အပိုင်း (၁၄၁၈)
Vol. 95 Ch. 1418
အရှုံးကို လိုလိုချင်ချင်ဖြင့် လက်သင့်ခံခဲ့ပြီဖြစ်သော တုဟုန်ချန်သည် ပြိုင်စံရှားဂိုဏ်းထဲကို ဝင်ရောက်ခဲ့ပြီးသည့် နောက်မှတော့ ဆေးဖော်စပ်ခြင်းနှင့်ပတ်သက်သည့် သူ၏ အလုံးစုံသော အားအင်များသည် ကြီးကြီးမားမားပင် တိုးတက်လာခဲ့၏။ မကြာသေးခင်က သူသည် ဖန်းကွေ့ချန်နှင့် ယှဉ်ပြိုင်၍ ရှုံးနိမ့်ခဲ့သည် မဟုတ်ပါလား။
ကျွင်းချောင်ရှောင်းအနေဖြင့် လက်ရှိအခြေအနေကို သူမကျေနပ်သေးချေ။ သူ့အနေနှင့် ဆေးဟောခန်းမဆောင်တွင် ရှိနေသော တခြားသော ဆေးပညာရှင် ခြောက်ဦးတို့ကိုပါ အနိုင်ယူကာ သိမ်းပိုက်နိုင်လိမ့်မည်ဟု မျှော်လင့်ထားမိ၏။ ၎င်းတို့ရှစ်ယောက်အား အဓိက ဗဟိုပြုပြီးသည့်နောက် ရှေးဆေးဟောခန်းမဆောင်ကြီး တစ်ခုကို တည်ဆောက်ရန် သူမျှော်လင့်ထားမိသည်။ ထို့အတွက် သူသည် လှုပ်ရှားရန် လိုအပ်နေသေး၏။
ဆေးဟောခန်းမဆောင်၊ အဓိက ဌာနချုပ်၊ အဓိကဟောခန်း
ဝတ်စုံရှည်ကို ဝတ်ဆင်ထားသည့် အဘိုးကြီးတစ်ယောက်သည် ထိပ်ဆုံးတည်နေရာတွင် ထိုင်လျက်ရှိသည်။ ထိုသူက ပြောလိုက်သည်။ “ငါ့ရဲ့ ဘယ်ဘက်မျက်ခုံးတွေက ပိုပိုပြီးတော့ လှုပ်လာတယ်”
“သတင်းပို့ပါတယ်”
ထိုအချိန်မှာပဲ နောက်လိုက်တစ်ယောက်သည် အလျင်အမြန်ဖြင့် လျှောက်ဝင်လာကာ ပြောလိုက်သည်။ “လင်းယွမ်မြို့ဆီက သတင်းတစ်ခု ကြားတယ်။ ဆေးပညာရှင် တုဟုန်ချန်က ပြိုင်စံရှားဂိုဏ်းဆီ ဝင်ရောက်သွားပြီတဲ့”
“ဘာ”
ဝတ်စုံရှည်နှင့် အဘိုးကြီးသည် အံ့အားသင့်သွားမိ၏။ ဖန်းကွေ့ချန်သည် ပြိုင်စံရှားဂိုဏ်းဆီသို့ ဝင်ရောက် သွားခဲ့ပြီဖြစ်ကြောင်းကို သူအစောကြီးကတည်းက သိရှိပြီးဖြစ်၏။ သို့ပေမဲ့ သူ၏ တခြားသော ဆေးပညာရှင် တစ်ယောက်သည်လည်း ထိုဂိုဏ်းထဲသို့ပင် ဝင်ရောက်သွားခဲ့၏။ ထို့အပြင် ၎င်းတို့နှစ်ယောက်သည် ကြောင်နှင့် ကြွက်ကဲ့သို့ တွေ့သည်နှင့် ရန်သတ်ကြသူများ ဖြစ်နေသည် မဟုတ်ပါလား။ ထိုအရာမှာ မယုံကြည်နိုင်စရာပင် ဖြစ်တော့၏။
“ထူးဆန်းလိုက်တာ”
