← Chapters

အပိုင်း (၁၃၉၆)

Vol. 94 Ch. 1396

အပိုင်း (၁၃၉၆)

Vol. 94 Ch. 1396

ကျားလိုလို၊ ကျားသစ်လိုလို အတောင်ပံတစ်ခု ပါရှိသော သတ္တဝါသည် နတ်ဘုရားခရီးနှင်သူ သတ္တဝါဖြစ်ပြီး အကောင်သေးငယ်လှသည်ဆိုသော်လည်း အလွန်ပင် ကြည့်ကောင်းလွန်းလှ၏။ လိပ်နက်သည် တည်ငြိမ် အေးဆေးပုံပေါ်သည်ဆိုသော်လည်း တစ်ဖက်လူများအား လုံခြုံမှုကို ပေးစွမ်းနိုင်သည့် အားကောင်းလှသော အော်ရာများ ထွက်ပေါ်လျက်ရှိ၏။ ရေခဲဖီးနစ်သည် ပိုမို၍ပင် ကောင်းမွန်လွန်းလှ၏။ ရှားပါးလှသော သားရဲများကို ဥဖောက်သည့်နေရာတွင် ကျိန်းသေပေါက် အလှဆုံးဟုပင် ပြောဆိုနိုင်ပေသည်။

သို့ပေမဲ့ ရီရှင်းချန်မှာတော့ ပဋိညာဉ်သားရဲများထဲတွင် ဘာမှန်းမသိသည့် သားရဲကို ရယူခဲ့ခြင်းဖြစ်၏။ ဂိုဏ်းချုပ် သည် သူ့အား ဟက်စကီးကဲ့သို့သော ခွေးကို ပေးအပ်ခဲ့၏။ သူသည် ဆွံ့အလို့ နေ၏။ တခြားသူများကဲ့သို့ ကျားလိုလို၊ ကျားသစ်လိုလို၊ လိပ်လိုလို၊ ဖီးနစ်လိုလိုလည်း မဟုတ်ချေ။ အဘယ်ကြောင့် ခွေးတစ်ကောင်ကို ပေးအပ် ရသနည်း။

“ရှင်းချန်”

ကျွင်းချောင်ရှောင်းက လေးလေးနက်နက် ပြောလိုက်သည်။ “ဒီကောင်လေးကို ကြည့်ရတာ ရူးတူးတူး၊ ပေါတောတော ဆိုပေမယ့် သေသေချာချာ လေ့ကျင့်ပေးနိုင်မယ်ဆိုရင် မင်းကို အရမ်းကောင်းမွန်တဲ့ တိုက်ခိုက်ရေး စွမ်းအင်တွေ ထောက်ပံ့ပေးနိုင်လိမ့်မယ်”

ပန်းဟူသားရဲသည် ဟတ်စကီးခွေးတစ်ကောင်၏ ပုံစံမျိုး အဘယ်ကြောင့်ဖြစ်တည်နေသည်ကို သူမသိချေ။ သို့ပေမဲ့ မိတ်ဆက်အရဆိုလျှင် ဤသားရဲသည် အရွယ်ရောက်သည့်အချိန်၌ ကြမ်းတမ်းလွန်းလှသော တိုက်ခိုက်ရေး စွမ်းအင်ကို ထောက်ပံ့ပေးနိုင်၏။ ထို့ကြောင့် အဓိက တိုက်ခိုက်သူဟူသော ရီရှင်းချန်နှင့် လိုက်ဖက်ညီသော သတ္တဝါပင် ဖြစ်သည်။

“ဂိုဏ်းချုပ်”

အားညိုက ပြောလိုက်၏။ “နောက်တစ်ကောင်လောက် ထပ်ပြီး ယူလို့ရလား။ အနည်းဆုံး ဝံပုလွေ လောက်ဆိုရင်လည်း အဆင်ပြေပါတယ်”

“မရဘူး”

ကျွင်းချောင်ရှောင်းသည် ရီရှင်းချန်၏ ပခုံးကို အသာပုတ်ကာ ပြောလိုက်သည်။ “ဒါကိုပဲ အရင်ဆုံး ယူထားလိုက်တော့။ ပြီးနောက် မင်းဆီမှာ သိမ်းငှက်လည်း ရှိသေးတယ် မဟုတ်လား”

...........

ရီရှင်းချန်သည် အစစ်အမှန်တရားကို လက်ခံလိုက်ရတော့၏။ ထို့ကြောင့် သူသည် ပန်းဟူသားရဲကို ခေါ်ဆောင်ကာ သူ၏ အိပ်ဆောင်ဆီသို့ ပြန်လာခဲ့လိုက်၏။ သို့ပေမဲ့ ဤအကောင်လေးနှင့် ပဋိညာဉ်ရေးထိုးပြီးသည့်နောက် သူ၏ အားအင်အဆင့်သည် အနည်းငယ် တိုးတက်သွားသည်ကို ခံစားပြီးသည့်နောက် စိတ်သက်ရာရသလို ပြောလိုက်၏။ “အံ့အားသင့်စရာပါပဲ”

...............

