← Chapters

အခန်း (၁၈)

Vol. 2 Ch. 18

အခန်း (၁၈)

Vol. 2 Ch. 18

ညစာစားပြီးတဲ့နောက် စုန့်လင်းချွမ်နဲ့ စုန့်အာ့နန်တို့လည်းပျင်းလာတဲ့အတွက် ဧည့်ခန်းမှာ TV ကြည့်ဖို့ ဆုံးဖြတ်လိုက်ကြသည်။

TVထဲတွင် ဆေးဘက်ဆိုင်ရာ မှတ်တမ်းရုပ်ရှင်ကို ပြနေပြီး စုန့်အာ့နန်က အရမ်းစိတ်ဝင်စားနေပေမယ့် စုန့်လင်းချွမ်ကတော့ နည်းနည်း အိပ်ငိုက်သည်။

သူတို့နှစ်ယောက် ဘယ်လောက်ကြာကြာ ကြည့်နေမိမှန်းမသိပေ။ ရုတ်တရက် စုန့်အာ့နန်တစ်ယောက် ဗိုက်ထဲမှာ နည်းနည်း မအီမသာဖြစ်နေပြီး သန့်စင်ခန်းထဲ အမြန်သွားလိုက်သည်။

သူမ ထွက်သွားတာနဲ့ တစ်ပြိုင်နက်၊ စုန့်လင်းချွမ်က TVရီမုကိုယူကာ ရပ်ထားလိုက်သည်။

သူအကြောဆန့်လိုက်ပြီး နောက်ဆုံး နည်းနည်းနိုးကြားလာသည်။

မအံ့သြစရာတော့ဘူး၊ ဒီဟာတွေက အရမ်းအိပ်ငိုက်ဖို့ကောင်းတာ။

စုန့်လင်းချွမ်က ကော်ဖီစားပွဲပေါ်ရှိ ဖုန်းကို ယူလိုက်ပြီးတစ်ချက်ကြည့်လိုက်သည်။ ဖေးခွမ်ဆီကနေ ဘာမက်ဆေ့ခ်ျအသစ်မှ မတွေ့ရတဲ့အတွက် နည်းနည်း စိတ်ရှုပ်ထွေးသွားသည်။

သူ့ကိုဘယ်လေမသွားလဲ သူမသိဘူး။ ဖေးခွမ် သူ့ကိုအိမ်မှာလားလို့ မေးတဲ့ မက်ဆေ့ချ်ကလွဲပြီး သူ့ဆီက ဘာသံမှ ထွက်မလာတော့ပေ။

စုန့်လင်းချွမ်က ဘာဖြစ်လို့လဲလို့ မေးဖို့ နောက်ထပ် မက်ဆေ့ချ်တစ်ခု ပို့ရမလား စဉ်းစားနေတုန်းမှာပဲ တံခါးဘဲလ်သံက ရုတ်တရက် မြည်လာခဲ့သည်။

နံရံပေါ်က နာရီကို ကြည့်လိုက်တော့ ရှစ်နာရီထိုးနေပြီ ဖြစ်သည်။ စုန့်လင်းချွမ် အံ့အားသင့်သွားသည်။

ဒီအချိန်ကြီး ဘယ်သူက တံခါးလာခေါက်မှာလဲ?

သူတို့ဘာပစ္စည်းမှလည်း မမှာထားဘူး။

ထို့အပြင် ဤရပ်ကွက်အတွင်းရှိ လုံခြုံရေးအစောင့်များဟာလည ပုံမှန်အားဖြင့် အရမ်းတင်းကျပ်လှသည်။ စားစရာလာပို့တဲ့ လူတွေတောင် မဝင်ခင် ဒီမှာနေတဲ့သူတွေနဲ့ အရင်ဆုံး အဆက်အသွယ်လုပ်ရသည်။

စုန့်လင်းချွမ် အံ့အားသင့်စွာနဲ့ တံခါးဆီ လျှောက်သွားလိုက်သည်။ သူ ဗီဒီယိုအင်တာကွန်ကို ဖွင့်လိုက်တော့ ဘယ်သူလဲဆိုတာ မြင်လိုက်ရသည်။ သူ့မျက်နှာပေါ်က ရှားရှားပါးပါး အံ့အားသင့်နေတဲ့ အမူအရာနဲ့ သူမနေနိုင်ဘဲ အံ့အားသင့်သွားရသည်။

တံခါးကိုဖွင့်လိုက်တော့ဖေးခွမ်က အပြင်မှာ ရပ်နေတာကို သူတွေ့လိုက်ရသည်။ "မင်းဒီမှာ ဘာလုပ်နေတာလဲ?"