အကြီးအကဲများထဲမှ တစ်ယောက်သည် ဇဝေဇဝါနှင့် ဖြစ်လို့နေသည်။ “ဖန်းကွေ့ချန်နဲ့ တုဟုန်ချန်တို့ နှစ်ယောက်လုံး ဂိုဏ်းထဲကို ဝင်သွားရလောက်အောင် ပြိုင်စံရှားဂိုဏ်းက ဘယ်လောက်များ ထူးခြား နေလို့လဲ”
ကျွင်းချောင်ရှောင်း၏ ဆရာသည် ကြီးမြတ်သူတုံးကုဖြစ်ကြောင်း သူတို့အားလုံး သိရှိပြီးဖြစ်၏။ သို့ပေမဲ့ သိုင်းပညာနှင့် ဆေးပညာဆိုသည်မှာ အလုံးစုံ ခြားနားသည့် အရာမျိုးဖြစ်၏။ ထို့အပြင် ထိုဂိုဏ်းသည် ယခုမှ အထက်နယ်မြေဆီသို့ တက်လှမ်းလာသည့် ဂိုဏ်းတစ်ခုဖြစ်ပြီး ဆေးပညာတွင် ထူးချွန်လွန်းသည် ဆိုလျှင်တောင်မှဆေးပညာရှင် နှစ်ယောက်လုံးထက် ပိုမိုအားကောင်းနေဖို့ဆိုသည်မှာ မဖြစ်နိုင်ပေ။
“သတင်းတွေအရဆိုရင် ဆရာတုနဲ့ ပြိုင်စံရှားဂိုဏ်းရဲ့ ဂိုဏ်းချုပ်တို့က ဆေးပညာနဲ့ပတ်သက်ပြီး ယှဉ်ပြိုင်ကြတယ် တဲ့။ ဒါပေမဲ့ ဆရာတုက အလုံးစုံ ရှုံးနိမ့်သွားခဲ့တယ်” နောက်လိုက်က သတင်းပေးလိုက်၏။
“အလုံးစုံ ရှုံးနိမ့်သွားတယ် ဟုတ်လား” ဝတ်စုံရှည် အဘိုးအိုနှင့် တခြားသော အကြီးအကဲများ အားလုံးသည် အံ့အားသင့်သွားကြ၏။ အလုံးစုံ ရှုံးနိမ့်သည်ဆိုသည့် အဓိပ္ပာယ်သည် တစ်ပွဲတစ်လေတောင် မနိုင်ဘဲနှင့် အကုန်လုံး ရှုံးနိမ့်သည်ဆိုသော အဓိပ္ပာယ်ပင် ဖြစ်သည်။
ကျွတ် ကျွတ် ကျွတ်
တစ်စုံတစ်ယောက်က ပြောလိုက်၏။ “စီနီယာတုံးကုရဲ့ တပည့်က ဆေးပညာနဲ့ပတ်သက်ရင် အရမ်းကို မြင့်မားတဲ့ ပါရမီကို ပိုင်ဆိုင်နေတာလား မသိဘူး”
“မဟုတ်သေးဘူး”
အကြီးအကဲများထဲမှ တစ်ယောက်သည် သေသေချာချာ စဉ်းစဉ်းစားစားဖြင့် တွေးတွေးဆဆ ပြောလိုက်သည်။ “စီနီယာတုံးကုက ဆေးပညာနဲ့ပတ်သက်ပြီး သိကျွမ်းနားလည်တယ်ဆိုတဲ့အကြောင်းကို ကျုပ် တစ်ခါမှ မကြားဖူးဘူး။ ဘယ်လိုဖြစ်ပြီးတော့ သူက သူ့ရဲ့တပည့်ကို အဲလိုမျိုး ကျင့်ကြံနိုင်အောင် သင်ပြပေးနိုင် မှာလဲ”
“သတင်းပို့ပါတယ်” ထို
အချိန်မှာတော့ နောက်ထပ် နောက်လိုက်တစ်ယောက်သည် လျှောက်ဝင်လာကာ ပြောလိုက်၏။ “ဟောခန်းသခင်ဖန်းက သတင်းပို့လာပါတယ်။ မကြာခင်မှာ ပြိုင်စံရှားဂိုဏ်းရဲ့ ဂိုဏ်းချုပ်က ဆေးဟောခန်းမ ဋ္ဌာနချုပ်ဆီ လာလည်ပတ်ပါမယ်တဲ့”
