အပိုင်း (၁၄၁၇)
Vol. 95 Ch. 1417
တုဟုန်ချန်သည် ကျွင်းချောင်ရှောင်း၏ အရှေ့တွင် သူ၏ စွမ်းဆောင်ရည်ကို ထုတ်ဖော်ကာ ဝံ့ကြွားစွာဖြင့် ဟန်ထုတ်လျက်ရှိနေ၏။ သို့ပေမဲ့ သူ၏ မီးတောက်နှင့်ပတ်သက်၍ ကြွားဝါ၍ပင် မဆုံးသေးချေ။ တစ်ဖက်လူသည် စကြဝဠာထဲမှာသာ မွေးဖွားနိုင်သည့် မီးစိတ်ဝိညာဉ်အား ထုတ်ဖော်ပြသခဲ့၏။
သူ၏ စိတ်ဝိညာဉ်သည် သေမျိုး စကြဝဠာထဲတွင် အားကောင်းလှသည့်အရာတစ်ခု ဖြစ်ကြောင်း ငြင်းပယ်၍ မရနိုင်ချေ။ သို့ပေမဲ့ ပြိုင်စံရှားသည်တော့ မဟုတ်ပေ။ တဖက်လူ၏ မီးစိတ်ဝိညာဉ်မှာတော့ အထက်နယ်မြေတွင် သာမက စကြဝဠာကြီး တစ်ခုလုံးတွင်ပင်လျှင် အားလုံးသောသူများ အိမ်မက်မက်ကာ ရယူချင်သည့်အရာမျိုး ဖြစ်လို့နေခဲ့သည်။
“ဂိုဏ်းချုပ်က ခန္ဓာကိုယ်ဖြစ်တည်ခြင်းဆေးလုံးတွေ သန့်စင်နိုင်တာ အံ့အားသင့်စရာ မဟုတ်တော့ဘူး။ သူ့ဆီမှာ ဒီလိုမျိုး မီးစိတ်ဝိညာဉ် ရှိလို့နေတာကိုး” ဖန်းကွေ့ချန်သည် တုန်လှုပ်သွားမိ၏။
မီးတောက်များသည် ဆေးပင်များ အရည်ပျော်အောင် ပြုလုပ်သည့်နေရာတွင် အရေးကြီးသည့် အခန်းကဏ္ဍ၌ ပါဝင်လျက်ရှိ၏။ မီးတောက်များ၏ စွမ်းဆောင်ရည်သည် ပိုမိုကာ မြင့်မားလေ ဆေးလုံးဖော်စပ်နိုင်သည့် စွမ်းအင်သည် ပိုမိုကာ မြင့်မားလေ ဖြစ်သည်။
ကျွင်းချောင်ရှောင်းအနေဖြင့် မီးစိတ်ဝိညာဉ်ကို ထုတ်ဖော်ပြသပြီးသည့်နောက် ချက်ချင်းပဲ အားလုံးသော သူများ၏ အာရုံစူးစိုက်မှုသည် သူ၏ရှေ့ဆီသို့ ရောက်ရှိလာ၏။ မူလအားဖြင့် ဂုဏ်ယူဝံ့ကြွားလျက်ရှိသည့် တုဟုန်ချန်သည် ပြုံးပင် မပြုံးနိုင်တော့ချေ။
ခင်ဗျားဆီမှာ ဆေးအိုးရှိတယ်။ ကျုပ်ဆီမှာ ဖုန်စုပ်စက်ကြီး ရှိတယ်။ ခင်ဗျားဆီမှာ ဆေးပင်တွေကို သန့်စင်နိုင်တဲ့ နည်းလမ်းရှိတယ်။ ကျုပ်ဆီမှာ တစ်စဆီ ခုတ်ပိုင်းနိုင်တဲ့ နည်းလမ်းမျိုးရှိတယ်။ ခင်ဗျားဆီမှ မြေကမ္ဘာမီး စိတ်ဝိညာဉ်ရှိတယ်။ ကျုပ်ဆီမှာ မီးစိတ်ဝိညာဉ်သီးသန့်ရှိတယ်။ လာခဲ့စမ်း။ တစ်ယောက်နဲ့တစ်ယောက် နာကျင်အောင် ပြုလုပ်လိုက်ကြရအောင်။
“ချီးတဲ့မှ”
