← Chapters

အပိုင်း (၁၄၁၄)

Vol. 95 Ch. 1414

အပိုင်း (၁၄၁၄)

Vol. 95 Ch. 1414

သက်တန့်အလင်းတောင်ပံအတွက် အသုံးပြုတပ်ဆင်ရသည့် ကုန်ကျစရိတ်သည် နည်းပါးသည် ဆိုသော်လည်း ဝတ်ဆင်ပြီးနောက် ကြည့်ကောင်းလွန်းလှသည့် အသွင်အပြင်ကို ပေးစွမ်းနေ၏။

ဟုတ်ပေသည်၊ အပြင်ပန်းအရ ကြည့်ကောင်းရုံမျှသာ မဟုတ်ပေ။ ကောင်းမွန်လှသည့် အကျိုးသက်ရောက်မှုကလည်း ရှိနေသေးသည်။

အမြန်နှုန်းကို စမ်းသပ်ကြည့်ရန်အလိုငှာဖြင့် ကျွင်းချောင်ရှောင်းသည် သူ၏တောင်ပံများကိုခတ်ကာ ဂိုဏ်း၏ အပြင်ဖက်ဆီသို့ ပျံသန်းလိုက်၏။ အင်မော်တယ်တောင်တန်းကို အကြိမ်ပေါင်းများစွာ ပတ်ပြီးနောက် အဝေးတစ်နေရာတွင် လှပသည့် သက်တန့်များသည် တောင်ကြီးတစ်ခုလုံးကို လွှမ်းခြုံလျက် ပေါ်ပေါက်လာ၏။

အမြန်နှုန်းသည် မြန်ဆန်လွန်းလှ၏။ ဓားပျံများနှင့်ပျံသန်းရသည်ထက်ပင် ပို၍ကောင်းမွန်လွန်းလှချေ၏။ သို့ပေမဲ့ သူ၏နောက်ဖက်တွင် သက်တန့်ကဲ့သို့ အလင်းတန်းများ ကျန်ရှိနေခြင်းကြောင့် တစ်စုံတစ်ယောက်နောက်မှ သတ်ဖြတ်၍ ထွက်ပြေးသည့်အခါတွင် သဲလွန်စအဖြစ် ကျန်ရှိနိုင်သည် မဟုတ်ပါလား။

အမှန်တိုင်းပြောရလျှင် ဤကဲ့သို့သော ပျံသန်းခြင်းသည် ကျွင်းချောင်ရှောင်းအနေဖြင့် ဟန်လုပ်ကြွားဝါလိုခြင်း ဖြစ်၏။ သက်တန့်အလင်းတောင်ပံနှင့် ဆက်သွယ်ပြီး သူသည်ဤကဲ့သို့ အလင်းများမကျန်နိုင်အောင် ပြုလုပ်နိုင်၏။ သို့ပြင် အတောင်ပံ၏ ရမ်းခါမှုကြောင့် ထွက်ပေါ်လာသည့် အသံကိုပါ တားဆီးနိုင်သည်။ အလွန်ပင် ကောင်းမွန်လှသည့် အရာပင် ဖြစ်လေ၏။

"မဆိုးဘူး။ မဆိုးဘူး"

သိုင်းလေ့ကျင့်ရေး စင်မြင့်ပေါ်သို့ ဆင်းသက်ပြီးနောက် သူ၏မျက်နှာပေါ်တွင် သဘောကျသည့် အမူအရာများ ဖြစ်တည်လာ၏။ သက်တန့်အလင်းတောင်ပံ၏ ပျံသန်းနိုင်မှုသည် အကန့်အသတ်မရှိချေ။ သို့ပြင် အင်ပါယာဓားပျံများထက် ပို၍ပင် မြန်ဆန်လွန်းးလှချေသည်။

