အပိုင်း (၁၄၀၃)
Vol. 94 Ch. 1403
နှစ်နှစ်သည် မြန်မြန်ဆန်ဆန်နှင့် ကုန်လွန်သွားခဲ့၏။ အပိုင်းတစ်ခုသည်လည်း ပြီးဆုံးသွားခဲ့ပြီဖြစ်၏။
သို့ပေမဲ့ ကျွင်းချောင်ရှောင်းအနေဖြင့် အမြူတေအသွင်ပြောင်းခြင်း ပထမအဆင့်မှ တိုးတက်မလာခဲ့ချေ။ အဘယ်ကြောင့် ဆိုသော် အထူးတာဝန်၏ ဖိနှိပ်ခြင်းကို ခံထားရသောကြောင့်ပင်။ ဤအရာသည် အနည်းငယ်တော့ ပြဿနာများလှ၏။ သိုင်းကျင့်ကြံသူများသည် အားအင်အဆင့်နှင့် တိုင်းထွာရခြင်းဖြစ်သည်။ သို့ပေမဲ့ အသိပညာနှင့် အတွေ့အကြုံများမှာတော့ ခန့်မှန်းတွက်ချက်ရန် ခက်ခဲလှချေသည်။
ကုန်းရှန့်အနေနှင့် သူ၏ ကျင့်ကြံခြင်းအဆင့်သည် မတိုးမြှင့်ခဲ့သည်ဆိုသော်လည်း အဘိုးကြီးတုံးကုနှင့် နေထိုင် ခဲ့သည့် သူ၏ အချိန်များသည် အလဟာသ မဖြစ်ခဲ့ချေ။ ပုံမှန်အားဖြင့် မာဆာတိုကီတာနို နှင့် တခြားသော ဆရာ့ဆရာကြီးများသည် သူ၏ ဆရာဆီသို့ရံဖန်ရံခါဆိုသလို လာရောက်ကာ လည်ပတ်ကြ၏။
သူသည် ထိုကဲ့သို့သော အချိန်မျိုးတွင် ရေနွေးငှဲ့ပေးခြင်း၊ ရေနွေးတည်ပေးခြင်း၊ ဘေးတစ်ဖက် ဆီမှ လေ့လာခြင်းတို့ဖြင့် အကျိုးအမြတ် တော်တော်များများကို ရရှိခဲ့သည်။
သူသည် အထက်နယ်မြေဆီသို့ မကြာသေးခင်ကမှ တက်ရောက်လာခဲ့သည့် ကျင့်ကြံသူတစ်ယောက်ဖြစ်သည့် အပြင်အမြူတေအသွင်ပြောင်းခြင်းအဆင့် စဦးကျင့်ကြံသူတစ်ယောက်သာ ဖြစ်သော်လည်း တကယ့် အစစ်အမှန် ရှာဖွေခြင်း ထိပ်ဆုံးအဆင့်တွင် ရှိနေသော သိုင်းကျင့်ကြံသူများ၏ ပြောဆိုဆွေးနွေးသည့် စကားများကို နေ့စဉ်နေ့တိုင်း နားထောင်နေရ၏။ ဤအရာသည် တခြားသောသူများ လိုချင်တောင့်တမှု ရှိနေမည့် အရာမျိုးပင် ဖြစ်ပေ၏။
ကြီးမြတ်သူတုံးကုနှင့် သူသည် ဆရာတပည့်များဖြစ်ပြီး သူသည် မာဆာတိုကီတာနိုနှင့် စစ်တုရင် ကစားခြင်းကို ပြုလုပ်ခဲ့၏။ ထို့အပြင် သူတော်စင် ခုနှစ်ယောက်တို့နှင့် တာအိုကိုလည်း ဆွေးနွေးခဲ့ဖူး၏။ အမြူတေအသွင်ပြောင်း ခြင်းစဦးအဆင့်၌ ရှိနေသော မည်သည့်ကျင့်ကြံသူသည် ထိုကဲ့သို့ အံ့အားသင့်စရာကောင်းသည့် အရာများကို ပြုလုပ်နိုင်သနည်း။ မည်သူမှ ရှိလိမ့်မည် မဟုတ်ချေ။
