← Chapters

အပိုင်း (၁၄၁၁)

Vol. 95 Ch. 1411

အပိုင်း (၁၄၁၁)

Vol. 95 Ch. 1411

ဂိုဏ်း၏ ဂုဏ်သိက္ခာအမှတ်များကို မည်သည့်လမ်းကြောင်းမှ ရရှိနိုင်မည်ဖြစ်ကြောင်းကို အကြမ်းဖျင်း နားလည်ပြီး သည့်နောက် ကျွင်းချောင်ရှောင်းသည် ဂိုဏ်း၏ ဂုဏ်သိက္ခာတာဝန်ကို မည်ကဲ့သို့ ပြည့်စုံအောင် ပြုလုပ်ရမည် ဖြစ်ကြောင်း နားလည်ခဲ့ပြီ ဖြစ်၏။ သူ့အနေနှင့် တပည့်များကို ခေါ်ဆောင်၍ တခြားသော ဂိုဏ်းပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်ရန် မလိုအပ်တော့ချေ။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ ဂိုဏ်း၏ ဂုဏ်သိက္ခာ တာဝန်သည် ဖြစ်တည်လာခဲ့ကြောင်း ကြားသိရချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် မနေနိုင်တော့ဘဲ ခပ်တည်တည်ဖြင့် ပြောလိုက်မိသည်။ “ကျေးဇူးတင်ပါတယ်”

“.......”

စနစ်သည် အစစ်အမှန် ခန္ဓာကိုယ်ကိုသာ ပိုင်ဆိုင်သည်ဆိုပါက မျက်နှာတစ်ခုလုံး မျက်ရည်များ ဖုံးလွှမ်းနေမှာ ဖြစ်သည်။ ခက်ခဲလွန်းလှချေသည်။ အရာရာသည် သူ့အတွက် ခက်ခဲလွန်းလှ၏။

ရွှီး

ကျွင်းချောင်ရှောင်းသည် စနစ်၏ မျက်နှာပြင်အား ဖွင့်ပြီး ဂိုဏ်း၏ ဂုဏ်သိက္ခာတာဝန်ကို အသေးစိတ်နှိပ်ကာ ကြည့်ရှုလိုက်၏။ “ဂိုဏ်း၏ စီးပွားရေးလုပ်ငန်းကို ဖွံ့ဖြိုးတိုးတက်အောင် ပြုလုပ်ပြီး ဂိုဏ်း၏ အမှတ်သင်္ကေတကို အားလုံးသိရှိအောင် ပြုလုပ်ရန်”

“ဒါပဲလား”

တိုတောင်းလှသည့် စာကြောင်းလေးကို မြင်ရပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် ဆွံ့အသွားမိ၏။ အနည်းဆုံး တာဝန်ဆိုသည်မှာ တိုင်းတာ၍ရသည့်အရာမျိုး ထည့်သွင်းထားသင့်သည် မဟုတ်ပါလား။ ဂိုဏ်း၏ စီးပွားရေးလုပ်ငန်းများကို တိုးတက်အောင် ပြုလုပ်ခြင်းဆိုသည်မှာ မည်မျှသည့် တိုးတက်အောင် ပြုလုပ်ရမည်ဆိုသည့် အချက်အလက်များ မပါဝင်ချေ။ ထို့အပြင် ဂိုဏ်း၏ဂုဏ်သိက္ခာအမှတ်များသည် ဤကဲ့သို့ စီးပွားရေးလုပ်ငန်းများနှင့် ဘယ်လို သက်ဆိုင်နေသနည်း။

“ဂိုဏ်းတစ်ခုက စီးပွားရေးလုပ်ငန်းမရှိဘဲနဲ့ ရေရှည်ရပ်တည်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။ ပြီးတော့ ဂိုဏ်းရဲ့စီးပွားရေး လုပ်ငန်းဆိုတာ ဂိုဏ်းရဲ့ဂုဏ်သိက္ခာနဲ့လည်း ဆက်စပ်နေတယ်”