ခရီးသွားလာရာတွင် အလွန်ကောင်းမွန်လှပြီး တပည့်များကိုသာ ပေးအပ်ထားပါက စွမ်းအင်ကုန်ဆုံးမှုကို ချွေတာနိုင်စွမ်း ရှိပေလိမ့်မည်။

"ဒါကို ကောင်းကောင်းမွန်မွန် အသုံးချရမယ်" ကျွင်းချောင်ရှောင်းသည် ဆုံးဖြတ်ချက်ချလိုက်၏။

ပြီးနောက်သူသည် ရှောင်မိုရှန်းကို ရှာလိုက်သည်။ "ကောင်မငေါ့ကို အမွေးနည်းနည်းလောက် ထပ်ပြီးငှားအုံး"

ဟမ်

ရှောင်မိုရှန်းသည် သူ၏လင်းယုန်နက်ကြီးပုံစံသို့ ပြန်ပြောင်းလဲလိုက်၏။ ပြီးနောက် အမွေးနည်းနည်းကို ခါချပြီးနောက် ပြောလိုက်၏။

"ဒါက လုံလောက်ပြီလား"

"မလုံလောက်သေးဘူး"

ဟမ် ….။

ပန်းပဲခန်းမဆောင်ကို အဆင့်မြင့်တင်ပြီးနောက် သက်တန့်အလင်းတောင်ပံ၏ သန့်စင်မှုသည် ပိုမိုမြန်ဆန်လာ၏။ အချိန်တိုအတွင်း အခုရေတစ်သိန်းကို သန့်စင်ဖို့ဆိုသည်မှာ ပြဿနာမဟုတ်ချေ။ သို့ပေမဲ့ ပစ္စည်းသည် လုံလောက်မှုမရှိချေ။

ရှောင်မိုရှန်းသည် သူမ၏အမွေးများကို ဖြန့်ဝေပေးနိုင်သည်ဆိုသော်လည်း ငါးဆယ်၊ ခြောက်ဆယ်လောက်သာ ရရှိ၏။ သူမ၏ လူသားပုံစံကို မသက်ရောက်ခြင်းကြောင့်သာ ထိုအရာကို ကောင်းကောင်း ပေးစွမ်းနိုင်စွမ်းရှိခြင်းနေပင်။

ကျွင်းချောင်ရှောင်းသည် ထိုအရာကို ကောင်းကောင်းနားလည်၏။ ထို့ကြောင့် ခရမ်းရောင်ဘုရင်နှင့် သူ၏ဂိုဏ်းထဲတွင် ရှိနေသော ငှက်သတ္တဝါများ အားလုံးကို ခေါ်ဆောင်လိုက်၏။ ပြီးနောက် ၎င်းတို့အမွေးများနှင့် အတောင်ပံများကို စတင်ရယူတော့၏။ ဆိုးရွားသည်မှာ အခြား ငှက်သားရဲများ၏ တောင်ပံငှက်မွှေးများသည် သန့်စင်ရာ၌ အသုံးပြု၍ မရချေ။

"ထူးဆန်းလိုက်တာ"

ကျွင်းချောင်ရှောင်းသည် မေးစေ့ကို လက်ဖြင့်ပွတ်သပ်လိုက်၏။ "ရှောင်မိုရှန်းက အားကောင်းတယ်ဆိုပေမဲ့ သူတို့ထက်အရမ်းကြီး အားကောင်းတာမဟုတ်ဘူး။ ဘာလို့ သူ့၏ အမွေးတွေက သုံးလို့ရပြီး တခြားအမွေးတွေက သုံးလို့မရတာလဲ"

"ရိုးရှင်းတယ်လေ"

စနစ်က ပြောလိုက်သည်။ "ဒါက လက်ခံသူရဲ့ ပဋိညာဉ်သားရဲမို့လို့နဲ့ တူတယ်"

ကျွင်းချောင်ရှောင်းသည် မျက်လုံးတွေ ချာချာလည်သွားမိ၏။ "မင်းငါ့ကို သက်သက်ဒုက္ခပေးဖို့ စဉ်းစားနေပြန်ပြီလား"