သာမန်သိုင်းကျင့်ကြံသူများကို မဆိုနှင့် ထိပ်တန်းဂိုဏ်းများတွင် ရှိနေသော ပါရမီ ရှင် ကျင့်ကြံသူများပင်လျှင် ထိုကဲ့သို့သော အခွင့်အရေးကို ရရှိလိမ့်မည် မဟုတ်ချေ။
လက်ရှိအခြေအနေမှာတော့ ကျွင်းချောင်ရှောင်းသည် ကျင့်ကြံခြင်းလောကထဲတွင် တကယ့်အတွေ့အကြုံ၊ ဗဟုသုတနှင့် အဆက်အသွယ် များပြားလှသည့် လူတစ်ယောက်ပင် ဖြစ်လို့လာခဲ့သည်။ ပို၍ အရေးကြီးမားသည်မှာ သူသည် ကြီးမြတ်သူတုံးကုနှင့် မာဆာတိုကီတာနိုတို့ဆီမှ သိုင်းကျင့်ကြံခြင်း နည်းစနစ်များကို လေ့လာခဲ့ရခြင်းပင် ဖြစ်၏။ သူ၏ ကျင့်ကြံခြင်းအဆင့်သည် တိုးတက်မလာခဲ့သည် ဆိုသော်လည်း သူ၏ စွမ်းရည်မှာတော့ အတော်ပင် တိုးတက်ခဲ့၏။
လွန်ခဲ့သည့်နှစ်နှစ်တုန်းက သူသည် ကြီးမားလှသော ကလန်ကြီးများ၏ အနိုင်ကျင့်ခြင်းကို ခံခဲ့ရ၏။ သူ၏ ဂိုဏ်း တစ်ခုလုံးသည်လည်း ဖျက်ဆီးခံရလုနီးပါး ဖြစ်ခဲ့၏။ နှစ်နှစ်ကြာပြီးသည့်နောက် သူသည် ခက်ခဲပင်ပန်းမှုများ အားလုံးကို သည်းခံပြီး သိုင်းပညာနည်းစနစ်များ အားလုံးကို လေ့လာခဲ့ရ၏။ သူ့အနေနှင့် အားအကောင်းဆုံးသော စွယ်စုံကျမ်းကြီးတစ်ခုကဲ့သို့ပင် ဖြစ်တည်နေခဲ့၏။ စွယ်စုံကျမ်း၏ နာမည်သည် ကုန်းရှန့်ပင် ဖြစ်လေသည်။
စနစ်သည် ထအော်လိုက်၏။ “ဘာတွေ ဝါကြွားနေတာလဲ”
“တုံးကု”
လှိုဏ်ဂူ၏ အဝင်ဝရှေ့တွင် မတ်တပ်ရပ်လျက်ရှိနေသည့် မာဆာတိုကီတာနိုက အသာပြောလိုက်သည်။ “ခင်ဗျားတပည့်ရဲ့ နားလည်မှုက တကယ့်ကို မြင့်မားလွန်းတယ်။ ဒီလိုလူမျိုးကို တစ်ခါမှ မမြင်ခဲ့ဖူးဘူး။ အနာဂတ် မှာ သူဘာတွေ ရရှိနိုင်မလဲဆိုတာကို ကျုပ်တကယ် မျှော်လင့်မိတယ်”
ဟူး ….။
ပြောပြီးသည့်နောက်မှာတော့ သူသည် ဆေးလိပ်မီးခိုးများကို မှုတ်ထုတ်လိုက်၏။ သူ၏ လက်ထဲတွင်တော့ လျှပ်စစ် ဆေးပြင်းလိပ်ကြီးသည် တည်ရှိလို့နေခဲ့သည်။ ထိုအရာကြီးသည် အလွန်နက်နဲလွန်းလှသော သိုင်းနည်းစနစ်များနှင့် လဲလှယ်ခဲ့သည့်အရာပင် ဖြစ်သည်။
