← Chapters

အခန်း (၁၀)

Vol. 1 Ch. 10

အခန်း (၁၀)

Vol. 1 Ch. 10

အဲ့ဒီအချိန် အနီးနားရှိ အခြားရဲအရာရှိတစ်ဦးဆီကနေ အော်သံထွက်လာသည်။ "အစ်ကိုလီ၊ ကလေးက ဆေးမိပြီး သတိလစ်သွားတဲ့ပုံဘဲ!"

စုန့်အာ့နန်နဲ့ စကားပြောနေတဲ့ အရာရှိက ချက်ချင်း မျက်မှောင်ကြုတ်သွားသည်။ "လူနာတင်ကားခေါ်လိုက်! ကောင်လေးကို အရင်စစ်ကြည့်လိုက်"

ဒါကိုကြားတော့ အခင်းဖြစ်ပွားရာနေရာက လူတွေနဲ့ တိုက်ရိုက်ထုတ်လွှင့်မှုမှာ ကြည့်နေကြတဲ့ လူတွေအားလုံး ဘာတွေဖြစ်နေလဲဆိုတာ သဘောပေါက်သွားကြသည်။

[သေစမ်း! ငါ ခုထိ သတိမထားမိလိုက်ဘူး။ ကောင်လေးက အရင်အော်လိုက်ပြီးတော့ အဲ့ဒီမိန်းမရဲ့ ရင်ခွင်ထဲမှာ ငြိမ်နေခဲ့တာ အံ့သြစရာ မရှိတော့ဘူး။ သူ့ကို ဆေးခတ်လိုက်တာဘဲ!]

[F*ck! သူတို့က လူကုန်ကူးတဲ့သူတွေဖြစ်ရမယ်! ဘယ်သူက မေ့ဆေးတွေဆောင်ပြီး ကလေးအပေါ် သုံးမှာလဲ?]

[နေ့ခင်းကြောင်တောင် ဒီလို ပြောင်ပြောင်တင်းတင်း လုပ်တာ ကြောက်စရာဘဲ! အန်တီလေးကို ကျေးဇူးတင်ရမယ်။ ကလေးက အသက်အန္တရာယ် စိုးရိမ်ရတာကို]

[ဟားဟား၊ အန်တီလေးကို 'ဟန်ဆောင်နေတာ' လို့ ပြောခဲ့တဲ့သူတွေ ဘယ်မှာလဲ? ထွက်လာပြီး မီးလာမွှေးဦးလေ!]

ဒီလိုနဲ့ဘဲ ယောက်ျားနှစ်‌ယောက်နဲ့ ဒီမိန်းမဟာ မကောင်းတဲ့သူတွေလို့ အခြေခံအရ သတ်မှတ်လိုက်ကြသည်။

ရဲအရာရှိက မြေပြင်ပေါ်မှာရှိတဲ့ လူ‌တွေကို တင်းတင်းမာမာနဲ့ ကြည့်လိုက်ကာ စုန့်အာ့နန်ကို မေးလိုက်သည်။ "ဒီနှစ်ယောက်ကို ဘယ်သူချလိုက်တာလဲ?"

စုန့်အာ့နန်က မျက်တောင်ခတ်လိုက်ကာ "ကျွန်မပါ"

အရာရှိက သူမကို ဗလာသပ်သပ် ကြည့်လာသည်။ "ဘာ?"

စုန့်အာ့နန် - "သူတို့ကို ချုပ်ထားတဲ့သူက ကျွန်မပါ"

ရဲအရာရှိရဲ့ မျက်လုံးတွေက မယုံကြည်နိုင်စွာနဲ့ ပြူးကျယ်သွားသည်။ စုန့်အာ့နန်နဲ့ မြေပြင်ပေါ်ရှိ လူနှစ်ယောက်ကြား သူက အကြိမ်ပေါင်းများစွာ ကြည့်ရင်း လုံးလုံး အံသြသွားသည်။

[LMAO၊ ရဲအရာရှိရဲ့ တုံ့ပြန်ပုံက အစောပိုင်းက ငါ့လိုဘဲ]

[ငါ့မျက်စိနဲ့ တပ်အပ်မြင်ခဲ့ရတာကိုတောင် မယုံနိုင်တာ။ အဲ့ဒီမှာ မရှိခဲ့တဲ့ ရဲအရာရှိဆို မပြောနေနဲ့တော့]

[ ရဲအရာရှိ - ဒါက ဟုတ်တာလား မဟုတ်ဘူးလားဆိုတာ တစ်ယောက်ယောက် ငါ့ကို ပြောပြပေးနိုင်မလား?]

