← Chapters

အပိုင်း (၁၄၁၃)

Vol. 95 Ch. 1413

အပိုင်း (၁၄၁၃)

Vol. 95 Ch. 1413

ကျွင်းချောင်ရှောင်းအနေဖြင့် အထူးတာဝန်ကို ပြည့်စုံချင်၏။ ထို့ကြောင့် သူ့အနေနှင့် စီးပွားရေးလုပ်ငန်းများကို ပိုမို ဖွံ့ဖြိုးတိုးတက်အောင် ပြုလုပ်ဖို့ လိုအပ်နေသေးသည်။ လက်ရှိအခြေမှာတော့ သူ့၌ စီးပွားရေးတစ်ခုသာ တည်ရှိ၏။ ထိုအရာသည် ဆေးလုံးဆိုင်ပင် ဖြစ်၏။ ထို့ကြောင့် ဤအရာကို တိုးတက်အောင် ပြုလုပ်မည့် လမ်းစဉ်ကို စဉ်းစားရန်သာ လိုတော့သည်။

ဆေးခန်းမဋ္ဌာနချုပ် - ဤအရာသည် အထက်နယ်မြေ၏ အသိအမှတ်ပြုခံထားရသည့် အဓိကဆေးလုံးများ ဖန်တီး ပြုလုပ်ရာဟောခန်းပင်ဖြစ်သည်။ အကယ်၍ ထိုအဖွဲ့အစည်းနှင့် ရင်းနှီးသည့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နိုင်မည်ဆိုပါက သူ၏ဂိုဏ်း ဂုဏ်သိက္ခာသည် ပိုမိုကာ တိုးတက်သွားမှာ သေချာ၏။

ဖန်းကွေ့ချန်သည် လေးလေးနက်နက်ပြောလိုက်၏။ “ဆေးပညာရှင် ခုနှစ်ယောက်တို့က အဓိက ဂိုဏ်းအသီးသီးမှာ လည်း အချိန်ပိုင်းလုပ်ကြတယ်လေ။ ဒီတော့ ဂိုဏ်းချုပ်အနေနဲ့ သူတို့ကိုသာ ဂိုဏ်းသားအဖြစ် ခေါ်ဆောင်ချင်တယ် ဆိုရင် တခြားသောသူတွေက စိတ်မကျေမနပ်ဖြစ်မှာ ကျိန်းသေတယ်”

“ဒါက ကိစ္စမရှိဘူး”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ကျုပ်ဆီမှာ နောက်ခံရှိတယ်လေ”

ကြီးမြတ်သူတုံးကုသည် ဤအရာကို ကြားသည်ဆိုပါက ချက်ချင်းပဲ သွေးအန်ထွက်မှာ သေချာ၏။

ဟုတ်ပေသည်။ ကျွင်းချောင်ရှောင်းအနေဖြင့် အမှုမဲ့အမှတ်မဲ့ ပြောခဲ့ခြင်းသာဖြစ်၏။ အကယ်၍ သူ့အနေနှင့် ဆေးပညာရှင် ခုနှစ်ယောက်တို့အား ဂိုဏ်းသားအဖြစ် ခေါ်ဆောင်ချင်သည်ဆိုပါက သေသေချာချာ အစီအစဉ် ချမှတ်ကာ ပြုလုပ်ရန် လိုအပ်၏။ ထိုမှသာ အဓိကဂိုဏ်းများသည် သူ့အားလာရောက်၍ ပြဿနာရှာဖွေခြင်း မပြုလုပ်နိုင်ပေလိမ့်မည်။

“ဂိုဏ်းချုပ်”

ယွမ်သခင်လေးက အကြံပြုလိုက်၏။ “လွန်ခဲတဲ့ နှစ်နှစ်အတွင်း ကျုပ်တို့ ဆေးပင်ထုတ်လုပ်မှုက အရမ်းကို ကောင်းနေတယ်လေ။ ဒီတော့ လင်းယွမ်မြို့ထဲမှာ ဆေးပင်အရောင်းဆိုင် မဖွင့်ဘူးလား”