ပထမတုန်းက ကျွင်းချောင်ရှောင်းသည် တစ်ဖက်လူအား သူ့ဆရာ၏ မိတ်ဆွေရင်း ဖြစ်သောကြောင့် သူ့အကြီးအကဲဟုပင် သတ်မှတ်ခဲ့၏။ ထို့ကြောင့်ပင်လျှင် သေသေချာချာ ရိုရိုသေသေနှင့် စကားပြောဆို အလုပ်အကျွေး ပြုစုခဲ့၏။
မာဆာတိုကီတာနိုသည် တကယ့်ကို ဂုဏ်သိက္ခာနှင့်ပြည့်ဝသည့် စွမ်းအားမြင့် ကျင့်ကြံသူကြီးတစ်ယောက်ပင် ဖြစ်သည်။ အဘယ်ကြောင့် ဂျူနီယာလေးတစ်ယောက်၏ ပြောဆိုမေးမြန်းမှုကို မသိချင်ယောင် ဆောင်နေ မည်နည်း။ ထို့ကြောင့်ပင် ကုန်းရှန့်မေးသမျှကို ပြောပြခဲ့သည်။
ကုန်းရှန့်သည်လည်း ကျေးဇူးတင်သည့်အနေဖြင့် ဤလျှပ်စစ်ဆေးပြင်းလိပ်ကြီးအား လက်ဆောင်ပေးခဲ့သည်။ မာဆာတိုကီတာနိုကလည်း အရိုးချိုးလက် ဆိုသည် သိုင်းနည်းစနစ်တစ်ခုကို အလဲအလှယ်အနေဖြင့် ပြန်လည်ကာ လက်ဆောင်ပေးခဲ့၏။
ကျွင်းချောင်ရှောင်းအနေနှင့် ထိုသိုင်းနည်းစနစ်ကို သိရှိပြီးသည့်နောက် ဖက်တွယ်ခဲ့သည့် ရွှေပေါင်ကြီးများသည် အလွန်ပင် အားကောင်းလှသည်ဖြစ်ကြောင်းကို နားလည်လိုက်မိ၏။ ထို့ကြောင့်ပင်လျှင် သူသည် တခြားသော သူ့ဆရာ၏ သူငယ်ချင်းများဆီမှ ပြိုင်ဘက်ကင်း သိုင်းနည်းစနစ်များကို လိုက်လံကာ သင်ယူခဲ့သည်။
ထိုကဲ့သို့သော အခြေအနေမျိုးတွင် သူတော်စင် ခုနှစ်ယောက်တို့သည်လည်း မလွတ်မြောက်နိုင်ခဲ့ကြချေ။ ဤလူများ သည် စစ်တုရင်ကစားခြင်းကို မနှစ်သက်ကြချေ။ သို့ပေမဲ့ ကဗျာများ ရွတ်ဆိုခြင်း၊ အထူးသဖြင့် ဝိုင်များ သောက်သုံးရခြင်းကို နှစ်သက်ကြ၏။
ကုန်းရှန့်သည် တကယ့်ကို မှန်ကန်သည့် ဆေးများကို တိုက်ကျွေးခဲ့၏။ ထန်ခေတ်က ကျော်ကြားခဲ့သည့် ကဗျာပေါင်း သုံးရာကျော်တို့ကို ရွတ်ဖတ်ပြခဲ့ပြီး လန်ကောင်းဖန်တီးထားသည့် ဝိုင်များကိုလည်း တိုက်ခဲ့သေး၏။ ထို့ကြောင့်ပင်လျှင် နောက်ထပ် များပြားလွန်းသော သိုင်းနည်းစနစ်များကို ထပ်မံရရှိခဲ့သည်။