အနီးနားရှိ သက်လတ်ပိုင်းအမျိုးသမီးတစ်ဦးက စုန့်အာ့နန်ဇာတ်လမ်းကို ကူညီအတည်ပြုပေးလိုက်သည်။ "ကျွန်မပြောပါရစေ အရာရှိကြီး၊ ဒီကောင်မလေးက လိမ်နေတာမဟုတ်ဘူး၊ ဒီလူနှစ်ယောက်ကို သူတကယ်ပဲ ချခဲ့တာ"

"ဒီလောက် နူးညံ့သိမ်မွေ့တဲ့ ကောင်မလေးက ဒီလိုမျိုး အရည်အချင်းနေမယ်လို့ မမျှော်လင့်ထားဘူး! တော်တော် လက်ဖျားခါတယ်..."

နောက်တော့ အမျိုးသမီးက အရာရှိရဲ့လက်မောင်းကို ဖမ်းဆွဲကာ စုန့်အာ့နန်က အဲ့ဒီယောက်ျားနှစ်ယောက်ကို အနိုင်ယူခဲ့ပုံကို ရှင်းရှင်းလင်းလင်း ပြန်ပြောပြလိုက်သည်။

သတင်းအပြည့်အစုံကို ရပြီးတဲ့နောက်မှာ ရဲအရာရှိက စုန့်အာ့နန်ကို လက်မထောင်ပြကာ အသိအမှတ်ပြုလိုက်သည်။ "တော်တယ် မိန်းက‌လေး၊ မင်း သင်တန်းတက်ထားတာလား?"

"အမ်၊ အရင်ကတော့ တိုက်ကွမ်ဒို လေ့ကျင့်ဖူးတယ်" စုန့်အာ့နန်က ရှက်ရွံ့တဲ့ အပြုံးနဲ့ ပြန်ပြောလိုက်သည်။

ရဲအရာရှိကလည်း ပြုံးလိုက်သည်။ သူက လူတွေကို စစ်ဆေးဖို့ ဝပ်တွားနေခိုင်းချိန် အသံတွေထွက်လာသည်။ “အာ့၊ ပခုံးရိုးလွဲနေတယ်"

စုန့်အာ့နန်က နည်းနည်း အပြစ်ရှိသလို ခံစားလိုက်ရသည်။ "ကျွန်မ အရိုးတွေ နေရာပြန်ချပေးလို့ရတယ်..."

အစောပိုင်းက အဲ့ဒီလူတွေ ပြန်တုံ့ပြန်လာမှာစိုးတဲ့အတွက် သူမ ဒီအတိုင်းထားထားတာဖြစ်သည်။

ဒါပေမယ့် ရဲအရာရှိက ပြတ်ပြတ်သားသားနဲ့ လက်ယမ်းပြလိုက်သည်။ "အလျင်မလိုဘူး"

[LMAO ဒီရဲအရာရှိက ချစ်စရာကောင်းလိုက်တာ။ အလျင်မလိုဘူးလို့တောင် ပြောလိုက်သေးတယ်!]

[ရဲအရာရှိ - လောလောဆယ်တော့ သည်းခံလိုက်။ ပြန်ကောင်းချင်တယ်လား? စိတ်တောင်မကူးနဲ့!]

[လူကုန်ကူးသမားတွေ၊ သွားသေလိုက်! အန်တီလေးက သူတို့ရဲ့ တခြားလက်မောင်းတွေကိုပါ အဆစ်လွဲအောင် လုပ်လိုက်သင့်တာ!]

[မေးခွန်းလေးတစ်ခုလောက်၊ အန်တီလေးက အဆစ်လွဲနေတဲ့ ပခုံးတွေကို တကယ်ဘဲ နေရာပြန်ပြောင်းပေးနိုင်တာလား ဒါမှမဟုတ် ဒီတိုင်းပြောနေတာလား?]

[ဟားဟား အန်တီလေးက ရဲအရာရှိတွေရှေ့မှာ အပြစ်ရှိဟန် ဆောင်နေတာ ချစ်စရာလေး မဟုတ်တာလုပ်တာ မိသွားတဲ့ ကလေးလိုဘဲ]

[လာစမ်းပါအန်တီ‌လေး! မရှက်ပါနဲ့! ငါတို့ဒီမှာ ကောင်းတာလုပ်ခဲ့တာဘဲလေ!]