ဖေးခွမ် တစ်ခုခုပြောမလို့ ပြင်နေတုန်းမှာ အမြန်ပြေးလာတဲ့ ကင်မရာမင်းနဲ့ မျက်လုံးချင်းဆုံသွားပြီး သူ မျက်ခုံးပင့်လိုက်သည်။

တိုက်ရိုက်ထုတ်လွှင့်တဲ့ အခန်းထဲရှိ စခရင်တွင် မှတ်ချက်တွေကျည်ဆန်လို ပေါက်ကွဲသွားသည် - "အို ဘုရားရေ!!!"

ဖေးခွမ် စုန့်လင်းချွမ် လှည့်မကြည့်မီ တစ်စက္ကန့်လောက်အေးခဲသွားသည်။ "ဒါက အဆင်မပြေဘူးလား?"

သူ့အန်တီလေးဆီ လာလည်မယ်လို့ ဖေးခွမ် ပြောခဲ့တာကို စုန့်လင်းချွမ် သတိရသွားသည်။

“မဟုတ်ဘူး ငါ…” သူပြောလိုက်ပြီး ဖေးခွမ်နောက်ကနေ အထဲထိ လိုက်လာတဲ့ ကင်မရာမင်းကို ကြည့်လိုက်သည်။ "အိုး၊ ငါတို့ variety show ရိုက်နေတာ အဆင်မပြေသေးဘူး"

ဒါကိုပြောပြီးတော့ စုန့်လင်းချွမ်က တစ်ခုခုကို သတိရသွားပုံရပြီး သူအမြန်မေးလိုက်သည်။ " မင်း ဒါကိုအဆင်ပြေရဲ့လား?"

ဖျော်ဖြေရေးကုမ္ပဏီတွေဟာ သူတို့ရဲ့အနုပညာရှင်တွေအပေါ် ကန့်သတ်ချက် အချို့ ရှိတတ်သည်။ စုန့်လင်းချွမ်က ဖေးခွမ် ရဲ့အခြေအနေတွေကို ရှင်းရှင်းလင်းလင်း မသိပါချေ။

"မင်းအတွက် အဆင်မပြေရင်လည်း ခဏနေ ငါတို့ ပြီးတော့မှာ။ ပြီးမှ မင်းကို ငါလာရှာလိုက်မယ်" စုန့်လင်းချွမ်ကပြောလိုက်သည်။

ဖေးခွမ်က ပြုံးလိုက်ပြီး ခေါင်းခါလိုက်သည်။ "ငါအဆင်ပြေတယ်၊ ဘယ်လိုဘဲဖြစ်ဖြစ် အဆင်ပြေတယ်"

သူက ကင်မရာမင်းကိုကြည့်လိုက်ပြီး ပြောလိုက်သည်။ "ခင်ဗျားတို့ အဖွဲ့သားတွေအတွက် အဆင်ပြေရဲ့လား? မဟုတ်ရင်လည်း ကျွန်တော်အရင်သွားလိုက်ပြီး အားလုံးပြီးမှ ပြန်လာလိုက်မယ်လေ"

ဒါကိုကြားတော့ ကင်မရာဆရာက လက်ကို အမြန်ဝှေ့ယမ်းလိုက်ပြီး ပြောလိုက်သည်။ "မလိုပါဘူး၊ မလိုပါဘူး၊ ငါတို့အတွက် အဆင်ပြေတယ်!!"

သူတို့က အဆင်မပြေဘူးလို့ ဘယ်လိုလုပ် ပြောရဲမှာလဲ?

