← Chapters

အပိုင်း (၁၃၉၂)

Vol. 94 Ch. 1392

အပိုင်း (၁၃၉၂)

Vol. 94 Ch. 1392

အမြူတေအသွင်ပြောင်း စွမ်းအားမြင့် ကျင့်ကြံသူဆယ်ယောက်ကျော်တို့သည် ထိုက်ရွှမ်အဘိုးအိုအား ဖမ်းချုပ်ပြီး သည့်နောက် ဖန်းချီမိုးကောင်းကင်တောင်တန်းဆီသို့ အသော့နှင့်လာခဲ့ကြသည်။

“ဆရာကြီး”

ကျွင်းချောင်ရှောင်းသည် တောင်၏ဂိတ်တံခါးရှေ့တွင် မတ်တပ်ရပ်၍ မျက်မှောင်ကုတ်ကာ မေးလိုက်၏။ “ဘာတွေဖြစ်ကုန်တာလဲ”

ထိုက်ရွှမ်အဘိုးအိုသည် ထိုခေါ်သံကို ကြားသည့်အချိန်မှာတော့ သတိလစ်မေ့မျောလုမတတ်ပင် ဖြစ်သွားခဲ့၏။ “မင်းအပြင်ဘက်မှာ ကြုံသလိုပြဿနာရှာခဲ့ပြီးတော့ ငါ့ခေါင်းပေါ်လာတင်ထားတာလား။ ဘယ်လိုဖြစ်ပြီး ဘာတွေဖြစ်နေတာလဲလို့ မေးရဲရတာလဲ”

“ပဉ္စမအကြီးအကဲ”

အရှေ့တွင်ရှိသော ကျွမ်းကျင်သူတစ်ယောက်သည် သုန်မှုန်သည့် အမူအရာဖြင့် ပြောလိုက်၏။ “ဒီလူက မွန်းစတားသားရဲတွေနဲ့ ကျုပ်တို့ တိုက်ခိုက်နေတုန်း ဖြတ်သွားတဲ့ လူတွေထဲက တစ်ယောက်မဟုတ်လား”

ပဉ္စမအကြီးအကဲသည်လည်း ထိုအရာကို ချက်ချင်း မှတ်မိလိုက်၏။ တစ်ဖက်လူသည် စိတ်ဝိညာဉ်ကျောက်တုံး မိုင်းတွင်းကို လုယူသွားသည့်သူ ဖြစ်ပေလိမ့်မည်။ “ကောင်လေး... မင်းက တကယ့်ကို ရဲရင့်လွန်းတာပဲ။ ကျုပ်တို့ လင်းဝေအစစ်အမှန်ဂိုဏ်းရဲ့ မိုင်းတွင်းကို ခိုးယူရဲတယ်ပေါ့ ဟုတ်လား”

“ဟမ့်”

ကျွင်းချောင်ရှောင်းသည် လက်ပိုက်ကာဖြင့် ပြောလိုက်သည်။ “ဘယ်သူမှ ခြေချခြင်းမရှိတဲ့ တောတွင်းမှာ ရှိတဲ့ မိုင်းတွင်းတစ်ခုက ဘယ်လိုဖြစ်ပြီး ခင်ဗျားတို့ဂိုဏ်းရဲ့ ပိုင်ဆိုင်မှု ဖြစ်သွားရတာလဲ”

ကုန်းရှန့်အနေဖြင့် ငြင်းပယ်မည့် အကြောင်းအရာကို စဉ်းပင် မစဉ်းစားဘူးချေ။ တစ်ဖက်လူများသည် သူ့အား လာရောက် ရှာဖွေသည် ဆိုမှတော့ တစ်ခါတည်း သိရှိသွားခဲ့သောကြောင့် ဖြစ်ပေလိမ့်မည်။

“အားလုံးပဲ”