အကြမ်းဖျင်း တွက်ချက်ပြီးသည့်နောက် ကုန်းရှန့်သည် ၎င်းတို့ထံမှ သိုင်းကျင့်ကြံခြင်း နည်းစနစ် ဆယ်မျိုးထက် မနည်း ရရှိခဲ့၏။ ထိုအထဲတွင် လှုပ်ရှားမှုနည်းစနစ်၊ လက်သီးနည်းစနစ်၊ လက်ဝါးနည်းစနစ်နှင့် ဓားနည်းစနစ် များပင် ပါဝင်နေ၏။
ဤနေရာတွင် ပြဿနာတစ်ခု ရှိနေ၏။ ဤမျှ များပြားလှသော သိုင်းကျင့်ကြံခြင်း နည်းစနစ်များကို နှစ်နှစ်အတွင်း မည်ကဲ့သို့ ကျွမ်းကျင်အောင် ပြုလုပ်ရမည်နည်း။
သို့ပေမဲ့ ကုန်းရှန့်သည် တကယ့်ပင် ပြုလုပ်နိုင်ခဲ့သည်။ ထို့အပြင် အားလုံးသော နည်းစနစ်များအား ပြည့်စုံသည့်အဆင့် အနေအထားထိ ရောက်အောင် နားလည်ခဲ့၏။ ကုန်းရှန့်၏ နားလည်မှုသည် တကယ်ပင် အားကောင်းလွန်းလှ၏။ လွန်ခဲ့သည့်နှစ်နှစ်က သူသည် စတိုးအား refresh လုပ်ပြီးသည့်နောက် အထက်နယ်မြေနှင့် သင့်တော်သည့် အသိအမြင်အဆောင်အား ရရှိခဲ့၏။
ထို့အပြင် တစ်ဖက်လူများဆီမှ ရရှိခဲ့သည့်သိုင်းနည်းစနစ် များသည်လည်း စတိုးဆီမှ ဝယ်ယူခဲ့သည့် သိုင်းနည်းစနစ်များ မဟုတ်သောကြောင့် အသိအမြင်အဆောင်၏ အစွမ်းဖြင့် တကယ်ပင် နက်နက်နဲနဲ နားလည်သည့် အခြေအနေဆီသို့ ရောက်ရှိသွား၏။ ထို့ကြောင့်ပင်လျှင် မာဆာတိုကီတာနိုသည် သူ့အား မြင့်မားသည့် သုံးသပ်ချက်ကို ပေးခဲ့ခြင်းပင်ဖြစ်သည်။
………
“ဆိုးတာက လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက ဖန်းချီမိုးကောင်းကင်တောင်တန်းမှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စရပ်ကြီးတွေကို မျက်မြင်ကိုယ်တွေ့ မတွေ့ခဲ့ရတာပဲ”
“အင်း ပြိုင်စံရှားဂိုဏ်းရဲ့ အထက်ကောင်းကင်ယံမှာ ထိတ်ထိတ်ကြဲ မွန်းစတားတွေ စုဝေးရောက်ရှိခဲ့တယ်။ မြင်ကွင်းက တကယ့်ကို ဆန်းကြယ်လွန်းတယ်။ ငါတို့လို သာမန်ကျင့်ကြံသူတွေက မတွေ့ခဲ့ရဘူးဆိုတာက ကံကောင်းတယ်လို့ ပြောရမယ်။ မဟုတ်ရင် သူတို့ဆီက ထွက်ပေါ်နေတဲ့ အော်ရာဖိအားတွေနဲ့တင် ဒုက္ခကောင်းကောင်း ရောက်သွားနိုင်တယ်”
မြို့တစ်ခု၏ စားသောက်ခန်းတစ်ခုအတွင်းမှာတော့ သိုင်းကျင့်ကြံသူ တော်တော်များများတို့သည့် လွန်ခဲ့သည့်နှစ်နှစ်က ဖြစ်ပျက်ခဲ့သည့် ကိစ္စရပ်များကို ပြန်လည်ပြောဆိုရင်း အရက်သောက်လျက် ရှိနေကြ၏။ ဤဖြစ်ရပ်သည် အလွန် ကြာမြင့်လှပြီဆိုသော်လည်း တစ်လောကလုံးက မေ့လျော့မနေခဲ့ချေ။
