အပိုင်း (၁၃၉၃)
Vol. 94 Ch. 1393
လင်းဝေအစစ်အမှန်ဂိုဏ်းသည် ကြောက်လန့်လွန်းသောကြောင့် မဟုတ်ချေ။ သို့ပေမဲ့ ဖြူမဲညီနောင်တို့သည်အလွန်တရာ အားကောင်းလှချေ၏။ တိုက်ခိုက်မှု အနည်းငယ်ကို ပြုလုပ်ပြီးသည့်နောက် အခြေအနေသည် သူတို့ဘက်၌ မရှိကြောင်း နားလည်သွားမိ၏။ ထို့ကြောင့် မည်သည့်စကားမှ မဆိုဘဲ ထွက်ပြေးသွားခြင်းပင် ဖြစ်သည်။
ဟုတ်ပေသည်။ သူတို့အနေဖြင့် ဤကိစ္စအား ဤအတိုင်း ထားလိုက်မည် မဟုတ်ချေ။ စိတ်ဝိညာဉ်ကျောက်တုံး သန်းတစ်ထောင်ကျော်ဆိုသည်မှာ များပြားလွန်းလှသည့် ပမာဏပင်ဖြစ်သည် မဟုတ်ပါလား။ ထို့အပြင် ခိုးယူသွားသည့် လူကိုလည်း သိရှိပြီပြီဖြစ်သောကြောင့် ပြန်လည်ကာ လက်တုံ့ပြန်ကြမှာ သေချာ၏။
လင်းဝေအစစ်အမှန်ဂိုဏ်းမှလူများ ထွက်ခွာသွားပြီးပြီးချင်းမှာပဲ ထိုက်ရွှမ်အဘိုးအိုသည် သတိလစ်မေ့မျောသွား ခဲ့ရ၏။ တစ်ဖက်လူများသည်ကြယ်ကိုးပွင့်သံမဏိကျောက်နှင့် ပြုလုပ်ထားသည့် လှောင်အိမ်ထဲတွင် သူ့အား စွန့်ပစ်ထားခဲ့၏။ မထွက်သွားခင် အရင်ဆုံး သော့လေးတော့ ပေးအပ်ထားသင့်သည် မဟုတ်ပါလား။
“စိတ်မပူနဲ့ ဆရာကြီး”
ကျွင်းချောင်ရှောင်းသည် များပြားလွန်းလှသည့် လက်နက်များကို ထုတ်ယူပြီးသည့်နောက် လေးလေးနက်နက် အကြည့်ဖြင့် ပြောလိုက်သည်။ “ကျိန်းသေပေါက် ဒါကြီးကို ပျက်စီးအောင် ဖျက်ပစ်မယ်”
ယနေ့ မှာတော့ ကုန်းရှန့်သည် သူ၏ဆရာကြီးအတွက် လှောင်အိမ်ကြီးအား ဖျက်ဆီးပစ်ရန် ကြိုးစားလျက် ရှိနေတော့သည်။ အမှန်ပင် ရင်ထဲ ထိခိုက်ရလောက်သည့် မြင်ကွင်းမျိုးပင် ဖြစ်နေတော့၏။
ဘုန်း ဘုန်း
ကျွင်းချောင်ရှောင်းသည် ကောင်းကင်နဂါးဓား၊ ကောင်းကင်စတေးခြင်းလှံနှင့် တခြားသော လက်နက်များကို ထုတ်ယူလိုက်၏။ သို့ပေမဲ့မည်သည့်လက်နက်မှသည် အသုံးမဝင်ခဲ့ချေ။ နောက်ဆုံး မီးဖိုးချောင်တွင် ခုတ်လျက်ရှိသည့် ဓားမကြီးကို ယူကာဖြင့် စမ်းသပ်ကြည့်ခဲ့သေး၏။ သို့ပေမဲ့ လှောင်အိမ်ကြီးသည် မည်သို့မှ မချိုးဖြတ်နိုင်သည့် အရာတစ်ခုအဖြစ် တည်ရှိနေသည်။