ပြောပြီးပြီးချင်းမှာပဲ ဝတ်စုံရှည်နှင့် အဘိုးအို၏ ဘယ်ဘက်မျက်ခုံးများသည် ပိုမိုကာ လှုပ်လာခဲ့၏။ သူသည် အလျင်အမြန်ဖြင့် အကြီးအကဲများကို မေးလိုက်သည်။ “ဘယ်လိုထင်ကြလဲ”
“အကြီးအကဲ”
အဘိုးအိုတစ်ယောက်သည် ပြုံးကာမေးလိုက်၏။ “ကျုပ်မမှားဘူးဆိုရင် ပြိုင်စံရှားဂိုဏ်းရဲ့ ဂိုဏ်းချုပ် လာလည်တယ်ဆိုတာ ဆေးဟောခန်းမဋ္ဌာနချုပ် တစ်ခုလုံးအတွက် ကောင်းချီးမင်္ဂလာကို ယူဆောင်လာနိုင်တာ ဖြစ်လိမ့်မယ်”
“ဒါကို ကျုပ်တွေးနေတာပဲ”
သူ၏ ဘယ်ဘက်မျက်ခုံးများ လှုပ်နေခြင်းသည် ကံကောင်းခြင်းအတွက်သာ ဖြစ်၏။ ညာဘက်မျက်ခုံး လှုပ်နေသည်ဆိုပါက ဘေးဒုက္ခအကြောင်းဟု တွက်ချက်နိုင်၏။ ကျွင်းချောင်ရှောင်းအကြောင်း ပြောလိုက်သည်နှင့် သူ၏ ဘယ်ဘက်မျက်ခုံးများသည် တဆတ်ဆတ်နှင့် ကြမ်းကြမ်းတမ်းတမ်း တုန်ခါ နေကြောင်း သတိပြုမိပြီးနောက် ဤအရာသည် ကောင်းချီးတစ်ခု ဖြစ်လာမည်ဖြစ်ကြောင်း ခန့်မှန်းလိုက်မိသည်။
“ကျုပ်လည်း ဒီလို မျှော်လင့်ပါတယ်” ဝတ်စုံရှည်နှင့် အဘိုးအိုက ပြောလိုက်၏။
...........
ပြိုင်စံရှားဂိုဏ်း
ကျွင်းချောင်ရှောင်းသည် ဆေးလုံးခန်းမဆောင်၏ ဟောခန်းသခင်တစ်ယောက်အဖြစ် တုဟုန်ချန်ကို အတည်ပြု ပေးလိုက်၏။ ထိုသို့ဆိုလျှင် ဖန်းကွေ့ချန်သည် မည်သည့်နေရာသို့ ရောက်ရှိနေမည်နည်း။ ၎င်းတို့နှစ်ယောက်သည် တည့်ကြသူများမဟုတ်ချေ။ ထို့ကြောင့် ဖန်းကွေ့ချန်ကို ဟောခန်းသခင်အဖြစ် ထားရှိပြီး တုဟုန်ချန်ကို ဒုတိယဟောခန်းသခင်အဖြစ် ထားရှိမည်ဆိုပါက ပြဿနာများ တက်နိုင်၏။ ထို့ကြောင့် သူသည် ဆေးလုံးခန်းမဆောင်ကို နှစ်ခုအဖြစ် ခွဲခြားလိုက်၏။ တစ်ယောက်တစ်ခုစီ ပေးအပ်လိုက်ခြင်းပင် ဖြစ်တော့သည်။ သူ၏ ဂိုဏ်းဖြစ်သည်မို့ ဆေးလုံးခန်းမဆောင်အား ကြိုက်သလောက် အရေအတွက်အဖြစ် ခွဲထုတ်နိုင်စွမ်းရှိနေသည်။ သောက်ကျိုးနည်းလှချေသည်တကား။