“ကိစ္စဟောင်းကြီးတွေကို ပြောမနေနဲ့တော့။ အခု ဂိုဏ်းပြိုင်ပွဲအကြောင်းကို ပြောကြရအောင်။ နောက်နှစ်ဝက် အတွင်း ဂုဏ်သရေမြို့မှာ ကျင်းပမယ်လို့ ပြောတယ်”
“ဘာပြောနေစရာလိုလို့လဲ။ အဲဒီမှာ ဗိုလ်စွဲမယ့်ဂိုဏ်းက အစစ်အမှန် ဂိုဏ်းတွေထဲက တစ်ခုပဲ နေမှာပေါ့”
“ဝင်ပြီး ယှဉ်ပြိုင်ကြတဲ့ အစစ်အမှန်ဂိုဏ်းက လေးဂိုဏ်းတောင် ရှိတယ်လေ။ နှစ်စဉ်နှစ်တိုင်း ရွှမ်ဂိုဏ်း တွေလည်း ဝင်ရောက်ယှဉ်ပြိုင်ကြတယ် ဆိုပေမဲ့ အစစ်အမှန်ဂိုဏ်း လေးဂိုဏ်းက ဒီတစ်ကြိမ်မှာတော့ တကယ့်ကို ရေပန်းစားနေတာပဲ”
“ကြားတာတော့ ဗိုလ်စွဲသူရမယ့် ဆုလာဘ်က တကယ့်ကို ရက်ရောလွန်းတယ်လို့ ကြားတယ်”
“ဟင် …. ဘာဆုလာဘ်တွေလဲ”
“အသေးစိတ်ကိုတော့ သေချာမသိဘူး။ ဒါပေမဲ့ သွေးနေမီးတောက် တိမ်ကျောက်လို့ ပြောကြတာပဲ”
စားသောက်ခန်းထဲတွင် ရှိနေသော သိုင်းကျင့်ကြံသူများသည် မျက်လုံးအပြူးသား ဖြစ်သွားကြ၏။ သွေးနေမီးတောက်တိမ်ကျောက် ဆိုသည်မှာ အထက်နယ်မြေတွင် အလွန်အဆင့်အတန်း မြင့်မားလှသော ရတနာတစ်ခုဖြစ်၏။ ထိုရတနာသည် လက်နက်များ၊ ရတနာများနှင့် အသုံးအဆောင် ပစ္စည်းများကို သွန်းလုပ်ရန် အသုံးပြုနိုင်၏။ အရည်အသွေးအရဆိုလျှင် အစစ်အမှန်အဆင့်နှင့်အထက်တွင် ကျိန်းသေပေါက် တည်ရှိနေ၏။
“အစစ်အမှန်ဂိုဏ်းလေးဂိုဏ်းက ဝင်ပြီး ယှဉ်ပြိုင်ကြတယ်ဆိုတာ အံ့အားသင့်စရာ မဟုတ်တော့ဘူး။ ရရှိနိုင်တဲ့ ဆုလာဘ်က တကယ့်ကို သွားရည်ယိုစရာ ဖြစ်နေတာကိုး”
“ဂိုဏ်သေးလေးတွေ တော်တော်များများက ဝင်ရောက်ယှဉ်ပြိုင်ဖို့ အလျော့ပေးလိုက်ပြီလို့ ကျုပ်ကြားတယ်”
“အစစ်အမှန်ဂိုဏ်းတွေတောင်မှ ဝင်ပြီး ယှဉ်ပြိုင်နေတယ်ဆိုမှတော့ နာမည်မရှိတဲ့ ဂိုဏ်းတွေက ဝင်ပြီး ယှဉ်ပြိုင်တော့ကော ဘာထူးမှာလဲ။ အသားနာရုံပဲ ရှိမှာပေါ့။ စောစောစီးစီး ဝင်မပြိုင်လိုက်တာက မှန်ကန်တဲ့ ရွေးချယ်မှုပဲ”
