အပိုင်း (၁၄၁၂)
Vol. 95 Ch. 1412
အချိန်နှင့်တည်နေရာ လျှို့ဝှက်နယ်မြေထဲမှာတော့ ကျွင်းချောင်ရှောင်းသည် ဘုန်းကြီးတစ်ပါးကဲ့သို့ ခြေချိတ်ကာ ထိုင်လျက်ရှိ၏။ လက်ရှိအချိန်မှာတော့ သူ၏ သိစိတ်ပင်လယ်ထဲတွင် မန္တာန်ပေါင်းများစွာနှင့် ပြည့်နှက်လျက်ရှိ၏။ ထိုမန္တာန်များသည် တစ်ခါတစ်ရံ ပြန့်ကျဲလျက်ရှိပြီး တစ်ခါတစ်ရံ လာရောက်ကာ စုဝေး၏။
ဟူး …..။
အချိန်အတော်ကြာပြီးသည့်နောက် ကျွင်းချောင်ရှောင်း၏ ခန္ဓာကိုယ်ပေါ်တွင် အလင်းတန်းများ စုဝေးလာခဲ့သည်။
“နားလည်ပြီ” သူသည် မျက်လုံးကို ဖွင့်ကြည့်လိုက်၏။
သူ၏ မျက်လုံးထဲမှာတော့ ဉာဏ်အလင်း၏ နားလည်မှု အဓိပ္ပာယ်များ ပြည့်နှက်လျက် ရှိနေတော့သည်။ အချိန်မြန်ဆန်မှုနှုန်းထား၏ အောက်တွင် ကျွင်းချောင်ရှောင်း သည် အရိပ်တစ်ထောင် သိုင်းနည်းစနစ်အား သေသေချာချာ လေ့လာနေခဲ့၏။ ယနေ့အချိန်မှာတော့ တိုးတက်မှု အရိပ်အယောင်များကို ရရှိခဲ့သည်။
ဆွစ် …..။
ရုတ်တရက် မတ်တပ်ထရပ်ပြီးသည့်နောက် သူသည် ခါးထောက်ကာဖြင့် မန္တာန်များကို ရွတ်ဖတ်လိုက်၏။
ဟူး ……။
အရိပ်တစ်ထောင်သိုင်းနည်းစနစ်၏ အောက်တွင်တော့ သူ၏ခန္ဓာကိုယ်ပတ်ပတ်လည်တွင် အလင်းလှိုင်းများ ဖြစ်တည်လာပြီး သူနှင့်ဆင်တူလှသည့် ပုံရိပ်ယောင်တစ်ခုသည် ရုတ်တရက် ဖွဲ့တည်လာခဲ့သည်။ ပုံပန်း သွင်ပြင်နှင့်အရာအားလုံးသည် ကျွင်းချောင်ရှောင်းနှင့် ဆင်တူလျက်ရှိ၏။ မိုတစ်ခုထဲသို့ထည့်သွင်းကာ ထုလုပ် လိုက်သည့် အရာတစ်ခုကဲ့သို့ပင်။ သို့ပေမဲ့ ထိုအရာသည် ပုံရိပ်ယောင်နှင့်ဆင်တူပြီး အရိပ်တစ်ခုကဲ့သို့လည်း ဖြစ်၏။ သို့ပေမဲ့ ကိုယ်ပွားစစ်စစ် တစ်ခုကဲ့သို့ပင် ဖြစ်လို့နေခဲ့သည်။
သူ၏ အရိပ်ကိုယ်ပွားကို အထင်သေးလို့ မရနိုင်ပေ။ ၎င်းသည် သိုင်းနည်းစနစ်များကို လေ့ကျင့်လို့ ရနိုင်သလို သိုင်းနည်းစနစ်များကို တကယ့်ကို နားလည်အောင် ဖန်တီးပြုလုပ်နိုင်၏။ ထို့အပြင် ကောင်းကင်နှင့်မြေကြီးတွင် စုဖွဲ့ထားသည့် ဓာတ်သဘာဝများကို စုပ်ယူပြီး မူလခန္ဓာကိုယ်ကို အကျိုးကျေးဇူး ဖြစ်ထွန်းအောင်လည်း ပြုလုပ် ပေးနိုင်စွမ်းရှိ၏။
