အပိုင်း (၁၄၀၉)
Vol. 95 Ch. 1409
အစစ်အမှန်ဂိုဏ်းလေးခု၏ အတွင်းစည်းတပည့်များသည် ဤပြိုင်ပွဲတွင် အနိုင်ယူရန် ရေပန်းအစားဆုံး ဖြစ်ကြသည်။ သို့ပေမဲ့ သုံးယောက်သည် လုချင်းချင်း၊ ရှောင်ကျီနှင့် စုရှောင်မိုတို့၏ အနိုင်ယူ တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး ပြိုင်ပွဲမှ ထွက်ခွာသွား၏။
မည်ကဲ့သို့ တိုက်ခိုက်ခဲ့သည်ကို အသေးစိတ် ပြောနေစရာပင် မလိုအပ်တော့ချေ။ တစ်ခါတည်း အနိုင်ယူခဲ့ခြင်းပင် ဖြစ်တော့၏။ ထို့ကြောင့် စွေ့ဝူချင်းနှင့် ရီရှင်းချန်တို့၏ တိုက်ပွဲသည် နောက်တစ်ဆင့်ကို တက်လှမ်းနိုင်သည့်အရာပင် ဖြစ်သည်သာမက အစစ်အမှန်ဂိုဏ်းများ၏ ဂုဏ်သိက္ခာကို ခုခံ ကာကွယ်နိုင်စေသည့် အရာလည်း ဖြစ်လို့လာခဲ့သည်။
“စီနီယာအစ်ကိုကြီး နိုင်ရမယ်”
“စီနီယာအစ်ကိုကြီး နိုင်ရမယ်”
နှစ်ဖက်လုံးဆီမှ ပြိုင်ပွဲဝင်များသည် စင်မြင့်ပေါ်သို့ မတက်လှမ်းရသေးခင်မှာပဲ ခံစားချက်ခုနှစ်မျိုးဂိုဏ်းအစစ်အမှန် ဂိုဏ်းမှ တပည့်များသည် ကျယ်လောင်စွာ အော်ဟစ်နေကြ၏။ သိုင်းကျင့်ကြံသူများသည် အားကောင်းလှသည့် တိုက်ခိုက်မှုမျိုးကို မြင်ရမည် ဖြစ်သောကြောင့် ၎င်းတို့သည်လည်း ထပ်တိုးကာ ဝင်ရောက် အော်ဟစ်လိုက်ကြ၏။
“စွေ့ဝူချင်း တောင့်ထား၊ စွေ့ဝူချင်း တောင့်ထား”
၎င်းတို့သည် အားနည်းသူအတွက် အော်ဟစ်အားပေးနေခြင်းလည်း ဖြစ်သည်။ ကံကြမ္မာအလှည့်အပြောင်းတစ်ခု ဖြစ်ပေါ်လာစေရန်လည်း မျှော်လင့်နေမိကြသည်။
“ဟမ့်” ရီရှင်းချန်သည် နှာခေါင်းကို ရှုံ့လိုက်သည်။ ပြီးနောက် တိုက်ခိုက်ရေးစင်မြင့်ပေါ်သို့ လှမ်းတက်လိုက်၏။
စွေ့ဝူချင်းသည်လည်း စင်မြင့်ပေါ်သို့ လှမ်းတက်လိုက်သည်။ သူ၏ မျက်နှာပေါ်တွင်တော့ မည်သည့်ခံစားချက် နည်းနည်းလေးမှ မပေါ်လာချေ။ သူက ပြောလိုက်သည်။ “မင်းက အားကောင်းတယ်ဆိုပေမဲ့ ငါကလည်း အားမနည်းဘူး”
“အမှိုက်”
နှစ်နှစ်တိတိ အတွေ့အကြုံယူပြီးသည့်နောက် ရီရှင်းချန်သည် တခြားသောသူအားလုံးအား အထင် အမြင်သေးစွာ ကြည့်ရှုရသည့် ကောင်းမွန်သော ခံစားချက်ကို ရရှိခဲ့ပြီဖြစ်သည်။
“ပြိုင်ပွဲ စမယ်” ဒိုင်လူကြီးက အော်ဟစ်လိုက်၏။
ဟူး ဟူး