အားလုံးသည် အားတက်သရော ဆွေးနွေးနေသည့် အချိန်မှာပဲ ထောင့်တစ်ခုတွင် အရက် သောက်သုံးလျက်ရှိသည့် အမဲရောင်ဝတ်စုံနှင့်လူသည် ငွေရှင်းကောင်တာဆီသို့ သွား၍ ပိုက်ဆံရှင်းကာ တစ်ချက်ကလေးမှ ခေါင်းလှည့်မကြည့်ဘဲ ထွက်ခွာသွား၏။
မှန်ပေသည်။ ထိုလူသည် ကျွင်းချောင်ရှောင်းပင် ဖြစ်၏။ သူ့အနေနှင့် ဂိုဏ်းဆီသို့ ပြန်လာရာလမ်းတွင် ပျံသန်းနိုင်သော ရတနာများကို ထုတ်၍ မသုံးခဲ့ချေ။ ထိုအစား ခြေလျင်သာ ခရီးသွားရန် ရွေးချယ်လိုက်၏။ အဘယ်ကြောင့်ဆိုသော် အထက်နယ်မြေ၏ များပြားလှသော မြို့အသီးသီးတွင်ရှိသော ဓလေ့ထုံးစံများကို နားလည်ချင်၍ ဖြစ်သည်။
ကျင့်ကြံခြင်းအဆင့် ဖုံးကွယ်ခြင်း နည်းစနစ်ကြောင့် သူ၏ အားအင်အဆင့်နှင့် အော်ရာများသည် ဖိနှိပ်ခြင်းကို ခံထားရ၏။ ထို့ကြောင့် စားသောက်ခန်းထဲတွင် အရက်သောက်နေစဉ်၌ အားလုံးသောသူများသည် သူ့အား သတိမပြုမိခဲ့ချေ။
“ဂုဏ်သရေမြို့၊ ဂိုဏ်းပြိုင်ပွဲ ဟုတ်လား”
သူသည် မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်သည်။ “စိတ်ဝင်စားစရာပဲ”
ဆွစ်
မြို့ထဲမှ တစ်ချက်ထွက်ပြီးသည့်နောက် သူသည် ခြေထောက်ကို ဆောင့်နင်းကာ အမြန်ဆုံးနှုန်းဖြင့် ပျံသန်း ထွက်ခွာလိုက်၏။ သူ၏ အမြန်နှုန်းသည် အလွန်မြန်ဆန်လွန်းလှ၏။ ထို့ကြောင့် ဖြတ်သွား ဖြတ်လာများ အားလုံးသည် မျက်လုံးအပြူးသားဖြင့် အံ့အားသင့်မိနေကြ၏။ “ဒီကောင်ရဲ့ အော်ရာက အမြူတေပြောင်းလဲခြင်းပထမအဆင့်လောက်ပဲ ရှိသေးတယ်လေ။ ဘာလို့ ပျံသန်းသွားတာ အရမ်းမြန်နေရတာလဲ”
“သူပျံသန်းသွားတဲ့ နေရာတွေမှာ ပုံရိပ်ယောင်တွေတောင် ကျန်ခဲ့တယ်လေ။ ဒါက လင်းရှောင် လှုပ်ရှားမှု နည်းစနစ်ပဲ ဖြစ်လိမ့်မယ်”
ဝေါင်း
တောနက်ရိုင်းထဲမှာတော့ များပြားလွန်းလှသည့် အမြူတေပထမအဆင့် မွန်းစတား သားရဲများသည် ရှေ့ဆီသို့ လှမ်းတက်လာကြ၏။ ရီရှင်းချန်သည် သူ၏ခေါင်းကို အသာမော့ပြီးသည့်နောက် မောက်မာစွာ ပြောလိုက်သည်။ “အမှိုက်တွေ”