စုန့်လင်းချွမ်က နောက်ဆုံးမှာ အမျိုးသမီးနဲ့ ကလေးကို ရဲ‌တွေဆီ လွှဲပြောင်းပေးနိုင်လိုက်ပြီး စုန့်အာ့နန်ကို အမြန်စစ်ဆေးလိုက်သည်။

"အန်တီလေး၊ ထိခိုက်ထား‌‌သေးလား? " သူက စိုးရိမ်တကြီးနဲ့ သူမကို အထပ်ထပ်အခါခါ စစ်ဆေးကြည့်လိုက်သည်။

စုန့်အာ့နန်က ပြုံးလိုက်ပြီး ခေါင်းခါလိုက်သည်။ "စိတ်မပူပါနဲ့ ငါအဆင်ပြေတယ်"

သူမ ဘာမှထိခိုက်မှုမရှိကြောင်း အတည်ပြုပြီးတဲ့နောက်မှာ စုန့်လင်းချွမ်လည်း လုံးဝစိတ်အေးလက်အေးဖြစ်သွားသည်။

စုန့်အာ့နန်က အရည်အချင်းရှိမှန်း သူသိပေမယ့် အဲ့ဒီလူတွေနဲ့ သူမရင်ဆိုင်တာကို မြင်လိုက်ရတဲ့အခိုက်မှာ သူထိတ်လန့်သွားဆဲပင်။

[ စုန့်လင်းချွမ်ရဲ့ဘက်ကို ငါသတိထားမိလိုက်တယ်။ သူ ဘာဖြစ်သွားတာလဲ? သူ့ကိုကြည့်ရတာ ချုံးချုံးကျနေတဲ့ပုံဘဲ]

[အစောတုန်းက အဲ့ဒီအမျိုးသမီးက ကလေးကို ရအောင်ယူဖို့ လုပ်နေတာ။ စုန့်လင်းချွမ်က ကောင်လေးကို မထိခိုက်စေချင်တာကြောင့် သူမကို ရိုက်ပုတ်ခွင့်ပေးထားလိုက်တာ]

[ဟုတ်တယ်၊ သူ့ သည်းခံနိုင်စွမ်းကို လေးစားရမယ်။ အဲ့ဒီအမျိုးသမီးက သူ့ဆံပင်ကိုဆွဲနေပေမယ့် စိတ်တိုနေတဲ့ စုန့်လင်းချွမ်ကတော့ သည်းခံထားတယ်]

[ဒေါသကြီးပြီး မလေးနက်တတ်တဲ့သူလို့ ခေါ်ကြတဲ့ လူက ထူးထူးခြားခြား စိတ်ရှည်သည်းခံ၊ ဂရုစိုက်မှုတွေကို ပြလာတယ်]

[ငါက အပြင်လူတစ်ယောက်ပါ။ ဒါပေမယ့် သူက ဒီလောက်ထိလည်း ဆိုးတဲ့ပုံမပေါ်ဘူးလို့ ထင်တယ်။ အစောပိုင်းက anti တွေက သူ့ကို ပုတ်ခတ်ပြောဆိုခဲ့ပေမဲ့ အခုငါတော့ သူက လူကောင်းလို့ခံစားရတယ်]

[စုန့်အာ့နန် အင်တာဗျူးမှာ ပြောခဲ့တာမှန်တယ်၊ အပြောနဲ့ မဆုံးဖြတ်နဲ့။ သူရဲ့ လုပ်ရပ်တွေကို ကြည့်သင့်တယ်]

...

လူနာတင်ယာဉ်ရောက်လာပြီး မကြာခင်မှာဘဲ ရဲတွေက ကောင်လေးကို စစ်ဆေးဖို့အတွက် ဆေးရုံဆီ ခေါ်သွားကာ အမျိုးသားနှစ်‌ယောက်နဲ့ အမျိုးသမီးကိုတော့ ရဲစခန်းဆီ ခေါ်သွားလိုက်သည်။

စုန့်အာ့နန်နဲ့ စုန့်လင်းချွမ်တို့ကလည်း ထွက်ဆိုဖို့ လိုတာကြောင့် ရဲအရာရှိတွေနဲ့ အတူ ရဲစခန်းကိုသွားကြသည်။

အမှတ်တမဲ့နဲ့ သူတို့က စောစောက ရဲအရာရှိနဲ့ အတူတူလိုက်သွားကြသည်။

ကားပေါ်မတက်ခင်မှာ ရှိုးကဝန်ထမ်းတစ်ယောက်က ကင်မရာမန်းကို ခေါ်လာပြီး သူတို့က ရှိုးရိုက်ကူးနေတဲ့အတွက် ရဲစခန်းကို လိုက်လို့ရမလားလို့ မေးလိုက်သည်။