ဆေးပင်ဆိုသည်မှာ ဆေးလုံးများလောက် အမြတ်အစွန်း မရှိချေ။ သို့ပေမဲ့ သာမန်ဆေးပင်များအား ဂိုဏ်း၏ ဆေးဥယျာဉ်ထဲတွင် စိုက်ပျိုးလိုက်သည်ဆိုပါက ကောင်းကင်နှင့်မြေကြီး၏ ရတနာများအဖြစ်သို့ပင် ပြောင်းလဲ သွားနိုင်၏။ ထို့ကြောင့် ထိုအရာများကို ရောင်းချခြင်းအားဖြင့် ပိုက်ဆံအများအပြား ရရှိမှာ သေချာ၏။ ထို့အပြင် လွန်ခဲ့သည့်နှစ်နှစ်အတွင်း ဂိုဏ်းတွင် ဆေးပညာရှင်များ လိုအပ်ချက်ရှိနေသည့်အတွက်ကြောင့် ဆေးလုံး ဖော်စပ်မှုသည် အနည်းငယ် အရှိန်နှေးကွေးလို့ နေခဲ့၏။ ထို့ကြောင့် ဆေးပင်တော်တော်များများကို စုဆောင်း ပြီးသား ဖြစ်နေသည်။ ထိုအရာများကို ရောင်းချခြင်းအားဖြင့် ပိုက်ဆံများ ရရှိခြင်းသည် ဆိုးရွားသည့်အရာ မဟုတ်ချေ။

“ကောင်းပြီ”

ကျွင်းချောင်ရှောင်းသည် သဘောတူလိုက်၏။ ဂိုဏ်း၏ စီးပွားရေးလုပ်ငန်းများ ပြုလုပ်ရန်အတွက် ဤကဲ့သို့ အမျိုးအစား မတူညီသည့်အရာများကို ရောင်းချရန်လည်း လိုအပ်နေသေး၏။ ထို့အပြင် သူ့အနေနှင့် အိမ်ခြံမြေလုပ်ငန်း၊ အင်တာနက်၊ ကား၊ လေယာဉ်နှင့် တခြားစီးပွားရေးလုပ်ငန်းများကိုပါ ပြုလုပ်ရန် ဆုံးဖြတ်ထား သေး၏။

စနစ်က ဆွံ့အသွားမိသည်။ “မင်း ဘာတွေလုပ်ဖို့ စဉ်းစားနေတာလဲ”

“တကယ်လို့ ငါ့ရဲ့ အားအင်အဆင့်က ခွင့်ပြုနိုင်တယ်ဆိုရင်ပေါ့”

“ကျေးဇူးပြုပြီး ဒီလောကကြီးတစ်ခုလုံးကိုတော့ လမ်းချော်ထွက်အောင် မလုပ်ပါနဲ့”

ဟုတ်ပေသည်။ ကြယ်ကြွေကုန်းမြေတိုက်ကြီးသည် လက်ရှိအချိန်တွင် ကုန်းရှန့်ကြောင့် လမ်းချော်နေပြီဖြစ်၏။ လွန်ခဲ့သည်အချိန်တုန်းက သမားရိုးကျ နေထိုင်မှု နိမ့်ကျခဲ့သည့်လူများသည် လက်ရှိအချိန်မှာတော့ ဒီဇိုင်းဆရာ များ၏ ရေးဆွဲမှုနှင့်အတူ ဆန်းကြယ်လှသည့် ဝတ်စားဆင်ယင်မှု ပုံစံများနှင့် ဖြစ်တည်နေ၏။ တစ်ယောက်နှင့် တစ်ယောက် တွေ့ဆုံသည့်အချိန်မျိုးတွင်ပင်လျှင် ဘော်ဒါကြီးဟု ခေါ်ဆိုသည့် အလေ့အကျင့် တည်ရှိနေကြ သည်။ ကုန်းရှန့်၏သောက်ကျိုးနည်း စနက်ကြောင့်ပင်။

