါတို့ရဲ့ အဖေတွေက ရည်းစားလုဖက်ဆိုပြီး ပြဿနာတက်ခဲ့ကြဖူးလား။”