“ငါ့ဆီမှာ လုံလောက်တဲ့ ငွေကြေးတွေ ရှိမယ်ဆိုရင် လီဖေးနဲ့ ဟယ်ဝူတီတို့ကိုလည်း ပဋိညာဉ်သားရဲ တစ်ကောင်စီ ပေးလို့ရတယ်” ကျွင်းချောင်ရှောင်းသည် ဆေးဥယျာဉ်ဆီသို့ သွားရာလမ်းမှာတော့ စဉ်းစားလျက်ရှိသည်။

………..

အပြင်ဘက်

ရေခဲဖီးနစ်ဥကြီး သားဖောက်ခံလိုက်ရသည့်အချိန်တွင် ကောင်းကင်ယံထက်တွင် ပျံသန်းလျက်ရှိနေသည့် အလွန် လှပပြီး အေးစက်လွန်းသည့် အမျိုးသမီးတစ်ဒါဇင်ကျော်တို့သည် ရုတ်တရက် ရပ်တန့်လိုက်၏။ ၎င်းတို့ထဲမှ တစ်ယောက်က ထအော်လိုက်၏။ “အစ်မကြီး... နှစ်ပေါင်းတစ်ထောင်ကျော် ရေခဲလှိုဏ်ဂူထဲမှ ထိန်းသိမ်းထားခဲ့တဲ့ ဥကြီးက နောက်ဆုံးတော့ သားပေါက်ခဲ့ပြီ”

“ချီး”

အဖွဲ့ထဲမှ ခေါင်းဆောင်သည် ဒေါသတကြီးဖြင့် ပြောလိုက်သည်။ “သောက်သူခိုး... ငါတို့ တန်ဖိုးတကြီး ထားထားတဲ့အရာကို ခိုးပြီးတော့ သားဖောက်ခဲ့တာပဲ။ တည်နေရာကို အတည်ပြုနိုင်ပြီလား”

“ဥကြီး သားဖောက်တဲ့အချိန်မှာ အော်ရာတွေက ထွက်ခဲ့တယ်။ ဒါပေမဲ့ ဘာမှန်းမသိတဲ့ စွမ်းအင်ရဲ့ ဖိနှိပ်ခြင်းကို ခံခဲ့ရတယ်။ ဒါကြောင့် တည်နေရာကိုတော့ အတိအကျ မသိနိုင်ဘူး”

“ဒါဆိုရင် ရှာကြတော့”

ဝှစ် ဝှစ်

အမျိုးသမီးများသည် အလင်းတန်းများအဖြစ် ပြောင်းလဲပြီး အရှိန်မြှင့်တင်ကာဖြင့် ဆက်လက် ရှာဖွေတော့၏။ ၎င်းတို့သည် ရေခဲဖီးနစ်ကလန်ဆီမှ အဖွဲ့သားများဖြစ်၏။ ဤတစ်ကြိမ်တွင် ၎င်းတို့သည် ပျောက်ဆုံးလျက် ရှိနေသည့် ရေခဲဖီးနစ်ဥကြီးကို ရှာဖွေရန် အထက်နယ်မြေတစ်ခွင်ကို လှည့်လည်လျက် ရှိနေကြသည်။

တစ်ချိန်တည်းမှာပဲ တခြားသော တည်နေရာထဲတွင် ရှိနေသော နတ်ဘုရားခရီးနှင်သူ ကလန်အဖွဲ့သားများသည် လည်း ကျောဘက်တွင်ရှိနေသော အတောင်များကို လှုပ်ရှားကာ အမြန်ဆုံး ပျံသန်းလျက်ရှိ၏။ ၎င်းတို့၏ မျက်လုံး ထဲတွင် ဒေါသတရားများသည် ထွန်းတောက်နေခဲ့တော့၏။ ခိုးယူခံရခဲ့သော နတ်ဘုရားခရီးနှင်သူ သားရဲသည် ဥပေါက်သွားခဲ့၏။ ထို့ကြောင့်ပင် သူတို့ ရူးသွပ်တော့မလို ဖြစ်နေမိကြ၏။

လိပ်နက်ကလန်နှင့် ပန်းဟူကလန်မှ စွမ်းအားမြင့် ကျင့်ကြံသူများသည်လည်း ရှာဖွေလျက် ရှိနေ၏။ အချက်အလက်အားဖြင့် ၎င်းတို့ကလန်များထဲတွင် သားဖောက်မည့်ဥများသည် ပျောက်လေ့ပျောက်ထ မရှိပေ။ ထို့အပြင်လက်ရှိ သူတို့ ခိုးယူခံလိုက်ရသည့် သားရဲဥများသည် အလွန်အရေးကြီးသော လက်ရွေးစင်သားရဲဥများဖြစ်ပြီး တချို့ဆိုလျှင် ကလန်၏ ဆက်ခံသူအဖြစ် ရည်မှန်းထားခဲ့သည့် ဥများပင် ဖြစ်သည်။