“ဟောခန်းသခင်ဖန်း”

ကျွင်းချောင်ရှောင်းက မေးလိုက်သည်။ “ဆေးဟောခန်းမဆောင်ဋ္ဌာနချုပ် က ဘယ်နားမှာလဲ”

“ဗဟိုတည်နေရာမှာပါ”

ဖန်းကွေ့ချန်သည် စိတ်ထဲမှကြိတ်ကာ ရေရွတ်လိုက်၏။ “ဂိုဏ်းချုပ်က တကယ်ပဲ ဆေးပညာရှင်တွေကို ဂိုဏ်းထဲခေါ်ယူဖို့ စဉ်းစားနေတာလား”

“တကယ်လို့ သွားမယ်ဆိုရင် ဘယ်လောက်လောက် ကြာနိုင်လဲ” ကျွင်းချောင်ရှောင်းက မေးလိုက်သည်။

ဖန်းကွေ့ချန်က ခဏလောက် တွေးလိုက်၏။ ပြီးနောက် ပြောလိုက်သည်။ “အမြူတေအသွင်ပြောင်းခြင်း ကျင့်ကြံသူတစ်ယောက်ကသာ သာမန်ပျံသန်းနိုင်တဲ့ ရတနာတစ်ခုကို စီးနင်းပြီးသွားမယ်ဆိုရင် ခြောက်လလောက် ကြာလိမ့်မယ်”

ကျွင်းချောင်ရှောင်းသည် စိတ်ဓာတ်ကျသွားမိ၏။ “အဲလောက်ထိ ဝေးတာလား”

သူ့အနေနှင့် ထိုနေရာဆီသို့ ခရီး တစ်ခေါက်သွားရန် စီစဉ်ထားသည်ကို ချက်ချင်းပဲ ပယ်ချလိုက်မိ၏။

“မဟုတ်သေးဘူး”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ခရီးသွားလာရခြင်းက တကယ့်ကို ပြဿနာကြီး ဖြစ်နေတာပဲ။ ဒီအရာကို ဖြေရှင်းဖို့အတွက် နည်းလမ်းတစ်ခုခုကို ရှာရမယ်”

အမြူတေအသွင်ပြောင်းခြင်းအဆင့်ကို ရောက်ရှိပြီးသည့်နောက် သိုင်းကျင့်ကြံသူ တစ်ယောက်သည် ပျံသန်း နိုင်သည့် စွမ်းရည်ကို ရရှိ၏။ သို့ပေမဲ့ အထက်နယ်မြေသည် ကြီးမားလွန်းလှချေသည်။ အဝေးဆုံး တည်နေရာဆီသို့ ခရီးသွားချင်သည်ဆိုပါက ပျံသန်းနိုင်သည့် ရတနာတစ်ခုခုကို ကျိန်းသေပေါက် ရွေးချယ်ရမှာ ဖြစ်၏။ ပျံသန်းနိုင်သည့် ရတနာဆိုသည်မှာလည်း အဆင့်အမျိုးမျိုးဖြင့် ခွဲခြားထားသေး၏။

အထက်နယ်မြေဆီသို့ ပထမဦးဆုံး ရောက်ရှိလာစဉ်က အင်ပါရီယန်နတ်ဓားဂိုဏ်းက လက်ဆောင်ပေးခဲ့သည့် ဓားပျံများကို ရရှိခဲ့ခြင်းသည် မဆိုးလှဟု ဆိုရမည်။ အရည်အသွေးကလည်း မဆိုးလှချေ။ ခရီးတိုသွားရန်အတွက်တော့ သင့်တော်လှချေ၏။ သို့ပေမဲ့ ခရီးဝေး သွားလာရန်အတွက်တော့ မဖြစ်နိုင်ချေ။

