အပိုင်း (၁၃၉၉)
Vol. 94 Ch. 1399
မျိုးနွယ်စုများအားလုံးသည် ဒေါသထွက်လျက်ရှိပြီး သတ်ဖြတ်လိုခြင်းဆန္ဒများလည်း ပြည့်နှက်နေခဲ့၏။
“ဒါက ပြဿနာပဲ” ကျွင်းချောင်ရှောင်းက မျက်မှောင်ကုတ်မိလိုက်သည်။
“လက်ခံသူ မစိုးရိမ်နဲ့”
စနစ်က ပြောလိုက်၏။ “ဒီသားရဲမျိုးနွယ်တွေရဲ့ သားရဲတွေက အသက်သွေး ပဋိညာဉ်ရေးထိုးမှုကို တပည့်တွေနဲ့ ပြုလုပ်ထားတယ်ဆိုတာကို သိရင် သူတို့ တိုက်ခိုက်ရဲမှာ မဟုတ်ဘူး”
“ချီးတဲ့မှ… ဒီလိုလည်း ရှိသေးတာလား။ ဒါနဲ့မင်းက ပါဝါပိတ်သွားတာ မဟုတ်ဘူးလား”
“ဒီလို အန္တရာယ်များနေတဲ့ အခြေအနေမျိုးမှာ ငါက လက်ခံသူကို ဘယ်လိုစွန့်ပစ်နိုင်မှာလဲ” အစစ်အမှန် ချစ်ခြင်း မေတ္တာဆိုသည်မှာ မည်သည့်အရာ ဖြစ်သနည်း။
ဤအရာ … ဤအရာ …. ဤအရာပင် ဖြစ်တော့သည်။
“အားလုံးပဲ”
ထိုအချိန်မှာတော့ တစ်ချိန်လုံး တိတ်ဆိတ်ငြိမ်သက်လျက် ရှိနေသည့် ကြီးမြတ်သူတုံးကုသည် အရှေ့သို့ လှမ်းတက်လာပြီးသည့်နောက် ကျွင်းချောင်ရှောင်း၏ အရှေ့တွင် မတ်မတ်ရပ်လိုက်၏။ သူ၏ မျက်လုံးထဲ တွင်တော့ အေးစက်သည့် အရိပ်အယောင်များ ဖြတ်ပြေးသွား၏။ “ကျုပ်တပည့်ကို ဘယ်သူက ထိရဲလဲ။ အားလုံး သေသွားလိမ့်မယ်”
ဟူး ဟူး ……။
အစစ်အမှန် ရှာဖွေခြင်း ထိပ်ဆုံးအဆင့်၏ စွမ်းအားမြင့် အော်ရာများသည် ထွက်ပေါ်လာ၏။ ပြိုင်စံရှားဂိုဏ်း တစ်ခုလုံးသည် ချက်ချင်းပဲ ကြီးမားလှသည့် အတားအဆီးကြီးတစ်ခုနှင့် ဖုံးလွှမ်းခြင်းကို ခံလိုက်ရသည်။
“ဆရာ” ကျွင်းချောင်ရှောင်းသည် တကယ်ပင် ထအော်လိုက်မိ၏။
ကြီးမြတ်သူ တုံးကုသည် သူ့အား အနောက်သို့ ပို့ကာ ပြောလိုက်သည်။ “ဒါတွေကို လုပ်ခဲ့တာ မင်းပဲ။ ဒါပေမဲ့ မင်းက ဝန်ခံရဲတယ်။ ဒီတော့ မင်းကို ငါ အပြစ်တင်မှာ မဟုတ်ဘူး။ ဘာပဲပြောပြော ငါ ထောက်ပံ့ပေးမယ်”
ဝှစ် ဝှစ်