သူပြောပြောပြီးချင်းမှာပဲ အရှေ့ဆီသို့ လှမ်းတက်လာသည့် မွန်းစတား သားရဲများသည် ထိတ်လန့် ကြောက်ရွံ့သွားခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူဆီမှ ထွက်ပေါ်နေသည့် အော်ရာများနှင့် ၎င်း၏ မျက်လုံးများသည် သူတို့အား အမှန်ပင် ထိတ်လန့်ကြောက်ရွံ့စေ၏။
ဤလူသည် လူသားတစ်ယောက်ကော ဟုတ်ရဲ့လား မသိချေ။ သူတို့အနေနှင့် ရန်ပြုတိုက်ခိုက်၍ မဖြစ်နိုင်ချေ။ မွန်းစတားသားရဲများသည် ချက်ချင်း ဆုံးဖြတ်ချက် ချပြီးသည့်နောက် လှည့်ကာ ထွက်ပြေးတော့၏။ သို့ပေမဲ့ သူတို့ လှည့်လိုက်သည့် အချိန်မှာပဲ သူတို့၏အနောက် ပေအနည်းငယ်အကွာတွင် ဟက်စကီးခွေးကြီးတစ်ကောင် လမ်းပိတ်တားဆီးထားသည်ကို မြင်လိုက်ရသည်။ “ကောင်းကင်ဘုံ… ဒါက ပန်းဟူသားရဲပဲ”
ဝှစ်
ထိုအချိန်မှာပဲ ရီရှင်းချန်သည် အရှေ့ဆီသို့ လှမ်းတက်လိုက်၏။
ဘုန်း ဘုန်း ဘုန်း ဘုန်း ……။
တခြားသော လှုပ်ရှားမှုများကို အသုံးမပြုခဲ့ချေ။ ရိုးရှင်းသည့် လက်သီးချက်များကိုသာ အသုံးပြု၍ ထိုးနှက်ခဲ့သည်။ ရီရှင်းချန်သည် သူ၏ ပဋိညာဉ်သားရဲ အရှေ့တွင် မတ်တပ်ရပ်လိုက်သည့် အချိန်မှာတော့ အနောက်ဘက်တွင် ရှိနေသည့် မွန်းစတားသားရဲ လေးကောင်တို့၏ ဦးခေါင်းနှင့် ရင်ဘတ်တို့တွင် ကြီးမားလှသည့် အပေါက်ကြီးများ ဖြစ်တည်လျက်ရှိသည်။
၎င်းတို့၏ မျက်လုံးထဲတွင် ထိတ်လန့်ကြောက်ရွံ့မှုများနှင့် သေဆုံးလျက်ရှိနေ၏။
ပန်းဟူသားရဲသည် ၎င်းသခင်၏ လက်သီးတွင် ရှိနေသော သွေးများကို လျှာဖြင့်လျက်ကာ မွန်းစတား အလောင်းများအား တောက်လောင်သည့် အကြည့်ဖြင့် ကြည့်လိုက်သည်။
“သွား”
ရီရှင်းချန်က ပြောလိုက်သည်။ “ကောင်းကောင်းစားလိုက်တော့”
ဝုတ် ဝုတ် ဝုတ် …။
ပန်းဟူသားရဲသည် အကြိမ်အနည်းငယ်ဟောင်ပြီးသည့်နောက် အရှေ့ဆီသို့ လှမ်းတက်လိုက်၏။ သို့ပေမဲ့ အားညိုသည် သူ့သားရဲ၏ နားရွက်ကို လှမ်းဆွဲကာ အော်ဟစ်လိုက်၏။ “ငါမင်းကို ဘယ်လောက်ပြောရမှာလဲ။ ခွေးတစ်ကောင်လို ဟောင်တဲ့ကိစ္စကို မလုပ်ပါနဲ့လို့”
“ညောင် … ညောင်”
“……..”