“လက်ဆောင် ဟုတ်လား”

စနစ်က ထအော်လိုက်၏။ “မင်း ဒါတွေကို လုယက်လာတာ မဟုတ်ဘူးလား”

“စတိုးထဲမှာ ပျံသန်းနိုင်တဲ့ ရတနာတွေ ရှိနေသေးလား” ကျွင်းချောင်ရှောင်းက မေးလိုက်သည်။

စနစ်သည် ချက်ချင်းပဲ အရည်အသွေးမြင့် အရောင်းသမားတစ်ယောက်ကဲ့သို့ ပြောင်းလဲသွား၏။ သူက ပြောလိုက်တော့သည်။ “လက်ခံသူအနေနဲ့ refresh ပြုလုပ်လိုက်မယ်ဆိုရင် အာကာသယာဉ်ကိုပင် ရရှိနိုင်တယ်”

……………..

ကျွင်းချောင်ရှောင်းသည် အတွေးနက်သွားမိ၏။

“ထားလိုက်တော့။ ထားလိုက်တော့”

ခဏလောက် ကြာပြီးသည့် နောက် သူသည် ခေါင်းကိုခါယမ်းကာ ပြောလိုက်သည်။ “စတိုးထဲမှာ ပစ္စည်းကောင်းတွေ တော်တော်များများ ရှိတယ်ဆိုပေမဲ့ ငါ refresh လုပ်ဖို့ကို နှမြောနေတယ်။ ဒါပေမဲ့ ပြဿနာကိုလည်း အရင်ရှင်းရအုံးမယ်”

ဆွစ်

သူသည် စတိုးကို ဖွင့်လိုက်၏။ စနစ်၏မြင်ကွင်း ဘယ်ဘက်ထောင့်တွင်ရှိသော VIP အသုံးပြုသူဆိုသည့်နေရာ သည် ငွေရောင်အဖြစ် ပြောင်းလဲနေ၏။ ဆိုလိုသည်မှာ ထပ်မံကာ ငွေဖြည့်သွင်းရမှာဖြစ်၏။ ငွေဖြည့်သွင်းမှုကို မပြုလုပ်ပါက အသုံးပြုသူအနေဖြင့် ထိုအရာကို အသုံးပြုနိုင်စွမ်း မရှိချေ။ ကျွင်းချောင်ရှောင်းအနေနှင့် refresh စတင်ကာ လုပ်လိုက်၏။ အလကား အသုံးပြုနိုင်သည့် အကြိမ်ငါးကြိမ်စာ အသုံးပြုပြီးသော်လည်း သူလိုချင်သည့် ပစ္စည်းကို မရခဲ့ချေ။

“ငွေဖြည့်မယ်”

စနစ်က ပြောလိုက်သည်။ “နောက်ထပ် ငါးကြိမ်ထပ်ပြီးတော့ Refresh လုပ်နိုင်တယ်လေ”

“ဒင်… ငွေဖြည့်မှု အောင်မြင်သည်။ လက်ခံသူသည် တစ်လတာ VIP အသုံးပြုသူ ဖြစ်သွားသည့်အတွက် ဂုဏ်ယူပါသည်။ လစဉ် refresh လုပ်နိုင်မှုနှုန်းသည် ငါးကြိမ်မှ ဆယ်ကြိမ်အထိ တိုးမြှင့်ခဲ့၏”

“ဒင်…. ဂိုဏ်းစုဆောင်းမှတ် - ၂၅၀၀၀၀”

စနစ်၏ မြင်ကွင်းထောင့်တွင် ရှိနေသော ဗွီအိုင်ပီအသုံးပြုသူဆိုသော စာတမ်းသည် လင်းလက်တောက်ပသွား၏။ ထိုနေရာဆီမှ ငွေကြေးအသုံးပြုသူများအတွက်သာ တည်ရှိနိုင်သည့် အရှိန်အဝါများ ထွက်ပေါ်နေ၏။