ထိုက်ရွှမ်အဘိုးအိုသည် လှောင်အိမ်၏ သံတိုင်များကို ဆုပ်ကိုင်ကာဖြင့် ပြောလိုက်၏။ “ကျုပ် သူတို့နဲ့ ဘာမှမဆိုင်ဘူး။ ကျုပ်ကို အရင်ဆုံးလွှတ်ပေး” ကုန်းရှန့် ပြုလုပ်ခဲ့သည် ပြဿနာများအားလုံးအတွက် သူသည် ကြားထဲမှ ဝင်မခံချင်ပေ။

“ဆရာကြီး”

ကျွင်းချောင်ရှောင်းသည် သူ၏ ရင်ဘတ်ကို အသာဆုပ်ကိုင်ကာဖြင့် နာကျင်နေသည့်အမူအရာဖြင့် မေးမြန်းလိုက် သည်။ “အဆင်ပြေရဲ့လား”

“တော်စမ်း။ ငါက မင်းရဲ့ ဆရာကြီး မဟုတ်ဘူး။ ပြီးတော့ မင်းက ငါ့တပည့် မဟုတ်ဘူး” ထိုက်ရွှမ်အဘိုးအိုသည် ဒေါသထွက်လွန်းသောကြောင့် ရူးသွပ်တော့မလိုပင် ဖြစ်တော့၏။ ဤကောင်လေးနှင့် ဝေးဝေးနေထိုင်ရန် သူ့အတွက် လွယ်ကူလှသည် မဟုတ်ချေ။ သို့ပေမဲ့ အဝေးဆုံးနေရာသို့ထွက်ခွာခဲ့ပြီးသည်တောင်မှဒင်းကြာင့်ပင် အကျဉ်းသားတစ်ယောက် ဖြစ်လာခဲ့ရ၏။ ထိုအရာကို မည်သို့မှ လက်သင့်ခံနိုင်လိမ့်မည် မဟုတ်ချေ။

“အင်း”

ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “ဆရာတပည့်တွေဆိုတာ တစ်ဂိုဏ်းထဲမှာ နားတဲ့ ငှက်တွေလိုပဲ။ ဒါပေမဲ့ ဘေးအန္တရာယ် ကျလာတဲ့အချိန်မှာတော့ ဘေးလွတ်ရာကို ပျံသန်းသွားကြတာ ဓမ္မတာပါပဲ”

“ကောင်လေး”

ပဉ္စမမြောက် အကြီးအကဲ၏ မျက်လုံးအကြည့်များသည် လေးနက်သွားခဲ့၏။ သူကပြောလိုက်သည်။ “လိုရင်းကိုပြောရအောင်။ မြန်မြန်... မင်းတူးထုတ်သွားတဲ့ စိတ်ဝိညာဉ်ကျောက်တုံးတွေ ထုတ်ပေး။ မဟုတ်ရင် မင်းရဲ့ ဆရာက …..”

“ဆရာကြီးက ကျုပ်ကို အသိအမှတ်ပြုတာ မဟုတ်ဘူးလေ။ သူ့ရဲ့ သေခြင်း၊ ရှင်ခြင်းက ကျုပ်နဲ့ ဘာမှဆိုင်တာ မဟုတ်ဘူးလေ” ကျွင်းချောင်ရှောင်းက ဖြတ်ပြောလိုက်သည်။

“မင်း”

ထိုက်ရွှမ်အဘိုးအိုသည် သွေးအန်လုမတတ်ပင် ဒေါသထွက်လျက်ရှိနေ၏။ “မင်းကြောင့် ငါ အဖမ်းခံခဲ့ ရတာလေ။ အခု ငါ့ရဲ့ သေခြင်း၊ ရှင်ခြင်းက မင်းနဲ့ မသက်ဆိုင်တော့ဘူး ဖြစ်သွားပြီလား။ ငါတို့က ကုန်းမြေတိုက် ကြီးတစ်ခုထဲက လူတွေဆိုတာကော ဟုတ်ရဲ့လား”