အသံထွက်ပေါ်လာခြင်းခြင်းမှာပဲ စွေ့ဝူချင်းသည် လက်ကို အသာဝှေ့ယမ်းလိုက်၏။ မည့်သည့်ခံစားချက်မှ ပါဝင်ခြင်းမရှိသော ဆန်းကြယ်လှသည့် စွမ်းအင်များသည် ရုတ်တရက် သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာ၏။ “ခံစားချက် ခုနှစ်မျိုးစွမ်းအင်”
“ကျွတ် ကျွတ်.... ဒီလူငယ်လေးက တကယ့်ကို အားကောင်းတာပဲ”
“ဒီကလေးက ငယ်စဉ်ကတည်းက ခံစားချက်ခုနှစ်မျိုး အစစ်အမှန်ဂိုဏ်းမှာ လေ့ကျင့်ခဲ့တာ ထိုက်တန်လွန်း လှတယ်”
“သူ ဘယ်ခံစားချက်သုံးမျိုးကို သတ်နိုင်ခဲ့လဲဆိုတာ ငါသိချင်မိတယ်” အားလုံးတို့သည် စတင်ကာ ဆွေးနွေးလျက်ရှိ၏။
ခံစားချက်ခုနှစ်မျိုးဂိုဏ်းသည် အထက်နယ်မြေ၏ ထူးခြားသော ဂိုဏ်းတစ်ခုလည်းဖြစ်၏။ ထိုဂိုဏ်းသို့ ဝင်ရောက်သည့် လူများသည် ခံစားချက်ခုနှစ်မျိုးကို သတ်ဖြတ်ပစ်ရ၏။ ထိုမှသာလျှင် ၎င်းတို့၏ စွမ်းအင်များကို စုစည်းမိမှာပြီး ထိုစွမ်းအင်များသည် ဗလာစွမ်းအင်ဟု ခေါ်သည်။
၎င်းခံစားချက်ခုနှစ်မျိုးဂိုဏ်းနှင့်တူညီသည့် အလိုလာဘခြောက်မျိုးဆိုသည့်ဂိုဏ်းလည်း တည်ရှိနေသေး၏။ ခံစားချက် ခုနှစ်မျိုးနှင့် အလိုလာဘခြောက်မျိုးဆိုသည်မှာ မည်သည့်အရာများ ဖြစ်နေသနည်း။ ကိုယ်ဘာကိုယ် ရှာဖွေကြည့်ရှုသင့်၏။ မပြောပြနိုင်ပေ။
စွေ့ဝူချင်း သည် ငယ်ရွယ်စဉ်ကတည်းက သူ၏ဂိုဏ်းတွင် ကျင့်ကြံခဲ့ခြင်းဖြစ်ပြီး ဝူချင်းဆိုသည့်နာမည်သည် ဂိုဏ်းချုပ်မှ သီးသန့်ပေးအပ်ထားသည့် နာမည်လည်းဖြစ်၏။ မည်သည့်ခံစားချက်မှ မရှိသည့် အစစ်အမှန်လူသား တစ်ယောက်ဆိုသည့် အဓိပ္ပာယ်လည်းဖြစ်သည်။
ဂိုဏ်းချုပ်၏ နာမည်ပေးခြင်းကို ခံထားရသည့်လူတစ်ယောက် ဆိုသည်မှာ ကြီးမားသည့် အလားအလာကို ပိုင်ဆိုင်သည်ဆိုသည့် အဓိပ္ပာယ်လည်း သက်ရောက်၏။
သေချာပေသည်။ သူသည် အားလုံး၏ မျှော်လင့်ချက်များနှင့် နေထိုင်အသက်ရှင်ခဲ့သည် လူဖြစ်သည်။ အသက် ဆယ့်ငါးနှစ်အတွင်းမှာပဲ ပျော်ရွှင်မှုဆိုသည့် ခံစားချက်ကို သတ်ဖြတ်ပစ်နိုင်ခဲ့၏။ အသက်နှစ်ဆယ့်သုံးနှစ်မှာတော့ ခံစားချက်သုံးမျိုးကို သတ်ဖြတ်နိုင်ခဲ့သည့် ပထမဦးဆုံးနှင့် အမြန်ဆုံးသောလူသားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