“ဂိုဏ်းချုပ်”
ဖန်းရီကျိသည် လှောင်အိမ်ကြီးကို သေသေချာချာ လေ့လာပြီးသည့်နောက် လေးလေးနက်နက် အမူအရာဖြင့် ပြောလိုက်၏။ “ဒီအရာကို ပြုလုပ်ထားတဲ့ပစ္စည်းက အရမ်းကို အားကောင်းတယ်။ အလုံးစုံသော စွမ်းအင်တွေမှ မဟုတ်ရင် ချိုးဖြတ်နိုင်ဖို့ဆိုတာ မလွယ်ဘူး။ တစ်ခုတော့ရှိတယ်”
“ဘာတစ်ခုလဲ”
“အသန့်စင်ဆုံး မီးတောက်တွေကို အသုံးပြုပြီး အရည်ဖျော်ပစ်ဖို့ပဲ”
“နားလည်ပြီ”
ကျွင်းချောင်ရှောင်းသည် လက်ဖျောက်တစ်ချက် တီးလိုက်၏။ ပြီးသည့်နောက် မီးစိတ်ဝိညာဉ်သည် လေထုထဲ၌ ပေါ်ပေါက်လာခဲ့သည်။
သူက ပြောလိုက်၏။ “ဒီလှောင်အိမ်ကို အရည်ဖျော်ပစ်လိုက်”
“ဖေဖေ... အထဲမှာရှိနေတဲ့ အဘိုးကြီးကိုလည်း အရည်ဖျော်ပစ်လိုက်ရမှာလား”
“အမ်”
လှောင်အိမ် အရေပျော်သွားသည်ဆိုပါက အထဲတွင်ရှိနေသော ထိုက်ရွှမ်အဘိုးအိုသည်လည်း တစ်ခါတည်း အရည်ပျော်သွားမည်ဖြစ်ကြောင်းကို ကုန်းရှန့်သည် သတိရသွား၏။ ထို့ကြောင့် သူသည် လှမ်းကာ မေးမြန်းလိုက်သည်။ “ဆရာကြီး.. အပူဒဏ်ကို ခံနိုင်ရဲ့လား”
“ချီးတဲ့မှ... ဘယ်သူက ဒီလောက်ပူတဲ့ဒဏ်ကို ခံနိုင်မှာလဲ”
မီးစိတ်ဝိညာဉ်သည် လှောင်အိမ်တစ်ခုလုံးကို အရည်ဖျော်ပစ်နိုင်စွမ်းရှိ၏။ သို့ပေမဲ့ အထဲတွင် ရှိနေသော ထိုက်ရွှမ် အဘိုးအိုပါ တစ်ခါတည်း အရည်ပျော်သွားမှာ ဖြစ်၏။ ခက်ခဲလှသည့် အခြေအနေမို့ ကျွင်းချောင်ရှောင်းသည် ထိုသို့ပြုလုပ်ရန် ငြင်းပယ်လိုက်မိ၏။ “အဘိုးကြီးဖန်း.. တခြားနည်းလမ်းရှိသေးလား”
“မီးတွေကို အသုံးပြုပြီးတော့ အရည်ဖျော်ပစ်တဲ့ နည်းကလွဲရင် သော့ရှာတွေ့ဖို့ နည်းလမ်းတစ်ခုပဲ ရှိတော့တယ်”
“အင်း”
ကျွင်းချောင်ရှောင်းသည် သက်ပြင်းကို ချကာ ပြောလိုက်သည်။ “ဒါဆိုရင် ဆရာကြီး အနေနဲ့ လောလောဆယ် ဒီလှောင်အိမ်ထဲမှာပဲ နေဖို့ ဒုက္ခပေးရတော့မှာပဲ။ သော့ကို ပြန်ရဖို့အတွက် နည်းလမ်း တစ်ခုခုကို ကျုပ် ရှာဖွေပါအုံးမယ်။ တပည့်တို့ နားထောင်ကြ။ လာပြီး မင်းတို့ရဲ့ ဆရာဘိုးဘိုးကို နှုတ်ဆက်ကြ”