ပြောရအဆင်ပြေတဲ့ ရဲအရာရှိက လက်ဝှေ့ယမ်းပြပြီး ကင်မရာမန်းကို လက်ညှိုးထိုးလိုက်ကာ ပြောလိုက်သည်။ "ကိစ္စမရှိဘူး၊ ရှေ့မှာ နောက်တစ်ယောက်အတွက် နေရာကျန်သေးတယ်"

ကားပေါ်ရောက်တာနဲ့ စုန့်လင်းချွမ်၊ စုန့်အာ့နန် နဲ့ အရာရှိက နောက်မှာထိုင်သည်။ ရဲသားလေးတစ်ယောက်က ကားမောင်းပြီး ကင်မရာမန်းက ခရီးသည်ထိုင်ခုံမှာထိုင်သည်။

ကင်မရာမန်းက တိုက်ရိုက်ထုတ်လွှင့်မှုကို ပိတ်ဖို့ လှုပ်လိုက်ပေမယ့် ရဲအရာရှိက တားလိုက်သည်။

"ဒါက တိုက်ရိုက်ထုတ်လွှင့်တဲ့ reality show လို့မင်းတို့ ပြောတာ ငါကြားလိုက်တယ်။ ကြည့်ရှုသူ ဘယ်လောက်ရှိနေပြီလဲ?"

ကင်မရာမန်းက ကြည့်ရှုသူအရေအတွက်ကို တစ်ချက်ကြည့်လိုက်သည်။ “တော်တော်များတယ်၊ တစ်သန်းနီးပါး ရှိတော့မယ်"

ရဲအရာရှိက အံ့သြသွားသည်။ "အများကြီးပဲ!"

ခဏလောက် ရပ်သွားပြီးတဲ့နောက်မှာ ပြတ်ပြတ်သားသားပြောလာသည်။ "ကောင်းပြီ၊ ပရိသတ်တွေအတွက် ဥပဒေပညာပေးဖို့အတွက် အခွင့်အရေးကို ယူပါရစေ"

ကင်မရာမန်း - ???

ဥပဒေပညာ? အခုလား?!

အရာရှိက စုန့်လင်းချွမ်နဲ့ စုန့်အာ့နန် ကို ကြည့်လိုက်သည်။ "မင်းတို့နှစ်ယောက် စိတ်မရှိဘူးမလား?"

သူတို့နှစ်ယောက်က ထပ်တူထပ်မျှ စိတ်ရှုပ်သွားကြ‌ပေမယ့် ခေါင်းယမ်းလိုက်ကြသည်။ "စိတ်မရှိပါဘူး"

[LMAO ဒါကြောင့် ရဲအရာရှိက ကင်မရာမင်းကို သူတို့ကားပေါ်တက်ဖို့ အထူးတလည်ပြောခဲ့တာကိုး၊ သူက ဒီလို အစီအစဉ်ဆွဲထားတာဘဲ]

[ရဲအရာရှိ - အိုး၊ တိုက်ရိုက်ထုတ်လွှင့်မှုမှာ ကြည့်ရှုသူတွေအများကြီးဘဲ၊ ဥပဒေပညာပေးဖို့ အပြီးပြည့်စုံဆုံးဘဲ]

[ဟားဟား ဒီရဲအရာရှိက ချစ်စရာကောင်းလိုက်တာ]

[စုန့်အာ့နန်/ စုန့်လင်းချွမ် - ငါတို့...စိတ်မရှိပါဘူး!]

သူ့စကားအတိုင်း ရဲအရာရှိက လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေကို ခုနတုန်းက အဖြစ်အပျက်ကို သုံးပြီး ကြည့်ရှုသူတစ်သန်းကျော်ကို ဟောပြောပို့ချလာသည်။

ကြည့်ရှုသူတွေကလည်း အစပထမမှာ အံ့သြမှင်သက်သွားကြသည်။ ဒီအလှည့်အပြောင်းကို ဘယ်သူမှ မမျှော်လင့်ထားပါချေ။