လုပ်စမ်းပါ၊ ဒါက သူတို့ပြောပြောနေကြတဲ့ ဖေးခွမ်လေ

သူက ပုံမှန်ဆို ဖိတ်လို့တောင် မရတဲ့သူလေ။ အခုတော့ သူက သူတို့ ရှိုးထဲမှာ အလကား ပါလာတာ။ ရူးနေတဲ့သူကဘဲ ငြင်းလိမ့်မယ်။

ပြောစရာတောင် မလိုဘူး... ကင်မရာသမားက စုန့်လင်းချွမ်ကိုကြည့်လိုက်ပြီး ဖေးခွမ်ကို ထပ်ကြည့်လိုက်သည်။ ဒီထိပ်တန်းနဲ့ လက်ရှိရေပန်းအစားဆုံး အမျိုးသားအနုပညာရှင်နှစ်ယောက် အတူရှိနေလို့ နာမည်ကြီးလာမယ့် သတင်းခေါင်းစဉ်တွေကို စိတ်ကူးကြည့်လို့တောင်ရတယ်။

စုန့်လင်းချွမ်နဲ့ ဖေးခွမ်တို့ရဲ့ cp ပရိသတ်အချို့လည်း တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်လာကြသည်။ ဖေးခွမ်ပေါ်လာတာနဲ့ ချက်ချင်းဘဲ အကုန်လုံး အရူးအမူးဖြစ်သွားကြသည်။

[အားးးး၊ omfg omfg! ဒါက တကယ်ကြီး ဖေးခွမ်ဘဲ မယုံနိုင်ဘူး။ ဒီလိုဖြစ်လာလိမ့်မယ်လို့ ငါတစ်ခါမှ မထင်ထားခဲ့ဘူး!]

[ဝါးးး၊ ဒါက ဘယ်လိုမှော်အစွမ်းရှိတဲ့ variety show မျိုးလဲ? ငါ့ရဲ့ otp က စခရင်မှာ အတူတူပေါ်လာတယ် မားမားရေ ငါငိုမိတော့မယ်]

[စုန့်ဖေး cp ထာဝရ!]

cp ပရိသတ်တွေအပြင် အခြားကြည့်ရှုသူ‌တွေလည်း အံ့သြသွားကြသည်။

ပြည်တွင်း ဖျော်ဖြေရေးနယ်ပယ်တွင် ထိပ်တန်း A-list အနုပညာရှင်များစွာရှိပြီး စုန့်လင်းချွမ်နဲ့ ဖေးခွမ်တို့လည်း အပါအဝင်ပင်။

ဒါကြောင့် ဖေးခွမ်နဲ့ သိပ်မရင်းနှီးကြပေမယ့် အများစုက သူ့နာမည်ကို အနည်းဆုံး ကြားဖူးကြသည်။

[အစောပိုင်းက စုန့်လင်းချွမ်နဲ့ ဖေးခွမ်က မားကတ်တင်းလှည့်ကွက်လုပ်နေကြတာလို့ ပြောတဲ့ အွန်လိုင်းအတင်းအဖျင်းအချို့ကို ငါတွေ့ဖူးတယ်။ ဒါပေမယ့် ဒါတွေက အတုအယောင်တွေ မဟုတ်ဘူးဘဲ၊ သူတို့တစ်ယောက်နဲ့တစ်ယောက်မှာ သီးသန့်ဆက်ဆံရေးမျိုး ရှိတဲ့ပုံဘဲ]

[ကောင်းပြီ ငါက၊ သီးသန့်တွေ့ဆုံဖို့ နေနေသာသာ မက်ဆေ့ချ်တွေကို စာပြန်ဖို့တောင် ပျင်းလွန်းတဲ့လူတစ်ယောက်ဘဲ]

[ဟာဟား၊ အဲဒီစိတ်ကြီးဝင်‌နေကြတဲ့ cp ပရိတ်သတ်ကို လျစ်လျူရှုလိုက်၊ အဲဒီ့မှာ သူတို့သင်္ဘောကို ထပ်ပြီး မြှင့်တင်နေတာလေ။ သူတို့နှစ်ယောက်လုံးက သူငယ်ချင်းတွေဆိုပြီး ရှင်းရှင်းလင်းလင်း ပြောထားတာဘဲကို နင်တို့တွေက သူတို့ကို ship နေနိုင်သေးတာလား? ဟာသဘဲ]