ဂိုဏ်းချုပ်၏ ဆရာဆိုသည်မှာ ၎င်းတို့၏ ဆရာဘိုးဘိုးပင် ဖြစ်တော့၏။ ကျွင်းချောင်ရှောင်း၏ ခေါ်ဆိုမှအောက်မှာ တော့ အားလုံးသောသူများသည် ရောက်ရှိလာကာ ကြည့်ရှုလိုက်၏။ သို့ပေမဲ့ ၎င်းတို့၏ ဆရာဘိုးဘိုးသည် လှောင်အိမ်ထဲတွင် တည်ရှိနေပြီး ခေါင်းလေးတစ်ခုတည်းသာ ပေါ်လျက်ရှိ၏။ “နှုတ်ဆက်ပါတယ် ဆရာဘိုးဘိုး”
အတွင်းစည်းနှင့် အပြင်စည်းတပည့်များ အားလုံးသည် ရောက်ရှိလာခဲ့ပြီး ဂါရဝ ပြုခဲ့ကြ၏။ ပြီးသည့်နောက် လက်ရွေးစင်တပည့်များသည်လည်း ရောက်ရှိလာကာ ဂါရဝပြုခဲ့ကြ၏။ ထိုသူများထဲတွင် ရီရှင်းချန်သည် အဆန်းတကြယ်ပင် ဖြစ်လို့နေခဲ့၏။ အထက်နယ်မြေဆီသို့ ပထမဦးဆုံး ရောက်ရှိလာသည့်အချိန်တွင် ထိုက်ရွှမ် အဘိုးအိုအား အဝေးဆီမှ သူမြင်ခဲ့မိ၏။ သူတော်စင်ကဲ့သို့ ထင်ရှားလွန်းလှသည့် အော်ရာများသည် သူ့အား ထိတ်လန့် တုန်လှုပ်စေခဲ့၏။ သို့ပေမဲ့ ဒုတိယအကြိမ် တွေ့သည်အချိန်မှာတော့ ထိုက်ရွှမ်အဘိုးအိုသည် လှောင်အိမ်ထဲ၌ ချုပ်နှောင်ခြင်းကို ခံထားရ၏။ အခြေအနေနှစ်ခုသည် ကွားခြားလွန်းအား ကြီးလှသည်။
“ဆရာကြီး”
ကျွင်းချောင်ရှောင်းသည် အရင်ဆုံး စတင်ကာ မိတ်ဆက်ပေးလိုက်၏။ “ဒါက ရီရှင်းချန်ပါ။ သူက ဆရာကြီး ဖန်တီးထားတဲ့ ထိုက်ရွှမ်ကျမ်းစာကို ရရှိခဲ့တဲ့လူပေါ့။ အချိန်ရလာမယ်ဆိုရင် သူ့ကို ကိုယ်တိုင်ကိုယ်ကျ သင်ပေးသင့်တယ်”
ရီရှင်းချန်သည် ပျော်ရွှင်သွားမိ၏။ ဤလူသည် ထိုက်ရွှမ်ကျမ်းစာကို ဖန်တီးခဲ့သူ တစ်ယောက်ဖြစ်သောကြောင့် သူ၏ကျင့်စဉ်အပေါ် နားလည်မှုသည် ပိုမိုကာ အားကောင်းနေပေလိမ့်မည်။ ထိုကဲ့သို့သောသူမျိုး၏ လမ်းညွှန်ပြသမှုမျိုးကို ရရှိခဲ့မည်ဆိုပါက သူသည် ကြီးမားသည့် အဆင့်ချိုးဖြတ်မှုကို ရရှိနိုင်မှာ သေချာသည်။
ထိုက်ရွှမ်အဘိုးအိုသည် စိတ်မရှည်သလို ပြောလိုက်၏။ “အဲဒီကျင့်စဉ်က အောက်နယ်မြေမှာ သာမန်ထက်ပိုတယ် ဆိုပေမဲ့အထက်နယ်မြေမှာတော့ သာမန်ပဲလေ။ ဘာမှ ထပ်သင်ပေးစရာ မလိုတော့ဘူး”
ရီရှင်းချန် “......”
