အပိုင်း (၁၄၀၅)
Vol. 95 Ch. 1405
ကျွင်းချောင်ရှောင်းသည် ပြန်ရောက်ရောက်ချင်းမှာပဲ သူ၏ အဆုံးစွန်သော ပါရမီကို ထုတ်ဖော်ကာ သီချင်းဟစ်ကျွေးလိုက်၏။ နှစ်နှစ်ခန့် ကြာမြင့်ပြီးသည့်နောက် သူ၏ အားအင်အဆင့်သည် ပိုမိုကာ တိုးတက်လာသည်ဟု ဆိုရမည်။ လူများအားလုံးသည် ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်ပြီးနောက် သွေးအန်လုမတတ်ပင် ဖြစ်နေကြသည်။
ကုန်းရှန့် ပြန်ရောက်ပြီးသည့်နောက် ဂိုဏ်းတွင် လိုအပ်လျက်ရှိနေသည့် အသက်ဝင်ခြင်းသည် ပြည့်စုံသွားခဲ့ပြီ ဖြစ်၏။ ဂိုဏ်းတစ်ခုလုံးသည် တကယ်ပင် ယခုမှ လှုပ်ရှားတက်ဝင်လာခဲ့၏
“တုတု”
ကျွင်းချောင်ရှောင်းသည် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ “စားပွဲမြန်မြန် ပြင်ဆင်တော့”
သူနှင့် အတွင်းစည်းတပည့်များသည် နှစ်နှစ်တာ ကျင့်ကြံပြီးသည့်နောက် ပြန်လည်ရောက်ရှိလာခဲ့၏။ ထို့ကြောင့် ဂုဏ်ပြုပွဲ ပြုလုပ်ရန် ကျိန်းသေပေါက် လိုအပ်နေ၏။
“ကောင်းပါပြီ” လျှိုဝမ်ရှစ်သည် ချက်ချင်းပဲ လူများကို စုစည်းကာဖြင့် စားပွဲများကို ပြင်ဆင်တော့သည်။
“ခင်ဗျားတို့နှစ်ယောက်”
ရီရှင်းချန်သည် စုရှောင်မိုနှင့် လီဖေးတို့ကို လှမ်းကြည့်ကာ အေးစက်စက် ပြောလိုက်၏။ “ဒီညတော့ ထွက်ပြေးဖို့ မကြိုးစားနဲ့”
စားပွဲဆိုသည်မှာ အရက်သောက်ရတော့မည် ဖြစ်၏။ အားညိုသည် ဤနေရာနှင့် ပတ်သက်လျှင် အလုံးစုံသော ယုံကြည်မှုကို ရရှိနေ၏။ သူ၏ စီနီယာအစ်ကိုနှစ်ယောက်နှင့် စားပွဲအောက်သို့ ကျဆင်းသွားသည်အထိ အရက်သောက် ပြိုင်ကြရန် စီစဉ်ထားသည်။
“သွားပြီပဲ” စုရှောင်မိုနှင့် လီဖေးတို့၏ မျက်နှာပေါ်တွင်တော့ စိတ်ပျက်မှု အရိပ်အယောင်များ ဖြစ်တည်လာခဲ့သည်။ အတိတ်တုန်းကဆိုလျှင် သူတို့နှစ်ယောက်သည် စားပွဲရှိတိုင်း အရက်သောက်ရန် ရှီရှင်းချန်ကို မနည်းပင် မြူစွယ်ခဲ့ရ၏။ ယခုအချိန်မှာတော့ အရက်သောက်ခြင်းနှင့်ပတ်သက်၍ ၎င်းတို့၏ စိတ်ထဲတွင် အရိပ်မဲကြီး ကျရောက်လျက် ရှိနေသည်။