ဤကိုယ်ပွားအကြောင်း အနီးကပ် နှိုင်းယှဉ်ရမည်ဆိုလျှင် သူနှင့် အသက်သွေးပဋိညာဉ်စာချုပ် ချုပ်ဆိုထားသည့် အရာနှင့် ဆင်တူလွန်းလှ၏။ သို့ပေမဲ့ ဤအရိပ်ကိုယ်ပွားသည် ကျင့်ကြံတာထက် ပိုမို၍ လုပ်ဆောင်နိုင်မှုများ များပြားလွန်းလှ၏။ ဆေးဖော်စပ်မှု၊ ဆေးကုသမှုနှင့် တခြားသော လုပ်ငန်းများအားလုံးကို နားလည်နိုင်စွမ်း ရှိနေ၏။ ထို့ကြောင့် ဆေးလုံးများကိုလည်း သန့်စင်နိုင်စွမ်း ရှိနေသည်။ အိမ်၌ အသုံးပြု၍ရနိုင်သည့် စွယ်စုံ ကျွမ်းကျင်သူ အိမ်အကူတစ်ယောက်ကဲ့သို့ပင်။
“ထိုင်အုံး”
ကျွင်းချောင်ရှောင်းက အမိန့်ပေးလိုက်သည်။ နံပါတ်တစ်ကုန်းရှန့်ကိုယ်ပွားသည် ရုတ်တရက် ထိုင်လိုက်၏။ အဘယ်ကြောင့် နံပါတ်တစ်ဟု ခေါ်ဆိုရသနည်း။ အဘယ်ကြောင့်ဆိုသော် သိုင်းကျင့်ကြံခြင်း နည်းစနစ် အရဆိုလျှင် အရိပ်တစ်ထောင်သိုင်းနည်းစနစ်ကို အဆင့်မြင့်အထိ နားလည်နိုင်မည်ဆိုလျှင် လူတစ်ယောက်သည် ကိုယ်ပွားကို နှစ်ခု၊ သုံးခု (သို့မဟုတ်) ထို့ထက်ပိုသည့် ကိုယ်ပွားများကို ဖန်တီးနိုင်၏။
ဤလျှို့ဝှက်သိုင်းကျမ်းသည် စနစ်ဆီမှ ဆုလာဘ်အဖြစ် ရရှိခဲ့သည့်အရာဖြစ်၏။ ထို့ကြောင့် ကျွင်းချောင်ရှောင်း အနေဖြင့် အသိအမြင်အဆောင်များကို အသုံးပြုကာ နားလည်အောင် ပြုလုပ်၍ မရနိုင်ခဲ့ချေ။ ထို့ကြောင့်ပင်လျှင် ပထမအဆင့်ကိုသာလျှင် နားလည်နိုင်စွမ်း ရှိနေ၏။ ထို့ကြောင့် ကိုယ်ပွားတစ်ခုတည်းကိုသာ ဖွဲ့တည်နိုင်သည်။
ဆွစ် …..။
ခြေချိတ်ထိုင်ပြီးသည့်နောက် မူလခန္ဓာကိုယ်နှင့် ကိုယ်ပွားတို့သည် တစ်ချိန်တည်းလိုလိုပဲ တစ်ယောက်နှင့် တစ်ယောက် အချိတ်အဆက် နားလည်မှု ရှိသွား၏။ နာရီဝက်ခန့် ကြာမြင့်ပြီးနောက် ကျွင်းချောင်ရှောင်းသည် ပျော်ရွှင်စွာ ပြောလိုက်၏။ “ငါတို့ နှစ်ယောက်အတူတူ လေ့ကျင့်မယ်ဆိုရင် အရမ်းကို မြန်ဆန်မှာပေါ့”
“ပေါက်ကရတွေ”
စနစ်က ပြောလိုက်၏။ “အရိပ်တစ်ထောင်လောက် ဖွဲ့စည်းနိုင်ပြီဆိုရင် ကျင့်ကြံခြင်းအဆင့်က အကြိမ်တစ်ထောင်လောက် ပိုပြီး မြန်သွားမှာပေါ့”
“ငါ အဲလောက်ကြီး လောဘမကြီးပါဘူး”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “အနည်းဆုံး ရှစ်ကောင်၊ ဆယ်ကောင်လောက်ရရင် မဆိုးဘူး”
.............