ထိုက်ရွှမ်ကျမ်းစာသည် အဆင့်နိမ့်နယ်မြေတွင် ဖန်တီးခဲ့ခြင်းဖြစ်၏။ ယခု အထက်နယ်မြေဆီသို့ ရောက်ရှိလာပြီ ဖြစ်သောကြောင့် တန်ဖိုးသည် အကန့်အသတ် ဖြစ်လို့သွားခဲ့သည်။
“ဒါဆိုရင် ထိုက်ရွှမ်အအေးနှလုံးသားကျမ်းစာကကော” လုချင်းချင်းသည် ဝင်ရောက်ကာ မေးမြန်းလိုက်၏။
ထိုက်ရွှမ်အကြီးအကဲသည် သေသေချာချာ ကြည့်ရှုပြီးသည့်နောက် အံ့အားတသင့်ဖြင့် မေးလိုက်သည်။ “ကောင်မလေး... မင်းက ထိုက်ရွှမ်အအေးနှလုံးသား ခန္ဓာကိုယ်ကို ပိုင်ဆိုင်တာလား”
“ဟုတ်ပါတယ်”
“ဒါက ထိုက်ရွှမ်အအေးနှလုံးသား နည်းစနစ်ကို ကျင့်ကြံဖို့အတွက် အပြည့်စုံဆုံး ခန္ဓာကိုယ်တစ်ခုပဲ။ မင်းအနေနဲ့ ရေလိုကြည်လင်တဲ့ နှလုံးသားအဆင့်ကို ရရှိခဲ့ပြီလား”
“မရသေးပါဘူး”
ထိုက်ရွှမ်အဘိုးအိုသည် ကြောင်အသွားမိ၏။ သူမ၌ ကျင့်ကြံခြင်းနည်းစနစ်လည်း တည်ရှိသလို ထိုကျင့်ကြံခြင်း နည်းစနစ်နှင့် လိုက်ဖက်ညီသော ခန္ဓာကိုယ်ကိုလည်း ပိုင်ဆိုင်နေ၏။ သို့ပေမဲ့ ရေလိုကြည်လင်သည့် အဆင့်ဆီသို့ မရောက်ရှိခဲ့ပေ။ ဤအရာမှာ အနည်းငယ် ထူးဆန်းလို့နေ၏။
“ရေလိုကြည်လင်တဲ့အဆင့်ဆိုတာက မင်းရဲ့ ခံစားချက် ခုနှစ်မျိုး၊ အလိုဆန္ဒခြောက်မျိုးတို့ကို ထိန်းချုပ်နိုင်စွမ်းရှိတဲ့ အခြေအနေတစ်ခုကို ပြောတာ။ အဲအဆင့်ကို မရောက်ဘူးဆိုရင် ဖြစ်နိုင်တာ တစ်ခုပဲရှိတော့တယ်”
ထိုက်ရွှမ်အဘိုးအိုသည် အသံပို့လွှတ်ကာ မေးမြန်းလိုက်သည်။ “ကလေး... မင်းသူ့ကို ကြိုက်နေတာလား”
“..........”