ပဉ္စမအကြီးအကဲနှင့် တခြားသောသူများ၏ မျက်နှာများသည် နဝေတိမ်တောင် အမူအရာများ ဖြစ်ပေါ်လာကြ၏။ ၎င်းတို့သည် တစ်ဖက်လူအား အကြပ်ကိုင်နိုင်ရန်အတွက် အရိပ်စိမ်းမြို့ဆီသို့ပင် သွားရောက်ကာ ထိုက်ရွှမ်အဘိုးအို အား သွားရောက်ဖမ်းဆီးခဲ့၏။ သို့ပေမဲ့ အဆုံးသတ်မှာတော့ တစ်ဖက်လူသည်ဆရာတပည့် ဆက်ဆံရေးကိုပင် ဖျက်ဆီးခဲ့ရပြီး ကြိုက်သလိုလုပ်ဆိုသည့် စကားကိုပင် ပြောဆိုလျက်ရှိနေ၏။ ပြောရမည်ဆိုလျှင် သူတို့သည် လူမှားကာ ဖမ်းဆီးလာခဲ့ခြင်းပင် ဖြစ်တော့၏။ ဆရာကို မဖမ်းဘဲနှင့် တပည့်ကို အရင်ဖမ်းပြီး အကျပ်ကိုင်ခဲ့သင့်သည်။

“အားလုံးပဲ”

ထိုက်ရွှမ်အဘိုးအိုသည် ဝမ်းနည်းသလို ပြောလိုက်၏။ “ဒီနေ့ကစပြီး ကျုပ်နဲ့ ဒီကျင့်ဝတ်မရှိတဲ့ တပည့် ရဲ့အကြားမှာ ရှိရှိသမျှ အရာအားလုံး ပျက်ပျယ်သွားခဲ့ပြီ။ ဒီတော့ ခင်ဗျားတို့ဆီမှာ ရန်ငြိုးတွေ၊ ရန်ကြွေးတွေ ရှိတယ် ဆိုရင် သူနဲ့ သွားပြီး ရှင်းကြ။ ကျုပ်ကို အရင်ဆုံး လွှတ်ပေးတော့”

“ဟမ့်”

ပဉ္စမအကြီးအကဲက နှာခေါင်းရှုံ့မိလိုက်သည်။ “ခင်ဗျား ဘယ်လိုထင်လို့လဲ။ ဖြစ်နိုင်မယ်လို့ ထင်လို့လား”

“ဆရာကြီး”

ကျွင်းချောင်ရှောင်းသည် သူ၏ ခံစားချက်ကို မထိန်းချုပ်နိုင်သောကြောင့် ကျယ်လောင်စွာ ပြောလိုက်သည်။ “ဆရာတပည့် ဆက်ဆံရေးကို တကယ်တမ်း ဖြတ်မယ်ဆိုရင် ကျုပ် …”

ထိုက်ရွှမ်အဘိုးအိုသည် သွေးအန်လုမတတ်ပင် ဖြစ်သွား၏။ သူသည် များပြားလှသည့် အတွေ့အကြုံများကို ရင်ဆိုင်ကျော်ဖြတ်ဖူးသူ တစ်ယောက်ဖြစ်၏။ ထို့ကြောင့် တစ်ဖက်လူ၏ ဆိုလိုရင်းကို နားလည်မိတော့သည်။ သူသည် အလောတကြီးပြောလိုက်မိ၏။ “ဘယ်လိုမျိုး ဖြတ်တောက်ချင်တာလဲ”

“အင်း”

ကျွင်းချောင်ရှောင်းသည် ရုတ်တရက် မတ်တပ်ထရပ်ကာ ပြောလိုက်၏။ “ဆရာက ဒုက္ခရောက်နေရင် ကျုပ်က ကျိန်းသေပေါက် ကူညီရမှာ မဟုတ်လား”