ရီရှင်းချန်သည် မြေပေါ်သို့ လဲပြိုလုမတတ်ပင် ဖြစ်သွား၏။ ပန်းဟူသားရဲသည် အရွယ်မရောက်သေးသော်လည်း သူ၏ စားနိုင်သောက်နိုင်မှုမှာမူ အလွန်ကြီးမားလှ၏။ ယခု အကောင်ကြီးမားလှပါသည်ဆိုသော် မွန်းစတား သားရဲလေးကောင်တို့သည် အချိန်တိုအတွင်း အရိုးသာလျှင် ကျန်ရှိတော့သည်။
“သွားကြရအောင်”
ရီရှင်းချန်က ပေါ့ပေါ့ပါးပါး ပြောလိုက်၏။ သူနှင့် သူ၏ပဋိညာဉ်သားရဲ ထွက်ခွာသွားပြီးသည့်နောက် တူညီဝတ်စုံများကို ဝတ်ဆင်ထားသည့် သိုင်းကျင့်ကြံသူ ဆယ်ယောက်ကျော်တို့သည် ထိတ်လန့်တုန်လှုပ်စွာဖြင့် ကျန်ရစ်ခဲ့၏။
“စီနီယာအစ်ကို … ဒီကောင်က တကယ့်ကို ကြမ်းတမ်းလွန်းတာပဲ။ မွန်းစတားသားရဲကြီးလေးကောင်ကို ချက်ချင်း သတ်ဖြတ်ပစ်ခဲ့တယ်”
“အကြီးအကဲတွေ ပြောတာ အမှန်ပဲကိုး။ အထက်နယ်မြေဆီမှ တစ်တောင်ထက် တစ်တောင်က ပိုပြီးမြင့်တယ်ဆိုတာ”
“အခု ထွက်ခွာသွားတဲ့ကောင်လေးကို ကြည့်ရတာ အသက်နှစ်ဆယ်ကနေ သုံးဆယ်အတွင်းပဲ ရှိသေးတယ်။ ဒါပေမဲ့ သူ့ရဲ့ အားအင်အဆင့်က ကြောက်မက်ဖွယ်ရာကောင်းတဲ့ အခြေအနေတစ်ခုကို ရောက်နေပြီ”
“ဒီလူသာ ဂိုဏ်းပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မယ်ဆိုရင် ငါတို့ ခံစားချက် အစစ်အမှန်ဂိုဏ်းအနေနဲ့ ရင်ဆိုင်ဖို့ လွယ်မှာ မဟုတ်ဘူး”
“ဒီလိုတောင်တွေထဲကို တစ်ယောက်တည်း လျှောက်ပြီးသွားနေတယ်ဆိုတော့ သူက လွတ်လပ်တဲ့ ကျင့်ကြံသူ တစ်ယောက်ဖြစ်လိမ့်မယ်။ ဒါဆိုရင် ဂိုဏ်းပြိုင်ပွဲမှာ ဝင်ပြီးပြိုင်လို့ ရမှာ မဟုတ်ဘူး။ ပြီးတော့ ပြိုင်တော့လည်း ဘာဖြစ်လဲ။ စီနီယာအစ်ကိုကြီးအနေနဲ့ ခံစားချက် သုံးခုကို ဖယ်ရှားနိုင်ခဲ့ပြီ။ သူ့ရဲ့အားအင်အဆင့်က တကယ့်ကို တိုးတက်သွားခဲ့ပြီ။ သူက အခုထွက်သွားတဲ့ကောင်လေးထက် ဘယ်လိုမှ အားနည်းမှာ မဟုတ်ဘူး”
သူတို့ဆွေးနွေးနေစဉ်မှာပဲ ဂိုဏ်းဆီသို့ ပြန်လာလျက်ရှိသည့် ကျွင်းချောင်ရှောင်းသည် တီးတိုးပြောဆိုလိုက်မိ၏။ “လာမယ့်ဂိုဏ်းပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ တပည့်တွေကို အသိပေးရမယ်။ အခုဆိုရင် ချင်းယန်၊ ရှင်းချန်နဲ့ တခြားသူတွေက လေ့ကျင့်ရာကနေ ဂိုဏ်းဆီကို ပြန်ရောက်နေလောက်ပြီ။ သူတို့ရဲ့ အားအင်အဆင့် ဘယ်လောက်ရှိလဲဆိုတာကို ငါ သိချင်လိုက်တာ”