ယခုမှ ရာထူးတာဝန်ကို အပိုင်ရရှိခဲ့ပြီဖြစ်သော တုဟုန်ချန်သည် တခြားသော မြို့တစ်ခုဆီသို့သွား၍ ဆေးလုံးဆိုင် တစ်ခုအား ဖွင့်လှစ်ရန် တာဝန်ကို လက်ခံရရှိခဲ့၏။ သူ့အနေနှင့် ဆေးလုံးဆိုင်အတွက် လုံလောက်သည့် ထုတ်လုပ်ရေး လုပ်ငန်းများကို ပြုလုပ်ပေးရမှာဖြစ်ပြီး လူအင်အားအရလည်း ထောက်ပံ့ပေးနိုင်ရန် ဂိုဏ်းချုပ်က အလုံးစုံ စီစဉ်ပေးထား၏။
“ချီးတဲ့မှ... ငါ့ကို အထောက်အကူ တစ်ခုလိုမျိုး အသုံးပြုချင်နေတာကိုး”
“ဟောခန်းသခင်တု”
ထိုအချိန်မှာပဲ လီချင်းယန်သည် သူ့အား လာရောက်တွေ့ဆုံ၏။ “ဂိုဏ်းချုပ်က အဓိက ဟောခန်းထဲကို လာခဲ့ဖို့ ပြောလိုက်တယ်”
............
တုဟုန်ချန်သည် အမှန်ပင် မပျော်မရွှင် ဖြစ်သွားမိ၏။ သို့ပေမဲ့ သူသည် အဓိကဟောခန်းဆီသို့ သွားလိုက်သည်။
ကျွင်းချောင်ရှောင်းသည် အချိန်အတော်ကြာ စောင့်မျှော်နေခဲ့ခြင်းဖြစ်သည်။ တုဟုန်ချန် ဝင်ရောက်လာသည်ကို မြင်သည့်အချိန်မှာတော့ ဆေးလုံးတစ်လုံးကို ထုတ်ယူကာ လှမ်းပစ်ပေးလိုက်၏။ “ဒါက ဂိုဏ်းရဲ့သီးသန့် ခန္ဓာကိုယ်ဖြစ်တည်ခြင်း ဆေးလုံးလေ”
တုဟုန်ချန်သည် ပုံပန်းသွင်ပြင်အရ ၎င်းနှင့်ပြိုင်ဆိုင်သည့် ပြိုင်ပွဲအတွင်းတွင် ဖန်တီးပြုလုပ်ခဲ့သည့် ဆေးလုံး နှင့် ဆင်တူနေကြောင်း သိရှိလိုက်သည်။
“ဂိုဏ်းချုပ်”
သူသည် ထိုအရာကို စားပွဲပေါ်တင်ကာ ပြောလိုက်၏။ “ကျုပ် ဒါကို မစားလို့ရလား”
“ဘာလဲ၊ အဆိပ်ခတ်ထားမှာ ကြောက်လို့လား”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဂိုဏ်းထဲကို ဝင်တဲ့လူတွေအကုန်လုံးက ခန္ဓာကိုယ်ကို အားတိုးစေဖို့ ဒီဆေးကို ရရှိခဲ့တယ်။ ဒီဆေးကို သောက်မယ်ဆိုရင် ခန္ဓာကိုယ်၊ မရီဒန်၊ ဝိညာဉ်နဲ့ တခြားအရာတွေ အားလုံးကို တိုးတက်စေတယ်။ စားမှာလား၊ လွှင့်ပစ်မလားဆိုတာ ခင်ဗျားရဲ့ သဘောပဲ”
“ခန္ဓာကိုယ်၊ မရီဒန်နဲ့ ဝိညာဉ်တွေကို ပိုပြီး အားကောင်းစေတယ် ဟုတ်လား။ ဒီလောက် မှော်ဆန်လွန်းတာလား” တုဟုန်ချန်သည် စိတ်ထဲမှာ ကြိတ်ကာ ရေရွတ်လိုက်မိ၏။
ရွှီး