ဆွစ်

သူသည် ထပ်မံကာ refresh လုပ်လိုက်၏။ သာယာနာပျော်ဖွယ်ရာကောင်းသည့် အသံနှင့်အတူ အံ့အားသင့်စရာ ကောင်းသည့် ကိစ္စရပ်တစ်ခု ဖြစ်ပေါ်လာသည်။

ပစ္စည်းများ၏ ဒုတိယတန်း၊ ဒုတိယမြောက် တည်နေရာတွင်တော့ သက်တန့်အလင်း အတောင်ပံ ဖော်မြူလာဆိုသည့်အရာကို ရေးသားထား၏။ အလကား ငါးကြိမ်စာ refresh လုပ်ပြီးသည့်နောက်တွင် သူသည် ကောင်းမွန်သည့်အရာတစ်ခုမှ မရရှိခဲ့ချေ။ သို့ပေမဲ့ VIP အသုံးပြုသူ ဖြစ်လာပြီးနောက် ပထမဆုံး refresh လုပ်ချိန်မှာတင် လိုချင်သည့်ပစ္စည်းသည် ပေါ်ပေါက်လာခဲ့၏။

ဟား ဟား ဟား ဟား …။

ကျွင်းချောင်ရှောင်းသည် အားရပါးရ ထရယ်လိုက်သည်။ “ဒါကမှ တကယ့်လောကကြီးပဲကွ”

ကုန်းရှန့်သည် ပိုက်ဆံ မရှိဘဲ မည်သည့်အရာကိုမှ ပြုလုပ်၍မရဆိုသည့် အကြောင်းအရာကို သေသေချာချာ နက်နက်နဲနဲ နားလည်သွားမိ၏။ သို့ပေမဲ့ သူလိုချင်သည့် ဖော်မြူလာကို ဝယ်ယူရန်အတွက် ဂိုဏ်းစုဆောင်းမှတ် တစ်သိန်းအတိ ကုန်ကျနေသေး၏။

သက်တန့်အလင်းတောင်ပံသည် ဝတ်ဆင်နိုင်သည့် ပစ္စည်းဖြစ်ပြီး ပန်းပဲခန်းမဆောင်နှင့် အလိုအလျောက် လိုက်ဖက်ညီသွား၏။ သူသည် မိတ်ဆက်ကို ဖွင့်ကာ ဖတ်ရှုလိုက်သည့် အချိန်မှာတော့ အမှန်ပင် ပျော်ရွှင်သွား မိသည်။ ကြည့်ရှုလိုက်သည်ဆိုသည်နှင့် ထိုအရာသည် စက်အတောင်ပံကဲ့သို့သောအရာနှင့် ဆင်တူသည့် ပျံသန်း နိုင်သည့်အရာမျိုးဖြစ်သည်။

သို့ပေမဲ့ လုပ်ဆောင်နိုင်မှုမှာတော့ အလွန်ပင် ရိုးရှင်းလွန်းလှ၏။ တိုက်ခိုက်မှု သို့မဟုတ် ခုခံမှုများတွင် အသုံးပြု၍ မရနိုင်ချေ။ ပျံသန်းမှုတစ်ခုတည်းကိုသာ အသုံးပြုနိုင်၏။ သို့ပေမဲ့ အကျိုးသက်ရောက်မှုသည် ကောင်းကင်နှင့် မြေကြီး၏ လောကသဘာဝများနှင့် ချိတ်ဆက်မှု မရှိသောကြောင့် ပျံသန်းရာတွင် အလွန်မြန်ဆန်စွာဖြင့် ပျံသန်းနိုင်၏။ ခရီးသွားလာရာတွင် ကောင်းမွန်လှသည့် အကူအညီတစ်ခု ဖြစ်ပီး လူများကိုလည်း ကောင်းကောင်းမွန်မွန် သတ်ဖြတ်နိုင်သည့်အရာ ဖြစ်ပေလိမ့်မည်။