တုဟုန်ချန်သည် ချက်ချင်းပဲ သူ၏လက်များကို ယမ်းခါလိုက်သည်။ စားပွဲပေါ်တွင် ရှိနေသည့် သန့်စင်ပြီးသား ဆေးပင်များသည် ဆေးအိုးထဲသို့ ဝင်ရောက်သွား၏။ ဆေးအိုးထဲသို့ ဆေးပင်များ ပစ်လွှတ်လိုက် သည့်နည်းလမ်းသည် အလွန်ပင် ကြည့်ကောင်းလွန်းလှပြီး ကျွမ်းကျင်လှသည့် ဆေးပညာရှင်တစ်ယောက်၏ လှုပ်ရှားမှုမျိုးပင်ဖြစ်၏။
ဖောက်
ကျွင်းချောင်ရှောင်းသည်လည်း တစ်ချက်ကလေးမှ နောက်ကောက်မကျကျန်ခဲ့ချေ။ သူ၏ ဖုန်စုပ်စက်ကြီးအား ဆေးစားပွဲပေါ်သို့တင်လိုက်၏။ ပြီးသည့်နောက် ရှိရှိသမျှ အရာအားလုံးကို စုပ်ယူတော့၏။ ပြီးသည့်နောက် ထိုစုပ်ယူထားသော ပြောင်းဝအား မီးနှင့်မြှိက်လေ၏။ သူ၏ လှုပ်ရှားမှုများ အားလုံးသည် တစ်ချက်ကလေးမှ အပြစ်အနာအဆာ မရှိဘဲ ကြည့်လို့ကောင်းလွန်းလှ၏။ ဤကဲ့သို့သော အရာမျိုးကို ပြုလုပ်သည့်နေရာတွင် တကယ့်ကို ကျွမ်းကျင်လှသည့် သရုပ်ဆောင်ပါရမီ ပါမှသာ ဖြစ်ပေလိမ့်မည်။
လက်ရှိအခြေအနေမှာတော့ ကျွင်းချောင်ရှောင်းသည် တကယ့်အစစ်အမှန် အကယ်ဒမီငါးဆုရ ပညာရှင်ကြီး တစ်ယောက်ကဲ့သို့ သရုပ်ဆောင်လျက်ရှိ၏။ သူ၏ မျက်နှာသွင်ပြင်၊ သူ၏လှုပ်ရှားမှု၊ သူ၏ မျက်လုံး၊ သူ၏ အကြည့်၊ သူ၏ ခန္ဓာကိုယ် သွားလာပုံများ အားလုံးသည် တကယ့်ကို ထိပ်တန်းဆေးပညာရှင်တစ်ယောက်နှင့် ထင်မှတ် မှားရလောက်သည်။
ဝှစ် ဝှစ်
မီးတောက်များ တောက်ပလာပြီး ကြည့်ရှုနေကြသူများ အားလုံး၏ မျက်လုံးများသည် ထွန်းတောက်လျက် ရှိနေ၏။ “အံ့အားသင့်စရာပဲ”
အားလုံးသည် တစ်ယောက်ပြီးတစ်ယောက် ချီးကျူးလျက် ရှိနေ၏။ ဖုန်စုပ်စက်ထဲတွင် ရှိနေသော ဆေးပင်များ အားလုံးသည် အထဲ၌ မဲတူး၍ ကျွမ်းလောင်နေသည်ကို သိရှိသည်ဆိုပါက ချက်ချင်းပဲ သွေးအန်မိကြမှာ သေချာသည်။
သို့ပေမဲ့ ကုန်းရှန့်ကတော့ ခပ်တည်တည်ပင် ဖြစ်၏။ ကျွင်းချောင်ရှောင်းသည် ဆေးလုံးဖော်စပ် သည့်နေရာတွင် ဘာတစ်ခုမှ မသိရှိဘူးဆိုသော်လည်း အလွန် ကြည့်ကောင်းအောင်တော့ ဟန်ထုတ်နိုင်စွမ်း ရှိနေ၏။
ရွှီး ……။