[ငါက စုန့်ဖေး shipperတော့ မဟုတ်ဘူး၊ cp fandom ရဲ့ သက်တမ်းကြာရှည်တဲ့ ဝါရင့်တစ်ယောက်အနေနဲ့ အတွေ့အကြုံအရ ပြောနိုင်တာက ဂရုမစိုက်ဘဲ ပိုပွင့်လင်းကြတဲ့လူတွေက တကယ့်သူငယ်ချင်းတွေဖြစ်နိုင်ချေပိုများတယ်]

[ cp fan တစ်ယောက်အနေနဲ့ ငါပြောတာကို ဘယ်သူက ဂရုစိုက်လို့လဲ! အချစ်ရေး၊ ခင်မင်ရင်းနှီးမှု၊ မိသားစုအချစ်၊ ညီအစ်ကိုအချစ်ဘဲ ဖြစ်ဖြစ်၊ တကယ်သာဖြစ်နေသရွေ့ငါ ship ပေးနိုင်တယ်]

[ခဏနေဦး ခဏနေကြဦး! ငါတို့ တစ်ခုခုလွတ်သွားတာများလား? အစောပိုင်းက စုန့်လင်းချွမ် တုံ့ပြန်ပုံအရဆို ဖေးခွမ်လာမယ်ဆိုတာ သူ မသိတဲ့ပုံဘဲ။ ဒီတော့ မေးခွန်းက ဖေးခွမ်က ဘယ်လိုလုပ် ဝင်လာတာလဲ?]

[အိုး ဟုတ်တယ်! စုန့်လင်းချွမ် နေတဲ့နေရာက လုံခြုံရေးတင်းကျပ်လွန်းတယ်လို့ စောစောက ပြောခဲ့တာ။ ဝင်ခွင့်ကတ်တွေ မရှိတဲ့သူ ဒါမီမဟုတ် နေထိုင်တဲ့သူနဲ့ မပါလာတဲ့ ဧည့်သည်တွေကို ဝင်ခွင့်မပြုဘူး]

ဝင်လာပြီးတဲ့နောက် ဖေးခွမ်က စုန့်လင်းချွမ်နဲ့အတူ ဧည့်ခန်းဆီသွားလိုက်သည်။

စုန့်လင်းချွမ်က ရေခဲသေတ္တာထဲက ရေတစ်ပုလင်းကိုယူပြီး ဖေးခွမ်ဆီ ပစ်ပေးလိုက်သည်။ "ဘယ်တုန်းက ပြန်ရောက်တာလဲ?"

ဖေးခွမ်က ရေဘူးကို ဖွင့်လိုက်ပြီး တစ်ငုံသောက်လိုက်သည်။ "အခုလေးတင်ဘဲ"

စုန့်လင်းချွမ် အံ့သြသွားသည်။ "အခုလေးတင်?"

ဖေးခွမ်က ခေါင်းဖြည်းဖြည်းချင်း ညိတ်လိုက်သည်။ "အင်း မင်းကို မက်ဆေ့ချ်ပို့လာတုန်းက ငါ ပြန်လာနေတာ။ ကားက မင်းတို့ အဆောက်အဦနားက ဖြတ်သွားတော့ ဒရိုင်ဘာကို ဒီကိုမောင်းခိုင်းလိုက်တာ"

[အိုး... ဒါဆို ဖေးခွမ်က စုန့်လင်းချွမ်နဲ့ နေတဲ့နေရာတူတဲ့ပုံဘဲ။ သူဝင်လာလို့ရတာ မဆန်းတော့ဘူး]

[သိသားဘဲ! သူတို့ ‌နှစ်ယောက် နေတဲ့နေရာတူတယ်ဆိုတာ အရင်က ပါပါရာဇီတွေဆီကသတင်းတွေ ထွက်ခဲ့သေးတယ်။ ဒါက အတည်ပြုလိုက်တာဘဲ]

[ဖေးခွမ်က သူ့နေရာသူ အရင်မသွားဘဲ စုန့်လင်းချွမ်ဆီအရင်လာတယ်ဆိုကတည်းက သူ့မှာ အရေးတကြီး ကိစ္စတစ်ခုခုရှိနေတဲ့ပုံပဲ]

ပတ်ပတ်လည်ကို လိုက်ကြည့်လိုက်ပြီး ဖေးခွမ်က တည့်တည့်ဘဲပြောလာသည်။ "မင်းရဲ့အန်တီ‌လေးဆီ လာလည်မယ်လို့ ငါပြောခဲ့တယ်လေ။ ငါလာတာ အချိန်မှားသွားတာလား? သူအိမ်မှာ မရှိဘူးလား?"

