အပိုင်း (၁၄၁၀)
Vol. 95 Ch. 1410
ကျွင်းချောင်ရှောင်းအနေနှင့် အဆင့်တက်ပြီး ဒုတိယမြောက်တာဝန်ကို ပြည့်စုံအောင် ပြုလုပ်နိုင်ခဲ့သည့်အချိန်မှာ တော့ စနစ်၏ မျက်နှာပြင်ပေါ်တွင် ဂုဏ်သိက္ခာ အမှတ်ဆိုသည့်အရာ ပေါ်ပေါက်လာ၏။ နှစ်နှစ်ကျော် ကာလအတွင်း သူသည် နောက်ဆုံးမှာတော့ ဂုဏ်သိက္ခာအမှတ်တစ်ရာကို ရရှိခဲ့ပြီဖြစ်၏။ သူသိသလောက်ဆိုလျှင် ဂုဏ်သိက္ခာ အမှတ်ဆိုသည်မှာ စနစ်၏ ပစ္စည်းများကို ဝယ်ယူရန် အသုံးပြုရသော အရာမျိုးဖြစ်၏။
ဥပမာအားဖြင့် ကောင်းကင်ထိုးဖောက်ခြင်းဓားမော့သည် ဂုဏ်သိက္ခာအမှတ် ငါးရာနှင့် ဝယ်ယူ၍ရသည့်အရာမျိုး ဖြစ်သည်။ ကျွင်းချောင်ရှောင်းအနေဖြင့် စတိုးထဲသို့ သွား၍ ရံဖန်ရံခါဆိုသလို refresh လုပ်သည့်အချိန်တိုင်းတွင် ဂိုဏ်းဂုဏ်သိက္ခာအမှတ်နှင့် ဝယ်ယူ၍ရသည့်ပစ္စည်းများကို တွေ့မြင်ခဲ့ရ၏။ စနစ်၏ စကားအရဆိုလျှင် ဂိုဏ်း၏ ဂုဏ်သိက္ခာအမှတ်နှင့် ဝယ်ယူလို့ရသည့်ပစ္စည်းများသည် ဂိုဏ်းစုဆောင်းမှတ်များနှင့် ဝယ်ယူရသည့် ပစ္စည်း များထက် ပိုမိုကာ ကောင်းမွန်ပြီး လုပ်ဆောင်နိုင်မှု စွမ်းအင်များလည်း များပြားသည်။
ထို့ကြောင့် ဂိုဏ်းဂုဏ်သိက္ခာမှတ်သည် ဂိုဏ်းစုဆောင်းမှတ်နှင့် အစားထိုးအသုံးပြုရမည့် အရာမျိုး ဖြစ်လာကြောင်းကို သူနားလည်မိ၏။ အဆင့်နိမ့်နယ်မြေတွင် အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံးများကို အသုံးပြုခဲ့ရပြီး အထက်နယ်မြေတွင်တော့ အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံးများကို အသုံးပြုရသည်။ သိုင်းပညာနှင့် အရင်းအမြစ် များသည် ထိုကဲ့သို့ပင်ဖြစ်၏။
ထို့ကြောင့် စနစ်သည် ဂိုဏ်းစုဆောင်းမှတ်အစား ဂိုဏ်းဂုဏ်သိက္ခာအမှတ်နှင့် အစားထိုးလိုက်သည်ဟုလည်း စဉ်းစားသုံးသပ်၍ ရနိုင်၏။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းမှာတော့ စိတ်ဓာတ်ကျလျက် ရှိနေ၏။ ထိုအရာများကို မည်ကဲ့သို့ ရရှိအောင် ပြုလုပ်ရမည်ဆိုသည်ကို အနည်းဆုံးတော့ သူသိရှိသင့်သည် မဟုတ်ပါလား။
စနစ်က ပြောလိုက်သည်။ “တပည့်တွေက ဂိုဏ်းပြိုင်ပွဲရဲ့ ထိပ်ဆုံးသုံးနေရာကို အနိုင်ယူ ရရှိခဲ့တယ်။ ဒီတော့ ဆုလာဘ်အနေနဲ့ ဂိုဏ်းဂုဏ်သိက္ခာအမှတ်တစ်ရာကို ရရှိခဲ့ပြီ။ ဒီလောက်ဆိုရင် မသိသာဘူးလား”
“........”