ခဏလောက်ကြာပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် သူ၏ မီးတောက်များကို ပြန်လည် သိမ်းဆည်းလိုက်၏။ ဖုန်စုပ်စက်ကြီး၏ အဝတွင် အငွေ့များ တငွေ့ငွေ့ ထွက်လျက်ရှိ၏။ ပြီးသည့်နောက် သူသည် ချက်ချင်း ထိုဖုန်စုပ် စက်ကြီး၏ ခေါင်းဝဆီသို့ နှိုက်လိုက်၏။ သူ၏ လက်ထဲတွင် ပူနွေးနွေး ဖြစ်တည်နေသည့် ဆေးလုံး ဆယ်လုံးသည် ရောက်ရှိလို့နေ၏။
“အားနာပါတယ်”
တုဟုန်ချန်သည် ဆွံ့အသွားမိတော့၏။ ဆေးပင်များကို ထည့်သွင်းပြီး ဤကဲ့သို့ မီးမြှိုက်လိုက်သည်ဆိုသည်နှင့် ဆေးလုံးများ ပြန်လည် ထွက်ပေါ်လာသည်။ ဤအရာမှာ ထူးဆန်းလွန်းလှချေ၏။ ထို့အပြင် ဆေးလုံး ဖော်စပ်ခဲ့သည့် အမြန်နှုန်းကလည်း ကြောက်မက်ဖွယ်ရာကောင်းလို့နေသည်။
ဖန်းကွေ့ချန်သည် တုန်လှုပ်သွားမိ၏။ “ကျုပ်က ဂိုဏ်းချုပ်ရဲ့ ဆယ်ပုံတစ်ပုံလောက်တောင်မှ အရည်အချင်းမရှိဘူးပဲ”
ဆေးလုံးဖော်စပ်ခဲ့သော အမြန်နှုန်းသည် နှစ်မိနစ်မှ သုံးမိနစ် နီးပါးခန့်သာ ရှိ၏။ ထို့ကြောင့် ရှိရှိသမျှသော သိုင်းကျင့်ကြံသူများသည် ဆွံ့အလို့နေခဲ့သည်။
၎င်းတို့သည် ဆေးလုံးဖော်စပ်မှုနှင့်ပတ်သက်၍ နားလည်မှု မရှိသည် ဆိုသော်လည်း ဆေးလုံးဖော်စပ်ရသည့် လုပ်ငန်းစဉ်သည် အလွန်ရှည်လျားပြီး ပျင်းရိဖွယ်ရာကောင်းသည်ဟု ကြားဖူးခဲ့၏။ တချို့ဆိုလျှင် ဆေးလုံးဖော်စပ်သည့်နေရာတွင် ရက်အနည်းငယ် သို့မဟုတ် ဆယ်ရက်ကျော် နီးပါးခန့်ပင် ကြာမြင့်သည်ဟု ကြားဖူး၏။
“မဖြစ်နိုင်ဘူး”
တုဟုန်ချန်က ပြောလိုက်သည်။ “ဒီလို မြန်မြန်ဆန်ဆန်နဲ့ ဆေးပင်တွေကို သန့်စင်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး”
ဤအရာသည် သာမန်ဆေးလုံးသာဖြစ်သည်ဆိုပါက အချိန်အတိုင်းအတာတိုအတွင်း သန့်စင်နိုင် သည်ဆိုခြင်းကို သူယုံ၏။ သို့ပေမဲ့ ယခုဖော်စပ်နေသည့်အရာသည် ပထမအဆင့် အသွင်ပြောင်းလဲခြင်း ဆေးလုံး လည်း ဖြစ်သည်။ ထို့ကြောင့် ထိုကဲ့သို့ အမြန်နှုန်းမျိုးကို သူ၏ဆရာ တုယွမ်ပင်လျှင် ပြုလုပ်နိုင်လိမ့်မည် မဟုတ်ချေ။
ကျွင်းချောင်ရှောင်းမှာတော့ ပထမအဆင့် ခန္ဓာကိုယ်အသွင်ပြောင်းဖြစ်တည်ခြင်းဆေးလုံးဆယ်လုံးအား လင်ဗန်း တစ်ခုပေါ်သို့ တင်ကာ ပြောလိုက်၏။ “စကားလုံးတွေထက် ဆေးလုံးက သက်သေပြနိုင်တယ်လေ”
“...........”