စနစ်က ပြောလိုက်သည်။ “ဥပမာအားဖြင့် အခု ဖွင့်လှစ်ထားတဲ့ ဆေးဆိုင်လိုမျိုးပေါ့။ မင်းအနေနဲ့ အဲတာကို ဖွံ့ဖြိုးတိုးတက်အောင် ပြုလုပ်ပြီး အထက်နယ်မြေရဲ့ အဓိက မြို့အသီးသီးဆီမှာ ဆိုင်ခွဲတွေ ဖွင့်လှစ်နိုင်မယ်ဆိုရင် ဆိုင်ကို မြင်တာနဲ့ ပြိုင်စံရှားဂိုဏ်းဆိုတာ အားလုံး သိရှိနေကြမှာပဲလေ။ ဒါကိုနားလည်တယ်မလား”

“ဪ ဒီလိုကိုး”

ဖျောက်

ကျွင်းချောင်ရှောင်းသည် လက်ဖျောက်တီးကာ ပြောလိုက်၏။ “နားလည်ပြီ။ ဂိုဏ်းရဲ့ဂုဏ်သိက္ခာတိုးတက်လာစေဖို့ အတွက် ဆေးဆိုင်လုပ်ငန်းကို ပိုပြီးဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့လိုတယ်”

“ငါက ဥပမာအနေနဲ့ ပြောပြတာလေ”

“မင်းရဲ့ ဥပမာက မှန်နေတယ်လေ။ ဒီတော့ အဲတာကိုပဲ လက်ကိုင်ထားပြီး ပြုလုပ်ရတော့မှာပေါ့”

“..........”

သူသည် လက်ခံသူအား ယခုထက်ပိုမို စဉ်းစားစေချင်၍ နည်းလမ်းပြသခဲ့ခြင်းဖြစ်၏။ သို့ပေမဲ့ တစ်ဖက်လူသည် ဆက်လက်စဉ်းစားရန်ပင် ပျင်းရိလို့နေခဲ့၏။ အဆုံးသတ်မှာတော့ သူပြောသည့်အကြောင်းအရာကိုသာ ဖွံ့ဖြိုး တိုးတက်အောင် ပြုလုပ်မည်ဟု ဆုံးဖြတ်ခဲ့၏။

“ဘာမှားနေလို့လဲ”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “မင်းက ဒီမှာငါ့ကိုလာပြီး ကူညီရတာ မဟုတ်ဘူးလား။ ဒီလိုကူညီရတယ်ဆိုတာ မင်းအတွက် မှန်ကန်နေတဲ့အရာပဲလေ။ ဘာများ မှားနေလို့လဲ”

“တကယ်လို့ ငါ့ဆီမှာသာ အခွင့်အရေးရမယ်ဆိုရင် မင်းလိုမျိုး ကပ်စေးနည်း၊ အရှက်မဲ့၊ အသုံးမကျတဲ့ လက်ခံသူ မျိုးကို ကျိန်းသေပေါက် ကူညီဖြစ်မှာ မဟုတ်ဘူး”

“ချီးတဲ့မှ... ငါကကော ယောက်ျားကြီးဖြစ်ပြီးတော့ နှုတ်သီးကောင်းလျှာပါး တတွတ်တွတ်နဲ့ ရန်စကားပြောတတ်တဲ့ လူမျိုး ခေါင်းထဲမှာ တည်ရှိနေတာကို သဘောကျတယ် ထင်လို့လား”

“မင်းကကော ဘယ်လိုထင်လို့လဲ”

“ချီးတဲ့မှ”

“ချီးပဲပေါ့ကွာ”

စနစ်နှင့် ကျွင်းချောင်ရှောင်းတို့သည် အားရပါးရ ဆဲလိုလျက် ရှိ၏။

အဝေးတွင်ရှိနေသော စုရှောင်မိုမှာတော့ တီးတိုးရေရွတ်လိုက်၏။ “ဒုတိယစီနီယာအစ်ကို... ဂိုဏ်းချုပ်က တစ်ယောက်တည်း စကားတွေ ပြောနေပြန်ပြီ”

“စိတ်အေးအေးထား၊ စိတ်ကိုအေးအေးထား” လီချင်းယန်က တည်ငြိမ်စွာပင် ပြောလိုက်မိ၏။ ဂိုဏ်းချုပ်၏ အပြုအမူသည် ၎င်းတို့အတွက် ရိုးနေပြီဖြစ်၏။ ဤကဲ့သို့ ကြိမ်ဖန်များစွာ တွေ့ရှိပြီးသည့်နောက် ၎င်းတို့သည် အသားပင် ကျနေမိ၏။ ထူးဆန်းသည့်အကြောင်းအရာဟုပင် မခံစားရချေ။ ထိုကဲ့သို့ တစ်ယောက်တည်း စကား ပြောဆိုခြင်း၊ မိမိကိုယ်ကို လည်ပင်းညှစ်ခြင်း အချက်အလက်များကို မမြင်ရပါက သာမန်ဟုပင် မထင်မှတ် တော့ချေ။

............