စွေ့ဝူချင်း၏ ကျင့်ကြံခြင်းနှင့် အားအင်အဆင့်သည် တဖြည်းဖြည်းနှင့် ပိုမိုကာ တိုးတက်လာခဲ့သည်။ ဤအရာမှာ အဓိက မဟုတ်သေးပေ။ အဓိကအကြောင်းအရာသည် သူသည် ငယ်ရွယ်တက်ကြွရမည့်အချိန်တွင် ကျောက်တုံး ကဲ့သို့သော မျက်နှာကို ပိုင်ဆိုင်လာခဲ့ခြင်းပင်။
ဟုတ်ပေသည်။ သူ့အနေနှင့် ဆက်လက်ကြိုးစားရန် လိုအပ်နေသေး၏။ အဘယ်ကြောင့်ဆိုသော် ခံစားချက် သုံးမျိုး ကိုသာ သတ်ဖြတ်နိုင်ခဲ့သေး၏။ တခြားသော ခံစားချက် လေးမျိုးကိုသာ ထပ်မံသတ်ဖြတ်နိုင်မည်ဆိုပါက ပိုမိုကာ ကြမ်းတမ်းလာခဲ့မှာ သေချာ၏။
လက်ရှိအခြေအနေမှာတော့ စွေ့ဝူချင်းသည် အားလုံး၏ အရှေ့တွင် ခပ်မတ်မတ်နှင့် ရပ်တန့်လျက်ရှိနေပြီး အားလုံးသောသူများသည် သူ့ဆီမှ အကြွေးယူထားခဲ့သလို မျက်နှာသွင်ပြင်မျိုးနှင့် ရှိနေလေသည်။
“စိတ်ဝင်စားစရာပဲ” ရီရှင်းချန်၏ နှုတ်ခမ်းထောင့်များတွင် အပြုံးများ ဖြစ်တည်လာခဲ့သည်။ သူ၏ အရင်ပြိုင်ဘက် များသည် အလွန်အားနည်းလွန်းလှ၏။ သူ့အနေနှင့် သွေးပူလေ့ကျင့်ခန်းပင် မဖြစ်ခဲ့ချေ။
ရွှီး ……။
ထိုအချိန်မှာတော့ စွေ့ဝူချင်းသည် လှုပ်ရှားလိုက်၏။ ဗလာစွမ်းအင်များသည် တည်နေရာထဲတွင် ပေါက်ကွဲထွက် သွားပြီးသည့်နောက် နေရာအနှံ့ဆီမှ လက်ဝါးရိုက်ချက်ကြီးများ ကျဆင်းလာ၏။ ဤအရာသည် ယှဉ်ပြိုင်ခဲ့သည့် ပြိုင်ပွဲအဆက်ဆက်တွင် အားအကောင်းဆုံးသော တိုက်ခိုက်မှုဟု ပြောဆိုနိုင်စွမ်း ရှိနေ၏။
တိုက်ပွဲသည့်အချိန်မှာတော့သူသည် အမှန်ပင် လေးလေးနက်နက် တိုက်ခိုက်နေလသည်။
ဟား ဟား ဟား ဟား ….။
လက်ဝါးရိုက်ချက်ကြီး ကျဆင်းလာသည့်အချိန်မှာတော့ အနီးဆုံးတွင် ရှိနေသည့် ပွဲကြည့်သူများသည် ရုတ်တရက် ထကာ ရယ်မောလိုက်သည်။ ပြီးနောက် ၎င်းတို့သည် ရုတ်တရက် ဒေါသထွက်လာပြန်သည်။ နောက်ဆုံးမှာတော့ စိုးရိမ်ပူပန်ခြင်းများ ဖြစ်တည်လာခဲ့ကြ၏။
“သတိထား”
တစ်စုံတစ်ယောက်က ထအော်လိုက်သည်။ “ခံစားချက်သုံးမျိုးရဲ့ စွမ်းအင်တွေက စိတ်နဲ့ လေဟာနယ် ထဲကို ဝဲလွင့်ပြီး ကြည့်ရှုနေတဲ့ ပွဲကြည့်ပရိသတ်တွေကိုတောင် သက်ရောက်စေခဲ့တယ်။ တကယ့်ကို အားကောင်းတာပဲ”
အားလုံးတို့သည် ၎င်းတို့၏ ကိုယ်ပိုင်ကျင့်ကြံခြင်း နည်းစနစ်များကို အသက်သွင်းကာဖြင့် ခုခံထားရ၏။ ကံကောင်းစွာဖြင့် ဤလွှမ်းခြုံနိုင်သည့်တည်နေရာသည် အရမ်းကြီး မကြီးလှပေ။ ထို့အပြင် ဖိနှိပ်နိုင်သည့်အော်ရာ ကလည်း အားနည်းလွန်းလှချေ၏။ မဟုတ်ပါက ကြည့်ရှုနေသူများအနေဖြင့် မလွယ်လှချေ။