ကျွင်းချောင်ရှောင်းသည် ဆွံ့အသွားမိ၏။ “မင်းဆိုလိုတာက ငါ့အနေနဲ့ ဂိုဏ်းဂုဏ်သိက္ခာအမှတ်တွေကို ရယူချင် တယ်ဆိုရင် ပျင်းစရာကောင်းလှတဲ့ ဒီဂိုဏ်းပြိုင်ပွဲတွေကို လိုက်ပြီးတော့ ယှဉ်ပြိုင်နေဖို့ပဲ ရှိတာပေါ့”
တပည့်များ အနေနှင့် အခက်အခဲမရှိ အားလုံးသောသူများကို အနိုင်ယူရရှိခဲ့သည် ဖြစ်သောကြောင့် ကုန်းရှန့်သည် အနည်းငယ် စိတ်လက်ပေါ့ပါးလို့ နေသည်။
“အင်း... တကယ့်အစစ်အမှန် ဒဏ္ဍာရီလာပုဂ္ဂိုလ်တွေက လက်သီးနဲ့တိုက်ခိုက်တယ်”
စနစ်က ပြောလိုက်၏။ “အဲလိုပဲ လက်ခံသူအနေနဲ့ နေ့စဉ်နေ့တိုင်း အိမ်ထဲမှာ အိပ်နေရုံနဲ့ ဂိုဏ်းဂုဏ်သိက္ခာ အမှတ်တွေကို အလိုလို ရရှိနိုင်မယ်ထင်လို့လား”
ဤအရာမှာ အမှန်ပင်ဖြစ်၏။ ဂုဏ်သိက္ခာတရား - အားလုံးက အထင်ကြီးမော့ကြည့်ရသည့် ဂုဏ်သိက္ခာတရားကို ပိုင်ဆိုင်ဖို့ ဆိုသည်မှာ လွယ်လွယ်ကူကူနှင့် မရရှိနိုင်ပေ။
လီချင်းယန်နှင့် တခြားသောသူများသည် ဂိုဏ်းပြိုင်ပွဲကို ဝင်ရောက်ပြီးသည့်နောက် အားလုံးသောသူများ၏ လေးစားမှုကို ရရှိပြီး ဂုဏ်သိက္ခာများလည်း တိုးပွားလာခဲ့၏။ ထို့ကြောင့် စနစ်သည် ဂိုဏ်းဂုဏ်သိက္ခာအမှတ် တစ်ရာကို ဆုလာဘ်အဖြစ် ပေးအပ်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ ဘာမှသာမလုပ်ပါက မည်သည့်အရာမှ ရရှိလိမ့်မည် မဟုတ်ချေ။
“ဟုတ်ပြီ... အိပ်နေရုံနဲ့ ဂိုဏ်းဂုဏ်သိက္ခာအမှတ်တွေ ရရှိလိမ့်မယ်လို့ ငါမထင်ဘူး။ ဒါပေမဲ့ ငါဆိုလိုတာက”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “အနည်းဆုံးတော့ ဂိုဏ်းစုဆောင်းမှတ်တွေလိုမျိုး များများစားစား ပေးသင့်တယ် မဟုတ်ဘူးလား”
စနစ်က ပြောလိုက်၏။ “မင်းအိမ်မက်ထဲမှာပဲ ရမယ်”
..............
စနစ်သည် သူ့အား ဂရုမစိုက်တော့ချေ။ ထို့ကြောင့် သူ၏တပည့်များဆီသို့ လှမ်းကြည့်လိုက်သည်။
“ဂိုဏ်းချုပ်”
စုရှောင်မိုသည် ရှေ့သို့အသာလှမ်းတိုးလာပြီးနောက် ပြောလိုက်တော့သည်။ “ရွက်သင်္ဘောကြီးနဲ့ ပြန်ကြရအောင်”
“တော်စမ်း”
ကျွင်းချောင်ရှောင်းသည် မျက်လုံးများ ချာချာလည်သွားမိ၏။ “ဒီရွက်သင်္ဘောကြီးကို မောင်းလို့ ကုန်သွားတဲ့ စွမ်းအင်အရင်းအမြစ်တွေကို မင်းပေးမှာမလို့လား”
ကုန်းရှန့်သည် ဟန်ထုတ်ကြွားဝါသည့် အချိန်မျိုးတွင် အလွန်တရာ ရက်ရောလွန်းလှ၏။ သို့ပေမဲ့ ခရီးစဉ်တစ်ခုလုံးကို အသွားအပြန် စွမ်းအင်များ အကုန်ခမ်းခံ၍ မောင်းနှင်ရန်အတွက်တော့ သူစိတ်မဝင်စားလှချေ။
..............