ထိုက်ရွှမ်အဘိုးအိုက နားလည်သွားမိ၏။ တစ်ဖက်လူသည် သူတို့နှစ်ယောက်၏ ဆရာတပည့်ဆက်ဆံရေးကို ဝန်ခံစေချင်ခြင်းသာ ဖြစ်နေသည်။

မဖြစ်ဘူး၊ မဖြစ်ဘူး။ ငါ ဒီကောင်လှည့်စားတာကို ခံလို့ မဖြစ်ဘူး။ သူ့ရဲ့ဆရာ ဖြစ်လာပြီဆိုရင် ဗြဟ္မာကြီးဦးခေါင်းကို ထမ်းပြီး လျှောက်သွားရတာနဲ့ အတူတူပဲ။

“ဆရာကြီး”

ကျွင်းချောင်ရှောင်းသည် ကျယ်လောင်စွာ ပြောလိုက်မိ၏။ “ရွေးချယ်”

လင်းဝေအစစ်အမှန်ဂိုဏ်းသည် ထိုက်ရွှမ်အဘိုးအိုအား ဖမ်းဆီးလာခြင်းနှင့် ပတ်သက်၍ ကျွင်းချောင်ရှောင်းသည် အမှန်ပင် ကျေးဇူးတင်မိ၏။ သူသည် ဤအခွင့်အရေးကို အသုံးပြု၍ ဆရာတပည့်ဆက်ဆံရေးကို တည်ဆောက်မှ ဖြစ်ပေလိမ့်မည်။ ထို့အပြင် ဂိုဏ်း၌ ဘိုးဘေးအကြီးအကဲ ဆိုသည့် ရာထူးကလည်း လစ်လပ်နေသေးသည်။

ပဉ္စမအကြီးအကဲသည် ပြောလိုက်၏။ “ဆရာတပည့် ဟုတ်ဟုတ်၊ မဟုတ်ဟုတ် မင်းခိုးယူသွားတဲ့ စိတ်ဝိညာဉ် ကျောက်တုံးတွေ ငါ့ကိုပေး။ မဟုတ်ရင် ပြိုင်စံရှားဂိုဏ်းဆိုတာ သမိုင်းမှာပဲ ကျန်တဲ့ဂိုဏ်းတစ်ခု ဖြစ်သွားလိမ့်မယ်”

“ခင်ဗျားက အကြီးကြီးတွေ ပြောနေတာပဲ”

ကျွင်းချောင်ရှောင်းသည် လက်ယက်ခေါ်ကာ ပြောလိုက်သည်။ “တကယ်တမ်း သတ္တိရှိရင် လာခဲ့လိုက်လေ”

ဂိုဏ်းတစ်ခုလုံးသည် ခရမ်းရောင်ကြယ်အစီအရင်၏ ကာကွယ် ပေးခြင်းကို ခံထားရ၏။ ထို့ကြောင့် ကုန်းရှန့်သည် တစ်ချက်ကလေးမှ မကြောက်ရွံ့ခဲ့ချေ။ သူ့အနေနှင့် မကြောက်သည့်အပြင် ထ၍ပင် ကလိုက်ချင်မိသေး၏။

သူမကြောက်ဘူးဆိုသော်လည်း ထိုက်ရွှမ်အဘိုးအိုမှာတော့ ကြောက်ရွံ့လျက်ပင် ရှိသေး၏။ ဆရာတပည့် ဆက်ဆံရေးကို ဝန်ခံမလား၊ ဝန်မခံဘူးလား ဆိုသည်ကိုပင် သူသည် လက်ရှိ၌ အမှန်ပင် စဉ်းစားနေရ၏။ အချက် အလက်အားဖြင့် သူ ဆရာတပည့်ဆက်ဆံရေးအဖြစ် ဝန်ခံခဲ့ပြီးသည်ဆိုလျှင် တစ်ဖက်လူ၌ သူ့အား တကယ်တမ်း ကယ်တင်နိုင်သည့် စွမ်းရည်ရှိသလားဆိုသည်ကို တွေဝေနှောင့်နှေးနေခြင်းပင် ဖြစ်သည်။