ဤခံစားချက်သုံးမျိုး၏ ဗလာစွမ်းအင်များသည် စင်မြင့်ကြီးထဲတွင် ကြီးကြီးမားမား ဖြစ်တည်နေ၏။ ရီရှင်းချန် ဆိုသည့်တပည့်သည် ဤအရာကို ခုခံနိုင်ပါ့မည်လား။
ဘုန်း ဘုန်း
ထိုအချိန်မှာတော့ လက်ဝါးရိုက်ချက်ကြီး ကျဆင်းလာ၏။ ရီရှင်းချန်သည် တည်နေရာတွင် မတ်မတ်ရပ်လျက် ရှိပြီး မျိုးစုံသော ခံစားချက်ဗလာစွမ်းအင်များကို သူ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်စေ၏။
စွေ့ဝူချင်းသည် မျက်မှောင်ကုတ်ကာ မေးလိုက်သည်။ “မင်း ဘာလို့ မရှောင်တာလဲ”
“အားနည်းလွန်းလို့လေ” ရီရှင်းချန်သည် ထူးမခြားနားသလို ပြောလိုက်၏။
“...........”
စွေ့ဝူချင်းသည် မည်သည့်ဒေါသတရားကိုမှ ထုတ်ဖော်မပြသချေ။ သူသည် ခံစားချက်များကို ဖြတ်တောက်ပြီးပြီ မဟုတ်ပါလား။ ထို့ကြောင့် ပြောလိုက်မိသည်။ “ငါအခုသုံးလိုက်တာက ခံစားချက်သုံးမျိုး ဝိညာဉ်ကွဲကြေခြင်း လက်ဝါးရိုက်ချက်ပဲလေ။ ခန္ဓာကိုယ်နဲ့ ထိတွေ့ပြီဆိုတာနဲ့ သိစိတ်ပင်လယ်ထဲကို ဝင်ရောက်ပြီး အဆုံးမဲ့တဲ့ နာကျင်မှုကို ခံစားရလိမ့်မယ်”
ရွှီး
ရီရှင်းချန်သည် ရုတ်တရက် သူ၏ရှေ့၌ ပေါ်ပေါက်လာသည်။ ပြီးနောက် ပြောလိုက်သည်။ “သေခြင်းတရားထက် ဆိုးရွားတဲ့ နာကျင်မှုဆိုတာ ရှိသေးလား”
မြန်ဆန်လွန်းလှချေ၏။
ဝှစ်
ဘုန်း
လက်သီးထိုးနှက်ချက်တစ်ခု ဖြစ်တည်လာပြီး အေးစက်သည့်အသံကို အားလုံးက ကြားလိုက်ရ၏။ “ကိုယ်ကိုယ်တိုင် မသေဘူးသေးဘဲနဲ့ အနာကျင်ဆုံးသောအရာအကြောင်း ပြောကို မပြောသင့်ဘူး”
ဘုန်း
ဤရိုးရှင်းလှသည့် လက်သီးတစ်ချက်သည် စွေ့ဝူချင်းအား ရှောင်ရှားရန် မတတ်နိုင်ခဲ့ချေ။ ၎င်းသည် ဝမ်းဗိုက်ကို လက်သီးဖြင့် ထိုးနှက်ခံလိုက်ရပြီး ခန္ဓာကိုယ်တစ်ခုလုံး ကွေးကာဖြင့် မျက်လုံးများ ပြူးထွက်လာခဲ့သည်။
ရီရှင်းချန်သည် လက်ကိုမြှောက်ကာဖြင့် တစ်ဖက်လူ၏ နဖူးကို ဖိနှိပ်လိုက်သည့်အချိန်မှာတော့ တစ်ဖက်လူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် မြေပေါ်သို့ ဘုတ်ကနဲ ပြုတ်ကျသွား၏။
“ချီးတဲ့မှ” ကျွင်းချောင်ရှောင်းက ထကာအော်ဟစ်လိုက်မိသည်။
“.........”