ဂုဏ်သရေမြို့၏ ဂိုဏ်းပြိုင်ပွဲ ပြီးသွားသည့်အချိန်မှာတော့ ပြိုင်စံရှားဂိုဏ်း၏ တပည့်သုံးယောက်သည် ထိပ်ဆုံး သုံးနေရာကို ရယူခဲ့သည်ဖြစ်ကြောင်း အားလုံးက သိရှိသွားခဲ့ကြ၏။ ထိုအရာသည် အပူတပြင်းဆွေးနွေးစရာများ ဖြစ်လို့လာခဲ့၏။
“ဘယ်လိုဖြစ်ပြီး အခုမှ အသစ်ရောက်လာတဲ့ ဂိုဏ်းတစ်ခုက အဲလောက် အားကောင်းနေရတာလဲ”
“တပည့်ငါးယောက်လုံးက တကယ့်ကို အမြူတေအသွင်ပြောင်းခြင်း ပထမအဆင့် အားအင်မျိုး ပိုင်ဆိုင်နေတာပဲ”
“ကောင်းကင်ဘုံ... ဒီလိုမျိုးအဆင့်ဆိုတာ ဂိုဏ်းတစ်ရာ သိုင်းပြိုင်ပွဲကိုတောင် သွားပြီး ဝင်ရောက်ယှဉ်ပြိုင်ဖို့ အရည်အသွေး ပြည့်မီနေပြီ မဟုတ်လား” မြို့တစ်မြို့၏ စားသောက်ခန်းအတွင်းမှာတော့ များပြားလှသော သိုင်းကျင့်ကြံသူများသည် ဆွေးနွေးလျက် ရှိကြ၏။
အနီးအနားတွင်ထိုင်၍ စားသောက်လျက်ရှိနေသည့် ကျွင်းချောင်ရှောင်းမှာတော့ ရုတ်တရက် နားစွင့်ကာ ထောင်ထားမိ၏။ လမ်းတလျှောက်မှာတော့ သူသည် ဂုဏ်သိက္ခာအမှတ်များကို မည်ကဲ့သို့ ရှာဖွေရမည်ဖြစ်ကြောင်း ကို တစ်ချိန်လုံး စဉ်းစားနေမိ၏။ ဂိုဏ်းတစ်ရာသိုင်းပြိုင်ပွဲဆိုသည့် အကြောင်းအရာကို ကြားလိုက်ရသည့်အချိန်တွင် ချက်ချင်းပဲ သူသည် အားအင်တက်ကြွသွားသလို ခံစားလိုက်မိသည်။
“ရောင်းရင်း”
ကျွင်းချောင်ရှောင်းသည် လက်သီးကိုဆုပ်ကာဖြင့် မေးလိုက်မိ၏။ “မေးစရာရှိလို့ပါ။ ဂိုဏ်းတစ်ရာ သိုင်းပြိုင်ပွဲဆိုတာ ဘယ်အချိန်မှာ ကျင်းပမှာလဲ”
အချိန်နှင့်တည်နေရာကိုသာ အတည်ပြုနိုင်မည်ဆိုပါက သူသည် ထိုအရာကို ကျိန်းသေပေါက်သွား၍ တက်ရောက်မှာသေချာသည်။
“မကြာခင်လေ”
ထိုစားသောက်နေသည့်သူက ပြောလိုက်၏။ “အင်း... နောက်ထပ် ဆယ်နှစ်လောက်တော့ ကျန်သေးတယ်”
“...........” ကျွင်းချောင်ရှောင်းသည် မြေပေါ်သို့ လဲကျလုမတတ်ပင် ဖြစ်သွားသည်။
သူသည် အသာပြန်လှည့်လာပြီးသည့်နောက် သူ၏ ထိုင်ခုံပေါ်တွင် ငူငူကြီးထိုင်လျက်ရှိ၏။ အဓိကတာဝန်ကို ပြည့်စုံရန်အချိန်ကာလသည် နှစ်တစ်ရာသာ ပေးခဲ့၏။ သို့ပေမဲ့ ဂိုဏ်းတစ်ရာသိုင်းပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် စောင့်မျှော်ရမည့်အချိန်သည် ဆယ်ပုံတစ်ပုံ ဖြစ်သည့် ဆယ်နှစ်တောင် ကြာလို့နေခဲ့၏။
“ဟာသပဲ”