ကျွင်းချောင်ရှောင်းသည် နောက်ထပ် လျှို့ဝှက်စာအုပ်တစ်အုပ်အား လှမ်းကာပစ်ပေးလိုက်၏။ “ဒါကတော့ ဂိုဏ်းရဲ့ သီးသန့် သိုင်းနည်းစနစ်တစ်ခုပဲ။ ခင်ဗျားရဲ့ဆေးပညာတာအိုနဲ့ပတ်သက်ပြီး ပိုပြီး တိုးတက်လာစေလိမ့်မယ်။ ဘာမှ လုပ်စရာမရှိတဲ့ အခါမျိုးမှာ ဒါကိုကျင့်ကြံဖို့ ကြိုးစားသင့်တယ်”
“အရိပ်တစ်ထောင်သိုင်းကျမ်း ဟုတ်လား”
တုဟုန်ချန်သည် ထိုအရာ၏ နာမည်ကို ဖတ်ကြည့်ပြီးနောက် တွေးလိုက်မိသည်။ “ငါက ဆေးတာအိုကိုပဲ အဓိကလေ့ကျင့်တယ်။ သိုင်းတာအိုနဲ့ပတ်သက်ပြီး ရှားရှားပါးပါး တစ်ခါတစ်လေမှ ကျင့်ကြံတယ်ဆိုတာကို ဂိုဏ်းချုပ် မသိဘူးနဲ့တူတယ်”
“ပြင်ဆင်တော့။ ပြင်ဆင်တော့”
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “လဝက်အတွင်းမှာ ခင်ဗျားက ဟောင်ရွဲ့မြို့ကို သွားဖို့သင့်တယ်”
ဟောင်ရွဲ့မြို့သည် သူသတ်မှတ်ထားသော မြို့တစ်ခုလည်းဖြစ်၏။ ၎င်းမြို့၏ အလုံးစုံသော အားအင်သည် လင်းယွမ်မြို့ထက် ပိုမိုကာ ကြီးမား၏။ ပထဝီမြေအနေအထားအရဆိုလျှင် ရွေ့ပြောင်းသွားလာရန်အတွက်တော့ အချိန်အနည်းငယ် ယူရပေဦးမည်။
“နားလည်ပါပြီ”
တုဟုန်ချန်သည် ရုတ်တရက် မတ်တပ်ထကာဖြင့် ထွက်ခွာသွားခဲ့၏။ သူ့အနေနှင့် ယှဉ်ပြိုင်ပွဲကို ရှုံးနိမ့်ခဲ့ပြီဖြစ်သောကြောင့် ဂိုဏ်းထဲသို့ ဝင်ရောက်ခဲ့သည်သာရှိ၏။ သူ၏ လက်ရှိဖြစ်ပေါ်နေသော စိတ်သဘောထား မှာ ခန္ဓာကိုယ်ကိုသာရမည်။ နှလုံးသားကို မရရှိဟူသော သဘောထားပင် ဖြစ်၏။
“ဆေးတာအိုကို ပိုပြီးတိုးတက်စေနိုင်တယ် ဟုတ်လား”
သူ၏ အိပ်ဆောင်ဆီသို့ ပြန်ရောက်ပြီးသည့်နောက် တုဟုန်ချန်သည် အနည်းငယ် ပျင်းရိလို့ နေခဲ့၏။ ထို့ကြောင့် အရိပ်တစ်ထောင် သိုင်းနည်းစနစ်အား အသာလှန်ကာ ဖတ်ရှုလိုက်၏။ မိတ်ဆက်ကို ဖတ်ရှုလိုက်သည့်အချိန်မှာတော့ သူသည် ရုတ်တရက် ထကာ အော်လိုက်မိသည်။ “ချီးတဲ့မှ... ဒါက နတ်ဘုရားအဆင့် နည်းစနစ်တစ်ခုပဲ”
ရက်အနည်းငယ် ကြာပြီးသည့်နောက် သူသည် ကိုယ်ပွားတစ်ခုကို ဖွဲ့တည်နိုင်ခဲ့၏။ စဦးအကျိုးကျေးဇူးများကို ခံစားပြီးသည့်နောက် သူသည် ရုတ်တရက် နားလည်သွားမိ၏။ “ဖန်းကွေ့ချန်ရဲ့ ဆေးပညာတာအိုက ပိုပြီး တိုးတက် သွားတာ အံ့အားသင့်စရာ မဟုတ်တော့ဘူးပဲ”