ရုတ်တရက် ပြိုင်စံရှားဂိုဏ်း၏ အထက်တွင် လေဝဲတစ်ခု ဖြစ်တည်လာခဲ့၏။ ပြီးနောက် ထိုလေဝဲထဲမှ အလွန် အားကောင်းပြီး ခံ့ညားလွန်းလှသော အော်ရာများ ထွက်ပေါ်လာသည်။ လူပုံရိပ်များသည် တစ်ယောက်ပြီး တစ်ယောက် ထွက်ပေါ်လာခဲ့၏။ ပြီးနောက် ထိုသူများအားလုံးသည် ကြီးမြတ်သူတုံးကု၏ အရှေ့တွင် မတ်မတ် ရပ်လိုက်ကြ၏။ ထိုသူများထဲတွင် ကြီးမြတ်သူတုံးကုနှင့် စစ်တုရင် ကစားလေ့ ကစားထရှိသော စစ်တုရင် သူငယ်ချင်းလည်း ပါဝင်နေသည်။
“ကောင်းကင်ဘုံ… ဒါက တကယ့်ကို ဆရာ့ ဆရာကြီးတွေပါလား”
ကုန်းရှန့်သည် တကယ်ပင် ပြဿနာကောင် ဖြစ်၏။ သူသည် သူရှာဖွေထားသော ဗြဟ္မာကြီးဦးခေါင်းအား လှောင်အိမ်ထဲတွင် ဖမ်းချုပ်ခြင်းခံထားရသည့် ထိုက်ရွှမ်အဘိုးအို၏ ခေါင်းပေါ်သို့ တင်ပေးခဲ့ဖူး၏။
လက်ရှိအခြေအနေမှာတော့ တခြားသော မျိုးနွယ်အသီးသီးမှ ဥများကို ခိုးယူပြီး ကြီးမြတ်သူ တုံးကု၏ ခေါင်းပေါ်သို့ တင်ပြန်သည်။
သို့ပေမဲ့ တပည့်များကို ထောက်ပံ့ပေးရန် တာဝန်သည် ဆရာ၌ ရှိလို့နေ၏။ ထို့ကြောင့် တခြားကလန်များ လှုပ်ရှားရန် ပြင်ဆင်နေသည့်အချိန်မှာပဲ ကြီးမြတ်သူတုံးကုသည် သူ၏ သူငယ်ချင်းများကို အကူအညီတောင်းခံခဲ့၏။
ကြီးမြတ်သူတုံးကု၏ ဘယ်ဘက်ခြမ်းတွင် မတ်တပ်ရပ်လျက်ရှိနေသည့် အကြီးအကဲခုနှစ်ယောက်တို့သည် မြူမိုးကောင်းကင်တောင်တန်းဆီမှ စွမ်းအားမြင့် ကျင့်ကြံသူများဖြစ်ပြီး ၎င်းတို့အား မြူမိုးကောင်းကင် တောင်တန်း၏ သူတော်စင် ခုနှစ်ပါးဟုလည်း ခေါ်ဆိုကြ၏။ ၎င်းတို့၏ ဂုဏ်အဆင့်အတန်းသည် အင်မော်တယ် အဆင့် ဂိုဏ်းတစ်ခုနှင့်ပင် နှိုင်းယှဉ်၍ ရနိုင်သည်။
ညာဘက်ခြမ်းတွင် ရှိနေသော စွမ်းအားမြင့် ကျင့်ကြံသူများမှာလည်း ကောင်းကင်နှင့် မြေကြီး၏ ကောင်းချီးကို ခံထားရသည့် မိုးကောင်းကင်တောင်နှင့် ကုန်းမြေအသီးသီးဆီမှ စွမ်းအားမြင့် ကျင့်ကြံသူများဖြစ်၏။ ၎င်းတို့ အားလုံးသည် လွတ်လပ်သော ကျင့်ကြံသူများ ဖြစ်ကြသည်ဆိုသော်လည်း အလွန် အားကောင်းလွန်းလှချေသည်။
ကြီးမြတ်သူ တုံးကု၏ စစ်တုရင်ထိုးဖော် သူငယ်ချင်းမှာတော့ ကျင့်ကြံခြင်းအဆင့် အမြင့်ဆုံးဖြစ်ပြီး ၎င်းသည် အစစ်အမှန် ရှာဖွေခြင်း ထိပ်ဆုံးအဆင့်၏ အမြင်ဆုံးတွင် တည်ရှိနေသော လူတစ်ယောက်ဖြစ်၏။ ၎င်း၏ တာအို နာမည်သည် မာဆာတိုကီတာနိုပင် ဖြစ်၏။