အရိပ်တစ်ထောင် သိုင်းနည်းစနစ်သည် ယွမ်ဖန်၊ ဖန်ကွေ့ချန်တို့ကိုသာ ပေးသည်မဟုတ်ချေ။ တခြားသော ဂိုဏ်း၏ တပည့်များ အားလုံးသည်လည်း ထိုအရာကို ရရှိခဲ့၏။ ၎င်းတို့အားလုံးသည် အသီးသီး နားလည်မှုများကို ရရှိခဲ့၏။
လက်ရှိအခြေအနေတွင် စိတ်အလှုပ်ရှားဆုံးလူမှာ ရီရှင်းချန်ပင်ဖြစ်တော့၏။ အဘယ့်ကြောင့်ဆိုသော် ကျင့်ကြံခြင်း နည်းစနစ်ကို ပိုမိုကာ မြန်ဆန်စေသည့် သိုင်းနည်းစနစ်မျိုး ဖြစ်သောကြောင့်ပင်။ လက်ရှိ သူ့အနေနှင့် အလိုအပ်ဆုံးသည် ထိုအရာပင် ဖြစ်သည်။
“ငါ့အနေနဲ့ ကိုယ်ပွားတွေကို ဖန်တီးနိုင်ရင် ငါ့ရဲ့ကျင့်ကြံခြင်းအဆင့်က ပိုပြီး မြန်လာမှာပေါ့” သူ့၌ ပဋိညာဉ် သားရဲတစ်ကောင်ရှိသည့်အပြင် အရိပ်တစ်ထောင် ကိုယ်ပွားနည်းစနစ်လည်း ရှိလာသောကြောင့် အားညိုသည် အနာဂတ်အတွက် ပိုမိုကာ မျှော်လင့်ချက်များ ကြီးမားလာခဲ့၏။
“အံ့အားသင့်စရာပဲ။ ဒါက တကယ့်ကို အံ့အားသင့်စရာကောင်းတယ်”
အချိန်နှင့်တည်နေရာ လျှို့ဝှက်နယ်မြေထဲ တွင်ရှိနေသော ဟယ်ဝူတီသည် သူ၏ဘေးနားတွင် တည်ရှိနေသည့် ကိုယ်ပွားကို ကြည့်ရှုလိုက်၏။ သူ၏ နှလုံးသား ထဲရှိ ထိတ်လန့်မှုများသည် ပိုမိုကာ အားကောင်းလာခဲ့၏။ သူသည် ကိုယ်ပွားနည်းစနစ် အမျိုးအစားများကို အရင်တုန်းက မြင်ခဲ့ဖူး၏။ ထို့အတူ လေ့ကျင့်လည်း လေ့ကျင့်ခဲ့ဖူး၏။ ထိုအရာ တော်တော်များများသည် တိုက်ခိုက်ရန်အတွက်သာ အသုံးပြုပြီး ရန်သူကို စိတ်ရှုပ်ထွေးအောင် ပြုလုပ်ရန်သာ ဖြစ်သည်။ သို့ပေမဲ့ ဤကဲ့သို့ နည်းလမ်းပေါင်းများစွာနှင့် အဓိက ခန္ဓာကိုယ်အား ကူညီပေးနိုင်သည့် ကိုယ်ပွားနည်းစနစ်ကိုတော့ ယခု မှသာ မြင်ဖူးခဲ့ခြင်းဖြစ်သည်။
“ဂိုဏ်းချုပ်”
ဟယ်ဝူတီသည် သူ့ဘာသာ စဉ်းစားလိုက်မိ၏။ “စီနီယာသက်တန့်ရောင်က ကောင်းမွန်တဲ့ ပစ္စည်းတွေ ဘယ်လောက်များများတောင် ပေးထားတာလဲ”