ညသို့ ရောက်ရှိလာခဲ့သည်။ အားဟိုင်၊ ရိဟိုင်နှင့် တခြားသော သူများသည် တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာပြီး စားပွဲအတွက် ပြင်ဆင်သည်။ စားပွဲ မစတင်ခင်မှာပဲ ကျွင်းချောင်ရှောင်းသည် အားလုံး၏ အရှေ့ ၌ ကြေညာ၏။ “နှစ်နှစ်တာ လေ့ကျင့်ပြီး ပြန်ရောက်လာခဲ့တဲ့ တပည့်တွေက နောက်လာမယ့် ဂိုဏ်းပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ငါနဲ့အတူ မနက်ဖြန်စပြီး ခရီးသွားကြမယ်”
တစ်စုံတစ်ခုကို ဂုဏ်ပြုပွဲ ပြုလုပ်ရမည်။ ထို့အတူ စီးပွားရေး ကိစ္စကိုလည်း မေ့လျော့ မနေခဲ့ချေ။
“ကျုပ်တို့ ဂိုဏ်းပြိုင်ပွဲကို တကယ်ပဲ သွားပြိုင်ကြမှာလား” ရီရှင်းချန်သည် အရက်မူးအိမ်မက်ဝိုင် နှစ်ဂျားအား စားပွဲပေါ်သို့ တင်ကာ ပြုံးလိုက်၏။ နှစ်နှစ်တာ ကျင့်ကြံပြီးသည့်နောက် သူ၏ အားအင်အဆင့်သည် အတော်ပင် တိုးတက်လာခဲ့၏။ ထို့ကြောင့် များပြားလှသော ဂိုဏ်းအသီးသီးမှ ထိပ်တန်း ပါရမီရှင်များနှင့် ထိပ်တိုက် တွေ့ဆုံတိုက်ခိုက်ရန်အတွက် အခွင့်အရေး သူ့မှာ ရှိနေပြီဖြစ်ကြောင်း နားလည်မိသည်။ သူနှင့် ၎င်းတို့ကြား ရှိနေသော ကွာခြားချက်ကို ထိုမှသာလျှင် တိုင်းတာနိုင်ပေလိမ့်မည်။
လီချင်းယန်နှင့် ရှောင်ကျီတို့၏ မျက်လုံးများတွင်လည်း တိုက်ခိုက်လိုခြင်းဆန္ဒများနှင့် ပြည့်နှက်နေ၏။ ဂိုဏ်းပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မှသာ ၎င်းတို့နှစ်နှစ်တာ ကျင့်ကြံခဲ့သည့် ရလဒ်ကို အတည်ပြုနိုင်ပေလိမ့်မည်။
..........
စားပွဲသည် ညရောက်သည်အထိ ဆက်လက်ကာ ကျင်းပနေ၏။ ထင်မှတ်ထားသည့်အတိုင်းပင် စုရှောင်မိုနှင့် လီဖေးတို့သည် မြေပေါ်တွင် လဲကျလျက် ရှိနေ၏။ ၎င်းတို့သည် ဝိုင်ခွက်အလွတ်ကြီးများကို ဖက်ကိုင်ကာ ပြောလိုက်၏။ “ဆက်ပြီး မသောက်နိုင်တော့ဘူး။ မရတော့ဘူး”
“အမှိုက်တွေ” ရီရှင်းချန်သည် သူ၏ အိပ်ဆောင်ဆီသို့ ခပ်တည်တည်ဖြင့် ပြန်လာခဲ့၏။ မည်သည့်ဆိုးရွားသည့်အရာမှ မဖြစ်လာခဲ့ချေ။ ထိုအချိန်မှာတော့ ဝိုင်နတ်ဘုရားဆိုသည့် ဂုဏ်ပုဒ်သည် ရီရှင်းချန်နှင့် ထိုက်တန်နေပြီ ဖြစ်တော့၏။
..............