ဥပမာအားဖြင့် ရေခဲဖီးနစ်ကလန်၏ ဥဆိုလျှင် ကလန်တစ်ခုလုံး၏ အားအင်အဆင့်ကို အသုံးပြုကာဖြင့် ပျိုးထောင် ခဲ့ရသည့် ဥတစ်ခုဖြစ်၏။ ကလန်၏ နောက်ထပ်ဂိုဏ်းချုပ်တစ်ယောက်အဖြစ်ပင် ရည်မှန်း ထားခဲ့၏။ အဆုံးသတ်မှာတော့ မွေးပင် မမွေးရသေးဘဲ တခြားသူ၏ ခိုးယူခြင်းကို ခံခဲ့ရ၏။ ဤကဲ့သို့သော ကိစ္စကို မည်သူက သည်းခံနိုင်မည်နည်း။ ထို့ကြောင့်ပင်လျှင် မွန်းစတား သားရဲလောကကြီးတစ်ခုလုံးသည် ဇောက်ထိုးမိုးမျှော်ပင် ဖြစ်လျက် ရှိနေ၏။

အထက်နယ်မြေတစ်ခုလုံး ပြောင်းပြန်လန်သွားမည်ဆိုလျှင်တောင်မှ သူတို့သည် သူတို့၏ အနာဂတ် ဆက်ခံသူနှင့် လက်ရွေးစင်သားရဲများကို ရှာဖွေနိုင်ရန် ကြိုးစားရပေလိမ့်မည်။

ထို့အပြင် အထက်နယ်မြေတွင် ရှိသော တခြားသော အဓိက မျိုးနွယ်များသည်လည်း ဥများ ပျောက်ဆုံးခဲ့၏။ သို့ပေမဲ့ ထိုဥများသည် သားမပေါက်သေးသောကြောင့် မည်သည့်နေရာတွင် သားပေါက်ခဲ့သည်ဖြစ်ကြောင်းကို တိတိကျကျ ပြောဆိုရန်တော့ ခက်ခဲနေ၏။

..................

သူတို့၏သားပေါက်လာသော သားရဲများကို ရှာဖွေရန်သင့်တော်သော အထူးလျှို့ဝှက်နည်းလမ်းများ ၎င်းတို့တွင် တည်ရှိ၏။ သို့ပေမဲ့သူတို့သည် ပြိုင်စံရှားဂိုဏ်းဆီသို့ ရောက်ရှိမလာခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ပြိုင်စံရှားဂိုဏ်းသည် ခရမ်းရောင်ကြယ်အစီအရင်ကြီးကို နှစ်ဆယ့်လေးနာရီလုံး အသက်သွင်းထားခဲ့သောကြောင့် လျှို့ဝှက်အချက်ပြသည့်အရာများသည် အပြင်သို့ မထွက်နိုင်ခဲ့ချေ။ ထို့ကြောင့် သားရဲကလန်များသည် မသိရှိခြင်းပင်။

ပြောရမည်ဆိုလျှင် ကျွင်းချောင်ရှောင်း အနေနှင့် အစီအရင်ကို ဖယ်ရှားလိုက်သည်နှင့် အထဲတွင်ရှိသော အချက်ပြမှု များသည် ပျံသန်းထွက်ခွာကာဖြင့် ၎င်းတို့၏ သက်ဆိုင်ရာ မျိုးနွယ်များဆီသို့ အချက်ပြမှာ သေချာ၏။ ထိုသို့ဆိုလျှင် အားလုံးသောသူများသည် အင်မော်တယ်တောင်တန်းဆီသို့ လာရောက်ကာ ဝိုင်းပိတ်တော့မှာ သေချာသည်။

ဟုတ်ပေမည်။ သိရှိသွားနိုင်သည့် တခြားသော အကြောင်းအရာများလည်း တည်ရှိနေသေးသည်။ ထိုအရာမှာ...

လီချင်းယန်သည် အဓိက ဟောခန်းဆီသို့ လျှောက်ဝင်လာပြီး မေးလိုက်၏။ “ဂိုဏ်းချုပ်... တပည့်အနေနဲ့ ပဋိညာဉ် သားရဲကိုခေါ်ပြီး အပြင်ဘက်မှာ သွားလေ့ကျင့်လို့ ရနိုင်လား”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “လင်းဝေအစစ်အမှန်ဂိုဏ်းက မကြာခင်မှာ လာပြီး ပြဿနာ ရှာတော့မယ်။ အချိန်ကာလ တစ်ခုအထိ အပြင်ကို မထွက်တာ ပိုပြီးကောင်းလိမ့်မယ်”

“ဟုတ်ကဲ့ပါ” လီချင်းယန်သည် တည်ငြိမ်စွာဖြင့် ပြန်လည် ပြောဆိုလိုက်၏။

ပြီးသည့်နောက် ကျွင်းချောင်ရှောင်း သည် သတိအပြည့်နှင့် ဖြစ်သွား၏။ ထို့ကြောင့် တပည့်များအားလုံးကို ခေါ်ယူကာ အချိန်အတိုင်းအတာ တစ်ခု အတွင်း အပြင်ဘက်သို့ မထွက်ရန် အမိန့်ပေးလိုက်သည်။