ပစ္စည်းအတွက် လိုအပ်သည့် ကုန်ကြမ်းပစ္စည်း၌ ကျောက်ရိုင်းတုံး အများအပြား မလိုအပ်ချေ။ လုံလောက်သည့် ငှက်မွေး အနည်းငယ်နှင့် သလင်းအမြူတေ တချို့ကို အသုံးပြုကာ သန့်စင်နိုင်ရုံဖြင့် ရရှိနိုင်၏။

“ငှက်မွေးတွေ ဟုတ်လား”

ကျွင်းချောင်ရှောင်းသည် သူ၏ မေးစေ့ကို ပွတ်သပ်ကာ တွေးလိုက်သည်။ “အင်း… ရှောင်မိုရှန်း ဆီကဟာကိုယူရင် ရမယ်ထင်တယ်”

ပြိုင်စံရှားဂိုဏ်းထဲတွင် ထိုင်လျက်ရှိနေသည့် ဤမိန်းကလေးသည် နဂါးလေး မရှိသောကြောင့် ပျင်းရိလျက် ရှိနေ၏။ သူမသည် ထိုင်ကာ စဉ်းစားနေတုန်းမှာပဲ ရုတ်တရက် ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားပြီး ကြက်သီးမွှေးညှင်းများ ပင် ထလာ၏။ ဘာဖြစ်သွားသနည်း ဆိုသည်ကိုတော့ သေချာမသိချေ။

………

ကျွင်းချောင်ရှောင်းသည် ဆေးလုံးဆိုင်တွင် အချိန်ကြာကြာ မနေချေ။ ပြိုင်စံရှားဂိုဏ်းဆီသို့ ပျံကာ ထွက်ခွာသွား ခဲ့၏။ ဆေးပင်ဆိုင်ဖွင့်သည့် လုပ်ငန်းနှင့်ပတ်သက်၍ သူသည် ယွမ်သခင်လေးအား အာဏာကို အပြည့်အဝ ပေးအပ်ထားခဲ့သည်။

ယွမ်ကြီးသည် စီးပွားရေးလုပ်ငန်းများကို တာဝန်ယူထား၏။ နှင်းဆီဧကရီမှာမူ ဂိုဏ်း၏ အတွင်းစည်းကိစ္စရပ်များ စီမံခန်ခွဲသည့် တာဝန်ကို ယူထား၏။

အထက်နယ်မြေဆီသို့ တက်လှမ်းလာပြီးသည့်နောက် သူ၏ ဂိုဏ်းချုပ်ဆိုသည့် ရာထူးသည် အမည်ခံတစ်ခုသာ ဖြစ်လာပြီး အားယားလို့ နေခဲ့သည်။

ယွမ်သခင်သည် အမှန်တကယ် ဉာဏ်ကောင်းလွန်းလှပြီး ဆုံးဖြတ်ချက် ခိုင်မာ သည့် လူတစ်ယောက်လည်းဖြစ်၏။ တစ်ရက်တည်းမှာပဲ သူသည် မြို့တော်ဝန်လုဆီသို့ သွားရောက်ကာဖြင့် ဆိုင်ဖွင့်မည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့၏။ အစောကတည်းက မြို့ထဲတွင် ဆိုင်ခန်းဖွင့်မည်ဟု ကြိုတင်ကာ စကားဦးသန်းထားသောကြောင့် အခွန်ကင်းလွှတ်ခွင့်လည်း ရရှိခဲ့၏။