ပြိုင်စံရှားဂိုဏ်း၏ အပြင်ဘက်တည်နေရာတွင် ရပ်တန့်လျက်ရှိနေသည့် စွမ်းအားမြင့် ကျင့်ကြံသူများ အားလုံးသည် လွတ်လပ်သော စွမ်းအားမြင့် ကျင့်ကြံသူများ စာရင်းတွင် ထိပ်တန်းကျင့်ကြံသူများ ဖြစ်ကြ၏။ ပုံမှန်အရဆိုလျှင် ၎င်းတို့သည် ဇာတ်လမ်း၏ အလယ်ပိုင်း သို့မဟုတ် နှောင်းပိုင်းတွင်သာ ပေါ်လာရမည့် စွမ်းအားမြင့် ကျင့်ကြံသူများ ဖြစ်ကြ၏။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ အလုံးအရင်း အများအပြားဖြင့် ပြိုင်စံရှားဂိုဏ်း၏ အရှေ့ဆီသို့ ရောက်ရှိလာကြသည်။
ဆွစ် ဆွစ်
ပြိုင်စံရှားဂိုဏ်း တစ်ခုလုံးသည် အလွန်လေးလံလွန်းလှသော အော်ရာများ ဖုံးလွှမ်းလျက်ရှိနေ၏။
ကျွင်းချောင်ရှောင်းသည် အလုံးစုံ တုန်လှုပ်လျက် ရှိသည်။ သူ၏ လက်ရှိ အားအင်အဆင့်အရဆိုလျှင် အထက် နယ်မြေတွင် ဘာမှမဟုတ်သည့် ပုရွက်ဆိတ်လေး သာသာပင်ဖြစ်သည်။ သို့ပေမဲ့ ၎င်းအား လာရောက်ကူညီပေးနေသည့် လူများသည် ထိတ်ထိတ်ကြဲ စွမ်းအားမြင့် ကျင့်ကြံသူများ ဖြစ်လို့နေခဲ့လေသည်။
ကြည့်ရှုနေကြသည့်လူများသည်လည်း ထိတ်လန့်တုန်လှုပ်နေပြီး သူတို့သည် လင်းဝေအစစ်အမှန်ဂိုဏ်း၏ တိုက်ခိုက်မှုကို လာရောက်ကြည့်ရှုခဲ့ခြင်းပင်ဖြစ်၏။ သို့ပေမဲ့ အဆုံးသတ်မှာတော့ အခြေအနေတစ်ခုလုံးသည် ပြောင်းပြန်လှန်သွားခဲ့၏။ လူသားမျိုးနွယ်၏ ထိပ်တန်းကျင့်ကြံသူများနှင့် မွန်းစတားမျိုးနွယ်၏ ထိပ်တန်း စွမ်းအားမြင့် ကျင့်ကြံသူများသည် ထိပ်တိုက် တိုက်ခိုက်ရန် ပြင်ဆင်နေကြ၏။
ဤအရာသည် တကယ့် သတင်းကြီးပင် ဖြစ်၏။ ထို့အပြင် ဤကဲ့သို့သော အခြေအနေကို ထိန်းချုပ်နိုင်ခြင်းမရှိပါက လူသားမျိုးနွယ်နှင့် မွန်းစတားမျိုးနွယ်များကြား ရှိနေသည့် ဆက်ဆံရေးသည် ကျိုးပြတ်သွားမှာဖြစ်ပြီး မျိုးနွယ်စု များကြားတွင် ကြီးမားလှသည့် စစ်ပွဲကြီး ဖြစ်ပေါ်လာမှာ သေချာသည်။