ဆွစ်
တုဟုန်ချန်သည် ချက်ချင်းပဲ ခန္ဓာကိုယ်ဖြစ်တည်ခြင်းဆေးလုံးကို ထုတ်ယူကာ တွေးလိုက်မိသည်။ “ဒီအရာလည်း တကယ့်ကို မှော်ဆန်တဲ့အရာ ဖြစ်နေနိုင်တယ်”
ဂလု
ထိုအရာကို မျိုချပြီးသည့်နောက် သူ၏ မရီဒန်၊ သွေးနှင့် ဝိညာဉ် အရာအားလုံးသည် တိုးတက်သွားခဲ့၏။ ထို့ကြောင့် သူသည် မနေနိုင်ဘဲ ပြောလိုက်မိ၏။ “ဒီလိုမျိုး အရာကိစ္စအားလုံးကို တိုးတက်စေနိုင်တဲ့ ဆေးလုံးမျိုးက တကယ့်ကို ရှားပါးတဲ့ အရာမျိုးပဲ။ အံ့အားသင့်စရာပဲ”
လက်ရှိအချိန်မှာတော့ တုဟုန်ချန်၏ စိတ်သဘောထားသည် ကြီးကြီးမားမား ပြောင်းလဲသွားခဲ့ပြီဖြစ်၏။ ခန္ဓာကိုယ်ကိုလည်းရမည်။ နှလုံးသားကိုလည်းရမည် ဆိုသည့် စိတ်သဘောထားပင် ဖြစ်သည်။
ကျွင်းချောင်ရှောင်း ကို တွေ့သည့်အချိန်မျိုးတွင် သူက လေးလေးစားစားဖြင့် ဂိုဏ်းချုပ်ဟု စတင်ကာ ခေါ်ဆိုသည့် အမူအကျင့်ကို ပြုလုပ်လာခဲ့၏။ ၎င်းသည် တိုင်လုနှင့် နှိုင်းယှဉ်မည်ဆိုလျှင် အဘိုးနှင့်မြေးကဲ့သို့ ဖြစ်ပေလိမ့်မည်။ တိုင်လုကဲ့သို့ စိတ်ဓာတ်မာကျောမှု မရှိလှချေ။
တိုင်လုအကြောင်းကို ပြောရမည်ဆိုလျှင် လက်ရှိအခြေအနေ၌ ထောင်ထဲတွင် မည်သည့်အကျဉ်းသားမှ မရှိသော ကြောင့် လုပ်စရာအလုပ်လည်း မရှိလှပေ။ ထို့ကြောင့် ကျင့်ကြံခြင်းကိုသာ အဓိက အာရုံစိုက်ထားခဲ့၏။
အားရာနှင့် ကျိုးဒူဒူတို့မှာတော့ တစ်နေကုန် ထောင်ထဲတွင် လှည့်ပတ်ကာ လျှောက်သွားလျက် ရှိနေ၏။ ၎င်းတို့နှစ်ယောက် သည် အသက်ဝိညာဉ် ကင်းမဲ့လျက်ရှိနေသည့် ဆားနယ်ခံထားရသော ငါးသေ နှစ်ကောင်ကဲ့သို့ပင်။
“စိတ်မပူနဲ့”
ကျွင်းချောင်ရှောင်းက နှစ်သိမ့်လိုက်၏။ “မကြာခင်မှာ အကျဉ်းသားတွေ ရောက်လာလိမ့်မယ်”
သူ အဘယ့်ကြောင့် ဤကဲ့သို့ ပြောဆိုရသနည်း။ အဘယ်ကြောင့်ဆိုသော် မိုးဆွေဟောခန်းသည် သူ့အား သတင်း ပေးပို့ခဲ့၏။ လွန်ခဲ့သည့်နှစ်နှစ်က လင်းဝေအစစ်အမှန်ဂိုဏ်း သူတို့အား လာရောက်၍ ပြဿနာရှာခဲ့ခြင်း၏ အဓိက တရားခံသည် ဖူးရှင်းဂိုဏ်းချုပ် ဖြစ်ကြောင်း သူ သိရှိခဲ့ရသောကြောင့်ပင်။