ကြိုတင်ပြင်ဆင်ထားမှုသည် မှန်ကန်သည်ဟု ဆိုရမည်။ အဘယ်ကြောင့်ဆိုသော် လင်းဝေ အစစ်အမှန်ဂိုဏ်းသည် သူတို့ဆီသို့ လာရာလမ်းတွင် ရောက်ရှိနေသောကြောင့်ပင်။ စိတ်ဝိညာဉ်ကျောက်တုံး သန်းတစ်ထောင်ကျော် ပါဝင်သည့် ကိစ္စရပ်ကြီး ဖြစ်သည်မို့ ပမာဏသည် သေးငယ်မနေချေ။ ထို့ကြောင့်ပင်လျှင် ဂိုဏ်းချုပ်ကိုယ်တိုင် လူများကို ခေါ်ဆောင်ကာ ရောက်ရှိလာခဲ့၏။ ထို့အပြင် အမြူတေအသွင်ပြောင်းခြင်း စွမ်းအားမြင့် ကျင့်ကြံသူ ဆယ်ယောက်ကျော်တို့သည်လည်း လိုက်ပါလာကြ၏။

ဆွစ် ဆွစ် ……။

ကောင်းကင်ပေါ်မှာတော့ လင်းဝေ အစစ်အမှန်ဂိုဏ်းဆီမှ များပြားလှသော ကျွမ်းကျင်သူများသည် အလွန် လျင်မြန်စွာဖြင့် ပျံသန်းလျက် ရှိနေ၏။ ထို့ကြောင့် တခြားသော ဂိုဏ်းနှင့် လွတ်လပ်သော ကျင့်ကြံသူများကို သတိပြုမိစေခဲ့၏။

“ဘာတွေဖြစ်နေတာလဲ”

“အရှေ့ဆုံးက ပျံသန်းသွားတဲ့လူက လင်းဝေအစစ်အမှန်ဂိုဏ်းရဲ့ ဂိုဏ်းချုပ် မဟုတ်လား”

“ကြည့်ရတာ အင်မော်တယ်တောင်ဆီကို ဦးတည်နေတာပဲ ဖြစ်ရမယ်”

“မကြာသေးခင်က သတင်းတစ်ခု ကြားခဲ့သေးတယ်။ လင်းဝေအစစ်အမှန်ဂိုဏ်းရဲ့ ပဉ္စမအကြီးအကဲက ပြိုင်စံရှား ဂိုဏ်းဆီကို လူတွေခေါ်ပြီး လာခဲ့တယ်လေ။ နောက်ဆုံးတော့ ခွေးပြေးဝက်ပြေး ပြေးသွားရတယ်တဲ့”

“ဖြစ်နိုင်တာက လင်းဝေအစစ်အမှန်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကိုယ်တိုင် သွားပြီး ပြဿနာ ရှာတော့မယ်နဲ့တူတယ်”

“သွားကြစို့၊ သွားကြစို့။ ငါတို့ ပွဲကြည့်ရအောင်”

ဝှစ် ဝှစ် ဝှစ်

လင်းဝေအစစ်အမှန်ဂိုဏ်းသည် အလွန်ကြီးမြတ်လှသည့် ဟန်ပန်အမူအရာမျိုးနှင့် ပျံသန်းရောက်ရှိလာခဲ့ခြင်း ဖြစ်၏။ ထို့ကြောင့် တခြားသော သိုင်းကျင့်ကြံသူများအားလုံး၏ အာရုံကို ဆွဲဆောင်စေခဲ့တော့၏။ မကြာခင်မှာပဲ အင်မော်တယ်တောင်တန်းတဝိုက်တွင် သိုင်းကျင့်ကြံသူများသည် ဓားပျံများဖြင့် ရောက်ရှိလာကာ ပွဲကြည့်ရန် စီစဉ် ကြတော့၏။

တိမ်များ၊ မြူများ ရစ်သိုင်းလျက်ရှိနေသည့် တောင်တစ်ခု၏ အပေါ်မှာတော့ ကြီးမြတ်သူတုံးကုသည် သူ၏ မျက်လုံးကို ရုတ်တရက်ဖွင့်လိုက်၏။ ပြီးနောက် လေးနက်တည်ကြည်စွာ ပြောလိုက်သည်။ “ငါ အခုမှ ခေါ်ယူ ထားတဲ့ တပည့်က ပြဿနာအကြီးကြီး တက်နေပြီပဲ”

ဆွစ်

ပြောပြီးပြီးချင်းမှာပဲ သူသည် တည်နေရာမှ ပျောက်ကွယ်သွားခဲ့၏။

.................