များပြားလှသော စွမ်းအားမြင့် ကျင့်ကြံသူများသည် လွန်ခဲ့သည့် နှစ်ပေါင်းတစ်သောင်းကျော်က ဖြစ်တည်ခဲ့သော စစ်ပွဲအတွင်း အတွေ့အကြုံကို မခံယူရသော်လည်း သမိုင်းမှတ်တမ်းများအရ ကြည့်ရှုရမည်ဆိုလျှင် မွန်းစတား မျိုးနွယ်များနှင့် လူသားမျိုးနွယ်များအကြား တိုက်ခိုက်မှုသည် ကြောက်ခမန်းလိလိ ဖြစ်တည်စေခဲ့ပြီး အထက် နယ်မြေ တစ်ခုလုံးကိုပင် အမှောင် ဖုံးလွှမ်းစေခဲ့၏။
နောက်ပိုင်း သေသေချာချာ ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ပြီးသည့်နောက် လူသားမျိုးနွယ်နှင့် တခြား မွန်းစတား မျိုးနွယ်များ အားလုံးသည် ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်မည်ဆိုသော သဘောတူစာချုပ်ကို ချုပ်ဆိုခဲ့ကာ လက်ရှိ အချိန်အထိ တည်တည်ငြိမ်ငြိမ်၊ အေးအေးချမ်းချမ်း နေထိုင်ခဲ့ကြခြင်းဖြစ်သည်။
“အင်း”
မာဆာတိုကီတာနိုသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “အခု အပြင်ဘက်ကို ထွက်ပြီး အေးအေးဆေးဆေး မနေနိုင်တော့ဘူးမို့လား။ ခင်ဗျားကိုယ်တိုင် ဝင်ပြီး ပတ်သက်နေရပြီ”
ကြီးမြတ်သူတုံးကု၏ မျက်နှာပေါ်တွင်တော့ နာကျင်နေသည့် အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။ ၎င်းတို့ နှစ်ယောက် စစ်တုရင်ကစားခဲ့စဉ်က မည်ကဲ့သို့သော ကိစ္စရပ်များဖြစ်ဖြစ် ခိုင်မာလှသည့် တာအိုနှလုံးသားကို အသုံးပြုကာ တည်တည်ငြိမ်ငြိမ်ဖြင့် ပါဝင်ပတ်သက်ခြင်း မပြုရန် ပြောဆိုခဲ့၏။ သို့ပေမဲ့ အဆုံးသတ်မှာတော့ ဤကဲ့သို့သော အခြေအနေဆီမှ မလွတ်မြောက်နိုင်ခဲ့ပေ။
ထို့အပြင် တစ်ချိန်လုံး တိတ်ဆိတ်ငြိမ်သက်လျက် ရှိနေသည့် မွန်းစတားမျိုးနွယ်များ အားလုံးသည် ဥခိုးခံရခြင်း ကြောင့် လှုပ်ရှားလာခဲ့ခြင်းပင်ဖြစ်၏။ ထို့အပြင် ဤကဲ့သို့သောဥကို ခိုးယူခဲ့သူမှာ မကြာသေးခင်ကသူ လက်ခံထားသည့် တပည့်လည်း ဖြစ်လို့နေ၏။
ဆိုလိုသည်မှာ သူ့အနေဖြင့်လွတ်မြောက်ချင်သည်ဆိုလျှင်တောင်မှ လွတ်မြောက်နိုင်သော အခြေအနေမျိုး မဟုတ်တော့ချေ။ ထို့ကြောင့် ထိပ်တိုက်ရင်ဆိုင်ရန်သာ ရှိတော့သည်။