"မဟုတ်ပါဘူး"

ကျွင်းချောင်ရှောင်းသည် စနစ်ကို လစ်လျူရှုထား၏။ "ကောင်မလေး ငါ့ကိုအတောင်ပံနည်းနည်းလောက် ထပ်ပေးအုံး"

ရှောင်မိုရှန်းသည် ပြိုလဲလုမတတ် ဖြစ်သွားမိသည်။ "ကြာရင် ကိုယ်လုံးတီးဖြစ်တော့မယ်"

ကျွင်းချောင်ရှောင်းသည် နှစ်သိမ့်ပေးလိုက်၏။ "မစိုးရိမ်ပါနဲ့"

သူသည် ပုလင်းတစ်ခုကို ထုတ်ယူလိုက်၏။ ပြီးနောက် ဟန်ပါပါဖြင့် ပြောလိုက်သည်။

"ပြိုင်စံရှားဂိုဏ်းရဲ့ အမွေးအမျှင်ပေါက်ဆေး။ ခေတ်အဆက်ဆက်က ဆင်းသက်လာတဲ့ နန်းတွင် ဆေးတစ်မျိုးဖြစ်ပြီး ဆေးဝါးထောက်ခံချက်အမှတ် ၀၀၁/ ၉၀၀၁ ကို ရရှိထားတယ်။ တစ်ညအိပ်လိုက်တာနဲ့ မနက်ရောက်ရင် အမွေးအမျှင်များနဲ့ ပြည့်သွားစေရမယ်။ ကောင်းကောင်း အသုံးပြုလိုက်ပါ။ ရော့ …."

မှန်ပေ၏။ မှော်ပညာဖြင့် အဆင့်မြင့်တင်ထားသည့် ဆံပင်ပေါက်ဆေးသည် တိရိစ္ဆာန်များ၏ အမွေးများကိုပါ ပြန်လည်၍ ပေါက်ရောက်စေ၏။ တိုက်ခိုက်ခြင်းတစ်ခုတည်းသာ ဂိုဏ်းအတွက် အကျိုးပြုပေးနိုင်သော ရှောင်မိုရှန်းသည် လက်ရှိအချိန်မှတော့ သူမ၏တန်ဖိုးအား ထုတ်ဖော်ပြသလျက်ရှိ၏။

မှော်ပညာဖြင့် အဆင့်မြင့်တင်ထားသည့် ဆံပင်ပေါက်ဆေးကို အသုံးပြုပြီးနောက် ငှက်မွေးများသည် အရင်ကထက်ပိုမိုကာ ထူုထဲလာခဲ့၏။

ကုန်းရှန့်သည် စကားနှင့်အလုပ်ကို တည်သူဟု ဆိုရပေမည်။ ပြိုင်စံရှားဂိုဏ်းတွင် အလကားနေ၍ နေထိုင်စားသောက်၍ မရချေ။ တစ်ခုခုကိုတော့ စွန့်လွှတ်စတေးနေရမည်။

သက်တန့်အလင်းတောင်ပံသည် သန့်စင်ပြီးနောက် တပည့်များဆီသို့ ဖြန့်ဝေပေးလိုက်သည်။

ရက်အနည်းငယ်အတွင်းမှာပဲ အင်မော်တယ်တောင်၏ အနီးတစ်ဝှိုက်တွင် သက်တန့်အလင်းများနှင့် ပြည့်နှက်လျက်ရှိ၏။ အလွန်လှပသည့် မြင်ကျွင်းတစ်ခုပင် ဖြစ်ပေ၏။

"ပျံသန်းရတဲ့ ခံစားချက်က ကောင်းလိုက်တာ"