စနစ်က ပြောလိုက်သည်။ “တကယ်တမ်းမှာတော့ လက်ခံသူအနေနဲ့ ဂိုဏ်းဂုဏ်သိက္ခာအမှတ်တွေ ရရှိစေဖို့ တပည့်တွေကို လျှောက်ပြီးခေါ်သွားစရာ မလိုပါဘူး။ တခြားနည်းလမ်းတွေနဲ့လည်း ဂိုဏ်းဂုဏ်သိက္ခာ အမှတ်တွေကို ရှာဖွေလို့ ရပါသေးတယ်”
“ဥပမာအနေနဲ့ကော”
“ကိုယ်ဘာကိုယ် ရှာဖွေလေ။ ငါက ရှင်းပြရမှာ ပျင်းတယ်”
“ချီးတဲ့မှ”
စနစ်ပြောသည်မှာလည်း အမှန်ပင်ဖြစ်သည်။ သူ့အနေနှင့် များပြားလှသော ဂိုဏ်းပြိုင်ပွဲများဆီသို့ တပည့်များအား စေလွှတ်ကာ ယှဉ်ပြိုင်နေ၍ သိပ်ထူးမည် မဟုတ်ချေ။ အထက်နယ်မြေတွင် ဂိုဏ်း၏ ဂုဏ်သိက္ခာ တိုးတက်လာ သည်နှင့်အမျှ သူသည်လည်း ဂိုဏ်းဂုဏ်သိက္ခာအမှတ်များကို ရရှိမှာသေချာ၏။
သို့ပေမဲ့ ဤနေရာတွင် ပြဿနာ တစ်ခုရှိနေသည်မှာ ထိုအရာများကို တိုးတက်လာစေရန် မည်ကဲ့သို့ ပြုလုပ်ရမည်နည်းဆိုသည့် အကြောင်းအရာပင် ဖြစ်တော့သည်။
“အင်း”
ကျွင်းချောင်ရှောင်းသည် ခေါင်းကိုခါယမ်းကာ ပြောလိုက်မိ၏။ “ဘာပဲဖြစ်ဖြစ် လုပ်စရာရှိတာ လုပ်ရတော့ မှာပဲ”
တစ်လကြာမြင့်ပြီးသည့်နောက် သူသည် တပည့်များကို ခေါ်ဆောင်ကာဖြင့် ပြိုင်စံရှားဂိုဏ်းဆီသို့ ပြန်ရောက်ခဲ့၏။ ဤတစ်ကြိမ်မှာတော့ ဂိုဏ်းပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် အသွားအပြန်ခရီးနှင့်ပင် နှစ်ဝက်လောက် ကြာမြင့်ခဲ့၏။ ထို့ကြောင့် သယ်ယူပို့ဆောင်ရေးနှင့် သွားလာရေး မည်မျှ အရေးကြီးသည်ဖြစ်ကြောင်း သူနားလည် သွားမိတော့၏။ ထို့အပြင် ပြိုင်စံရှားဂိုဏ်းအတွက် ဤကဲ့သို့ ခရီးသွားလာခြင်းကလည်း ကြီးမားသည့် ပြဿနာကြီး ဖြစ်မှန်း သူနားလည်လိုက်မိတော့သည်။
ဟူး ဟူး
ကျွင်းချောင်ရှောင်းတစ်ယောက် ပြန်ရောက်လာချင်းမှာပဲ အလွန်ဆန်းကြယ်လှသော ကောင်းကင်နှင့်မြေကြီး၏ ဓာတ်သဘာဝများသည် ရုတ်တရက်ဆိုသလိုပဲ နဂါးဦးခေါင်းတောင်ထွတ်တွင် ဖြစ်တည်လျက်ရှိ၏။ တစ်စုံ တစ်ယောက်သည် အဆင့်ချိုးဖြတ်သွားမည့် လက္ခဏာမျိုးကို ပြသနေခြင်းပင်။ ဂိုဏ်းချုပ်နေထိုင်ရာတောင် ဖြစ်သည်နှင့်အညီ ထိုနေရာတွင် ခြံဝန်းနှစ်ခု တည်ရှိပြီး တစ်ခုသည် ကုန်းရှန့်နေထိုင်ပြီး တစ်ခုမှာတော့ နှင်းဆီ ဧကရီနေထိုင်၏။ ယခု အဆင့်ချိုးဖြတ်နိုင်မည့်လူသည် နှင်းဆီဧကရီပင် ဖြစ်ရမည်။
“သူမက ဘာလို့ အဆင့်ထပ်ပြီး ချိုးဖြတ်ခဲ့ရတာလဲ” ကျွင်းချောင်ရှောင်း၏ နားလည်မှုအရဆိုလျှင် ဤအမျိုးသမီး သည် တည်နေရာချိုးဖြတ်ခြင်းအဆင့်ကို ဝင်ရောက်ခဲ့သည်မှာ အချိန်မကြာလှသေးချေ။
“..........”