ကြီးမြတ်သူတုံးကုသည် လေထဲတွင် လွင့်မျောလျက်ရှိနေသည့် ကျွမ်းကျင်သူများကို ကြည့်သြူ၏ အသံသည် ကောင်းကင်ယံတစ်ခုလုံးဆီသို့ ပျံ့နှံ့သွားသည်။
ကုန်းရှန့်သည် လူလိမ် အကြီးစားကြီး ဖြစ်သည်ဆိုသော်လည်း ၎င်း၏ ဆရာမှာတော့ အမှန်ပင် တာဝန်ယူချင်စိတ် ရှိလှ၏။
များပြားလှသည့် မွန်းစတားကလန် အသီးသီးမှ ကျွမ်းကျင်သူများသည် မျက်မှောင်ကုတ်လိုက်ကြ၏။ ကြီးမြတ်သူ တုံးကု တစ်ယောက်တည်းသာဆိုလျှင် သူတို့သည် စိုးရွံ့နေလိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ များပြားလှသော အကူအညီများ တည်ရှိနေ၏။ ထို့အပြင် ၎င်းတို့အားလုံးသည် ထိပ်တန်းအဆင့် စွမ်းအားမြင့် ကျင့်ကြံသူများလည်း ဖြစ်လို့နေသည်။ တကယ်တမ်းတိုက်ခိုက်မည်ဆိုပါက အကြီးအကျယ်သော စစ်ပွဲကြီးတစ်ခု ဖြစ်လာမှ သေချာသည်။
ထိုအချိန်မှာပဲ ကောင်းကင်ယံအထက်ဆီမှ အသံတစ်ခု ထွက်ပေါ်လာ၏။ “တုံးကုလေး... မတွေ့တာ နှစ်ပေါင်း များစွာ ကြာခဲ့ပြီ။ ဘာတွေ စိတ်တိုနေတာလဲ”
ကြီးမြတ်သူတုံးကုသည် ခေါင်းကို မော့ကြည့်လိုက်၏။ ပြီးနောက် တီးတိုးပြောလိုက်မိသည်။ “နဂါးမင်းကြီး တွေလား”
ဝှစ် ဝှစ်
တည်နေရာတစ်ခုလုံးသည် ကွဲအက်သွားပြီးသည့်နောက် မမြင်ရသည့် စွမ်းအင်လှိုင်းများနှင့်အတူ တန်ဖိုးကြီး အဝတ်အစားများကို ဝတ်ဆင်ထားသည့် လူလေးယောက်တို့သည် တည်နေရာအက်ကွဲကြောင်းဆီမှ ဖြည်းညှင်းစွာ ထွက်ပေါ်လာခဲ့၏။
ဝှစ် ဝှစ်
ထူးခြားပြီး ခံ့ညားလှသည့်အော်ရာများသည် ဖြစ်တည်လာခဲ့၏။ “နဂါးမင်းကြီး လေးယောက်လား”
တခြားမွန်းစတားကလန်မှ ကျွမ်းကျင်သူများသည် ထိတ်လန့်တုန်လှုပ်သွား၏။ လူသားမျိုးနွယ်များသည် အထက် နယ်မြေကို အုပ်စိုးထားနိုင်ခဲ့သည်ဆိုသော်လည်း နဂါးမျိုးနွယ်မှာ အားအကောင်းဆုံးအဖြစ် တည်ရှိနေသေး၏။ နဂါးမင်းကြီး လေးယောက်တို့ ပေါ်ပေါက်လာခဲ့ခြင်းသည် မွန်းစတားမျိုးနွယ်တစ်ခုလုံးကို ကိုယ်စားပြုသည့်လူများ ပေါ်ပေါက်လာခဲ့ခြင်းနှင့်ပင် ဆင်တူ၏။