လီဖေး၊ ထျန်းချီနှင့် အခြားသောသူများသည် ပျံသန်းရန် ကြိုးစားပြီးနောက် ၎င်းတို့၏မျက်လုံးများတွင် စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်နေခဲ့၏။ ၎င်းတို့သည် အမြူတေအသွင်ပြောင်းခြင်းအဆင့်ကို မရောက်ရှိသေးသောကြောင့် လွတ်လွတ်လပ်လပ် မပျံသန်းနိုင်ကြသေးချေ။ သို့ပေမဲ့ သက်တန့်အလင်းတောင်ပံ ရရှိပြီးနောက် ပျံသန်းနိုင်မှုပြဿနာသည် ဖြေရှင်းပြီးသား ဖြစ်သွား၏။

ထို့အပြင် ဤကဲ့သို့ ပျံသန်းနိုင်သည့် ပစ္စည်းသည် အားမနည်းလှချေ။ အမြန်နှုန်းသည် အမြူတေ အသွင်ပြောင်းလဲခြင်း တတိယအဆင့်သို့မဟုတ် စတုတ္ထအဆင့်နှင့် နှိုင်းယှဉ်၍ ရနိုင်သည်။

ဤအရာသည် ဘာကိုဆိုလိုသနည်း။

တပည့်များအနေဖြင့် အပြင်ဖက်သို့ထွက်၍ ဒုက္ခတွေ့နေသည့် အချိန်မျိုးတွင် ဤသက်တန့်အလင်းတောင်ပံကို အသုံးပြု၍ မြန်မြန်ဆန်ဆန်နှင့် ထွက်ပြေးနိုင်စွမ်းရှိ၏။ တစ်ဖက်လူသည် လိုက်လံဖမ်းဆီးနိုင်လိမ့်မည် မဟုတ်ချေ။

"ဂိုဏ်းချုပ်"

လီလိုရှုသည် သက်တန့်အလင်းတောင်ပံအကြောင်းကို ကြားသိပြီးနောက် ပြုံးလိုက်၏။ "ဒီလို ပျံသန်းနိုင်တဲ့ ပစ္စည်းနဲ့ဆိုရင် မိုးဆွေဟောခန်းက သတင်းအချက်အလက်တွေကို ပိုပြီးတော့ စုစည်းနိုင်တော့မှာပဲ"

ဟုတ်ပေသည်။ သက်တန့်အလင်းတောင်ပံသည် ဂိုဏ်းအားပိုမိုအဆင်ပြေစွာ အလုပ်လုပ်နိုင်စွမ်း ရှိလာမည်ဖြစ်၏။ တစ်ကယ်တမ်းမှာတော့ အထက်နယ်မြေရှိ ဂိုဏ်းတိုင်းတွင် ပျံသန်းနိုင်သည့် ရတနာများ ရှိကြ၏။ ဥပမာအားဖြင့် အင်ပါရီယန်နတ်ဓားဂိုဏ်းနှင့် ရေခဲဓားမော့ဂိုဏ်းတို့သည်လည်း ၎င်းတို့၏ ဓားများသည် ဂိုဏ်း၏ အမှတ်သင်္ကေတအဖြစ် ဖြစ်ပေါ်လာခဲ့၏။ သက်တန့်အလင်းတောင်ပံနှင့် ပျံသန်းနိုင်သော ရတနာသည် ပြိုင်စံရှားဂိုဏ်း၏ အမှတ်သင်္ကေတအဖြစ် ဖြစ်လာပေမည်။

"တပည့်တို့နားထောင်ကြ"

တစ်နေ့မှာတော့ ကျွင်းချောင်ရှောင်းသည် အဓိကဟောခန်း၏ရှေ့တွင် ဂုဏ်ယူဝင့်ကြွားစွာဖြင့် ရှိနေ၏။ "ငါနဲ့အတူ တစ်လောကလုံးကို သိမ်းပိုက်ကြမယ်"