တစ်ဝက်တစ်ပျက်မှာ ဝင်လာကြတဲ့တချို့တွေက ပိုလို့တောင် ရှုပ် ထွေးသွားကြသည်။ ဒါက reality show လေ ဘယ်လိုလုပ် ရဲအရာရှိတစ်ယောက်က ရှိနေတာလဲ? သူ့ဘေးနားမှာ စုန့်လင်းချွမ်နဲ့ စုန့်အာ့နန်တို့သာ မရှိရင် သူတို့မှားဝင်လာတယ်လို့ ထင်မိတော့မလို့ပင်။

ထုတ်လွှင့်မှုထိန်းချုပ်ရေးအခန်းတွင်၊ ဒါရိုက်တာက ထူးထူးခြားခြား အဖြစ်အပျက်ကို ခံစားချက်တွေ ရောထွေးစွာနဲ့ ကြည့်နေသည်။

နှစ်အတော်ကြာ reality show လုပ်ခဲ့တာ ဒီဟာကပထမဆုံးဘဲ။

ပြီးတော့ ရုတ်တရက်ကြီး "ထောက်ပံ့မှု" လည်း မယူထားဘူး။

ရဲအရာရှိဦးလေးကြီးက နောက်ဆုံးတော့ စကားဆုံးသွားသည်။ အဆုံးမှာ၊ သူက အခြားသူတွေကို နိုးနိုးကြားကြား၊ ရဲရဲရင့်ရင့်နဲ့ ကူညီခဲ့တဲ့ အတွက် စုန့်အာ့နန်ကို အထူးတလည် ချီးကျူးလာသည်။

"အိုး ဟုတ်သားဘဲ မင်းနာမည်တွေ မေးဖို့ မေ့နေတာ။ မင်းကို လူတစ်သန်းလောက် လာကြည့်ကြတာဆိုတော့ မင်းတို့က အရမ်းနာမည်ကြီးတဲ့ အနုပညာရှင်တွေ ဖြစ်ရမယ်" ရဲအရာရှိဦးလေးက နောက်ကျမှ မေးဖို့သတိရသွားသည်။

စုန့်အာ့နန်က ပြုံးလိုက်ကာ ပြန်ပြောလိုက်သည်။ "ရဲအရာရှိဦးလေး၊ ကျွန်မက နာမည်ကြီး မဟုတ်ပါဘူး။ လင်းချွမ်ကမှ နာမည်ကြီးလေ သူက တကယ်ကို အံ့သြစရာကောင်းပြီး တော်လည်း တော်တယ်။ livestream က လူတွေ အကုန်လုံးက သူ့ကို တွေ့ဖို့ လာကြည့်ကြတာ"

"သူ့နာမည်က စုန့်လင်းချွမ်ပါ၊ ကျွန်မက သူ့အန်တီလေး စုန့်အာ့နန်ပါ"

[ဘယ်သူပြောတာလဲ? ငါက အန်တီလေးကိုဘဲ ကြည့်ဖို့လာတာ]

[ကောင်းပြီ၊ အစကတော့ ငါ့ကောကော စုန့်လင်းချွမ်ကြောင့် လာခဲ့တာ ဝန်ခံတယ်၊ ဒါပေမယ့် အခု တစ်ဝက်လောက်က အန်တီလေးကြောင့်ဖြစ်သွားပြီ!]

[ငါရုတ်တရက် နည်းနည်း ရင်ထဲထိသွားတယ်၊ ဘာတွေဖြစ်နေတာလဲ? အန်တီလေးရဲ့ ဂုဏ်ယူဝင့်ကြွားတဲ့အမူအရာကြောင့် ငါငိုမိပြီ၊ ဒါက စုန့်လင်းချွမ်အတွက် စိတ်ရင်းမှန်နဲ့လို့ ခံစားရတယ်]

[အရင်အင်တာဗျူးတစ်ခုတုန်းက၊ စုန့်လင်းချွမ် သူ talent show မှာ ပထမဆုံးပါဝင်ခဲ့တုန်းက သူ့အန်တီလေး တစ်ယောက်ထဲကဘဲ သူ့ကိုခြွင်းချက်မရှိ ပံ့ပိုးခဲ့ပြီး သူ့ရဲ့စွမ်းရည်ကို မြင်တယ်လို့ ပြောခဲ့ဖူးတယ်။ ဒီအသိအမှတ်ပြုမှုက တကယ်အရေးကြီးတယ်။ ဒီအတွက်ကြောင့်နဲ့ စုန့်လင်းချွမ်က "အန်တီလေးရဲ့ရတနာ" ဖြစ်လာတာထင်တယ်]