“ဒီလိုလုပ်ရအောင်”

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ကျုပ် ဆရာကြီးကို ကယ်တင်လိုက်မယ်။ ဒါဆိုရင် အကြွေးစာချုပ်မှာ လက်မှတ်ထိုးထားတဲ့ ပိုက်ဆံတွေ အကုန်လုံးကို ရှင်းလင်းပြီး ဖြစ်သွားလိမ့်မယ်”

ထိုက်ရွှမ်အဘိုးအိုက ရုတ်တရက် ထအော်လိုက်၏။ “ငါ ဒီလိုအခြေအနေ ဖြစ်နေရတာ မင်းကြောင့်လေ။ ငါ့ကို ကယ်ရမယ့် တာဝန်မင်းမှာ ရှိတယ်။ ဘယ်လိုဖြစ်ပြီးတော့ ငါချေးတားတဲ့ ပိုက်ဆံတွေက ပျောက်သွားရမှာတုန်း”

သူသည် နောက်ဆုံးစကားကို ပြောလိုက်သည့်အချိန်တွင် တံတွေးများပင် တည်နေရာ အနှံ့ဆီသို့ ပျံ့နှံ့သွားခဲ့၏။ ဆိုလိုရင်းအဓိပ္ပာယ်မှာ သူသည် သေဆုံးရမည် ဆိုလျှင်တောင်မှ လက်သင့်ခံနိုင်သေး၏။ သို့ပေမဲ့ ရစရာရှိသည့် အကြွေးများကို ပြန်မတောင်းဘဲ မနေနိုင်ချေ။

“ဆရာတပည့် ဆက်ဆံရေးကို လက်ခံတာပဲဖြစ်ဖြစ်၊ အကြွေးတွေ ချေတာပဲဖြစ်ဖြစ် ဆရာကြီး ကြိုက်တာကို ရွေးပါတော့” ကျွင်းချောင်ရှောင်းက လေးလေးနက်နက် ပြောလိုက်သည်။

ပဉ္စမအကြီးအကဲနှင့် တခြားသောသူများသည် အနည်းငယ် ဇဝေဇဝါ ဖြစ်မိနေကြ၏။ အကြမ်းဖျင်း သုံးသပ်ရမည် ဆိုလျှင် ဤကောင်လေးသည် သူ၏ဆရာဆီမှ ငွေကြေးများကို ချေးငှားထားခဲ့၏။ သို့ပေမဲ့ ပြန်ပေးရန် ရည်ရွယ်ချက်လည်း မရှိခဲ့ချေ။ ဤအရာသည် အမှန်ပင် အရှက်မဲ့လွန်းလှ၏။

“ကောင်းပြီ”

ထိုက်ရွှမ်အဘိုးအိုသည် ဆုံးဖြတ်ချက် ချပြီးသည့်နောက် ကျယ်လောင်စွာ ပြောလိုက်သည်။ “ကျုပ်တို့က ဆရာတပည့် ဆက်ဆံရေးပဲ။ ငါ အပြစ်တင်သမျှကို ခံလိုက်မယ်။ ဒါပေမဲ့ ပိုက်ဆံတော့ အဆုံးမခံနိုင်ဘူး”

ဝှစ် ဝှစ်

ထိုအချိန်မှာပဲ ဖြူမဲညီနောင်တို့သည် တည်နေရာ အတားအဆီးထဲမှ ပျံသန်းလာပြီးသည့်နောက် လင်းဝေအစစ် အမှန်ဂိုဏ်းမှ စွမ်းအားမြင့် ကျင့်ကြံသူများ၏ ရှေ့သို့ ရောက်ရှိလာခဲ့သည်။ ၎င်းတို့၏ အမြူတေအသွင်ပြောင်းခြင်း အဆင့်ခြောက် ကျင့်ကြံမှုများကို အလုံးစုံ ထုတ်လွှတ်လိုက်ကြသည်။