ထို့ကြောင့် လူသားမျိုးနွယ်မှ ပွဲကြည့်ပရိသတ်များသည်လည်း ထိတ်လန့် တုန်လှုပ်သွားခဲ့ကြသည်။
“သွားပြီ။ သွားပြီ”
ခရမ်းရောင်ဘုရင်သည် စိတ်ထဲမှ ကြိတ်ကာ အော်ဟစ်လျက်ရှိ၏။ သူသည် အလျင်အမြန်ဖြင့် အနောက်ဘက်သို့လှည့်ကာ ပြေးလိုက်၏။ တစ်ဖက်လူသည် နဂါးဥကို ခိုးသွားသူမှာ သူဖြစ်ကြောင်း သိရှိသွားမည် ကို ကြောက်ရွံ့နေ၏။
“ခွေးလေး”
စီနီယာတုံးကုသည် အေးစက်စက်ကြည့်ကာဖြင့် သူ၏ တပည့်ဆီ အသံပို့လွှတ်လိုက်သည်။ “မင်း နဂါးဥကိုလည်း ခိုးခဲ့တာလား”
“ကျုပ်... ကျုပ်မခိုးပါဘူး” ကျွင်းချောင်ရှောင်းသည် စိတ်ဓာတ်တကျ ပြောလိုက်မိ၏။ စနစ်သည် ဥကို ခိုးယူခဲ့၏။ သို့ပေမဲ့ သူသည် အပြစ်ကို ခံယူခဲ့ရ၏။ ဘာမှ ပြောစရာလည်း မရှိချေ။ ပြောရမည်ဆိုလျှင် ကျွင်းချောင်ရှောင်း သည် နဂါးဥကို ဘယ်တုန်းကမှ မခိုးယူခဲ့ချေ။
“ကောင်းပြီ” ကုန်းရှန့်သည် နဂါးဥကို ခိုးယူခဲ့ခြင်း မဟုတ်ပေ။ ခရမ်းရောင်ဘုရင်က ခိုးယူခဲ့ခြင်းသာ ဖြစ်တော့၏။ ယခု ခရမ်းရောင်ဘုရင်သည် ပြိုင်စံရှားဂိုဏ်း၏ ဟောခန်းသခင် တစ်ယောက်ဖြစ်နေသည်မို့ ဂိုဏ်းချုပ်တစ်ယောက် အနေနှင့် သူသည်လည်း အပြစ်မှ မလွတ်မြောက်နိုင်ခဲ့ချေ။ ထို့ကြောင့် အပြစ်တင်မှုကို ခံယူရပေလိမ့်မည်။
ပြိုင်စံရှားဂိုဏ်းသည် မွန်းစတားကလန် အသီးသီး၏ ဝိုင်းရံခြင်းကို ခံထားရ၏။ လက်ရှိအချိန်တွင် ဘေးကြပ်နံကြပ် အခြေအနေဆီသို့ ရောက်ရှိနေ၏။ ယခု နဂါးကလန်မှ နဂါးမင်းကြီး လေးယောက်တို့ ရောက်ရှိလာပြီးသည့်နောက် လေထုထဲတွင် သတ်ဖြတ်လိုခြင်းအော်ရာများသည် ပိုမိုကာ ပြည့်နှက်လာခဲ့၏။
ကျွင်းချောင်ရှောင်းသည် အမှန်ပင် စိတ်ဓာတ်ကျမိခဲ့၏။ မူလအားဖြင့် ပြဿနာလာရောက်ရှာသည့် လင်းဝေ အစစ်အမှန်ဂိုဏ်းကို ဖြေရှင်းလိုက်လျှင် ပြီးဆုံးသွားမည်ဟု သူထင်မှတ်ခဲ့၏။ သို့ပေမဲ့ ထိန်းချုပ်မရနိုင်သည့် အခြေအနေဆီသို့ ရောက်ရှိသွားမည်ဟု သူဘယ်ထင်မိမည်နည်း။