ထို့ကြောင့် မြို့တော်ဝန်လုသည် ဆိုင်ထပ်ဖွင့်မည့် အကြောင်းကို ကြားရသည့်အချိန်မှာတော့ ချက်ချင်းပဲ ထောက်ပံ့ကူညီမည့်အကြောင်းကို ပြောကြားခဲ့သည်။ “ယွမ်သခင်လေး… မြို့ထဲမှာရှိတဲ့ ကြိုက်တဲ့ဆိုင်ကိုသာ ရွေးလိုက်ပါတော့”

“ကျေးဇူးပါပဲ”

ရက်အနည်းငယ် ကြာပြီးသည့်နောက် များပြားလှသော ဆေးပင်အရောင်းဆိုင်များသည် မြို့ထဲတွင်တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာ၏။

“ဆေးပင်အရောင်းဆိုင် ဟုတ်လား” ဆိုင်၏ အပြင်ဘက်တွင် ချိတ်ဆွဲထားသည့် ဆိုင်းဘုတ်ကြီးကို မြင်ရသည့်အချိန် မှာတော့ အားလုံးတို့သည် ဇဝေဇဝါနှင့် ဖြစ်မိနေခဲ့သည်။ ဆေးလုံးဆိုင်ကို အသက်သွင်းနိုင်ဖို့ဆိုလျှင် ဆေးပင်များကို လိုအပ်သည် မဟုတ်ပါလား။ ဘာကြောင့် ယခု ဆေးပင်များကို ရောင်းချရန် စီစဉ်နေရသနည်း။

၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက်ထားသည့် များပြားလွန်းလှသော မိသားစုကြီးများသည် ထိုအချင်းအရာကို သိသည့် အချိန်မှာတော့ စိတ်ဓာတ်ကျသွားမိ၏။ ဆေးပင်များကိုပါ ရောင်းချမည်ဆိုလျှင် ဆေးလုံးများကို မည်ကဲ့သို့ ဆက်လက်ကာ ထုတ်လုပ်မည်နည်း။

“အားလုံးပဲ စိတ်မပူနဲ့”

ယွမ်သခင်လေးသည် များပြားလှသော မိသားစုကြီး အသီးသီးဆီမှ သင့်လျော်သည့် လူများကို ဖိတ်ခေါ်လိုက်၏။ ပြီးနောက် ပြုံးကာ ပြောလိုက်သည်။ “ကျုပ်တို့ စီးပွားရေးက ဘာတစ်ခုမှ အနှောက်အယှက်ဖြစ်မှာ မဟုတ်ဘူး”

ဤဆေးပင်များသည် သာမာန်မျိုးစေ့များကို ဝယ်ယူ၍ စိုက်ပျိုးလိုက်လျှင် ကောင်းကင်နှင့်မြေကြီး ရတနာများ အဖြစ်သို့ ပြောင်းလဲသွားနိုင်သည့် ဆေးပင်များပင် ဖြစ်တော့၏။ ထို့ကြောင့် များများစားစား ရောင်းချရမှာ သေချာ၏။

……….

“ကောင်မလေး”

ဂိုဏ်းဆီသို့ ပြန်ရောက်ပြီးနောက် ကျွင်းချောင်ရှောင်းသည် ရှောင်မိုရှန်းကို ရှာဖွေလိုက်သည်။ “မင်း နဂါးလေးအကြောင်း ဆက်ပြီး စဉ်းစားနေတာလား”

“ဟမ့်”

ဤမိန်းကလေးသည် နှာခေါင်းရှုံ့ကာဖြင့် အေးစက်စက် ပြောလိုက်၏။ “ဒီ စိတ်တိုချင်စရာကောင်းတဲ့ ကောင်ကို လွမ်းမနေဘူး”

“နဂါးလေးက နဂါးကလန်မှာ လုပ်စရာရှိတာတွေ လုပ်နေမယ်လို့ ထင်တယ်လေ။ သူ့ရဲ့ အားအင်အဆင့်က အခု တိုးတက်နေပြီနဲ့တူတယ်” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။