“ချီးတဲ့မှ”
ကျွင်းချောင်ရှောင်းသည် စားပွဲကို ပုတ်ကာဖြင့် ဒေါသတကြီး ပြောလိုက်သည်။ “ဒီကိစ္စမှာ တစ်စုံတစ်ခု မှားယွင်းနေတယ်ဆိုတာ ငါ အစောကြီးကတည်းက ခံစားမိခဲ့တယ်”
လင်းဝေဂိုဏ်းနှင့် ဖြစ်ပျက်ခဲ့သည့် ကိစ္စရပ်များသည် လျော်ကြေးများနှင့် ပြီးဆုံးသွားခဲ့ပြီဖြစ်၏။ သို့ပေမဲ့ ကုန်းရှန့် သည် အကျိုးနှင့်အကြောင်းကို ဆက်လက်ကာ စုံစမ်းစစ်ဆေးခဲ့၏။ တစ်ဖက်လူသည် တိုက်တိုက်ဆိုင်ဆိုင် ဆိုသလို သူသွားရောက်မည့် စိတ်ဝိညာဉ်ကျောက်တုံး မိုင်းတွင်းတည်နေရာကို သိရှိနေခြင်းမှာ တိုက်ဆိုင်မှုတစ်ခု မဟုတ်နိုင်ပေ။ ထင်မှတ်ထားသည့်အတိုင်း ဤတည်နေရာတွင် တခြားသူ၏ စနက် တည်ရှိလို့နေ၏။
လီလိုရှုက ပြောလိုက်သည်။ “အဲဒီ ဂိုဏ်းချုပ်ပိုင်က ရတနာမြေပုံကို ဂိုဏ်းချုပ် ယူသွားတာနဲ့ ပတ်သက်ပြီး တကယ်ကို စိတ်မကျေမချမ်း ဖြစ်နေတယ်။ ဒါကြောင့် လင်းဝေအစစ်အမှန်ဂိုဏ်းဆီကို သွားပြီးတော့ စိတ်ဝိညာဉ် ကျောက်တုံး မိုင်းတွင်းအကြောင်းကို သေသေချာချာ ပြောပြခဲ့တာပဲ။ သူလုပ်ချင်တဲ့ ရည်ရွယ်ချက်ကတော့ အငှားဓား သုံးပြီးတော့ လူသတ်ချင်တာမျိုးပေါ့”
“ပိုင်စီလီ... ပိုင်စီလီ”
ကျွင်းချောင်ရှောင်းသည် ရုတ်တရက် ထရပ်လိုက်၏။ ပြီးနောက် သူ၏ ခေါင်းကို ခါယမ်းလိုက်၏။ သူ၏ မျက်လုံးများသည် မှုန်ကုတ်လျက် ရှိနေပြီး အေးစက်တင်းမာစွာဖြင့် ပြောလိုက်၏။ “ကျုပ်က အချိန်အတိုင်းအတာ တစ်ခုအထိ ခင်ဗျားကို လွှတ်ပေးခဲ့တယ်။ ဒါပေမဲ့ ခင်ဗျားက ကျုပ်ကို နောက်ကွယ် ကနေ ယုတ်မာဖို့ ကြိုးစားခဲ့တာပဲ။ ဒီတော့ ငမွဲဂိုဏ်းတစ်ခု ဖြစ်သွားတဲ့အတွက် ပြိုင်စံရှားဂိုဏ်းကို အပြစ်မတင်နဲ့ တော့”
“ဂိုဏ်းချုပ်”
လီလိုရှုက ပြောလိုက်သည်။ “ငမွဲဂိုဏ်းဆိုတဲ့နာမည်က တမျိုးကြီးပါလား”
......
ကျွင်းချောင်ရှောင်းသည် စားပွဲကို ပုတ်ကာဖြင့် ပြောလိုက်၏။ “ဒါဆိုရင် ငွေပေးဂိုဏ်း လို့ခေါ်လိုက်ကြတာပေါ့”