ပွဲကြည့်နေသော ကျင့်ကြံသူများသည် တိတ်ဆိတ်ငြိမ်သက် သွားခဲ့၏။ အစစ်အမှန်ဂိုဏ်းသည် ၎င်းတို့၏ လက်ကျန် ဂုဏ်သိက္ခာကို မထိန်းသိမ်းနိုင်ခဲ့တော့ချေ။ ကျန်သုံးယောက်ထက်ပင် ပိုမိုဆိုးရွားစွာ ရှုံးနိမ့်ခဲ့ရသေး၏။
“ပြိုင်စံရှားဂိုဏ်း ရီရှင်းချန် နောက်တစ်ဆင့်သို့တက်တယ်”
ဒိုင်လူကြီး၏ အော်ဟစ်မှုကို ကြားလိုက်ရပြီးသည့် နောက် ကျွင်းချောင်ရှောင်းသည် ခံစားချက်ခုနှစ်မျိုးအစစ်အမှန်ဂိုဏ်း အထက်ပိုင်းအကြီးအကဲများဆီကို လက်သီး ဆုပ်ကာ ပြောလိုက်၏။ “အနိုင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
“........”
ဤလူသည် ကြီးမြတ်သူတုံးကု၏ တပည့်တစ်ယောက်ဖြစ်နေခြင်းကြောင့် အထက်ပိုင်း အကြီးအကဲတစ်ယောက် သည် ပြုံးကာ ပြန်ပြောလိုက်ရ၏။ “ခင်ဗျားတပည့်က အရမ်းကို အားကောင်းတယ်။ ချီးကျူးစရာပါပဲ”
တကယ်တမ်းမှာတော့ ရင်ဘတ်ထဲတွင် မီးကဲ့သို့ တောက်လောင်လှသည့် ဒေါသတရားများ လှိုင်းထန်နေ၏။ သို့ပေမဲ့ ၎င်းအနေနှင့် ဘာမှမဖြစ်သလို ဟန်ဆောင်နေခဲ့ရ၏။
...........
စွေ့ဝူချင်းကို စင်မြင့်ပေါ်မှ မနည်းဆွဲကာ ချခဲ့ရသည်။ ပြိုင်ပွဲသည် ဆက်လက်ကာ ဖြစ်တည်နေ၏။ လက်ရှိ အခြေအနေမှာတော့ စင်မြင့်ပေါ်တွင် ပြိုင်ပွဲဝင်ရှစ်ယောက်သာ ကျန်ရှိတော့ပြီး ငါးယောက်သည် ပြိုင်စံရှားဂိုဏ်း တပည့်များဖြစ်သည်။ ကျန်သည့်သုံးယောက်မှာတော့ တစ်ကိုယ်လုံး တုန်ယင်လျက် ရှိနေသည်။ ၎င်းတို့သည် အားကောင်းလွန်းသောကြောင့် ဤနေရာဆီသို့ ရောက်ရှိလာခဲ့ကြခြင်း မဟုတ်ပေ။ ကံတရားကြောင့် ရောက်ရှိလာခဲ့ခြင်းဖြစ်၏။ အစစ်အမှန်ဂိုဏ်းများနှင့် ရင်ဆိုင်ကာ မတွေ့ခဲ့သလို ပြိုင်စံရှားဂိုဏ်းတပည့်များနှင့် ထိပ်တိုက်ရင်ဆိုင် မတွေ့ခဲ့သောကြောင့် ၎င်းတို့သည် ထိပ်ဆုံးတည်နေရာဆီသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