“သခင်”

ရှောင်မိုရှန်းသည် မေးလိုက်မိ၏။ “ကျွန်မဆီက တစ်ခုခု လိုချင်တာ ရှိလို့လား”

“တကယ်တော့ ဘာမှ မဟုတ်ပါဘူး။ ငှက်မွေး နည်းနည်းလောက် ပေးအုံး” ကျွင်းချောင်ရှောင်းက တောင်းလိုက်သည်။

ရှောင်မိုရှန်းသည် ချက်ချင်းပဲ သူမ၏ လင်းယုန်ငှက်ကြီး ပုံပန်းသွင်ပြင်ဆီသို့ ပြောင်းလဲလိုက်၏။ အတောင်ပံများကို ယမ်းခါလိုက်ပြီးသည့်နောက် မြေပေါ်သို့ ငှက်မွေးများ ကျဆင်းလာ၏။ “ဒီလောက်ဆို ရလောက်ပြီလား”

“လုံလောက်ပြီ။ လုံလောက်ပြီ”

ကျွင်းချောင်ရှောင်းသည် ငှက်မွှေးများကို ယူဆောင်ကာဖြင့် သိုလှောင်လက်စွပ် ထဲသို့ ထည့်သွင်းလိုက်၏။ ပြီးနောက် ပန်းပဲခန်းမဆောင်ကို ဖွင့်ကာဖြင့် ကြည့်ရှုလိုက်သည့်အချိန်မှာတော့ လိုအပ်ချက်များ ပြည့်စုံနေကြောင်း တွေ့ရှိလိုက်ရသည်။

ထို့ကြောင့် သူသည် ပြောလိုက်၏။ “သက်တန့်အလင်းတောင်ပံတွေကို သန့်စင်ဖို့အတွက် ပစ္စည်းပစ္စယတွေက အရမ်းကို ရိုးရှင်းလွန်းတာပဲ”

……..

“ဘောလုံးကိုပေး၊ ဘောလုံးကိုပေး”

“မြန်မြန် လှမ်းပေးလိုက်”

လေ့ကျင့်ရေးကွင်းပြင်ထဲမှာတော့ စုရှောင်မို၊ လီဖေးနှင့် တခြားသောသူများသည် ဘောလုံးကစားလျက် ရှိနေ၏။ ဂိုး၏ထိပ်မှာတော့ စွန်းမူချန်သည် ငြိမ်သက်စွာဖြင့် တည်ရှိလို့နေခဲ့သည်။

ဝှစ်

ရုတ်တရက် အလင်းတန်းတစ်ခုသည် နဂါးဦးခေါင်းတောင်ထွတ်ဆီမှ ပျံသန်းလာပြီး အနောက်ဘက်တွင်တော့ သက်တန့်အလင်းများသည် ဝေ့ဝဲကာ ကျန်ခဲ့တော့သည်။ အားလုံးသောသူများသည် အံ့အားသင့်စွာဖြင့် မျက်လုံး ပြူးသွားမိ၏။

ရွှီး ရွှီး

အလင်းတန်းများ ပြန်လည်အားပျော့သွားပြီးသည့်နောက် လေထုထဲတွင် ကျွင်းချောင်ရှောင်းသည် မတ်မတ်ရပ်လျက် ရှိနေသည်။ သူ၏ အနောက်တွင်တော့ အတောင်ပံမှ ဖြစ်တည်လာသည့် အရိပ်အယောင် များသည် သက်တန့်တစ်ခုကဲ့သို့ တတန်းကြီး ကျန်လျက် ရှိနေ၏။ ခန္ဓာကိုယ်တစ်ခုလုံးသည် အလွန် အားကောင်းလှသည့် အော်ရာများ ထွက်ပေါ်လျက် ရှိနေပြီး ကြည့်ရှုလို့လည်း လှပလွန်းလှသည်။

All Chapters