တုဟုန်ချန်သည် တိတ်ဆိတ်ငြိမ်သက်သွား၏။ ပထမတုန်းက တစ်ဖက်လူသည် သူ့ကို လှည့်စားသည့်အနေဖြင့် တခြားသော ဆေးလုံးများကို ထုတ်ယူခဲ့သည်ဟု သံသယရှိမိ၏။ သို့ပေမဲ့ ထိုကိစ္စသည် မဖြစ်နိုင်ကြောင်း နားလည်သွားမိ၏။ အဘယ်ကြောင့်ဆိုသော် ယခုမှ ထုတ်ဖော်လိုက်သည့် ဆေးလုံး ဆယ်လုံးသည် တောက်ပလျက် ရှိနေပြီး အပူငွေ့များပင် မပျောက်သေးချေ။
ဟုတ်ပေသည်။ ဤဆေးလုံးများသည် ကျွင်းချောင်ရှောင်းအနေဖြင့် ချက်ချင်း လက်ငင်း ဆေးဟောခန်းမဆောင်ထဲမှ သန့်စင်ခဲ့သည့်အရာများ ဖြစ်နေသည် မဟုတ်ပါ လား။
“ဟမ့်”
တုဟုန်ချန်သည် စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်ပြီးသည့်နောက် အေးစက်စက်ဖြင့် ပြောလိုက်တော့ သည်။ “ဆေးလုံးသန့်စင်တယ်ဆိုတာ အမြန်နှုန်းက အရေးမကြီးဘူး။ အရည်အသွေးက အဓိကပဲ”
ဟူး ဟူး
မီးတောက်များသည် ပိုမိုကာ များပြားလာခဲ့၏။ ကျွင်းချောင်ရှောင်းသည် လက်နှစ်ဖက်ကို ပိုက်ကာဖြင့် တစ်ဖက်လူ ပြုလုပ်နေသည်ကို ငြိမ်ငြိမ်သက်သက်ဖြင့် ကြည့်ရှုလျက် ရှိနေ၏။
“အရည်အသွေးနဲ့ပတ်သက်ရင် ကျုပ်ရဲ့ဆေးဟောခန်းမဆောင်ထဲက ထွက်လာတဲ့ ဆေးလုံးတွေက တကယ့်ကို ထိပ်တန်းပဲလေ။ ခင်ဗျား ရှုံးမှာ သေချာပြီ”
တုဟုန်ချန်၏ ဆေးပညာနှင့်ပတ်သက်သည့် အားအင်သည် အလွန်ကောင်းမွန်လွန်းလှ၏။ သူသည် ပထမအဆင့် အသွင်ပြောင်းလဲခြင်းဆေးလုံးကို ဖော်စပ်ရန်အတွက် နာရီဝက်ခန့်သာ အချိန်ယူခဲ့သည်။
ဖန်းကွေ့ချန်မှာ အံ့အားမသင့်ချေ။ ၎င်းတို့သည် အကြိမ်ပေါင်းများစွာ ယှဉ်ပြိုင်ခဲ့ဖူးသည် မဟုတ်ပါလား။
“ဒီလို ပါရမီရှင်မျိုးကို တကယ်ပဲ ဂိုဏ်းထဲကို ခေါ်မှဖြစ်မယ်” ကျွင်းချောင်ရှောင်းသည် ကြိတ်ကာတွေးတောလိုက် မိ၏။
“လာစမ်း”
တုဟုန်ချန်က ပြောလိုက်သည်။ “ဆေးလုံးတွေရဲ့ အရည်အသွေးကို အတည်ပြုကြရအောင်”
ပြောပြီးသည့်နောက် သူသည် ကျွင်းချောင်ရှောင်းရှေ့က စားပွဲဆီသို့ လျှောက်သွားပြီး ဆေးလုံးများကို ကောက်ယူကာ ကြည့်ရှုလိုက်၏။
“ပြည့်စုံတယ်”
ပြီးနောက် သူသည် ဒုတိယဆေးလုံးကို ကောက်ယူလိုက်သည်။
“ပြည့်စုံတယ်”
“ပြည့်စုံတယ်”
...........