စနစ်က ဆွံ့အသွားမိသည်။ “နှစ်နှစ်တိတိ ကြာနေပြီကွ။ ဟုတ်ပြီလား”
“မဟုတ်ဘူး”
ကျွင်းချောင်ရှောင်း၏ အမူအရာသည် ပြောင်းလဲသွား၏။ ပြီးနောက် အံ့အားသင့်စွာ ပြောလိုက်သည်။ “တည်နေရာချိုးဖြတ်ခြင်း အလယ်အလတ်အဆင့်ကို ချိုးဖြတ်နေတာ မဟုတ်ဘူး။ သူက အမြူတေအသွင် ပြောင်းခြင်း အဆင့်ကို ချိုးဖြတ်နေတာလေ”
အထက်နယ်မြေဆီသို့ ရောက်ရှိလာခဲ့သည်ဖြစ်သော နှင်းဆီဧကရီသည် လွန်ခဲ့သည့် နှစ်နှစ်တုန်းက သူမ၏ အားအင်အဆင့်နှင့် ကောင်းကင်နှင့်မြေကြီး၏ ပိုမိုအားကောင်းသည့် ဓာတ်သဘာဝများကို အသုံးပြုကာ တည်နေရာချိုးဖြတ်ခြင်းအဆင့်သို့ ချိုးဖြတ်ဝင်ရောက်ခဲ့၏။ သို့ပေမဲ့ နှစ်နှစ်ကြာပြီးသည့်နောက် သူမသည် အမြူတေပြောင်းလဲခြင်းအဆင့်ဆီသို့ ချိုးဖြတ်ရောက်ရှိခဲ့ပြီဖြစ်၏။ ထိုအရာသည် သူ့အား အမှန်ပင် အံ့အားသင့်မိ စေ၏။
လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသောသူများသည်လည်း အဆင့်ချိုးဖြတ်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ထူးခြားလှသည့် မွန်းစတားကလန် အသီးသီးသို့ သွားရောက်ကာ ခက်ခဲလှသည့် လေ့ကျင့်မှုများကို ပြုလုပ်ခဲ့ရသောကြောင့်ပင်။ သို့ပေမဲ့ ဤအမျိုးသမီးမှာတော့ မည်သည့် တခြားသောအခွင့်အရေးကိုမှ ရရှိခဲ့သည် မဟုတ်ပေ။ အဘယ်ကြောင့် အဆင့်ချိုးဖြတ်နေရသနည်း။
ဟူး ဟူး …….။
ထိုအချိန်မှာတော့ နဂါးကျောရိုးတောင်ထွတ်ပေါ်တွင် ရှိနေသော အထက်ပိုင်း အကြီးအကဲများ၏ တည်နေရာတွင် အဆင့်ချိုးဖြတ်သည့် လက္ခဏာများ ဖြစ်ပေါ်လာပြန်၏။ မိစ္ဆာအော်ရာများ ထွက်ပေါ်နေသည်ကို ကြည့်ရှုလိုက်သည် နှင့် ထိုကဲ့သို့ အဆင့်ချိုးဖြတ်နေသူသည် တင်းရှင်းဝမ်ဖြစ်ကြောင်းကို နားလည်ရ၏။
ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် ပြူးကျယ်သွား၏။ အဘယ်ကြောင့်ဆိုသော် ထွက်ပေါ်နေသည့် အော်ရာ များကို ကြည့်ရှုမည်ဆိုလျှင် တစ်ဖက်လူသည် တည်နေရာချိုးဖြတ်ခြင်းအလယ်အလတ်အဆင့်ဆီမှ တည်နေရာ ချိုးဖြတ်ခြင်း အထက်အဆင့်ဆီသို့ ချိုးဖြတ်ရောက်ရှိနိုင်သည့် အော်ရာမျိုးပင် ဖြစ်နေသည်။
“အဘိုးကြီးတင်းက ဘယ်တုန်းက တည်နေရာချိုးဖြတ်ခြင်းအဆင့်ကို ရောက်သွားတာလဲ”