ရှောင်ကျီနှင့် လီချင်းယန် တို့သည် ထပ်မံတွေ့ဆုံပြီးသည့်နောက် လီချင်းယန်သည် စင်မြင့်ပေါ်မှ ဆင်းသက်ကာ အရှုံးပေးခဲ့၏။ စုရှောင်မိုနှင့် လုချင်းချင်းတို့၏ တိုက်ပွဲစတင်ပြီးသည့်နောက် လုချင်းချင်းသည် စင်မြင့်ပေါ်မှ ခုန်ဆင်းကာဖြင့် အရှုံးပေးခဲ့သည်။ ရီရှင်းချန်၏ ပြိုင်ဘက်မှာတော့ စွေ့ဝူချင်းထက်ပင် ပိုမိုကာ အားနည်းနေသည်။ ထို့ကြောင့် မြန်မြန်ဆန်ဆန်ဖြင့် အနိုင်ယူနိုင်ခဲ့၏။
ထို့ကြောင့် စင်မြင့်ပေါ်တွင် လူလေးယောက်သာ ကျန်ရှိတော့ပြီး ပြိုင်စံရှားဂိုဏ်းမှ တပည့်သုံးယောက်နှင့် အစစ်အမှန်ဂိုဏ်းမှ သိုင်းကျင့်ကြံသူတစ်ယောက်တို့ပင် ဖြစ်၏။ နှစ်ပွဲတိုက်ခိုက်ပြီးလျှင် ပြိုင်ပွဲ၏ ဗိုလ်စွဲသူသည် ပေါ်ပေါက်လာတော့မှာဖြစ်၏။ သို့ပေမဲ့ ဤသို့ဖြစ်ရန် အလွန် ခက်ခဲ လွန်းလှသည်။
“ရီရှင်းချန်နှင့် တုံလုမန်၊ ရှောင်ကျီနှင့် စုရှောင်မို”
“ပြီးသွားပြီပဲ” တုံလုမန်ဆိုသည့် သိုင်းကျင့်ကြံသူသည် စိတ်ပျက်လက်ပျက် ခံစားလိုက်မိ၏။ တခြား နှစ်ယောက်နှင့်သာ တွေ့မည်ဆိုလျှင် သူသည် ရှုံးနိမ့်သည်ဆိုလျှင်တောင်မှ သူ၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းထားနိုင်ပေလိမ့်မည်။
မွန်းစတားကဲ့သို့ ကြမ်းတမ်းလွန်းလှသူနှင့် ထိပ်တိုက်တွေ့သည် ဖြစ်သောကြောင့် ရက်အနည်းငယ်အတွင်း သူ၏ဒဏ်ရာများ ပြန်လည်ကောင်းမွန်ရန်သာ ကြိတ်ဆုတောင်းနေမိ၏။
တိုက်ပွဲကို ဆက်လက်ပြောပြရမည်ဆိုလျှင် အသေးစိတ် မရေးတော့ချေ။ ရီရှင်းချန်မှာ ပြိုင်ပွဲ၏ ဗိုလ်စွဲသူ ဖြစ်လာခဲ့၏။ အစကမှ အဆုံးအထိ ဤစင်မြင့်ပြိုင်ပွဲကြီးတစ်ခုလုံးသည် အားညို၏စင်မြင့်ပင် ဖြစ်ခဲ့သည်။
........
ဆုပေးပွဲအခမ်းအနားမှာတော့ ကျွင်းချောင်ရှောင်းသည် သွေးနေမီးတောက်တိမ်ကျောက်တုံး ငါးရာကီလိုဂရမ်၊ လျှို့ဝှက်သိုင်းကျင့်ကြံခြင်းနည်းစနစ်နှစ်ခုနှင့် ရွှမ်အဆင့်စိတ်ဝိညာဉ်ကျောက်တုံးတစ်သန်းတို့အား သူ၏သိုလှောင် လက်စွပ်ထဲသို့ထည့်သွင်းကာ ပြောလိုက်မိ၏။ “မြို့တော်ဝန်တောက်... ဒီလိုဂိုဏ်းပြိုင်ပွဲမျိုးက တစ်နှစ်တစ်ခါ ကျင်းပတာလား”
“.......”