သူသည် ဆယ်လုံးမြောက်ဆေးလုံးကို ကောက်ယူကာ ကြည့်ရှုလိုက်သည့်နောက်မှာတော့ အရည်အသွေးသည် ပြည့်စုံလျက် ရှိကြောင်းကို အတည်ပြုလိုက်မိ၏။ တုဟုန်ချန်သည် ချက်ချင်းပဲ လေလျော့သွားသည့် ပူပေါင်းကြီး တစ်ခုကဲ့သို့ပင် ဖြစ်ပျက်သွားသည်။ ဆေးလုံးများကို အသာချပြီးသည့်နောက် ခေါင်းလှည့်ကြည့်ကာ ပြောလိုက်သည်။ “ခင်ဗျားနိုင်ပြီ။ ကျုပ် ရှုံးပြီ”
အချက်အလက်အားဖြင့် ၎င်းတို့သည် ပြည့်စုံသည့် အရည်အသွေးရှိသော ဆေးလုံးဆယ်လုံးကို သန့်စင်နိုင်ခဲ့၏။ သို့ပေမဲ့ အချိန်ကာလ ကွာခြားချက်သည် အမှန်ပင် ကြီးမားလွန်းလှ၏။ ထို့ကြောင့် အနိုင်ရရှိသူကို လွယ်လွယ်ကူကူ ဖြင့် ဆုံးဖြတ်နိုင်စွမ်း ရှိနေ၏။
“ဟမ်” တစ်ဖက်လူသည် ဤမျှ ရိုးသားလွန်းလှချေသည်။
“အဓိပ္ပာယ်မရှိလိုက်တာ”
စနစ်က ပြောလိုက်၏။ “သူက ဆေးဟောခန်းမ ဋ္ဌာနချုပ်ရဲ့ ဆေးပညာရှင်တွေထဲက တစ်ယောက်လေ။ သူ့ရဲ့ ဂုဏ်သိက္ခာကို ဂရုမစိုက်ဘဲနဲ့ အရှက်မဲ့ ဘာတွေ ငြင်းပယ်နေရမှာလဲ”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “အရင်သဘောတူညီမှုအတိုင်း ခင်ဗျား ရှုံးသွားပြီဆိုတော့ ပြိုင်စံရှားဂိုဏ်း ထဲကို ဝင်မှဖြစ်မယ်”
“စိတ်မပူပါနဲ့”
တုဟုန်ချန်သည် ပေါ့ပေါ့ပါးပါး ပြောလိုက်၏။ “ကျုပ်က ရှုံးနိမ့်တာကို ဝန်ခံပါတယ်။ ကျုပ်စကားကို ဘယ်တော့မှ ရုတ်သိမ်းမှာ မဟုတ်ဘူး”
ရွှီး
ကျွင်းချောင်ရှောင်းသည် ကျွမ်းကျင်စွာဖြင့် ဝင်ခွင့်ဖောင်အား ထုတ်ယူလိုက်သည်။ “ဒီလိုဆိုရင်လည်း ဝင်ခွင့် ကိစ္စလေး ပြုလုပ်ကြတာပေါ့”
“နေအုံး”
တုဟုန်ချန်သည် ဖန်းကွေ့ချန်ကို လက်ညှိုးထိုးကာ ပေါ့ပေါ့ပါးပါး ပြောလိုက်၏။ “ကျုပ် ဒီလူနဲ့ ယှဉ်ပြိုင်ချင်သေးတယ်။ ကျုပ်နိုင်ပြီဆိုရင် အရင်ဖြစ်ခဲ့တဲ့ အလောင်းအစားပွဲကို ရုတ်သိမ်းလိုက်ကြမယ်။ ဂိုဏ်းချုပ်ကျွင်း ဘယ်လိုထင်လဲ”
“ချီးတဲ့မှ”
စနစ်သည် ထကာ ကျိန်ဆဲလိုက်မိ၏။ သူသည် စောဏကလေးတင် ချီးကျူးခဲ့သည် မဟုတ်ပါလား။ သို့ပေမဲ့ တစ်ဖက်လူသည်သမာဓိရှိသော လူတစ်ယောက်အဖြစ်မှသည်အဘယ့်ကြောင့်ချက်ချင်းလက်ငင်းကြီး ပြောင်းလဲသွားရသနည်း။
“ကောင်းပြီ” ကျွင်းချောင်ရှောင်းသည် အဆင်သင့်ပင် သဘောတူညီလိုက်၏။ ကုန်းရှန့် အနေဖြင့် သူ၏ အရည်အသွေးကို သံသယရှိနေသူများအား ဂိုဏ်းထဲသို့ ခေါ်ဆောင်လိမ့်မည် မဟုတ်ချေ။