လုချင်းချင်းသည် တိတ်ဆိတ်ငြိမ်သက်သွား၏။ ပြီးနောက် အသာလှည့်ကာ ထွက်ခွာသွားတော့သည်။ သူမ၏ နှလုံးသားသည် တစ်ချက်ကလေးမှ မလှုပ်ရှားခဲ့ချေ။
ထိုက်ရွှမ်အဘိုးအိုနှင့် လုချင်းချင်းတို့ အသံပို့လွှတ်ကာ ပြောဆိုနေသည်ကို ကျွင်းချောင်ရှောင်းက မသိချေ။ သို့ပေမဲ့ လုချင်းချင်းတစ်ယောက် ရုတ်တရက်လှည့်ကာ ထွက်ခွာသွားသည်ကို မြင်ရသည့်အချိန်မှာတော့ ကြားဝင်ကာ ဖြေရှင်းပေးလိုက်၏။ “ကျုပ်တပည့်က ရေခဲဓာတ်သဘာဝကို ကျင့်ကြံပြီး နည်းနည်း ကြောင်တောင်တောင်နိုင်တယ်လေ။ ကျေးဇူးပြုပြီး စိတ်ထဲမှာ မထားပါနဲ့”
“မထားပါဘူး”
ထိုက်ရွှမ်အဘိုးအိုက ပြောလိုက်သည်။ “ဒီမိန်းကလေးရဲ့ ခန္ဓာကိုယ်က အထက်နယ်မြေမှာလည်း တကယ့်ကို ကောင်းမွန်တဲ့အရာတစ်ခုပဲ။ ဆရာတစ်ယောက်ယောက်ရဲ့ လမ်းညွှန်ပြသမှုကို ရမယ်ဆိုရင် သူမက အနာဂတ်က ခန့်မှန်းလို့မရအောင် ကြီးမားလိမ့်မယ်”
“အင်း”
ကျွင်းချောင်ရှောင်း၏ စိတ်ဝင်စားမှုများသည် တိုးတက်သွားခဲ့သည်။ ပြီးနောက် ပြောလိုက်၏။ “ချင်းယန်၊ ရှောင်မို လာခဲ့၊ မင်းတို့ရဲ့ ဆရာဘိုးဘိုးကို လာကြည့်ခိုင်းလိုက်”
“ကောင်းပါပြီ” လီချင်းယန်၊ ရှောင်ကျီတို့သည် အရှေ့ဆီသို့ လှမ်းတက်လာပြီး ဂါရဝ ပြုလိုက်ကြသည်။
ထိုက်ရွှမ်အဘိုးအိုသည် လှောင်အိမ်ထဲတွင် တည်ရှိနေသည်ဆိုသော်လည်း တစ်ဖက်လူများ၏ ပင်ကိုယ်ပါရမီကို ကြည့်ရှုရန်တော့ ရရှိနိုင်သေး၏။ သူသည် သေသေချာချာ ပြောဆိုလိုက်၏။ “မင်းရဲ့တပည့်တွေက တကယ့်ကို အလားအလာကောင်းတွေ ပိုင်ဆိုင်တာပဲ။ ဂိုဏ်းကြီးတစ်ခုခုမှာသာ ကျင့်ကြံမယ်ဆိုရင် အနာဂတ်မှာ ကျိန်းသေပေါက် ထွန်းတောက်လာလိမ့်မယ်”
“............”