ကုန်းရှန့် အံ့အားသင့်နေတုန်းမှာပဲ တပည့်များ နေထိုင်ရာ တောင်ထွတ်ဆီမှ များပြားလှသည့် အဆင့်တက်သော အော်ရာများ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာသည်။ ၎င်းတို့ထဲတွင် လီဖေး၊ ထျန်းချီနှင့် တခြားသော အတွင်းစည်း တပည့်များလည်း ပါဝင်နေခဲ့၏။
“မဟုတ်သေးဘူး”
စုရှောင်မိုသည်လည်း အံ့အားသင့်သွားသည်။ “ဂိုဏ်းပြိုင်ပွဲကို မသွားခင်တုန်းက ဂျူနီယာညီလေး လီနဲ့ တခြားသူတွေအားလုံးက သိုင်းနယ်မြေ ပြည့်စုံတဲ့အဆင့်မှာပဲ ရှိသေးတယ်။ သူတို့ အခု ဘယ်လိုဖြစ်ပြီး တည်နေရာချိုးဖြတ်ခြင်း အလယ်အလတ်အဆင့်ဆီကို ချိုးဖြတ်ရောက်ရှိခဲ့တာလဲ”
ဟူး ဟူး
များပြားလှသော တောင်ထွတ်အသီးသီးတွင် အဆင့်တက်သည့်အော်ရာများ စုဝေးလာ၏။ ပြိုင်စံရှားဂိုဏ်း၏ လေထဲတွင် ထူထဲလှသည့်လှိုင်းများအဖြစ် ဖြစ်တည်လာခဲ့၏။ ဤမြင်ကွင်းသည် အံ့အားသင့်စရာ ကောင်းလွန်း လှ၏။ လက်ရှိ အခြေအနေမှာတော့ ဂိုဏ်း၏ နံပါတ်တစ် ဓာတ်ပုံဆရာဖြစ်သော လီထျန်းထျန်းသည် ဓာတ်ပုံ မရိုက်ဘဲ ပျက်ကွက်လို့နေ၏။ အဘယ်ကြောင့်ဆိုသော် ဤကောင်လေးသည် သူ၏အခန်းထဲတွင် ထိုင်၍ သူ၏ စိတ်ဝိညာဉ်ချီများကို အသုံးပြုကာ တည်နေရာချိုးဖြတ်ခြင်းအနိမ့်ဆုံးအဆင့်ဆီမှ ချိုးဖြတ်ရန် ကြိုးစားနေရသော ကြောင့်ပင်။
“ဘာတွေဖြစ်ကုန်တာလဲ”
ထိုအချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် အဓိကဟောခန်းထဲမှ လှမ်းလျှောက် ထွက်လာသည့် လီလိုရှုကို မြင်လိုက်ရ၏။ သူသည် မေးရန်ပြင်နေသည့်အချိန်မှာပဲ တစ်ဖက်လူသည် တည်နေရာ ချိုးဖြတ်ခြင်း အနိမ့်ဆုံးအဆင့်ဆီသို့ ရောက်ရှိနေသည်ဖြစ်ကြောင်းကို တွေ့ရှိလိုက်ရ၏။ ထို့ကြောင့် အံ့အားတသင့် ဖြင့် ပြောလိုက်သည်။ “ခင်ဗျားလည်း အဆင့်ချိုးဖြတ်ခဲ့တာလား”
“ဒါတွေအားလုံးက ဂိုဏ်းချုပ်ထားခဲ့တဲ့ လျှို့ဝှက်ကျမ်းနှစ်ခုကြောင့်ပဲလေ” ဟောခန်းသခင်လီသည် ပြုံးကာ ပြောလိုက်၏။