နဂါးဦးခေါင်းတောင်ထွတ်
ကျွင်းချောင်ရှောင်းသည် ခြံဝန်းတစ်ခု၏ရှေ့တွင် မတ်တပ်ရပ်လိုက်သည်။ ပြီးနောက် မနည်းကြိုးစား ဖျစ်ညှစ်ကာဖြင့် ပြောလိုက်သည်။ “ခင်ဗျား၊ ခင်ဗျား အလုပ်ကြိုးစားခဲ့တယ်”
သူ့အနေနှင့် ဘာတာဝန်ယူမှုမှ မရှိသော စီမံခန့်ခွဲသူတစ်ယောက်ကဲ့သို့အရာအားလုံးကို လက်လွှတ်ပြီး ထားခဲ့မိသည်။ သို့ပေမဲ့ ဂိုဏ်း၏ ကိစ္စဝိစ္စ အားလုံးသည် နှင်းဆီဧကရီ၏ စီမံ့ခန့်ခွဲမှုကြောင့် ယခုကဲ့သို့ ကောင်းမွန်သည့် အခြေအနေမျိုးသို့ ရောက်ရှိနေလေသည်။ ထို့ကြောင့် ယနေ့ သူမကို ကျေးဇူးတင်ရန် ရောက်ရှိလာခဲ့ခြင်းဖြစ်၏။
“ဟေး”
ရုတ်တရက် ခြံဝန်း၏ အပြင်ဘက်တွင် မတ်တပ်ရပ်လျက် ရှိနေသော နှင်းဆီဧကရီသည် ဇဝေဇဝါဖြင့် မေးလိုက်မိသည်။ “ဘယ်သူ့ကို စကားပြောနေတာလဲ”
အိမ်ရှေ့တွင် မတ်တပ်ရပ်နေသော ကျွင်းချောင်ရှောင်းသည် မည်သူမှ မရှိဘဲ တစ်ယောက်တည်း စကားပြောလျက် ရှိနေသည်ကို သူမ မြင်ခဲ့ရ၏။
ရွှီး
ကုန်းရှန့်သည် ချက်ချင်း သူ၏ ခန္ဓာကိုယ်ကို တည့်မတ်အောင် ပြုလုပ်ပြီးနောက် ပြောလိုက်သည်။ “ကျုပ် ကျုပ်အရက်သောက်တာ များသွားလို့ လျှောက်ပြောနေတာ”
သို့ပေမဲ့ ကျွင်းချောင်ရှောင်း၏ လိမ်ညာမှုသည် မသေသပ်ခဲ့ချေ။ အလုံးစုံဟာကွက်များနှင့် ပြည့်နှက်လို့နေ၏။
နှင်းဆီဧကရီသည် ရှေ့ဆီသို့ တစ်လှမ်းတိုးလာပြီး ပြောလိုက်သည်။ “စားပွဲ ခုမှ ပြီးသွားတာလေ။ ရှင် ကျွန်မကို လျစ်လျှူရှုထားတယ်။ ပြီးတော့ ဘယ်သူမှ မရှိတဲ့ အချိန်လေးမှာတောင်မှ ကိုယ့်စိတ်ထဲက စကားကို အမှန်အတိုင်း မပြောနိုင်ဘူးလား”
ကျွင်းချောင်ရှောင်းတစ်ယောက် အရက်မူးဟန်ဆောင်၍ သူ၏ ခြံဝန်းဆီကို တယိမ်းတယိုင်ဖြင့် စတင်ကာ ပြန်လိုက်သည်။ နှင်းဆီဧကရီသည် အနောက်မှ လိုက်ပါလာကာ ပြောလိုက်၏။ “နှစ်နှစ်တိတိ ရှင့်ရဲ့ဂိုဏ်းကို စီမံဖို့ ကူညီပေးခဲ့တယ်။ ကျွန်မအနေနဲ့ ဘာတစ်ခုမှ ထူးခြားတာတွေ မရဘူးဆိုရင်တောင်မှ အလုပ်ကို ကောင်းကောင်း ကြိုးစားခဲ့တယ်လေ။ ဒါတောင်မှ ရှင့်ရဲ့ကျေးဇူးတင်မှုနဲ့ မထိုက်တန်ဘူးလို့ မပြောနဲ့။ ဘာလို့ ရှင်က ဒီလိုစကားလေးပြောဖို့တောင်မှ ကျွန်မ ကြားသွားမှာစိုးလို့ ခပ်ဝေးဝေးဆီကို ရှောင်ပုန်းနေရတာလဲ”
“ချီးတဲ့မှ”
သူမ တကယ်ကို ကြားသွားခဲ့၏။
“ကျုပ် ကျုပ် ဘာမှ မပြောဘူးလေ။ ဘာမှ မမှတ်မိတော့ဘူး” ကျွင်းချောင်ရှောင်းသည် အရက်မူး ဟန်ဆောင်လိုက်သည်။
စနစ်သည် မနေနိုင်ဘဲ ထ၍ ဆဲလိုက်၏။ “ငါ မင်းကို တကယ်ပဲ ရိုက်ချင်နေပြီ။ ငါနဲ့အတူ ရိုက်ချင်တဲ့လူတွေလည်း များနေလောက်ပြီနဲ့ တူတယ်”