ကျွင်းချောင်ရှောင်းသည် အနည်းငယ် မပျော်မရွှင်ဖြစ်သွား၏။ ပြိုင်စံရှားဂိုဏ်းသည် ဂိုဏ်းကြီးတစ်ခု မဟုတ်ပေ ဘူးလား။
ပြီးနောက် ရှောင်ကျီနှင့် တခြားသောသူများသည် အရှေ့ဆီသို့ လှမ်းတက်ကာ ဂါရဝပြုလိုက်ကြသည်။
ထိုက်ရွှမ်အဘိုးအိုသည် မည်သို့မှ မနေနိုင်ဘဲ တွေးလိုက်၏။ “သူခေါ်ယူထားတဲ့ တပည့်တွေက တကယ့်ကို လူတော်တွေကြီးပဲ”
ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ ဤဒဏ္ဍာရီလာပုဂ္ဂိုလ်သည် လက်ရွေးစင်တပည့် အနည်းငယ်ကို သဘောကျသည်ဆိုသော်လည်း ကျန်သည့်သူများမှာ သာမန်သာဖြစ်ကြောင်းကို သိရှိ၏။ ဥပမာ အားဖြင့် စုရှောင်မို၊ လီဖေးနှင့် တခြားသောသူများသည် ကျွင်းချောင်ရှောင်း၏ လေ့ကျင့်ပေးမှုအောက်တွင် ယခုကဲ့သို့သော အခြေအနေမျိုးသို့ ရောက်ရှိလာခဲ့ခြင်းသာဖြစ်၏။
ကုန်းရှန့်သည် ဂိုဏ်းချုပ်တစ်ယောက်အဖြစ် အရည်အသွေးမပြည့်ဝသည်ကိုတော့ ငြင်းပယ်၍ မရနိုင်ချေ။ သူ့အနေနှင့် ဖြစ်နိုင်မည်ဆိုပါက တခြားသူများကို တာဝန်များအား လက်လွှဲကာ ချစ်သူနှင့်အတူ လောကထဲသို့ ခရီးသွားလာချင်သည့်လူတစ်ယောက်ဖြစ်၏။ သို့ပေမဲ့ တပည့်များကို ဆက်ဆံသည့်နေရာမှာတော့ တကယ်ပင် ကောင်းမွန်လှသူတစ်ယောက်ဖြစ်၏။ များပြားလှသည့် အရင်းအမြစ်၊ ဆေးလုံးနှင့် လက်နက်ပစ္စည်းများကို ပေးစွမ်းထား၏။ ထိုကဲ့သို့ အနစ်နာခံကာ ဖြန့်ဝေထားမှုကြောင့်ပင်လျှင် ညအင်ပါယာနှင့် ခရမ်းရောင်ဘုရင်ကဲ့သို့ လူသားများပင်လျှင် ဂိုဏ်းနှင့်တစ်သားတည်း ဖြစ်တည်လာခဲ့၏။
ပြိုင်စံရှားဂိုဏ်းသည် အောက်နယ်မြေတွင် အားအကောင်းဆုံးသော ဂိုဏ်းတစ်ခု ဟုတ်လား၊ မဟုတ်လား ဆိုသည်မှာ မသေချာသော်လည်း အထက်နယ်မြေမှာတော့ ဘာအဆင့်မှ မရှိသည့် ဂိုဏ်းတစ်ခုသာ ဖြစ်နေသေး၏။ ကုန်းရှန့်၏ ဦးဆောင်မှုနှင့်အတူ ဂိုဏ်းတစ်ခုလုံးသည် တကယ့်ကို ယဉ်ကျေး၍ နွေးထွေးသည့် ဂိုဏ်းတစ်ခု ဖြစ်နေသည်ဆိုသော်လည်း တခြားသောဂိုဏ်းများနှင့် နှိုင်းယှဉ်ရန်အတွက်တော့ ခက်ခဲလွန်း နေသေး၏။ ပြိုင်စံရှားဂိုဏ်းသည် နွေးထွေးပြီး ပျော်ရွှင်စရာကောင်းသည့် ဂိုဏ်းကြီးတစ်ခုဖြစ်၏။ ဂိုဏ်းချုပ်သည် ပျော်ရွှင် တတ်သည့် လူတစ်ယောက်ဖြစ်သလို တပည့်များသည်လည်း မတူညီသည့် စရိုက်သဘာဝများနှင့် တည်ရှိနေကြသည်။
“ဆရာကြီး... ညစာပြင်ဆင်ပေးဖို့အတွက် စားသောက်ခန်းကို အမိန့်ပေးထားပါတယ်”
“လှောင်အိပ်ထဲမှာ ချုပ်ခံထားရပြီး အပြင်ကို ထွက်လို့မရမှတော့ စားချင်သောက်ချင်စိတ်က ဘယ်လိုရှိမှာလဲ”
“ဆရာကြီး... ဆရာကြီး မသိသေးပါဘူး။ ပြိုင်စံရှားဂိုဏ်းထဲမှာ အရမ်းကို ကောင်းမွန်တဲ့အရာတစ်ခု ရှိနေတယ်။ အဲတာက ပြိုင်စံရှားဂိုဏ်းရဲ့ အစားအသောက်ပဲ”
“ငါလည်း အများကြီး ပြောမနေချင်တော့ဘူး။ ဒီထဲကနေ မြန်မြန်ထွက်လို့ရအောင် သော့မြန်မြန် ရှာပေးတော့”
.............