“ဂိုဏ်းချုပ်”

အမဲရောင်နတ်ဆိုးသည် သတင်းပို့လွှတ်လိုက်သည်။ “လင်းဝေ အစစ်အမှန်ဂိုဏ်းကလူတွေ ရောက်လာပြီ”

“အမ်”

ကျင့်ကြံလျက်ရှိနေသည့် ကျွင်းချောင်ရှောင်းသည် မျက်လုံးကိုဖွင့်ကာ တီးတိုးရေရွတ်လိုက်၏။ “ထင်မှတ်ထားတဲ့ အတိုင်းပဲကိုး။ သူတို့က အလျော့မပေးသေးဘူးဘဲ”

အင်္ကျီကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြင်ဆင်ပြီးသည့်နောက် သူသည် နဂါးဦးခေါင်းတောင်ထွတ်မှ လှမ်းလျှောက်ထွက်လိုက်၏။ အဓိကဟောခန်းမှ အပြင်ဘက်သို့ ရောက်ရှိချင်းချင်းမှာပဲ များပြားလှသော အလင်းတန်းများသည် အင်မော်တယ်တောင်၏ အပြင်ဘက်ဆီသို့ ရောက်ရှိနေကြောင်း သိရှိလိုက်၏။ ထို့နောက် သူသည် လေထဲသို့ ခုန်တက်လိုက်သည်။

“အမ်”

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “လူတွေ တော်တော် များတာပဲ”

“ခင်ဗျားက ပြိုင်စံရှားဂိုဏ်းရဲ့ ဂိုဏ်းချုပ် မဟုတ်လား။ ကျုပ်က လင်းဝေအစစ်အမှန်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပါ” ထိုသူသည် အေးစက်စက် ပြောလိုက်၏။

“အမှန်ပါပဲ”

ကျွင်းချောင်ရှောင်းသည် လက်နှစ်ဖက်ကို နောက်သို့ပစ်ကာ ပြောလိုက်သည်။ “ခင်ဗျားက”

“လင်းဝေအစစ်အမှန်ဂိုဏ်းရဲ့ ဂိုဏ်းချုပ် မိုင်ရှန်ပါ” မိုင်ရှန်သည် ထူးမခြားနားသလို ပြောလိုက်၏။

“ဪ ဒီလောက်ကြည့်ကောင်းနေတာ အံ့အားသင့်စရာ မဟုတ်တော့ဘူးပဲ။ ခင်ဗျားက အစစ်အမှန်ဂိုဏ်းတစ်ခုရဲ့ ဂိုဏ်းချုပ် ဖြစ်နေတာကိုး”

ကျွင်းချောင်ရှောင်းသည် လက်သီးကို ဆုပ်ကာ ပြောလိုက်၏။ “မရိုမသေ ပြုမူမိတဲ့အတွက် တောင်းပန်ပါတယ်”

ဆွစ် ဆွစ်

ထိုအချိန်မှာပဲ ပွဲကြည့်ရန် ရောက်ရှိလာကြသည့် များပြားလှသော အမြူတေပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူများ သည် တည်နေရာအနှံ့ဆီသို့ ရောက်ရှိလာကြ၏။ သူတို့သည် ပွဲကြည့်ရန် ပြင်ဆင်လိုက်ကြသည်။ တချို့ဆိုလျှင် နေကြာစေ့၊ ကွာစေ့များကို ထုတ်ကာ အဆင်သင့် ပြင်ဆင်ထားကြသည်။

မိုင်ရှန်သည် အေးစက်စက်ဖြင့် ပြောလိုက်၏။ “ဂိုဏ်းချုပ်ကျွင်းက အနည်းဆုံး စိတ်ဝိညာဉ်ကျောက်တုံး သန်းတစ်ထောင်လောက် ပါဝင်တဲ့ ကျုပ်တို့ဂိုဏ်းရဲ့ မိုင်းတွင်းကြီးကို လုယူသွားခဲ့တယ်လေ။ ဒီတော့ ရှင်းပြချက် ပေးသင့်တယ်လို့ မထင်ဘူးလား”

“ချီးတဲ့မှ”

လာကြည့်ကြသူများအားလုံးသည် မျက်လုံးပြူးသွားမိကြ၏။ စိတ်ဝိညာဉ်ကျောက်တုံး သန်းတစ်ထောင် ကျော်ရှိသော စိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်းသည် အလယ်အလတ်တန်းစား စိတ်ဝိညာဉ်ကျောက်တုံး မိုင်းတွင်းဟု သုံးသပ်၍ရ၏။ ဤဂိုဏ်းသည် ယခုမှ အထက်နယ်မြေဆီသို့ ရောက်ရှိလာခဲ့သော်လည်း လင်းဝေ အစစ်အမှန်ဂိုဏ်းကဲ့သို့ ဂိုဏ်း၏ လက်ထဲမှပင် မိုင်းတွင်းကို လုယူရဲနေ၏။ ထို့ကြောင့် တစ်ဖက်၏ ဂိုဏ်းချုပ်သည် လူပေါင်းများစွာကို ခေါ်ဆောင်ကာ လာရောက်ခဲ့ခြင်းမှာ အံ့အားသင့်စရာတော့ မဟုတ်တော့ချေ။