ဆွစ် ဆွစ်

လီချင်းယန်၊ ရှောင်ကျီဦးဆောင်သော တပည့်များသည် လေ့ကျင့်ရေးကွင်းပြင်ရှေ့ဆီသို့ ပျံသန်းလိုက်ကြ၏။ ၎င်းတို့၏နောက်ဖက်တွင် သက်တန့်ကဲ့သို့ အလင်းတန်းများ ကျန်ရှိခဲ့၏။ အလွန်ကြည့်လို့ ကောင်းလှချေသည်။

လီထျန်းထျန်းသည် သူ၏တောင်ပံကို ထိန်းချုပ်ပြီးနောက် အရှေ့နှင့်အနောက်ဆီသို့ ကူးလူးပျံသန်းလျက်ရှိ၏။ ပြီးသည့်နောက် ထောင့်အသီးသီးဆီမှ ဓာတ်ပုံများကို ရိုက်ကူးလျက် ရှိနေတော့၏။

"မဟုတ်သေးဘူး။”

ကျွင်းချောင်ရှောင်းသည် ခေါင်းကိုခါယမ်းကာ ပြောလိုက်သည်။ “ငါတို့အနေနဲ့ စီးတော်ယဉ် တွေ လိုအပ်နေသေးတယ်။ ဒါဆိုရင် သားရဲတွေကို ဥဖောက်ရမယ်"

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။

"ဥဖောက်မယ်"

ယခုအချိန်မှာတော့ ဂိုဏ်း၏ ဆေးဆိုင်သည် အမြတ်အစွန်းတော်တော်များများကို ပေးနိုင်ခဲ့၏။ ထို့ကြောင့် ကုန်းရှန့်အနေဖြင့် ပိုက်ဆံမလိုအပ်ချေ။

“ဒင် … သားဖောက်မှုစတင်၊ ဂဏန်းကြီးဉသည် အောင်မြင်စွာ သားဖောက်ခဲ့သည်။ တပည့်လီဖေးနှင့် ပဋိညာဉ်စာချုပ်ကို အလိုလျောက် ချုပ်ဆိုခဲ့သည်။ "

“ဒင် …. ပုစွန်ဥသည် အောင်မြင်စွာ သားဖောက်ခဲ့၏။ တပည့်ထျန့်ချီနှင့် ပဋိညာဉ်ရေးထိုးမှု အလိုလျောက် အောင်မြင်ခဲ့သည်။ "

ဒင် …….

ကျွင်းချောင်ရှောင်းသည် ဥဆယ်ဥကို တစ်ခုပြီးတစ်ခု ဥဖောက်ခဲ့၏။ ပြီးနောက် လုံကျိရန်၊ လီယုဟွာ၊ စုန့်ရွှမ်ကျူးနှင့် အခြားသောသူများကို ပေးအပ်ခဲ့၏။ သို့ပေမဲ့ လီဖေးနှင့် ထျန်းချီတို့၏ ဥများမှာတော့ အားလုံးထက်ပိုကာ ထူးခြားနေခဲ့၏။

သူတို့သည် တစ်ကောင်မှာတော့ ဂဏန်းဖြစ်နေပြီး တစ်ကောင်မှာတော့ ပုစွန်ဖြစ်နေ၏။ သူတို့သည် အရွယ်အစားမှာလည်း ကြီးလွန်းလှပြီး ကြည့်ရှုလိုက်သည်နှင့် သရေပင်ယိုမိစေသည်။

လျိုဝမ်ရှစ်သည် သူ၏ချက်ပြုတ်နည်းစာအုပ်ကို ထုတ်ယူပြီး ပြောလိုက်၏။ "ဒီကောင်တွေကို မွေးမြူရတာ မကြိုက်ဘူးဆိုရင် ကျွန်မဆီလာပေးနော်။ အရမ်းကောင်းတဲ့ ဟင်းပွဲတွေ ဖြစ်စေရမယ်"