တကယ်တော့ စနစ်ပြောဆိုခြင်း မပြုလျှင်ပင် ကျွင်းချောင်ရှောင်းအနေဖြင့် ဆေးဆိုင်အား ဖွံ့ဖြိုးတိုးတက်အောင် ပြုလုပ်မည့်အကြောင်းအရာကို စဉ်းစားထားပြီးဖြစ်၏။ ထို့အပြင် ဂိုဏ်း၌ တစ်ခုတည်းသော ဤလုပ်ငန်းသာ ရှိသည်မဟုတ်ပါလား။ လွန်ခဲ့သည့် နှစ်နှစ်ကျော်အတွင်း ဆေးဆိုင်၏ စီးပွားရေးလုပ်ငန်းသည် ပိုမိုကာ ဖွံ့ဖြိုး တိုးတက်လာခဲ့၏။ ဂိုဏ်းတစ်ခုလုံး၏ အဓိကဝင်ငွေသည် ထိုနေရာဆီမှ ရရှိခဲ့ခြင်းဖြစ်၏။

လက်ရှိအခြေအနေတွင် ဂိုဏ်း၏ ဂုဏ်သိက္ခာတာဝန် တည်ရှိလာပြီဖြစ်သောကြောင့် ကျွင်းချောင်ရှောင်း သည်လည်း သူ၏စီးပွားရေးလုပ်ငန်းများကို မည်ကဲ့သို့ ဖြန့်ကျက်၍ ဖွံ့ဖြိုးတိုးတက်အောင် ပြုလုပ်ရမည်နည်းကို စတင်ကာ စဉ်းစားနေမိတော့သည်။

ထို့ကြောင့်ပင်လျှင် သူသည် ယွမ်ဖန်နှင့် ဖန်းကွေ့ချန်တို့အား ဂိုဏ်းဆီသို့ ပြန်ခေါ်ကာ ဆွေးနွေးမှုကို ပြုလုပ်လိုက်သည်။ ၎င်းတို့ထဲမှ တစ်ယောက်သည် ဆေးဆိုင်အား တာဝန်ယူထားရသည့်လူဖြစ်ပြီး အခြားတစ်ယောက်မှာတော့ ဆေးလုံးများသန့်စင်သည့် တာဝန်ကို ယူထားရသူဖြစ်၏။ ထို့ကြောင့် ပူးပေါင်းမှုသည် အလွန်တရာပင် ကောင်းမွန်လွန်းလှ၏။

“ဂိုဏ်းချုပ်”

ဖန်းကွေ့ချန်သည် ခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။ “ကျုပ်တို့ဆီမှာ ဆေးလုံးသန့်စင်နိုင်တဲ့ ပါရမီရှင်တွေ လိုအပ်နေတယ်။ ဒီတော့ တခြားဆိုင်ခွဲတွေ ဖွင့်ဖို့ဆိုတာ ခက်ခဲလွန်းတယ်”

ကျွင်းချောင်ရှောင်း အနေနှင့် ခေါင်းပူပြီး အလျင်စလို စဉ်းစားတတ်သည့်လူမျိုး မဟုတ်ချေ။ ဆေးဆိုင်လုပ်ငန်း ပိုမိုကာ ဖွံ့ဖြိုးတိုးတက်အောင် ပြုလုပ်နိုင်ဖို့ဆိုလျှင် ဤကဲ့သို့ လူအရင်းအမြစ်ကလည်း လိုအပ်လျက်ရှိနေသည်ကို သူကောင်းကောင်းသိရှိပြီးဖြစ်၏။ “စွန်းပုကုံးနဲ့ တခြားသူတွေက ဆေးလုံးတွေကို မသန့်စင်နိုင်သေးဘူးလား”