“ဟား ဟား ဟား”

ကျွင်းချောင်ရှောင်းသည် ကျယ်လောင်စွာ ရယ်မောလိုက်တော့၏။ “သဘာဝ ရတနာတွေ ဆိုတာက ကံကြမ္မာရေစက်ပါတဲ့လူတိုင်းက ရရှိနိုင်တာပဲလေ။ ကျုပ်တို့ ပြိုင်စံရှားဂိုဏ်းက တူးထုတ်သွားပြီးတဲ့ နောက်မှာ ဘာလို့ ခင်ဗျားတို့ကို ရှင်းလင်းချက် ပေးရမှာလဲ။ ပြီးတော့ လောကရဲ့ တည်နေရာအနှံ့မှာ စိတ်ဝိညာဉ် ကျောက်တုံး မိုင်းတွင်း တည်ရှိနေတယ် မဟုတ်လား။ ဒီတော့ စိတ်ဝိညာဉ်ကျောက်တုံး မိုင်းတွင်း တည်ရှိနေတဲ့ နေရာတိုင်းကို သွားပြီးတော့ ကျုပ်တို့မိုင်းတွင်းပါ။ ပြန်ပေးပါဆိုပြီးတော့ လိုက်ပြီး တောင်းလေ့တောင်းထ ရှိလို့လား”

မိုင်ရှန်၏ မျက်နှာအမူအရာတစ်ခုလုံးသည် မဲမှောင်သွားခဲ့၏။ သူသည် အစစ်အမှန်ဂိုဏ်းတစ်ခု၏ ဂိုဏ်းချုပ်တစ်ယောက်ဖြစ်ပြီး လူကိုယ်တိုင်လာရောက်ကာ ပြောဆိုနေခြင်းဖြစ်၏။ သို့ပေမဲ့ တစ်ဖက်လူသည် စိတ်ဝိညာဉ်ကျောက်တုံးများကို ပြန်လည် ပေးအပ်ရန် ရည်ရွယ်ချက်ရှိပုံ မပေါ်ပေ။

“အမှိုက်”

မိုင်ရှန်က အေးစက်စက် ပြောလိုက်၏။ “အထက်နယ်မြေကို ရောက်ရောက်ချင်း လုပ်ချင်တာ လုပ်နိုင်တယ်ဆိုတာ ထိုက်ရွှမ်အဘိုးအိုရဲ့ ထောက်ပံ့မှုကို ရနေလို့လား”

“..........”

လှောင်အိမ်ထဲတွင် ချုပ်နှောင်ခြင်းကို ခံထားရသည့် ထိုက်ရွှမ်အဘိုးအိုသည် နဝေတိမ်တောင်နှင့် ဖြစ်မိနေ၏။ “ငါ ဒီကောင့်ကို ဘာတွေများ ထောက်ပံ့ပေးထားလို့လဲ”

“စဉ်းစားဖို့ ဆယ့်ငါးမိနစ်ပေးမယ်။ တကယ်လို့ လုယူသွားတဲ့ စိတ်ဝိညာဉ်ကျောက်တုံးတွေ ပြန်မပေးဘူးဆိုရင် ပြိုင်စံရှားဂိုဏ်းက အထက်နယ်မြေကနေ ဖယ်ရှားခြင်းကို ခံရမယ်” မိုင်ရှန်သည် ထူးမခြားနားသလို ပြောလိုက်သည်။

ဝှစ် ဝှစ် ဝှစ် …….။

အမြူတေ အသွင်ပြောင်းခြင်းအဆင့် စွမ်းအားမြင့် ကျင့်ကြံသူ ဆယ်ယောက်တို့သည် တချိန်တည်းမှာပဲ ၎င်းတို့၏ ကျင့်ကြံခြင်းအဆင့်ကို ထုတ်ဖော်ကာ အင်မော်တယ်တောင်ကြီး တစ်ခုလုံးကို ဖိအားများ ပေးတော့သည်။ ယခင်က ပျောက်ကွယ်လျက်ရှိသည့် ခရမ်းရောင်ကြယ်အစီအရင်ကြီးသည် ချက်ချင်းပဲ ပေါ်လာတော့သည်။

စနစ်က ပြောလိုက်သည်။ “သူတို့က အရမ်း အားကောင်းလွန်းတယ်။ ဒီအစီအရင်ကြီးက ကြာရှည်မခံနိုင်မှာ စိုးရတယ်”