ဤစိတ်ကူးယဉ်သမားသုံးယောက်သည် အရိပ်တစ်ထောင် သိုင်းနည်းစနစ်ကို ရရှိပြီးသည့်နောက် အမှန်ပင် တုန်လှုပ်လျက်ရှိနေ၏။ မူလအားဖြင့် ခရမ်းရောင်ဘုရင်သည်လည်း အပါအဝင်ပင် ဖြစ်တော့သည်။ လက်ရှိ အချိန်မှာတော့ ၎င်းသည် အခန်းထဲတွင် ခြေချိတ်ကာ ထိုင်လျက်ရှိနေပြီး ၎င်း၏ခေါင်းကို တဗြင်းဗြင်းနှင့် ကုတ်နေသည်။ “ဒါက ခက်ခဲလိုက်တာ”
မွန်းစတားသားရဲဖြစ်သည်မို့ လူသားများကဲ့သို့ သိုင်းနည်းစနစ်ကို လေ့လာခြင်းမရှိခဲ့ချေ။ ထို့အပြင် မွန်းစတား သားရဲများသည် ကျင့်ကြံရန် မလိုအပ်ချေ။ ၎င်းတို့အနေဖြင့် အသက်ရှူသွင်းမှုကို ပြုလုပ်ရုံနှင့်ပင် ပိုမိုကာ အားကောင်းလာခဲ့ခြင်းဖြစ်၏။ သို့ပေမဲ့ ကျွင်းချောင်ရှောင်း ပေးအပ်ထားသည့် သိုင်းနည်းစနစ်သည် ကျင့်ကြံခြင်း အဆင့်ကို ပိုမိုကာ မြန်ဆန်စေသည်ကို သိရှိပြီးသည့်နောက် သူသည် ကိုယ်တိုင်ပင် ကြိုးစားလျက် ရှိနေ၏။
ရလဒ်အားဖြင့် ဂိုဏ်းတစ်ခုလုံးထဲတွင် စကားပြောဆိုနိုင်ခြင်းမရှိသည့် သားရဲများမှလွဲ၍ အားလုံးသောသူများသည် အရိပ်တစ်ထောင် သိုင်းနည်းစနစ်အား မဖြစ်မနေ ကျင့်ကြံရတော့၏။ တွေးတောရာတွင် ကောင်းမွန်ခြင်း မရှိလှသည့် သားရဲများအနေဖြင့် ဤကဲ့သို့ ကျင့်ကြံရသည်မှာ ခက်ခဲလှချေ၏။ သို့ပေမဲ့ ၎င်းတို့သည် အရိပ် တစ်ထောင် ဖွဲ့တည်ပြီးသည့်နောက်တွင် အကျိုးကျေးဇူးကို ရရှိမှာ သေချာသည်။
အချက်အလက်အားဖြင့် လက်ရှိအချိန်တွင် ဆေးခန်းမဆောင်နှင့် ဆေးလုံးဟောခန်းမဆောင်တွင် ရှိနေသော သူများအတွက်တော့ အလွန်ပင် အကျိုးကျေးဇူး များလှပေ၏။ အဘယ်ကြောင့်ဆိုသော် စွန်းပုကုံးနှင့် တခြားသော သူများသည် သိုင်းနည်းစနစ်ကို နားလည်ပြီးသည့်နောက် ၎င်းတို့၏ ကိုယ်ပွားများနှင့်အတူ ဆေးဥယျာဉ်ထဲ၌ ဆေးပင်များ စိုက်ပျိုးခြင်းအား တာဝန်ယူပြီး ပြုလုပ်လျက်ရှိ၏။ အတိတ်တုန်းကဆိုလျှင် လူတစ်ယောက်ကို အလုပ်တစ်ခုသာ ပြုလုပ်နိုင်၏။ လက်ရှိအခြေမှာတော့ လူနှစ်ယောက်သည် အလုပ်နှစ်ခုကို ပြုလုပ်နိုင်စွမ်းရှိ၏။