“သူတို့က လုပ်နိုင်တယ်။ ဒါပေမယ့် ဆေးဆိုင်ရဲ့ လက်ရှိထောက်ပံ့မှုအရဆိုရင် ဆေးဆိုင်တစ်ခုတည်းကိုပဲ ထောက်ပံ့ ပေးနိုင်တာ။ တခြားမြို့တွေမှာ ဆေးဆိုင်ဖွင့်လှစ်မယ်ဆိုရင် ကျိန်းသေပေါက် အလုပ်များ ကုန်လိမ့်မယ်”

ကျွင်းချောင်ရှောင်းက တိတ်ဆိတ်ငြိမ်သက်သွားမိ၏။ ကြည့်ရသည်မှာ သူ့အနေနှင့် ရိုးရှင်းလှသည့် တခြား အကြောင်းအရာများကို ထပ်မံထည့်သွင်းစဉ်းစားရန် လိုအပ်လျက် ရှိနေသည်။

“နေအုံး... အလုပ်များလွန်းတယ် ဟုတ်လား”

ကျွင်းချောင်းရှောင်းသည် သူ၏နဖူးကို ရိုက်ကာဖြင့် ပြောလိုက်မိ၏။ “ငါ အရိပ်တစ်ထောင် ကိုယ်ပွား သိုင်းနည်းစနစ်ကို မေ့နေတာပဲ”

လွန်ခဲ့သည့်နှစ်နှစ်တုန်းက သူသည် လင်းဖန်တောင်တန်းဆီသို့ သွားရောက်၍ တခြားသော ဂိုဏ်းအသီးသီးမှ အကြီးအကဲများ၏ အစည်းအဝေးကို တက်ရောက်သည့်အချိန်တွင် သီးခြားတာဝန်တစ်ခုကို ပြည့်စုံအောင် ပြုလုပ်နိုင်ခဲ့၏။ ဆုလာဘ်အနေနှင့် လျှို့ဝှက်သိုင်းကျမ်းတစ်ခုကို လက်ဆောင်ရခဲ့သည်။ သို့ပေမဲ့ များပြားလှသော အကြောင်းအရာများ ဖြစ်ပေါ်လာခဲ့ပြီးသည့်နောက် ကုန်းရှန့်သည် ထိုအရာကို သတိမေ့လျော့သွားခဲ့သည်။

ကံကောင်းစွာဖြင့် ဖန်းကွေ့ချန် ယခုကဲ့သို့ ပြောဆိုခဲ့သည်ဆိုမှ သူသည် ပြန်လည်ကာ အမှတ်ရလာမိ၏။ သူ၏ သိုလှောင်လက်စွပ်ထဲသို့ ဝင်ရောက်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် လွန်ခဲ့သည့်နှစ်နှစ်ခွဲနီးပါးခန့် က ရရှိခဲ့သည့် သိုင်းနည်းစနစ်ကို ထုတ်ယူကာ သေသေချာချာ ဖတ်ရှုလိုက်၏။

နာမည်ကို ကြည့်ရှုလိုက်သည်နှင့် လှုပ်ရှားမှုနည်းစနစ်နှင့် ဆက်နွယ်နေသည့်အရာဖြစ်မှန်း သိရှိနိုင်၏။ သို့ပေမဲ့ တကယ်တမ်း ပထမစာမျက်နှာကိုလှန်ကာ ဖတ်ရှုလိုက်သည့်အချိန်မှာတော့ ကိုယ်ပွားနည်းစနစ်နှင့် သက်ဆိုင်သည့် သိုင်းကျင့်ကြံခြင်း နည်းစနစ် ဖြစ်ကြောင်း နားလည်လိုက်မိသည်။ ကိုယ်ပွားနှင့်ပတ်သက်၍ များများစားစား ပြောပြနေစရာ မလိုပေ။