“ဆရာကြီး”

ကျွင်းချောင်ရှောင်းသည် လေးလေးနက်နက် မျက်နှာအမူအရာဖြင့် ပြောလိုက်၏။ “ကျုပ်ရှိနေတယ် ဆိုမှတော့ ဆရာကြီးကို ဘယ်သူမှ နာကျင်အောင် လုပ်လို့မရဘူး”

ဝှစ် ဝှစ်

ပြောပြောပြီးချင်းမှာပဲ ဖြူမဲညီနောင်တို့သည် စွမ်းအင်အမျိုးအစားများကို စုစည်းကာဖြင့် ရှေ့ဆီသို့ လှမ်းတက် လာကြသည်။ ၎င်းတို့နှစ်ယောက်သည် အစောကြီးကတည်းက တစ်ဖက်လူအား ကယ်တင်ရန် ကြိုတင်ပြင်ဆင် ထားခဲ့ကြပြီးပြီဖြစ်သည်။

“ရပ်စမ်း”

ပဉ္စမအကြီးအကဲ၏ မျက်နှာသည် ပြောင်းလဲသွားခဲ့၏။ သူသည် ထိုက်ရွှမ်အဘိုးအိုအား ကြည့်ရှုရန် သူ၏ အဖော်များအား အလျင်အမြန် အမိန့်ပေးလိုက်၏။ သို့ပေမဲ့ သူ ပြောပြောပြီးချင်းမှာပဲ သူတို့၏ ကာကွယ်မှုသည် ပျောက်ကွယ်သွားရပြီး ဖမ်းဆီးထားသည့်လူသည် အဝေးဆီသို့ ရောက်ရှိသွားခဲ့ပြီဖြစ်၏။

ချလွမ်

ပြိုင်စံရှားဂိုဏ်း၏ လေ့ကျင့်ရေး ကွင်းပြင်ထဲမှာတော့ ထူးဆန်းလှသည့် ကျောက်ရိုင်းများနှင့် ဖန်တီးပြုလုပ်ထား သည့် လှောင်အိမ်ကဲ့သို့ အကျဉ်းထောင်ကြီးသည် ရောက်ရှိနေပြီ ဖြစ်သည်။

ဝှစ် ဝှစ် ……..။

ဖြူမဲညီနောင်တို့သည် မရပ်တန့်ချေ။ အပြင်ဘက်သို့ ပြန်လည်ထွက်ခွာသွားပြီးသည့်နောက် လင်းဝေအစစ်အမှန် ဂိုဏ်းမှ စွမ်းအားမြင့်ကျင့်ကြံသူ ဆယ်ယောက်ကျော်တို့နှင့် တိုက်ခိုက်လျက် ရှိနေလေ၏။

ဘုန်း ဘုန်း

ဝှစ် ဝှစ် ဝှစ်

များပြားလှသည့် စွမ်းအင်လှိုင်းများသည် ဂိုဏ်း၏အပြင်ဘက်တွင် ပေါက်ကွဲဖြစ်တည်နေ၏။ ကျန်ရှိနေသော စွမ်းအင်များသည် လှိုင်းကဲ့သို့ ဖြစ်တည်လာပြီး ခရမ်းရောင်ကြယ်အစီအရင်ကြီးကိုပင် ထိမှန်လျက် ရှိနေတော့၏။ သို့ပေမဲ့ အစီအရင်ကြီးသည် နည်းနည်းလေးမှ မလှုပ်ရှားခဲ့ချေ။