ကျွမ်းကျင်ဆရာကြီးများ၏ နောက်တွင် ရပ်လျက်ရှိနေသည့် ကုန်းရှန့်သည် လက်ရှိအခြေအနေမှာတော့ သေးငယ် လှသည့် မွေးကာစ ကလေးလေး တစ်ယောက်ဟုပင် ကိုယ့်ကိုယ်ကိုယ် ခံစားနေမိ၏။ ယခုရောက်ရှိလာခဲ့သည့် စွမ်းအားမြင့် ကျင့်ကြံသူများသည် ကြောက်မက်ဖွယ်ကောင်းလှသည့် အခြေအနေတွင်ရှိပြီး သူကိုင်တွယ်ရနိုင်သည့် အခြေအနေမျိုး မဟုတ်ချေ။ ထို့အပြင် ရောက်ရှိလာခဲ့သည့် စွမ်းအားမြင့် ကျင့်ကြံသူများ အားလုံးသည်လည်း သူ့အား လျစ်လျှူရှုထားခဲ့ကြ၏။
တိတိကျကျ ပြောရမည်ဆိုလျှင် မွန်းစတားမျိုးနွယ်များ ပေါ်ပေါက်လာကတည်းက ၎င်းတို့သည် ကျွင်းချောင်ရှောင်း ကို မျက်လုံးထဲပင် မထည့်ချေ။ ထိုသူတို့ ဂရုစိုက်နေသည်မှာ ကြီးမြတ်သူတုံးကုပင်ဖြစ်၏။ ထို့အပြင် ကြီးမြတ်သူ တုံးကုဆိုသည်မှာ လူသားမျိုးနွယ်၏ ထိပ်တန်းစွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်ပင် ဖြစ်နေသည် မဟုတ်ပါလား။
“အစ်ကိုကြီး... နဂါးမင်းကြီးလေးယောက် ရောက်လာပြီပဲ။ ဒီတော့ ကျုပ်တို့ကို အကြီးအကဲကြီး ပေးအပ်ခဲ့တဲ့ တာဝန်က ပြည့်စုံနိုင်မှာ မဟုတ်တော့ဘူး”
“ချီးတဲ့မှ” ထုံနဂါးနှင့် ဖေးနဂါးတို့သည် စိတ်ဓာတ်တကျဖြင့် ပြောဆိုလိုက်မိကြသည်။ ဤတစ်ကြိမ်မှာတော့ ၎င်းတို့ နှစ်ယောက်သည် အကြီးအကဲ၏ အမိန့်အတိုင်း သက်ဝင်နိုးထလာခဲ့သည့် နဂါးအင်ပါယာအား တိတ်တဆိတ် ခေါ်ဆောင်ရန် လာခဲ့ကြ၏။ တည်နေရာကို ခက်ခက်ခဲခဲဖြင့် အတည်ပြုပြီးသည့်နောက် ၎င်းတို့ မရောက်ခင်မှာပဲ နဂါးမင်းကြီး လေးယောက်တို့သည် ရောက်ရှိလာခဲ့သည်။
ကြီးမြတ်သူ တုံးကုသည် ထူးမခြားနားသလို ပြောလိုက်၏။ “ခင်ဗျားတို့ လေးယောက်ကကော ဘာလို့ ဒီကို ရောက်လာရတာလဲ”
“ဟမ့်”
နဂါးမင်းကြီးသည် နှာခေါင်းရှုံ့လိုက်တော့၏။ “နဂါးအင်ပါယာကို လာပြီး ကြိုဆိုတာလေ။ ဘာက ကောင်းတယ်ဆိုတာ သိနေရင် မြန်မြန်ဆန်ဆန် ပေးလိုက်တော့”