အားလုံးသောသူတို့၏ နှုတ်ခမ်းများသည် တုန်ယင်သွားခဲ့၏။ တစ်နှစ်တစ်ခါသာ ကျင်းပမည်ဆိုပါက ပြိုင်စံရှား ဂိုဏ်းသည် နှစ်စဉ်နှစ်တိုင်း လာရောက်ကာ ယှဉ်ပြိုင်မည့်ပုံပင် ရှိနေသည်။
မြို့တော်ဝန်တောက်က ကြောင်အအဖြင့် ပြောလိုက်မိ၏။ “ငါးနှစ်ကို တစ်ကြိမ် ကျင်းပတာပါ”
“ဪ” ကျွင်းချောင်ရှောင်း၏ မျက်နှာပေါ်တွင် စိတ်ပျက်သည့်အမူအရာများ ဖြစ်တည်လာ၏။ ပြီးသည့်နောက် သူသည် လက်သီးကိုဆုပ်ကာဖြင့် ပြောလိုက်မိသည်။ “နှုတ်ဆက်ပါတယ်”
“နှုတ်ဆက်ပါတယ်၊ နှုတ်ဆက်ပါတယ်” အားလုံးသော အကြည့်များ၏အောက်မှာပဲ ကုန်းရှန့်သည် သူ၏တပည့် ငါးယောက်ကို ခေါ်ဆောင်ကာ တိုက်ခိုက်ရေးတည်နေရာထဲမှ ထွက်ခွာသွားခဲ့၏။
ပြန်လမ်းတစ်လျှောက်မှာတော့ သူတို့သည် ခံစားချက်ခုနှစ်မျိုး အစစ်အမှန်ဂိုဏ်းများ လူများနှင့် တွေ့ဆုံခဲ့၏။ ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် စွေ့ဝူချင်းအား ကြည့်ကာ ပြောလိုက်သည်။ “လူတွေဆိုတာ သစ်ပင်တွေမှ မဟုတ်တာ။ ဘယ်လိုဖြစ်ပြီး ခံစားချက် ကင်းမဲ့ရမှာလဲ။ အချိန်ရှိတယ်ဆိုရင် ပြိုင်စံရှားဂိုဏ်းကိုလာခဲ့။ ကျုပ်က မင်းကို ခံစားချက်တွေအကြောင်းကို သေသေချာချာ သင်ပေးမယ်”
“ဂိုဏ်းချုပ်ကျွင်း”
အထက်ပိုင်းအကြီးအကဲများထဲမှ တစ်ယောက်သည် မနေနိုင်တော့ဘဲ အေးစက်စက် ဝင်ကာ ပြောလိုက်သည်။ “ကျုပ်တို့ရဲ့ရှေ့မှာ ကျုပ်တို့ရဲ့ဂိုဏ်းသားတစ်ယောက်ကို လာရောက်ဖို့ သွေးဆောင်နေတယ် ဆိုတာ မလွန်လွန်းဘူးလား”
ကျွင်းချောင်ရှောင်းက ပြုံးကာပြောလိုက်သည်။ “ကျုပ်က နောက်တာပါဗျာ။ အတည်ကြီးမထင်ပါနဲ့”
ပြောပြီးသည့် နောက် သူ၏တပည့်များနှင့်အတူ ထွက်ခွာသွားခဲ့၏။
စွေ့ဝူချင်းသည် ခပ်လှမ်းလှမ်းတည်နေရာသို့ ရောက်သည့်အချိန်မှာတော့ လက်သီးကိုဆုပ်ကာ အော်လိုက်သည်။ “ဂိုဏ်းချုပ်ကျွင်း... ကျုပ်ခံစားချက် ခုနှစ်မျိုးကို ဖြတ်တောက်ပြီးတဲ့အချိန်ကျရင် ပြိုင်စံရှားဂိုဏ်းဆီကို လာလည်မယ်”
“ငါမင်းကို စောင့်နေမယ်”
“ဒင်... တပည့် ရီရှင်းချန်သည် ဂိုဏ်း၏သိုင်းပြိုင်ပွဲတွင် အနိုင်ယူခဲ့၏။ တပည့်ရှောင်ကျီနှင့် စုရှောင်မိုတို့သည် ဒုတိယနှင့် တတိယနေရာများကို အသီးသီး ရရှိခဲ့သည်။ ထို့ကြောင့် ဂိုဏ်း၏ ဂုဏ်သိက္ခာအမှတ် တစ်ရာကို ရရှိသည်”
“ဒင်... ဂိုဏ်း၏ ဂုဏ်သိက္ခာအမှတ် - ၁၀၀”
မြို့ထဲဆီသို့ လှမ်းလျှောက်ထွက်နေသည့်အချိန်မှာပဲ စနစ်ဆီမှ အသံသည် သူ၏နားထဲတွင် ပေါ်ပေါက်လာခဲ့သည်။ ကျွင်းချောင်ရှောင်းသည် မနေနိုင်တော့ဘဲ ထကာ အော်ဟစ်လိုက်မိ၏။ “ငါ့မှာ ဂုဏ်သိက္ခာအမှတ်တွေ ရှိလာပြီပဲ”