ညသို့ရောက်ရှိလာခဲ့၏။ ထိုက်ရွှမ်အကြီးအကဲသည် စားသောက်ခန်းထဲသို့ သယ်ဆောင်လာခြင်းကို ခံရ၏။ ပြန်လည်မထွက်ခွာခင်က ခပ်တည်တည် အမူအရာနှင့် ဖြစ်သော်လည်း စားသောက်ခန်းထဲမှ ပြန်လည် ထွက်ခွာ ပြီးသည့်နောက်မှာတော့ ပါးစပ်တွင် ရှိနေသော ဆီများကို အဝတ်နှင့်ပင် မသုတ်ဘဲ လျှာနှင့်ယပ် လျက်ရှိနေတော့ သည်။ “တကယ့်ကို အရသာရှိတာပဲ”
ထိုက်ရွှမ်အဘိုးအိုသည် နဂါးကျောရိုးတောင်ထွတ်ပေါ်ရှိ ကြီးမားလှသော ခြံဝန်းကြီးတစ်ခုထဲတွင် နေရာပေးခြင်း ခံရ၏။ သူ၏လှုပ်ရှားနိုင်မှုသည် အကန့်အသတ်ခံထားသောကြောင့် ကျွင်းချောင်ရှောင်းသည် တပည့်ရှစ်ယောက်ကို အဖော်အဖြစ်ထားခဲ့သည်။ ထို့အပြင် လှောင်အိမ်ကြီးထဲသို့ တုတ်ချောင်းများ ထည့်သွင်းကာဖြင့် ဝေါယာဉ်ကဲ့သို့ပင် တပည့်ရှစ်ယောက်မှ ထမ်းပိုးကာ နေရာရွှေ့ပြောင်းခြင်းကို ပြုလုပ်ကြ၏။
“ဂိုဏ်းချုပ်”
အမဲရောင်နတ်ဆိုးသည် စိုးရိမ်ပူပန်စွာ ပြောလိုက်သည်။ “လင်းဝေအစစ်အမှန်ဂိုဏ်းက ကျိန်းသေပေါက် ဒီကိစ္စကို လက်လွှတ်ပေးမှာ မဟုတ်ဘူး။ စိုးရိမ်ရတာက မကြာခင်မှာ ပြိုင်စံရှားဂိုဏ်းက ကြီးမားတဲ့ ပြဿနာကြီး တက်လိမ့်မယ်နဲ့တူတယ်”
ဘုတ်
ကျွင်းချောင်ရှောင်းသည် အိတ်ကပ်တစ်ခု အရွယ်အစားခန့်ရှိသော ရွက်သင်္ဘောကြီးကို စားပွဲပေါ်သို့တင်ကာ လက်သီးဆုပ်လိုက်၏။ “ထိုက်ရွှမ်အဘိုးအိုကို သူတို့ အနိုင်ယူချင် အနိုင်ယူလို့ ရလိမ့်မယ်။ ဒါပေမဲ့ ကျုပ်ဆရာတုံးကု ကိုတော့ သူတို့ အနိုင်ကျင့်ရဲပါ့မလား”