“ဂိုဏ်းချုပ်”
တောင်၏ထိပ်နေရာတွင် မတ်တပ်ရပ်လျက် ရှိနေသော အကြီးအကဲဝေသည် ကိုယ်ပွားများအား ဆေးပင်များ စိုက်ပျိုးရန် ထိန်းချုပ်လျက်ရှိနေသော တပည့်များကို ကြည့်ရှုပြီး ပြောလိုက်သည်။ “ဒီနည်းလမ်း အတိုင်းဆိုရင် ဆေးပင်စိုက်ပျိုးမှုက နှစ်ဆပိုပြီး ကောင်းမွန်လာတော့မှာပဲ”
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “နှစ်ဆဆိုတာ နည်းပါးတယ်လေ။ အနာဂတ်မှာ လေးဆ၊ ဆယ်ဆ အဲထက် များတာမျိုး ဖြစ်လာလိမ့်မယ်”
ဤအရာမှာ ပြဿနာကြီး မဟုတ်ချေ။ တပည့်များအနေနှင့် ကိုယ်ပွားနည်းစနစ်ကို ပိုမိုကာ နားလည်လာသည်နှင့်တပြိုင်နက် လူတစ်ယောက်တည်းက အလုပ်သုံးခုကို ပြုလုပ်ရန်ဆိုသည်မှာ ပြဿနာတစ်ခု မဟုတ်ချေ။
ကိုးရာကိုးဆယ့်ကိုးခု ဆိုလျှင်တောင်မှ ကုန်းရှန့်သည် လုံလောက်အောင် စိတ်သဘောထား ကြီးမြတ်လိမ့်မည် မဟုတ်ချေ။ သူ့အနေနှင့် တပည့်များ ထိုအရာကို ပြုလုပ်နိုင်သည်ဆိုပါက ပိုမိုများပြားသည့်အလုပ်များကို ခိုင်းစေရန် စဉ်းစားထား၏။
ထို့အတူ တပည့်များသည်လည်း ကိုယ်ပွားများကို ဖန်တီး၍ ခိုင်းစေရာတွင် ပင်ပန်းရမည့်အစား ပိုမိုကာ စိတ်လှုပ်ရှားလျက် ရှိနေ၏။ အဘယ်ကြောင့်ဆိုသော ကိုယ်ပွားများသည် ဆေးဥယျာဉ်များတွင် ဆေးပင်များ စိုက်ပျိုးရာတွင်သာ အသုံးပြုရသည်မဟုတ်၊ ဆေးလုံးဖော်စပ်မှု နည်းလမ်းများတွင်လည်း အသုံးဝင်လျက် ရှိနေ၏။ ၎င်းတို့၏ နားလည်မှုနှင့် ဆေးလုံးသန့်စင်မှုသည် တမဟုတ်ချင်း တိုးတက်လျက် ရှိနေသည်။
ဤတည်နေရာတွင် အတွေ့အကြုံ အများဆုံး ရရှိသည့်သူမှာ ဖန်းကွေ့ချန်ပင် ဖြစ်သည်။ လင်းယွမ်မြို့သို့ ရောက်ရှိပြီးနောက် အရိပ်တစ်ထောင် သိုင်းနည်းစနစ်ကို လက်ခံရရှိခဲ့၏။ ထို့ကြောင့် လှုပ်ကုလားထိုင်ကြီး တစ်ခုပေါ်တွင် ဇိမ်ကျကျနှင့် လက်ဖက်ရည် သောက်လျက်ရှိနေပြီး ဆေးလုံးသန့်စင်သည့် လုပ်ငန်းကိုတော့ သူ၏ ကိုယ်ပွားအား လွဲအပ်ထားခဲ့၏။