[ဟာဟား၊ လူတိုင်း သတိထားမိကြရဲ့လား၊ အန်တီလေးရဲ့ ရှက်ကိုးရှက်ကန်းပုံစံက စုန့်လင်းချွမ်နဲ့ တစ်ပုံစံထဲဘဲ။ သူတို့နှစ်ယောက်က ပြီးပြည့်စုံတဲ့ တူဝရီးတွေဘဲ]

[ဟုတ်တယ်၊ တူလေးက သူ့အန်တီလေးနဲ့ဆင်တာ သဘာဝဘဲ။ နောက်ဆုံးတော့ သူတို့က ဆွေမျိုးသားချင်းတွေဘဲလေ]

[အမှန်ဘဲ သူတို့ဆက်ဆံရေးက ဘာပဲဖြစ်ဖြစ် အပြန်အလှန် ချစ်ခင်မှုကသာ အပျော်ရွှင်ရဆုံးဘဲ]

သူတို့ရဲ့ တူဝရီး အနှောင်အဖွဲ့တွေကြောင့် အင်တာနက်သုံးစွဲသူတွေတောင် ရင်ထဲ ထိသွားရသည်။ ရဲအရာရှိဦးလေးက စုန့်လင်းချွမ်ဆီ ရုတ်တရက် လှမ်းကြည့်လိုက်သည်။

သူ့အသံက နည်းနည်း ကျယ်လာသည်။ "မင်းက နာမည်ကြီး စုန့်လင်းချွမ်ဘဲ!"

စုန့်လင်းချွမ် လည်း လန့်သွားသည်။ ဒီရဲအရာရှိဦးလေးက ဘာကြောင့် ရုတ်တရက် စိတ်လှုပ်ရှားသွားလဲဆိုတာ သူနားမလည်ပေမယ့် ရိုးရိုးသားသား ပြန်ဖြေလိုက်သည်။ "ဟုတ်ကဲ့၊ ကျွန်‌တော်က စုန့်လင်းချွမ်ပါ"

ရဲအရာရှိကြီးက မျက်ခုံးတင်းတင်းတွန့်ချိုးထားကာ တစ်ခဏလောက် တိတ်ဆိတ်နေပြီး စုန့်လင်းချွမ်ကို လုံးဝထွင်းဖောက်မြင်ချင်နေသလိုမျိုး ကြည့်နေသည်။

ကားထဲရှိ လေထုက နားမလည်နိုင်အောင် နည်းနည်း အေးခဲလာသည်။

စုန့်အာ့နန်က မျက်တောင်ခတ်လိုက်ပြီး ရဲအရာရှိကိုမေးလိုက်သည်။ "လင်းချွမ်က ဘာဖြစ်လို့လဲ?"

ရဲအရာရှိဦးလေးက စုန့်လင်းချွမ်ကို တစ်ချက်ကြည့်လိုက်ပြီးနောက်တော့ စုန့်အာ့နန် ကိုကြည့်လိုက်ကာ တစ်ခုခုပြောချင်ပေမယ့် ပြန်ထိန်းထားလိုက်သည်။

ရဲအရုရှိဦးလေးရဲ့ တုံ့ပြန်မှုကို ကြည့်ပြီး ကားထဲကလူတွေ‌ရော၊ တိုက်ရိုက်ထုတ်လွှင့်တာကို ကြည့်နေတဲ့ လူတွေရော အားလုံးက ပဟေဌိဖြစ်သွားသည်။

ဖြစ်နိုင်တာက...စုန့်လင်းချွမ် အရင်တုန်းက ဒီရဲအရာရှိဦးလေးနဲ့ ပဋိပက္ခတွေ ရှိခဲ့ဖူးလို့များလား?

ဒါပေမယ့် အဲဒါလည်း မမှန်ဘူး။ သူတို့မှာ ပဋိပက္ခတွေရှိခဲ့ရင် သူ့ကို စောစောကတည်းက မှတ်မိရမှာပေါ့။

အဲဒီအချိန်မှာပဲ ရှေ့က ကားမောင်းနေတဲ့ ရဲသားလေးက အားလုံးရဲ့ သံသယတွေကို အချိန်မီဖြေရှင်းလိုက်သည်။

"အကိုကြီးလီ ရဲ့သမီးက သူ့အမာခံပရိသတ်လေ။ သူက သူ့ကို နှစ်အတော်ကြာ သဘောကျလာတာ သူ့အကြောင်းလည်း အမြဲတမ်းပြောတာ ကြားရတယ်... ဘာပါလိမ့်... "

"အိုးဟုတ်သား ဇနီးဖန်တဲ့!"

လူတိုင်း - ???

All Chapters