ရွှီး
နှင်းဆီဧကရီသည် လျင်လျင်မြန်မြန်ပဲ အရှေ့သို့ လှမ်းတက်လာပြီး ကျွင်းချောင်ရှောင်းအား လမ်းပိတ်ရပ်လိုက်၏။ ပြီးနောက် ကျွင်းချောင်ရှောင်းကို စူးစိုက်ကြည့်ကာ ပြောလိုက်သည်။ “ရှင် ဘယ်အချိန်အထိ ရှောင်ပုန်းနေအုံးမှာလဲ”
“ကျုပ်က ဘာကို ရှောင်ပုန်းနေတာလဲ”
“ရှင့်ရဲ့နှလုံးသားထဲမှာ ကျွန်မ ရှိတယ်ဆိုတာ ရှင်းရှင်းလင်းလင်း သိပြီးသားပဲလေ။ ဒါပေမဲ့ ရှင်က ဒီကိစ္စကို ရှောင်ပုန်းနေတယ်။ အခု ကျေးဇူးတင်စကားလေး ပြောဖို့တောင်မှ အဝေးကြီးကနေ ရှောင်ပုန်းပြောနေတယ်။ အဓိပ္ပာယ်ရှိလို့လား”
“ကျေးဇူးပြုပြီး ကျုပ်တကယ် အရက်မူးနေလို့ ပေါက်ကရတွေ လျှောက်မတွေးပါနဲ့”
အား အား အား
ကျွင်းချောင်ရှောင်းသည် ချက်ချင်းပဲ အော်ဟစ်လိုက်၏။ အဘယ်ကြောင့်ဆိုသော် နှင်းဆီဧကရီသည် သူ၏လက်မောင်းကို ဖက်ကာ ကိုက်သောကြောင့်ပင်။
သူမသည် မုန်းတီးမှုအပြည့်ဖြင့် ကြည့်ကာ ပြောလိုက်၏။ “ရှင့်လို ယောက်ျားမျိုးကို တစ်ခါမှ မမြင်ဖူးဘူး”
“ခင်ဗျား”
“ဒင်… အထက်နယ်မြေ၏ အထူးတာဝန်နှစ်သည် ပြည့်စုံခဲ့သည်။ စတင် တွက်ချက်နေသည်”
“ဒင်… အတွင်းစည်းတပည့်များသည် နှစ်နှစ်တာ အတွေ့အကြုံယူပြီး ပြန်ရောက်ခဲ့၏။ ၎င်းတို့၏ ကျင့်ကြံခြင်းအဆင့် သည်လည်း တိုးတက်သွားသည်။ ထို့ကြောင့် လိုအပ်ချက်နှင့် ကိုက်ညီသွားသည်။ အထူးတာဝန်နှစ်သည် ပြည့်စုံသည်။ ပြည့်စုံမှုနှုန်း နှစ်ရာ ရာခိုင်နှုန်း”
“လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် ဆယ်သိန်းကို ရရှိ၏”
“ဒင်… ဂိုဏ်းစုဆောင်းမှတ် - ၁၈၀၀၀၀၀”
မူလအားဖြင့် နာကျင်လျက်ရှိနေသည့် ကျွင်းချောင်ရှောင်းသည် ရုတ်တရက် ပြုံးရွှင်လာခဲ့၏။ အထူးတာဝန်နှစ်သည် သူ့အား ဂိုဏ်းစုဆောင်းမှတ် ဆယ်သိန်းအား ပေးစွမ်းနေ၏။ ထို့ကြောင့် မည်သည့် နာကျင်မှုကိုမှ မခံစားရသလို ဖြစ်မိနေတော့သည်။
“ဒင်… လက်ခံသူသည် အထက်နယ်မြေ၏ အထူးတာဝန်နှစ်ကို ပြည့်စုံစေခဲ့၏။ ထို့ကြောင့် အဆင့်မြင့် အချိန်နှင့်တည်နေရာ လျှို့ဝှက်နယ်မြေတစ်ခု၊ အဆင့်မြင့် ဘုံကိုးပါး လျှို့ဝှက်နယ်မြေတစ်ခု၊ အဆင့်မြင့် ကြွက်သားတည်ဆောက်ခြင်းအခန်းနှင့် ဂိုဏ်း၏ အဆောက်အအုံ အဆင့်မြှင့်တင်နိုင်ခွင့်တစ်ခုတို့ကို ဝယ်ယူခွင့် ရရှိ၏”
ဟား ဟား ဟား ဟား
ကျွင်းချောင်ရှောင်းသည် သူ၏ ခံစားချက်ကို မည်သို့မှ မထိန်းချုပ်နိုင်တော့ချေ။ ထို့ကြောင့် ကျယ်လောင်စွာ ရယ်မောလိုက်၏။