ကိုယ်ပွားသည် တိုက်ခိုက်နိုင်မှု စွမ်းအင် သိပ်မရှိချေ။ သို့ပေမဲ့ သူ့သခင်၏ ကျွမ်းကျင်မှုများကို အမွေဆက်ခံခဲ့သည်။ ထို့ကြောင့် ကျင့်ကြံခြင်း သို့မဟုတ် ဆေးလုံးများ ဖော်စပ်ခြင်းတွင် မူလခန္ဓာကိုယ် ပြုလုပ်နိုင်သည့် အရာများကို ပြုလုပ်နိုင်စွမ်း ရှိနေ၏။
ဖောက် ဖောက် ဖောက်
တခြားတစ်ဖက်တွင်တော့ ယွမ်သခင်လေးသည် ယနေ့ရရှိသည့် ဆေးလုံးရောင်းရငွေစာရင်းများအား ပေသီးကို အသုံးပြုကာ တွက်ချက်လျက် ရှိနေ၏။ သူ၏ ဘေးနားတွင် ရှိနေသော ကိုယ်ပွားမှာတော့ စုတ်တံတစ်ခုကို ကိုင်ဆောင်ကာဖြင့် စာရင်းများ ရေးမှတ်လျက် ရှိနေသည်။
ကျန်းတယ်ကျွင်း၊ ရှန့်ကွမ်းရှင်းရောင်တို့သည်လည်း ဤအံ့အားသင့်စရာကောင်းသည့် အသုံးဝင်ပုံကို ရှာဖွေ တွေ့ရှိခဲ့၏။ ၎င်းတို့နှစ်ယောက်သည် ကိုယ်ပွားကို အသုံးပြုပြီး ကျင့်ကြံမှုကို မပြုလုပ်ချေ။ အစီအရင်များ နားလည်ရန် အတွက်သာ အသုံးပြုခဲ့၏။ ထို့ကြောင့် ခေါင်းတစ်ခုတည်းနှင့် အလုပ်နှစ်ခုကို ပြုလုပ်နိုင်သည်ဟု အဓိပ္ပာယ် သက်ရောက်ခဲ့၏။
ဟား ဟား ဟား ဟား
ဟား ဟား ဟား ဟား
အခန်းထဲတွင် ခြေချိတ်ကာ ထိုင်လျက်ရှိသည့် ထိုက်ရွှမ်အဘိုးအိုမှာတော့ ရယ်မောလိုက်သည်။ အရိပ်တစ်ထောင် သိုင်းနည်းစနစ်ကို ကျင့်ကြံပြီးသည့်နောက် သူသည် ကိုယ်ပွားတစ်ခုကို ဖွဲ့တည်နိုင်ခဲ့၏။ ထို့ကြောင့် ခေါင်းနှစ်ခုနှင့် သေသေချာချာ စဉ်းစားပြီးသည့်နောက် ဝါးတောင်တန်းနံပါတ်တစ်အား ပိုမိုဖွံ့ဖြိုး တိုးတက်ရန် နည်းလမ်းကို နောက်ဆုံးတွင် ရရှိခဲ့သည်။