ဟောခန်းသခင်ဖန်းသည် ပြိုင်စံရှားဂိုဏ်းကို ဝင်ရောက်ခဲ့ပြီဆိုမှတော့ တုဟုန်ချန်ကို ကျိန်းသေပေါက် အနိုင်ယူနိုင်မည်ဟု ကောင်းကောင်း သိရှိနေ၏။ သူ၏အထင်သည် အမှန်ပင် မှန်ကန်လွန်းလှ၏။ အဘယ်ကြောင့်ဆိုသော် ဖန်းကွေ့ချန်သည် ကျွင်းချောင်ရှောင်းကို စိတ်မပျက်စေရပေ။ ဆေးလုံးဖော်စပ်မှု ပြိုင်ပွဲကို ပြုလုပ်ပြီးနောက် ၎င်းသည် တုဟုန်ချန်ကို အမှန်ပင် အနိုင်ရယူခဲ့၏။
နှစ်ကြိမ်တိုင်တိုင် ရှုံးနိမ့်ပြီးသည့် တုဟုန်ချန်သည် ဆေးစားပွဲ၏ ဘေးတွင် တွေဝေငေးငိုင်စွာဖြင့် တည်ရှိနေသည်။ သူနှင့် ဖန်းကွေ့ချန်တို့သည် တူညီသည့် ဆရာတစ်ယောက်ဆီမှ ဆင်းသက်လာကြသူများဖြစ်ကြပြီး ဆေးပညာ နှင့်ပတ်သက်လျှင်လည်း ကိုက်ညီလွန်းလှ၏။ သို့ပေမဲ့ တစ်ဖက်လူ၏ ဆေးပညာနှင့်ပတ်သက်သည့် စွမ်းရည်သည် အဘယ်ကြောင့် တမဟုတ်ချင်း တိုးတက်သွားရသနည်း။
“ဆရာကြီး”
ကျွင်းချောင်ရှောင်းသည် ဝင်ခွင့်ဖောင်ကို လှမ်းပေးကာဖြင့် ပြုံးကာပြောလိုက်သည်။ “ရှုံးတယ် ဆိုတာကို သိပြီဆိုမှတော့ ပြိုင်စံရှားဂိုဏ်းထဲကို ဝင်ရတော့မယ်ဆိုတာကို နားလည်ပြီးသား ဖြစ်လိမ့်မယ်”
“..........”
တုဟုန်ချန်သည် ခက်ခက်ခဲခဲဖြင့် ခေါင်းကိုမော့ကာဖြင့် ပြောလိုက်သည်။ “အရင်ဆုံး ပြောအုံးမယ်။ ကျုပ်က ပြိုင်စံရှားဂိုဏ်းကို ခဏပဲဝင်မှာ။ အနာဂတ်မှာ ကျုပ်ရဲ့ ဆေးပညာ အရည်အသွေးတိုးတက်လာပြီး ခင်ဗျားကို အနိုင်ယူနိုင်ပြီဆိုရင် ကျုပ်က ပြန်ပြီး လွတ်မြောက်လိမ့်မယ်”
“ပြဿနာ မရှိဘူး”
ကျွင်းချောင်ရှောင်းအနေဖြင့် လေးလေးနက်နက် ပြောလိုက်၏။ “ဂိုဏ်းကို ဝင်ပြီးပြီဆိုရင်လည်း ခင်ဗျားရဲ့ စိန်ခေါ်မှုတွေကို အချိန်မရွေး လက်ခံသွားမယ်”
တုဟုန်ချန်သည် ဝင်ခွင့်ဖောင်ကို ဖြည့်သွင်းပြီးနောက် တွေးလိုက်သည်။ “ကလဲ့စားချေတယ်ဆိုတာ အေးစက်သွားတဲ့ ဟင်းပွဲဆိုရင်တောင် စားလို့ကောင်းသေးတယ်လေ။ ငါ.. ဒီနေ့ ရှုံးနိမ့်ခဲ့တဲ့ နှစ်ပွဲဆက်ကို ပြန်ပြီးနိုင်အောင် ကြိုးစားရမယ်”
ဖောက်
ဂိုဏ်း၏ စည်းတံဆိပ်တုံးကို ထုနှက်လိုက်၏။ ထိုအချိန်မှာပဲ ဆေးဟောခန်းမ ဋ္ဌာနချုပ်၏ ဆေးပညာရှင် ရှစ်ဦးထဲမှ တစ်ဦးဖြစ်သော တုဟုန်ချန်သည် ပြိုင်စံရှားဂိုဏ်း၏ အဖွဲ့ဝင်တစ်ယောက် ဖြစ်လာတော့သည်။
“ခြောက်ယောက် ကျန်သေးတာပဲ”