နှင်းဆီဧကရီသည် ဆွံ့အသွားမိ၏။ သူမ ကိုက်လိုက်သောကြောင့် ရူးကြောင်ကြောင် ဖြစ်သွားသည်လား။
“လာခဲ့”
ထိုအချိန်မှာပဲ ကျွင်းချောင်ရှောင်းသည် သူ၏ တခြားသော လက်တစ်ဖက်ကို ဆန့်တန်းကာ ပြောလိုက်သည်။ “ထပ်ကိုက်အုံး”
ဤကဲ့သို့ ထူးဆန်းလှသည့် တောင်းဆိုမှုမျိုးကို သူမ တစ်ခါမှ မကြုံဘူးချေ။ ထို့ကြောင့် နှင်းဆီဧကရီသည် ပါးစပ်ကိုဟ၍ နှောင်နှေးခြင်းမရှိဘဲ တစ်ခါတည်း ကိုက်ထည့်လိုက်၏။ သို့ပေမဲ့ သူမ၏ ကိုက်ခဲမှုအားသည် ယခင်ကထက် ပိုမိုကာ အားလျော့လာ၏။
ဟူး ဟူး
ရုတ်တရက် ကျွင်းချောင်ရှောင်း၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ဆန်းကြယ်လှသော အဆင့်တက်မှုအော်ရာများ ဖြစ်တည်လာပြီး ပြိုင်စံရှားဂိုဏ်းတစ်ခုလုံးကိုပင် ဖုံးလွှမ်းသွား၏။။ မူလအားဖြင့် အရက်မူးလျက်ရှိသည့် တပည့်များသည် အမူးပြေသွား၏။
“ဂိုဏ်းချုပ်က အဆင့်တက်တော့မှာလား။”
“ဒီလိုမျိုး ရုတ်တရက် အဆင့်တက်တာ ခဏခဏပဲ”
“ဒင်… လက်ခံသူသည် အမြူတေအသွင်ပြောင်းခြင်းအဆင့်နှစ်ကို တိုးတက်ရောက်ရှိခဲ့သည်”
“ဒင်… လက်ခံသူသည် အမြူတေအသွင်ပြောင်းခြင်းအဆင့်သုံးအား ချိုးဖြတ်ရောက်ရှိခဲ့သည်”
အထူးတာဝန်ကို ပြည့်စုံစေပြီးသည့်နောက် သူ၏ နှစ်နှစ်တာ စည်းခတ်ခံထားရသည့် ကျင့်ကြံခြင်းလမ်းသည် ပွင့်သွားခဲ့သည်။ ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် အောင်အောင်မြင်မြင်ဖြင့် အဆင့်တက်နိုင်ခဲ့ပြီဖြစ်သည်။ သူသည် အမြူတေအသွင်ပြောင်းခြင်းအဆင့် ပထမမှ တတိယအဆင့်ဆီသို့ ချိုးဖြတ်ရောက်ရှိခဲ့၏။
ဟူး ဟူး ……..။
တစ်ချိန်တည်းမှာပဲ သူ၏ ဒန်ထျန်ထဲတွင် ရှိသော ကျန်းချီများသည် လှည့်ပတ်နေသည်။ ထပ်တလဲလဲ လှည့်ပတ်ပြီးနောက် ပိုမိုကာ သန့်စင်လာခဲ့သည်။ သူ၏ မရီဒန်ထဲမှ ဆူဝေလျက်ရှိနေသည့် ကြမ်းတမ်းလွန်းသော အားအင်များသည် ကျွင်းချောင်ရှောင်းအား ခေါင်းမော့ကာ အော်ဟစ်စေသည်အထိ အားကောင်းစေခဲ့သည်။
နှင်းဆီဧကရီသည် စွမ်းအင်လှိုင်းများကြောင့် ခပ်ဝေးဝေးဆီသို့ လွင့်စင်သွား၏။ ပြီးနောက် တုန်လှုပ်စွာဖြင့် ကြည့်ရှုကာ တွေးလိုက်မိ၏။ “ဘယ်လိုလုပ် အဆင့်ချိုးဖြတ်သွားရတာလဲ”
“လာခဲ့”
ကျွင်းချောင်ရှောင်းသည် သူ၏ လက်နှစ်ဖက်ကို ဆန့်တန်းကာဖြင့် ပြောလိုက်သည်။ “ကိုက်ချင်သလောက် ကိုက်တော့”
တစ်ခါတည်း အဆင့်နှစ်ခုကို တိုးတက်ရောက်ရှိပြီးနောက် သူသည် အမှန်ပင် စိတ်ကောင်းဝင်လျက် ရှိနေ၏။
...............