ဤကောင်လေးတွင် အားကောင်းလွန်းလှသော သိုင်းနည်းစနစ်နှင့် အရင်းအမြစ်များ ရှိသည်ကို သိရှိသည်ဆိုပါက သူ့အနေနှင့် ပြဿနာအားလုံးကို ခေါင်းပေါ်သို့ အတင်ခံရမည်ဆိုလျှင်တောင်မှ ဤဂိုဏ်းထဲသို့ ရဲရဲရင့်ရင့် ဝင်ခဲ့မှာ သေချာ၏။ အချက်အလက်အားဖြင့် ပြဿနာများကို ရင်ဆိုင်ခဲ့ရသည်ဆိုသော်လည်း ပြိုင်စံရှားဂိုဏ်းထဲသို့ ဝင်ရောက်ပြီးသည့်နောက် သူသည် ကြီးမားလှသည့် အကျိုးကျေးဇူးကို ရရှိခဲ့၏။
ရွှီး ရွှီး
တောင်တစ်ခု၏ ထိပ်ပေါ်မှာတော့ ကျိုးဟုန်သည် သူ၏ဓားကို ဆွဲထုတ်လိုက်၏။ သူ၏ ကိုယ်ပွားကလည်း တပြိုင်နက်တည်း ပြုလုပ်ခဲ့၏။ ၎င်းတို့၏ မျက်လုံးထဲတွင် နားလည်မှု အလင်းရောင်များနှင့် ထွန်းတောက်လျက် ရှိနေ၏။ ဂိုဏ်းထဲတွင်ရှိသော အနည်းငယ်သော ဓားပါရမီရှင်များထဲမှ တစ်ယောက်ဖြစ်သည်နှင့်အညီ သူသည် ဂိုဏ်း၏ တခြားသော သိုင်းနည်းစနစ်နှင့် အရင်းအမြစ်များကို အသုံးမပြုခဲ့ချေ။ သို့ပေမဲ့ အရိပ်တစ်ထောင် သိုင်းနည်းစနစ်ကတော့ ချွင်းချက်ဖြစ်၏။ ထိုအရာသည် သူ၏ ဓားတာအိုကို ပိုမိုမြန်ဆန်စွာ နားလည်ရန်အတွက် အကူအညီဖြစ်လို့ နေခဲ့သည်။
…………
ပြိုင်စံရှားဂိုဏ်းမှ တပည့်များ အားလုံးသည် အရိပ်တစ်ထောင် သိုင်းနည်းစနစ်ကို ရူးရူးမူးမူးနှင့် လေ့ကျင့်လျက် ရှိ၏။ တချို့သော တပည့်များသည် နားလည်မှု မရှိသေးဘူးဆိုသော်လည်း အချိန်ကာလတစ်ခုသာ လိုအပ်၏။ အနာဂတ်တွင် အားလုံးသောသူများသည် ထိုအရာကို ပြည့်ပြည့်စုံစုံနှင့် နားလည်အောင် ကျင့်ကြံနိုင်မှာ သေချာသည်။ ဤနေရာတွင် မေးမြန်းစရာ ရှိသည်မှာ ဤနည်းစနစ်သည် ကြောက်မက်စရာ မကောင်းလွန်း ဘူးလား။
“ဟောခန်းသခင်ဖန်း”
ခဏလောက်ကြာပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် လင်းယွမ်မြို့ဆီသို့ ရောက်ရှိ လာကာ ပြောလိုက်သည်။ “စွန်းပုကုံးနဲ့ တခြားသူတွေ အားလုံးကို ကိုယ်ပွားကို ဖွဲ့တည်နိုင်ခဲ့ပြီလေ။ ဒီတော့ သူတို့တွေ ဆေးလုံးဖော်စပ်တဲ့ နေရာမှာ အကောင်းဆုံး ဖြစ်နေကြတယ်။ အခု ဆိုင်ခွဲဖွင့်ဖို့ အခြေအနေ ကောင်းပြီလား”
“အင်း… ကျုပ်တို့ လုပ်နိုင်ပါတယ်”