ကုန်းရှန့်အနေနှင့် တခြားသော သူများနှင့် တိုက်ခိုက်ရင်း ကိုယ်ပွားနည်းစနစ်များကို မြင်ခဲ့ဖူး၏။ သို့ပေမဲ့ အရိပ် တစ်ထောင် သိုင်းနည်းစနစ်သည် အနည်းငယ်တော့ ဆန်းကြယ်လှသည်။ ထိုအရာကို ကျင့်ကြံပြီးသည့်နောက် တစ်စုံတစ်ယောက်သည် သူနှင့် တူညီလှသည့် အရိပ်တစ်ခုကို ဖန်တီးနိုင်မည်ဖြစ်ပြီး တစ်ချိန်တည်းမှာပဲ ထိုသူသည် မူလခန္ဓာကိုယ်၏ ပင်ကိုယ်စွမ်းရည်၊ သိုင်းနည်းစနစ်၊ လုပ်ဆောင်နိုင်မှု အားလုံးကို ခွဲဝေရယူ၏။ ထို့အပြင် သူ့အလိုလိုလည်း ကျင့်ကြံနိုင်သေး၏။

အပွင့်လင်းဆုံး ပြောရမည်ဆိုလျှင် ဤအရာသည် ကိုယ်ပွားတစ်ခုကို ဖွဲ့စည်းခြင်းဖြစ်၏။ သို့ပေမဲ့ မည်သည့်အရာ ကိုမှ လုပ်စရာမလိုပေ။ သူ့ဘာသူ ကျင့်ကြံနိုင်၏။ သူ့ဘာသူ ခရီးသွားလာနိုင်ပြီး သူ့ဘာသူ ဆော့ကစားနိုင်၏။ ထို့ကြောင့် မူလခန္ဓာကိုယ် အတွေ့အကြုံရရှိရန်အတွက် အပြင်ဘက်သို့ စေလွှတ်ကာ တိုက်ခိုက်မှုကို ပြုလုပ်နိုင် သည့် အရာမျိုးလည်း ဖြစ်လို့နေခဲ့၏။

“ချီးတဲ့မှ”

ကျွင်းချောင်ရှောင်းက ထအော်လိုက်မိသည်။ “ဒါက ထူးဆန်းလွန်းတယ်”

“အံ့အားသင့်စရာပဲ”

စနစ်က တီးတိုးရေရွတ်လိုက်မိ၏။ “ဒီလိုမျိုး အားကောင်းလွန်းတဲ့ သိုင်းနည်းစနစ်ကို စတိုးထဲမှာဆိုရင် တစ်သန်းလောက်နဲ့ ဝယ်ရမှာ။ ဒါပေမဲ့ သီးခြားတာဝန်က ဆုလာဘ်အဖြစ် ပေးခဲ့တယ်ဆိုတာ နည်းနည်း မယုံကြည်နိုင်စရာကောင်းတယ်”

ကုန်းရှန့်အနေနှင့် ဆက်လက်ကာ ဖတ်ရှုလိုက်၏။ သူ့အနေနှင့် ဖတ်ရှုလေ ပိုမိုကာ စိတ်လှုပ်ရှားလာလေ အြဘယ်ကြောင့်ဆိုသော် ဤသိုင်းနည်းစနစ်သည် အစစ်အမှန် တိုက်ခိုက်ပွဲများအတွက် သင့်တော်ရုံသာလျှင်မဟုတ် ကိုယ်ပွားတစ်ခုကို ဖန်တီးပြီးသည့်နောက် သိုင်းကျင့်ကြံခြင်းများသည် ပိုမိုကာ မြန်ဆန်လာပေလိမ့်မည်။ ထို့အပြင် ကိုယ်ပွားကို အသုံးပြု၍ ဆေးဖော်စပ်ခြင်း၊ ပန်းပဲပြုလုပ်ခြင်း စသည့်အရာများကိုလည်း ထိန်းချုပ် ပြုလုပ်နိုင် သေး၏။ အတိုချုပ် ပြောရမည်ဆိုလျှင် တိုက်ခိုက်ရန်အတွက် တာဝန်ယူထားခြင်း မဟုတ်ဘဲ ထောက်ပံ့ ပို့ဆောင်ရေးအတွက် အသုံးပြုသည့်အရာပင် ဖြစ်လို့လာခဲ့၏။