ကျွတ်

ကျွင်းချောင်ရှောင်းက နှာခေါင်းရှုံ့လိုက်၏။ ပြီးနောက် ရှောင်ကျီပြင်ဆင်ပေးသည့် ထိုင်ခုံပေါ်တွင် အသာ ထိုင်ကာဖြင့် ရှေးရွက်သင်္ဘောကြီးကို အမှတ်မထင် ထုတ်လိုက်သည်။ ပြီးနောက် ပြောလိုက်သည်။ “ခင်ဗျားတို့က ကျုပ်ကို သာမန်လူတစ်ယောက်လို့ ထင်နေတာကိုး။ ပြောရမယ်ဆိုရင် ဒါကြောင့်လည်း ကျုပ်ကို လာပြီး အနိုင်ကျင့်ကြတာပေါ့။ ကျုပ်က သာမန်လူတစ်ယောက်လို ဟန်ဆောင်မနေတာ့ဘူး။ ကျုပ်ရဲ့ ဝှက်ဖဲကို စားပွဲပေါ်ကို တင်ထားလိုက်ပြီ”

လင်းဝေအစစ်အမှန်ဂိုဏ်းမှ ကျွမ်းကျင်သူများသည် တစ်ဖက်လူ ကိုင်ဆောင်ထားသည့် သေးသွယ်ပြီး လက်ရာမြောက်လှသည့် ရွက်သင်္ဘောလေးတစ်စင်းကို မြင်ရသည့်အချိန်မှာတော့ အထင်အမြင်သေးစွာ ပြုံးလိုက်ကြသည်။ သို့ပေမဲ့ ထိုအရာပေါ်တွင် ရှိနေသည့် ရှေးရွက်သင်္ဘောဆိုသည့် စာတမ်းကို မြင်ရသည့်အချိန်မှာတော့ ရုတ်တရက် ၎င်းတို့၏ မျက်နှာပေါ်ရှိ ကြွက်သားများသည် အေးခဲသွား၏။

ဆွစ်

ကျွင်းချောင်ရှောင်းသည် ရုတ်တရက် မတ်တပ်ထရပ်လိုက်၏။ ပြီးသည့်နောက် စားပွဲပေါ်သို့ ခြေတစ်ဖက်တင်ကာ ခေါင်းကိုမော့၍ ပြောဆိုလိုက်သည်။ “အမှန်ပဲ။ ကျုပ်က ကြီးမြတ်သူတုံးကုရဲ့ ပါရမီရှိပြီး ရိုးသား လိမ်မာလွန်းလှတဲ့ တပည့်ပဲ”

ဝှစ် ဝှစ် ဝှစ်

အမဲရောင်ဆံနွယ်နှင့် အဝတ်များသည် လေထဲတွင် လွင့်မျောလျက် ရှိနေ၏။ စုရှောင်မိုနှင့် ရှောင်ကျီတို့သည် ဘေးတစ်ဖက်ဆီမှနေ၍ ယပ်တောင်ကို ခပ်ပြင်းပြင်းခတ်လျက် ရှိနေ၏။ ဂိုဏ်းချုပ်သည် ၎င်း၏ဂိုဏ်းချုပ် အော်ရာများကို အဆုံးစွန်အထိ ထုတ်ဖော်လျက် ရှိနေ၏။

“ချီးတဲ့မှ... ဒီကောင်က ကြီးမြတ်သူ တုံးကုရဲ့ တပည့်ကိုး”

“တကယ့် သတင်းကြီးပဲ” ကြည့်ရှုနေကြသူများ အားလုံးသည် ကြီးမြတ်သူတုံးကုသည် မည်သူဖြစ်ကြောင်းကို ကောင်းကောင်းသိကြ၏။ ဤရွက်သင်္ဘောကို ပိုင်ဆိုင်သူသည် ၎င်း၏ တိုက်ရိုက်တပည့်ဖြစ်ကြောင်း ကြီးမြတ်သူ တုံးကုက ပြောခဲ့ဖူး၏။

ဆွံ့အမှု၊ ထိတ်လန့်မှု၊ တွေဝေမှုများအားလုံးသည် ပတ်ဝန်းကျင်ရှိ လူများအားလုံး၏ မျက်နှာပေါ်တွင် ပေါ်ပေါက်လာခဲ့၏။ ကျွင်းချောင်ရှောင်းသည် ရှေးရွက်သင်္ဘောကြီးကို ထုတ်လာလိမ့်မည်ဟု မိုင်ရှန်က မထင်ခဲ့ချေ။ သို့ပေမဲ့ အတွေ့အကြုံ ရင့်ကျက်လှသော ဂိုဏ်းချုပ်တစ်ယောက် ဖြစ်သည်မို့ သူသည် နှာခေါင်းကို ရှုံ့ကာ ပြောလိုက်မိ၏။ “စီနီယာတုံးကိုရဲ့ သင်္ဘောကြီးက အောက်နယ်မြေရဲ့ ဂြိုဟ်တိုက်ပွဲ တည်နေရာကြီးထဲမှ ထားထားတာလေ။ ဘယ်လိုဖြစ်ပြီး မင်းက ရလာတာလဲ။ ကျုပ်အထင်အရဆိုရင် မင်းဟာက အတုကြီးပဲ ဖြစ်ရမယ်”