လင်းဝေအစစ်အမှန်ဂိုဏ်းမှ စွမ်းအားမြင့် ကျင့်ကြံသူများသည် မွန်းစတားကြီးနှင့် တိုက်ခိုက်ခဲ့သည့်လူများပင် ဖြစ်၏။ ထို့ကြောင့် ဖြူမဲညီနောင်တို့သည် ထိုသူတို့နှင့် တိုက်ခိုက်ရန် ဆိုသည်မှာ ပြဿနာ မရှိခဲ့ချေ။

ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် လေ့ကျင့်ရေးကွင်းပြင်ဆီသို့ လှမ်းလျှောက်ပြီးသည့်နောက် နဂါးစိမ်းလခြမ်း ဓားမော့ကြီးကို ထုတ်ယူကာ ပြောလိုက်၏။ “ဆရာကြီး... အပြစ်ပြုမိပါပြီ”

ချလွမ်

မီးပွင့်များ ဖြစ်တည်လာခဲ့၏။ သို့ပေမဲ့ လှောင်အိမ်ကြီးသည် တစ်ချက်ကလေးမှ မကျိုးပြတ်သွားချေ။ ကျွင်းချောင်ရှောင်းသည် နဂါးစိမ်းလခြမ်း ဓားမော့ကြီးကို ထပ်မံမြှောက်ကိုင်ကာဖြင့် အကြိမ်အနည်းငယ် တိုက်ခိုက် ပြန်၏။ သို့ပေမဲ့ လှောင်အိမ်၏ အကျဉ်းတိုင်သည် တစ်ချက်ကလေးမှ မကျိုးပြတ်သွားသည့်အပြင် ဓားရာလေးတောင် မထင်ခဲ့ချေ။

သူသည် စိတ်ဓာတ်တကျဖြင့် ပြောလိုက်မိသည်။ “ဒီဟာကြီးက မာလိုက်တာ”

ထိုက်ရွှမ်အဘိုးအိုက ပြောလိုက်၏။ “ဒါက ကြယ်ကိုးပွင် သံမဏိကျောက်နဲ့ လုပ်ထားတဲ့အရာလေ။ သော့နဲ့ ဖွင့်မှပဲ ပွင့်မှာ။ မဟုတ်ရင် ပွင့်မှာ မဟုတ်ဘူး”

“ကျုပ်နားလည်ပါပြီ”

ကျွင်းချောင်ရှောင်းသည် ခေါင်းကို အသာလှည့်ကာဖြင့် ပြောလိုက်၏။ “အစောင့်အရှောက်တို့ .... သော့ကို ရအောင်လု”

သူပြောနေတုန်းမှာပဲ လင်းဝေအစစ်အမှန်ဂိုဏ်းမှ စွမ်းအားမြင့် ကျင့်ကြံသူများသည် ဖြူမဲညီနောင်တို့မှာ အလွန် အားကောင်းလှကြောင်း သိရှိနားလည်သွားခဲ့ကြပြီဖြစ်၏။ ထို့ကြောင့် ဆက်လက်ကာ မတိုက်ခိုက်တော့ဘဲ အဝေးဆီသို့ ထွက်ပြေးသွားတော့သည်။

“အမ်”

ကျွင်းချောင်ရှောင်းသည် ကြောင်အအဖြင့် ပြောလိုက်မိ၏။ “ဆရာကြီး... အချိန်အတော်ကြာ ဒီလှောင်အိမ်လို အကျဉ်းထောင်ထဲမှာပဲ နေရာလိမ့်မယ်လို့ ကျုပ်ထင်တယ်”

ဘုတ်

ထိုက်ရွှမ်အဘိုးအိုသည် သတိလစ်မေ့မျောသွားခဲ့တော့၏။ ထိုက်ရွှမ်အဘိုးအိုသည် စိတ်ပျက်လက်ပျက်ဖြင့် အော်ဟစ်လျက် ရှိနေသည်။ “ကောင်းကင်ကြီးက ငါ့ကို အပြစ်ပေးဖို့ မင်းကို စေလွှတ်လိုက်တာများလားကွာ”

All Chapters