ဟား ဟား ဟား ဟား …..။

ကျွင်းချောင်ရှောင်းသည် သူ၏ပေါင်ကို ပုတ်ကာဖြင့် ရယ်မောလျက်ရှိ၏။ ဂိုဏ်းတွင် လူအင်အား နည်းပါးနေသည့် အကြောင်းကို သူစိုးရိမ်ပူပန်နေခြင်းဖြစ်၏။ လက်ရှိအခြေအနေမှာတော့ ဆေးလုံးများဖော်စပ်ရန် ကိုယ်ပွား နည်းစနစ်ကို ရရှိခဲ့၏။ ထိုအရာသည် ချမ်းအေးလှသည့် ဆောင်းရာသီတွင်အသုံးပြုရန် မီးသွေးများ ပေးပို့လိုက်ခြင်း နှင့် တူညီနေသည်။

ဘေးတစ်ဖက်တွင် ထိုင်လျက်ရှိနေသည့် ယွမ်သခင်လေးမှာတော့ အံကိုကြိတ်၍ ထိုင်လျက်ရှိနေ၏။ အဘယ်ကြောင့်ဆိုသော် ဂိုဏ်းချုပ်သည် ရုတ်တရက်ထ၍ သူ၏ပေါင်အား အားရပါးရ ရိုက်နှက်ကာ ရယ်မောနေသည် မဟုတ်ပါလား။ ထို့အပြင် ဂိုဏ်းချုပ် ရိုက်နှက်သည့်အားအင်သည် အနည်းငယ် ပြင်းထန်လို့နေသည်။ ထို့ကြောင့် သူသည် နာကျင်လို့နေခဲ့၏။

“ဂိုဏ်းချုပ်”

ဖန်းကွေ့ချန်သည် မည်သို့မှ မနေနိုင်တော့ဘဲ ထကာ မေးလိုက်မိသည်။ “အရမ်း ပျော်စရာကောင်းတဲ့ အရာ တစ်ခုခုကို သတိရသွားလို့လား”

“အမ်”

ကျွင်းချောင်ရှောင်းသည် ရုတ်တရက် အပြင်းအထန် ရယ်မောနေရာမှ သတိပြန်ဝင်သွားခဲ့သည်။ ပြီးသည့် နောက် သူသည် လေးလေးနက်နက်ဖြင့် ပြောလိုက်၏။ “ခုနတုန်းက ကျုပ်တို့ပြောနေတာ ဘယ်ရောက်သွားပြီလဲ”

“ဆိုင်ခွဲတစ်ခု ဖွင့်ဖို့လေ”

“အင်း... ဒါဆိုရင် ဆုံးဖြတ်လိုက်ပြီ။ ခဏကြာလို့ရှိရင် ယွမ်ကြီးက တခြားမြို့တွေကိုသွား၊ ဆိုင်ဖွင့်ဖို့အတွက် နေရာ ကောင်းတွေ ရှာထားတော့”

“ဂိုဏ်းချုပ်... ကျုပ်တို့ဆီမှ လူအင်အားက လုံလုံလောက်လောက် မရှိဘူး”

“လူအင်အားက ပြဿနာ မဟုတ်ဘူး။ ဒီဂိုဏ်းချုပ်က ဖြေရှင်းဖို့ နည်းလမ်းကို ရှာဖွေပေးမယ်”

“..........”

အစည်းအဝေး ပြီးဆုံးသွားခဲ့၏။ ဖန်းကွေ့ချန်သည် အဓိကခန်းမထဲမှ ထွက်လျှောက်လာပြီးသည့်နောက် ပြိုလဲလု မတတ် ဖြစ်နေမိသည်။

“ယွမ်ကြီး... ကျုပ်တို့ရဲ့ ဆေးဆိုင်က တကယ့်ကို ကောင်းမွန်တဲ့ လုပ်ငန်းတစ်ခုပဲ။ ဒါပေမဲ့ ဂိုဏ်းချုပ်က ဆိုင်ခွဲတစ်ခု ကို ဖွင့်ချင်တယ်ဆိုရင် အဆင့်နိမ့် ဆေးလုံးတွေကို အရေအတွက် များများနဲ့ရောင်းထုတ်ချင်တာလား မသိဘူး”

“သူ အဲလိုလုပ်မှာ မဟုတ်ဘူး”

ယွမ်သခင်လေးသည် လေးလေးနက်နက် ပြောလိုက်၏။ “ဂိုဏ်းချုပ်အပေါ် ကျုပ်ရဲ့ နားလည်မှုအရဆိုရင် သူက နည်းလမ်းရှိမှ အလုပ်လုပ်တာလေ။ ပြီးတော့ သူရှာထားတဲ့ နည်းလမ်းကလည်း တကယ့်ကို ကောင်းမွန်တဲ့အရာ ဖြစ်လိမ့်မယ်”

“.........”