နှင်းဆီဧကရီသည် သူ့အား စူးစိုက်ကြည့်လိုက်၏။ ပြီးနောက် အသာလှည့်ကာ ထွက်ခွာသွားတော့သည်။ ထပ်မံကာ ကိုက်၍ မဖြစ်နိုင်တော့ချေ။ အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့ ကိုက်ခဲခြင်းသည် သူမ၏ နှလုံးသားကိုသာ နာကျင်စေခဲ့သောကြောင့်ပင်။
ရွှီး
ကျွင်းချောင်ရှောင်းသည် ရုတ်တရက် သူမ၏ လက်ကို ဆွဲကာဖြင့် အနောက်သို့ ဆွဲလိုက်သည်။ ပြီးနောက် ပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ်”
“ဘာလို့ ကျေးဇူးတင်တာလဲ”
“နှစ်နှစ်တိတိ ဂိုဏ်းကို စီမံခန့်ခွဲပေးတဲ့အတွက်ကြောင့် ကျေးဇူးတင်တာလေ” ကျွင်းချောင်ရှောင်းက လေးလေးနက်နက် ပြောလိုက်သည်။ သူ၏ စကားများထဲတွင် မည်သည့် ဟာသလုပ်သော အမူအရာများ မရှိချေ။
နှင်းဆီဧကရီသည် အသာလှည့်ကာဖြင့် နာနာကျင်ကျင် ပြောလိုက်သည်။ “ကျွန်မ ဒီကိုရောက်လာမှ ရှင်မျက်နှာချင်းဆိုင် ပြောရဲတာ မဟုတ်လား”
“ကျုပ် အခုပြောနေပြီလေ။ ပြီးတော့ ပြောဖို့အတွက် လေ့ကျင့်နေတုန်း ခင်ဗျားသိသွားတာလေ” ကျွင်းချောင်ရှောင်းသည် အကူအညီမဲ့စွာ ပြောလိုက်၏။
အချက်အလက်အားဖြင့် နှင်းဆီဧကရီသည် အထင်မှားနေခြင်းသာဖြစ်၏။ ကျွင်းချောင်ရှောင်းသည် ခြံဝန်းရှေ့ဆီသို့ ရောက်ရှိလာပြီး တစ်ယောက်တည်း စကားပြောဆိုနေခြင်းမှာ အစမ်းလေ့ကျင့်ခြင်းသာဖြစ်၏။ သို့ပေမဲ့ အစမ်းလေ့ကျင့်နေတုန်း တစ်ဖက်လူက သိရှိသွားခဲ့သည်။
“တခြား ဘာပြောစရာ ရှိသေးလဲ”
“ဘာမှ မရှိဘူး”
“ရှင်” နှင်းဆီဧကရီသည် ဆူပုတ်ပုတ်ဖြင့် ထွက်ခွာသွား၏။ ခြံဝန်းထဲမှ လျှောက်ထွက်သွားပြီးသည့်နောက် သူမ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်တည်လာသည်။
…………
ဝါးတောတစ်ခုထဲမှာတော့ ခန္ဓာကိုယ်အတွင်းရှိ အရက်များအား ပြန်လည်ထုတ်လျက်ရှိသည့် စုရှောင်မိုသည် ရှရွှေယွင်ကို မေတ္တာသက်ဝင်ကာဖြင့် ကြည့်ရှုကာ ပြောလိုက်၏။ “ကိုယ်ကျိန်ပြောရဲတယ်။ နှစ်နှစ်လုံးလုံး တောက်လျှောက်တွေးတောနေခဲ့တာပါ။ စားချိန်၊ အိပ်ချိန်တောင်မှ စဉ်းစားနေမိတယ်လေ။ မယုံဘူးဆိုရင် လက်ကို ရင်ဘတ်ပေါ် တင်ထားကြည့်လိုက်။ ဒီမှာခုန်နေတဲ့ နှလုံးခုန်သံတွေ အားလုံးက မင်းအတွက်ပဲ”