ဖန်းကွေ့ချန်က ပြောလိုက်၏။ “ဒါပေမဲ့ အရင်ဆုံး တစ်ခုပဲ ဖွင့်ရအောင်”
“ဒါက ပြဿနာကြီး မဟုတ်ဘူး”
ကျွင်းချောင်ရှောင်းသည် ရေနွေးတစ်ငုံကို ကောက်သောက်ကာဖြင့် မေးလိုက်သည်။ “ခင်ဗျားတို့ ဆေးဟောခန်းမဆောင်မှာ တခြားသော ဆေးပညာရှင် ခုနှစ်ယောက်ရှိတယ်လို့ ကျုပ်ကြားတယ်။ အားလုံးက ဆေးပင်နဲ့ပတ်သက်ရင် ကျွမ်းကျင်တဲ့သူတွေကြီးပဲလား”
“ဟုတ်ပါတယ်” ဖန်းကွေ့ချန်သည် ခေါင်းညိတ်လိုက်၏။
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “သူတို့က ဆေးဟောခန်းမဆောင်ကို ရံဖန်ရံခါဆို လာတတ်တယ်မလား။ ကျုပ် သူတို့ဆီကို သွားလည်ပြီးတော့ ပြိုင်စံရှားဂိုဏ်းထဲကို ဝင်ရောက်ဖို့ စိတ်ဝင်စားလားဆိုတာ မေးကြည့်ရမယ်”
“ဟမ်” ဖန်းကွေ့ချန်သည် မျက်လုံးအပြူးသား ဖြစ်သွား၏။
“ဪ ဟုတ်ပြီ”
ကျွင်းချောင်ရှောင်းသည် သူ၏ နဖူးကို ရိုက်ကာဖြင့် ပြောလိုက်မိသည်။ “ဆေးဟောခန်းမဆောင်က အထက်နယ်မြေတစ်ခုလုံးရဲ့ အဓိကဟောခန်းကြီးတစ်ခု ဖြစ်တယ်ဆိုပေမဲ့ တခြား များပြားလှတဲ့ ဆေးပညာရှင် တွေလည်း ရှိနေသေးတာပဲ။ သူတို့ကိုသာ တစ်ခါတည်း ခေါ်လိုက်မယ်ဆိုရင် ဆိုင်ခွဲတွေ အများကြီး ဖွင့်ဖို့ဆိုတာ ပြဿနာတစ်ခု မဟုတ်တော့ဘူး”
“……”
ဖန်းကွေ့ချန်၏ မျက်နှာပေါ်တွင် ရှိနေသော နဝေတိမ်တောင် အမူအရာများသည် ပိုမိုကာ ထင်ရှားလာခဲ့တော့၏။
………..
ဆေးဟောခန်းမဆောင်၏ ဌာနချုပ်
ဝတ်စုံရှည်ကြီးကို ဝတ်ဆင်ထားသည့် အဘိုးအိုတစ်ယောက်သည် စားပွဲ၏ထိပ်တွင် ထိုင်လျက်ရှိ၏။ သူသည် မျက်မှောင်ကုတ်ကာဖြင့် ပြောလိုက်၏။ “အခုတလော ဘာကြောင့်လဲမသိဘူး။ ငါ့ရဲ့ ဘယ်ဘက်မျက်ခုံးတွေ လှုပ်နေတယ်။ ဆက်တိုက်ဆိုသလိုပဲ”
“ဘယ်ဘက်မျက်ခုံးလှုပ်တယ်ဆိုတာက ကံကောင်းတဲ့ အဓိပ္ပာယ်ပဲလေ။ ညာဘက်မျက်ခုံးလှုပ်တယ်ဆိုတာက ဘေးအန္တရာယ်တွေ ကျရောက်မှာတဲ့”
အဘိုးအိုသည် ပြုံးကာပြောလိုက်၏။ “ဒါဆိုရင် ကောင်းတဲ့အရာပဲ ဖြစ်ရမယ်”