ဖန်းကွေ့ချန်သည် ရင်ထဲမှာတော့ စိုးရွံ့လျက် နေခဲ့၏။ သူ့အနေနှင့် ဂိုဏ်းသို့ နာက်ပိုင်းမှ ဝင်ရောက်လာသူ ဖြစ်သည့်အပြင် နှစ်နှစ်လုံးလုံး ကုန်းရှန့်သည် တခြားဆီသို့ သွားရောက်ကာ သိုင်းကျင့်ကြံခြင်းကို ပြုလုပ်ခဲ့၏။ ထို့ကြောင့် ပြိုင်စံရှားဂိုဏ်း၏ တကယ့်အရေးကြီးသည့် အရေးအကြောင်းကိစ္စရပ်များတွင် ပါဝင်ခဲ့ခြင်း မရှိခဲ့ချေ။ တကယ်တမ်း ဂိုဏ်းချုပ်သည် နည်းလမ်းရှိသည်ဟု ပြောဆိုလျှင် ကျိန်းသေပေါက် နည်းလမ်းရှိသည်ဖြစ်ကြောင်း အားလုံးသော သူများက ခိုင်ခိုင်မာမာနှင့် ယုံကြည်ထားပြီးသား ဖြစ်သည်။

.........

နောက်တစ်ရက်မှာတော့ ၎င်းတို့နှစ်ယောက်သည် လင်းယွမ်မြို့ဆီသို့ ပြန်လည်ထွက်ခွာရန် ပြင်ဆင်လျက် ရှိ၏။ ထိုအချိန်မှာပဲ ကျွင်းချောင်ရှောင်းသည် သူတို့နှစ်ယောက်အား အဓိကဟောခန်းဆီသို့ ခေါ်ကာ လျှို့ဝှက်သိုင်း နည်းတစ်နစ်တစ်ခုအား ပေးအပ်ခဲ့၏။

“ခင်ဗျားတို့ စီးပွားရေးလုပ်ငန်းတွေလုပ်ပြီး ဆေးလုံးတွေသန့်စင်တဲ့အချိန် ကြားထဲမှာ ဒါကိုလည်း ကျင့်ကြံထား လိုက်ကြ”

“ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်” ယွမ်သခင်လေးသည် ပျော်ရွှင်စွာဖြင့် ထိုအရာကို လက်ခံလိုက်၏။

ဖန်းကွေ့ချန်သည်လည်း လျှို့ဝှက်နည်းစနစ်ကို လက်ခံခဲ့၏။ သို့ပေမဲ့ သူ၏နှလုံးသားထဲတွင် မတင်မကျ ဖြစ်လို့ နေခဲ့သည်။

အဘယ်ကြောင့်ဆိုသော် သူသည်ဆေးလုံးနှင့်ပတ်သက်သည့် ကိစ္စရပ်များကိုသာ စိတ်ဝင်စားပြီး သိုင်းတာအိုနှင့် ပတ်သက်၍ စိတ်ဝင်စားမှု သိပ်မရှိလှချေ။ သို့ပေမဲ့ လင်းယွမ်မြို့ဆီသို့ ပြန်ရာလမ်းမှာတော့ ယွမ်သခင်လေးသည် ထိုအရာကို ဖတ်ရှုရင်း မျက်လုံးများ တောက်ပြောင်လျက်ရှိနေသည်ကို မြင်လိုက်ရ၏။ ထို့ကြောင့် စပ်စုလိုစိတ်အပြည့်ဖြင့် လျှို့ဝှက်နည်းစနစ်ကိုဖွင့်ကာ လှန်ကြည့်လိုက်မိ၏။ ပါဝင်လာသည့် အကြောင်းအရာများကို ဖတ်ရှုလိုက်သည့်အချိန်မှာတော့ သူသည် ချက်ချင်းပဲ ထကာ အော်လိုက်မိ၏။ “သောက်ကျိုးနည်း”

All Chapters