“နဂါးအင်ပါယာ ဟုတ်လား” ကြီးမြတ်သူ တုံးကုနှင့် မာဆာတိုကီတာနိုတို့သည် မျက်မှောင်ကုတ်မိလိုက်ကြ၏။ နဂါးအင်ပါယာဆိုသည်မှာ နဂါးမျိုးနွယ်တစ်ခုလုံး၏ အထူးအုပ်စိုးသူတစ်ယောက် ဖြစ်တော့၏။ နဂါးနယ်မြေထဲ၌သာ တည်ရှိနေသင့်သည် မဟုတ်ပါလား။ အဘယ်ကြောင့် ဖန်းချီမိုးကောင်းကင်တောင်တန်း ဆီသို့ ရောက်ရှိလာပြီး နဂါးအင်ပါယာကို ပေးရန် လာရောက် တောင်းဆိုနေရ သနည်း။ ၎င်းတို့၏ ဦးခေါင်းများ သည် တစ်စုံတစ်ခု မှားယွင်းနေလေသည်လား။
“ဆရာ”
ကျွင်းချောင်ရှောင်းက အသံပို့လွှတ်လိုက်သည်။ “ကျုပ်ရဲ့ ပဋိညာဉ်သားရဲက လက်ငါးချောင်း နဂါးပဲ”
ကြီးမြတ်သူတုံးကုသည် ထိုအချင်းအရာကို ကြားသည့်အချိန်မှာတော့ မြေပေါ်သို့ လဲကျလုမတတ်ပင် ဖြစ်သွားခဲ့၏။
“ခွေးကလေး”
ကြီးမြတ်သူတုံးကုသည် ဒေါသတကြီးဖြင့် အော်ငေါက်လိုက်မိတော့သည်။ “နဂါးဥကို မင်းမခိုးဘူးလို့ ပြောခဲ့တယ် မဟုတ်လား”
“တကယ် မခိုးခဲ့ပါဘူး” ကျွင်းချောင်ရှောင်းက စိတ်ဓာတ်ကျမိသွား၏။
ကြီးမြတ်သူတုံးကုသည် ဆက်လက်ကာ အပြစ်မတင်တော့ချေ။ ထိုအစား နဂါးမင်းကြီးလေးယောက်ကို ကြည့်ကာ ထူးမခြားနားသလို ပြောလိုက်၏။ “သဘောတူညီချက်အရဆိုရင် ခင်ဗျားတို့ မျိုးနွယ်တွေက ခွင့်ပြုချက်မရှိဘဲနဲ့ လောကြီးထဲကို မလာသင့်ဘူးလေ။ ခင်ဗျားတို ပြဿနာတစ်ခုခုရှိရင် နယ်မြေဟောခန်းကို သွားသင့်တယ်။ ကျုပ် တပည့်ကို လာပြီးတော့ မချိန်းခြောက်နဲ့”
ကံကောင်းစွာဖြင့် နယ်မြေဟောခန်းမှ လူများသည် ဤတည်နေရာတွင် မရှိသေးပေ။ မဟုတ်မှာက သွေးအန်လု မတတ်ပင် ခံစားနေမိမှာ သေချာ၏။ “ခင်ဗျားရဲ့တပည့်က ပြဿနာ ရှာခဲ့တယ်။ ဆရာတစ်ယောက် အနေနဲ့ အပြစ်တင်မှုကို ခံယူရမယ်ဆိုရင် ခင်ဗျားပဲခံလေ။ ဘယ်လိုဖြစ်ပြီး ရှိရှိသမျှ အပြစ်တွေ အားလုံးကို နယ်မြေ ဟောခန်းဆီ လာပို့နေရတာလဲ”
“စိတ်မပူနဲ့”
မိုးကြိုးကြံ့မျိုးနွယ်မှ ကျွမ်းကျင်သူသည် အေးစက်စက် ပြောလိုက်၏။ “ကျုပ်တို့က ကျိန်းသေပေါက် နယ်မြေဟောခန်းကို သွားပြီး တရားမျှတမှုကို တောင်းဆိုမယ်။ အခုတော့ ကျုပ်တို့သားရဲတွေနဲ့ ပဋိညာဉ်ရေးထိုး ထားတဲ့ လူသားတွေ ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်ကြ”