လီဖေးနှင့် ထျန်းချီတို့သည် ဆွံ့အသွားမိကြ၏။ ထို့ကြောင့် သူတို့၏ ပဋိညာဉ်သားရဲများကို ကောက်ယူကာ ခပ်ဝေးဝေးဆီသို့ ပြေးသွားခဲ့ကြ၏။ အသစ်မွေးဖွားလာသော ပဋိညာဉ်သားရဲများသည် အရွယ်အားဖြင့် အရွယ်မရောက်သေးသောကြောင့် အနည်းငယ်တော့ သေးငယ်နေသေးသည်။

ဥပမာအားဖြင့် ရီရှင်းချန်၏ ပန်းဟူသားရဲသည် မွေးဖွားခါစက ဟက်စကီးခွေးပုံစံဖြစ်၏။ နှစ်နှစ်ခန့်ကြာပြီးနောက် ၎င်း၏ အားအင်အဆင့်သည် တိုးတက်လာခဲ့တော့၏။ သို့ပေမဲ့ ၎င်း၏ပုံပန်းသွင်ပြင်သည် ဟက်စကီးခွေးအကြီးစားအဖြစ်သာ တည်ရှိ၏။ ထူးခြားသည့် အသွင်ပြောင်းလဲမှု မရှိချေ...။

ဂဏန်းနယ်မြေထဲမှာတော့ ဂဏန်းမျိုးနွယ်စု၏ ကျွမ်းကျင်သူတစ်ယောက်က ပြောလိုက်၏။ "ခေါင်းဆောင် ခိုးယူခံလိုက်ရတဲ့ဥက သားပေါက်သွားပြီ"

"ဒါဆို ဘာကိုစောင့်နေမှာလဲ။ ပြိုင်စံရှားဂိုဏ်းဆီ သွားကြရအောင်"

"ကောင်းပါပြီ"

ဂဏန်းမျိုးနွယ်နှင့် အခြားသောမျိုးနွယ်စုများသည် အင်မော်တယ်တောင်တန်းဆီသို့ ချီတက်လာခဲ့ကြတော့၏။ အစောကြီးကတည်းက သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများအရ ဥသားဖောက်သည်နှင့် ပဋိညာဉ် ရေးထိုးထားသော တပည့်များအား ခေါ်ဆောင်သွားရမည် ဖြစ်၏။

၎င်းတို့သည် ထိုလူအား ခေါ်ဆောင်သွားပြီး နှစ်နှစ်တိတိ လေ့ကျင့်ပေးရပေမည်။ ထို့ကြောင့် မကြာခင်မှာပဲ လီဖေး၊ ထျန်းချီနှင့် အခြားသောသူများသည် တောင်ခြေတွင် မျက်ရည်အဝိုင်းသားနှင့် ဖြစ်နေကြတော့သည်။ ၎င်းတို့သည် ဂိုဏ်းချုပ်နှင့် ၎င်းတို့၏ ဂိုဏ်းတူရောင်ရင်းများကို နှုတ်ဆက်လျက် ရှိနေကြသည်။

ကျွင်းချောင်ရှောင်းသည် ခေါင်းကိုခါယမ်းကာဖြင့် ပြောလိုက်မိ၏။ "ခွဲခွာခြင်းက အမြဲတမ်း နာကျင်စရာတွေ ပေးတာပဲ"

“ဒင် … ဂိုဏ်း၏ ဆေးပင်အရောင်းဆိုင်သည် ဖွင့်လှစ်ခဲ့၏။ ဂိုဏ်း၏ ဂုဏ်သိက္ခာတာဝန်သည် ပြည့်စုံသွားခဲ့၏။ ဂုဏ်သိက္ခာအမှတ်တစ်ရာကို ဆုလာဘ် အဖြစ် ရရှိခဲ့၏"

“ဒင် … ဂုဏ်သိက္ခာအမှတ် နှစ်ရာ"

ကုန်းရှန့်သည် တစ်စက္ကန့်လောက် ကြောင်သွားမိ၏။ ပြီးနောက် ပြောလိုက်သည်။ "ဒီလိုပဲ ပြီးသွားတာလား"

All Chapters