ဤစကား ပြောပြောပြီးချင်းမှာပဲ ကျွင်းချောင်ရှောင်းသည် သူဂိုဏ်းပြိုင်ပွဲဆီသို့ တပည့်များကို ခေါ်ယူမသွားခင်တွင် အဆင့်မြင့်လျှို့ဝှက်သိုင်းနည်းစနစ် နှစ်ခုနှင့် ကြွက်သားတည်ဆောက်ခြင်း အခန်းနှစ်ခု တို့အား တောင်၏ အနောက် ဘက်တွင် ထားခဲ့သည်ဖြစ်ကြောင်းကို သတိရလိုက်မိ၏။ ထို့ကြောင့် ပျော်ရွှင်စွာ ပြောလိုက်မိသည်။ “အစွမ်း သက်ရောက်မှုက တကယ့်ကို ကောင်းတာပဲလား”
အလွန်ကောင်းသည်။ အကြီးအကျယ်ကို ကောင်းမွန်လှ၏။ နှစ်ဝက်အတွင်း ဂိုဏ်း၏အထက်ပိုင်းအကြီးအကဲ သို့မဟုတ် တပည့်များ၏ အားအင်အဆင့်သည် ကြီးကြီးမားမား တိုးတက်သွားခဲ့ကြ၏။
အထူးသဖြင့် အဆင့်မြင့် အချိန်နှင့်တည်နေရာလျှို့ဝှက်နယ်မြေဖြစ်ပြီး ထိုအရာသည် အချိန်ကို တစ်ရာဆ ပိုမိုကြာစေသည်သာမက အထဲတွင်ရှိသော ဓာတ်သဘာဝများသည် ကောင်းမွန်လွန်းလှ၏။ ဤနေရာတွင် လစဉ်လတိုင်း ဆယ်ရက် လေ့ကျင့်ခြင်းသည် ကြောက်မက်ဖွယ်ကောင်းသော အရာများကို ဖြစ်ပွားစေသည်။
လအနည်းငယ်ကြာမြင့်ပြီးသည့်နောက်တွင် တခြားသောသူများ ဆယ်စုနှစ်နီးပါး ကျင့်ကြံရသည့်အချိန်ကာလနှင့် နှိုင်းယှဉ်၍ ရနိုင်ခဲ့၏။
နှင်းဆီဧကရီမှာတော့ လျှို့ဝှက်ကျမ်းစာနှစ်ခုကို အသုံးပြုကာ အမြူတေအသွင်ပြောင်းခြင်း ပထမအဆင့်ဆီသို့ ချိုးဖြတ်ရောက်ရှိခဲ့၏။ တင်းရှင်းဝမ်၊ ကုန်းစွန်းဟောင်းဟိုင်နှင့် တခြားသောအထက်ပိုင်း အကြီးအကဲများ အားလုံး သည်လည်း တစ်ချိန်လုံး လောကအနှံ့သွားကာ တိုက်ခိုက်လျက်ရှိနေသည့် ဝိညာဉ်မျိုးနွယ်၏ ဧကရီဘုရင်မနှင့် နှိုင်းယှဉ်၍ မရနိုင်ဘူးဆိုသော်လည်း နှစ်ဝက်အတွင်း ၎င်းတို့သည် အဆင့် ချိုးဖြတ်နိုင်ခဲ့ကြ၏။ တည်နေရာချိုးဖြတ်ခြင်း အလယ်အလတ်အဆင့်ဆီမှသည် တည်နေရာချိုးဖြတ်ခြင်းအထက် အဆင့်ဆီသို့ပင် ရောက်ရှိခဲ့သည်။
“ကြည့်အုံး”
စနစ်က ပြောလိုက်၏။ “ငါ ပြောတာမမှားဘူးမို့လား”
ယခင်တုန်းက လက်ခံသူအနေနှင့် ဤ လျှို့ဝှက်ကျမ်းစာနှစ်ခုကို စောစောစီးစီး ထားရှိပါက ဂိုဏ်းတွင် သိုင်းအင်ပါယာများ အများအပြား ပေါများနေမည် ဖြစ်ကြောင်း စနစ်က သုံးသပ်ခဲ့ဖူး၏။ ယခု နှစ်ဝက်ဆိုသည့် အချိန်ကာလအတွင်း သုံးသပ်လိုက်မည်ဆိုလျှင် ထိုအရာသည် မှန်ရုံသာမက အချိန်ကာလသည်ပင် ပိုမို၍ နည်းပါးနေသေး၏။
“ငါ ပြောသမျှ ပြောင်းပြန်ကောက်ရတဲ့ စနစ်မျိုး မဟုတ်ဘူးပဲ”
“ဒင်... ဂိုဏ်း၏ ဂုဏ်သိက္ခာ တာဝန်သည် အသက်ဝင်ခဲ့သည်”