ဟောခန်း၏ အရှေ့တွင် ရှိနေသော ဖြူမဲညီနောင်တို့မှာတော့ ခေါင်းကိုသာ ခါယမ်းလိုက်မိ၏။ အစီအရင်ကြောင့် ရှေးရွက်သင်္ဘောကြီးဆီမှ ထွက်ပေါ်လာသည့် အားကောင်းလွန်းလှသော အော်ရာများသည် တားဆီးခြင်းကို ခံထားရ၏။ ထို့ကြောင့်ပင် တစ်ဖက်လူများသည် အတုဟုသာ ထင်မှတ်နေကြခြင်း ဖြစ်ပေလိမ့်မည်။

“ကောင်လေး”

လင်းဝေ အစစ်အမှန်ဂိုဏ်းက အကြီးအကဲက အေးစက်စက် ပြောလိုက်သည်။ “မင်း တကယ့်ကို သတ္တိရှိတာပဲ။ စီနီယာတုံးကုရဲ့ တပည့်အဖြစ် ဟန်ဆောင်ရဲတယ် ဟုတ်လား”

“........”

ကျွင်းချောင်ရှောင်းသည် စိတ်ဓာတ်ကျသွားမိ၏။ အတိတ်တုန်းကသာဆိုလျှင် ရှက်လျှင် ရှက်မိပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သူသည် ဟန်ဆောင်နေခြင်းကြောင့် ဖြစ်၏။ သို့ပေမဲ့ လက်ရှိ အချိန်မှာတော့ သူသည် စီနီယာတုံးကုနှင့် တွေ့ဆုံခဲ့ပြီး တပည့်အဖြစ် အသိအမှတ်ပြုခံရပြီးဖြစ်၏။ အဘယ်ကြောင့် တစ်ဖက်လူများသည် သူ့အား မယုံကြည်ရသနည်း။

စနစ်က ပြောလိုက်သည်။ “ဒါဆိုရင် အစီအရင်ကို ခဏဖယ်လိုက်။ သူတို့ကို အော်ရာတွေ ပေးပြီး အာရုံခံခိုင်း လိုက်ကွာ။ ရှေးရွက်သင်္ဘောကြီးက အစစ် ဟုတ်လား။ မဟုတ်ဘူးလား သူတို့ သိသွားလိမ့်မယ်”

“ဒီတစ်နည်းပဲ ရှိတော့တယ်” ကျွင်းချောင်ရှောင်း အနေဖြင့် တစ်ဖက်လူများနှင့် ငြင်းခုံ၍ အချိန်မဖြုန်းချင်ပေ။ ကြီးမြတ်သူ တုံးကု၏ ရတနာပစ္စည်းဖြစ်ကြောင်း သက်သေပြနိုင်ရန် ထိုရတနာဆီမှ ထွက်ပေါ်နေသည့် အော်ရာများကို ခံစားစေရန် စီစဉ်လိုက်တော့၏။

ဤကဲ့သို့ အစီအရင်ကို ဖွင့်လှစ်လိုက်သည်နှင့် အထဲတွင် သားပေါက်ထားသော သားရဲများ၏ အချက်ပြမှုသည် များပြားလှသော သားရဲမျိုးနွယ်များဆီသို့ ရောက်ရှိသွား တော့မှာ ဖြစ်သည်။

ဟူး

ကျွင်းချောင်ရှောင်းသည် သက်ပြင်းရှည်ကြီးကို ချလိုက်တော့သည်။ သို့ပေမဲ့ သူ့အနေနှင့် ခရမ်းရောင်ကြယ် အစီအရင်ကြီးကို ဖယ်ရှားရန် ပြင်လိုက်သည့် အချိန်မှာပဲ ကောင်းကင်ယံထက်တွင် ရုတ်တရက် အားကောင်း လှသော အော်ရာများ ဖြစ်တည်လာခဲ့၏။

ဝှစ် ဝှစ်

တစ်ချိန်တည်းမှာပဲ ထိုဆန်းကြယ်ပြီး အံ့အားသင့်ဖွယ် ကောင်းလှသည့် အော်ရာများသည် အင်မော်တယ် တောင်ကြီး တစ်ခုလုံးကို လွှမ်းခြုံသွားသည်။

ကျွင်းချောင်ရှောင်းသည် မျက်လုံးပြူးသွားမိ၏။ သူ၏ မြင်ကွင်းထဲတွင် အလွန်တရာ ခံ့ညားပြီး အဆင့်အတန်း မြင့်မားလှသည့် လူသားတစ်ယောက်၏ ပုံစံမျိုး ပေါ်ပေါက်လာခဲ့သည်။

“တပည့်” လေလှိုင်းများ ပျောက်ကွယ်သွားပြီးနောက် အင်မော်တယ်တစ်ယောက်ကဲ့သို့ ဖြစ်တည်နေသော ကြီးမြတ်သူ တုံးကုသည် ရုတ်တရက် လေထုထဲ၌ ပေါ်ပေါက်လာတော့သည်။

သူက ပြောလိုက်၏။ “ဆရာ ရောက်လာပြီ”

All Chapters