စုန့်လင်းချွမ် ဆိုဖာပေါ်လှဲချလိုက်ပြီး ဖေးခွမ်ကို ထိုင်ဖို့ လက်ဟန်ပြလိုက်သည်။

"မဟုတ်ဘူး၊ ငါ့အန်တီ‌လေး အိမ်မှာရှိတယ် အလုပ်ရှုပ်‌နေလို့။ ခဏစောင့်၊ ခဏနေ ထွက်လာလိမ့်မယ်"

ဖေးခွမ်လည်း ပေါ့ပေါ့ပါးပါး ခေါင်းညိတ်လိုက်ပြီး သူကိုင်ထားတဲ့ လက်ဆောင်အိတ်ကို ကော်ဖီစားပွဲပေါ်တင်လိုက်ကာ ထိုင်ချလိုက်သည်။

စုန့်လင်းချွမ်က လက်ဆောင်အိတ်ကို မေးငေါ့‌ရင်း လူပါးဝစွာနဲ့မေးလိုက်သည်။ "ဘာယူလာတာလဲ....ငါ့အတွက်လား?"

ဖေးခွမ် က စိတ်မဆိုးပေ။ သူက ဆိုဖာလက်တန်းပေါ် လက်တင်လိုက်ပြီး ခပ်ဟဟရယ်လိုက်သည်။ "မင်း သင်္ချိုင်းထဲ အစောကြီး သွားဖို့ကျိန်ဆဲနေတာ မလိုချင်ဘူးမလား?"

နှစ်ယောက်သား တစ်ယောက်နဲ့ တစ်ယောက် စနောက်လေ့ရှိသည်။ စုန့်လင်းချွမ်က ပြန်တုံ့ပြန်လိုက်ချင်ပေမယ့် ကင်မရာမင်းကို မျက်လုံးထောင့်ကနေ သတိပြုမိပြီး နောက်ဆုံးတော့ ပါးစပ်ပိတ်လိုက်သည်။

[ဟာဟားဟား၊ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက သေချာပေါက်ကို ရင်းနှီးတယ်လို့ ပြောလို့ရတယ်]

[ဟုတ်တယ်၊ သူတို့တစ်ယောက်နားတစ်ယောက် ရှိနေတာက အေးဆေးဖြစ်နေတဲ့ပုံဘဲ]

[Lol စုန့်လင်းချွမ်တစ်‌ယောက် "ဒီအဖေအတွက်" လို့ပြောမလို့လုပ်နေမှန်း သတိထားမိတာ ငါတစ်ယောက်ထဲ မဟုတ်ဘူးထင်တယ်]

[သာမန်ဘဲ သာမာန်ပါဘဲ၊ ယောက်ျားလေးအချင်းချင်း ဆက်ဆံရေးက တစ်ယောက်ကိုတစ်ယောက် အဖေတို့၊ အစ်ကိုကြီးတို့ အဲ့လိုမျိုး ခေါ်နေကြဘဲလေ]

ဖေးခွမ်တစ်ယောက် ဆက်ပြီး စနောက်မနေတော့ဘဲ တိုက်ရိုက်ရှင်းပြလိုက်သည်။ “ဒါက ငါ့အတွက် အကြီးတွေဆီ ပထမဆုံးလာလည်တာဆို‌တော့ လက်ဆောင် ပြင်ထားတာ"

ဒီဟာက သူ့အန်တီလေးအတွက် လက်ဆောင်ဖြစ်မယ်ဆိုတာ စုန့်လင်းချွမ်တစ်ယောက် ခန့်မှန်းမိသည်။ နောက်ဆုံးတော့ ဒီခွေးက သူ့အတွက် ဘယ်တုန်းကများတစ်ခုခု ယူလာပေးဖူးလို့လဲ?

[အို၊ ဒါဆို ဖေးခွမ်က အန်တီလေးဆီ အထူးတလည် လာလည်တာလား?]

[အန်တီလေးဆီလာလည်တာ? အကြီးဆီလား? ဖေးခွမ်ရဲ့ စကားက နည်းနည်းထူးဆန်းနေတယ်လို့ထင်တာ ‌ငါတစ်ယောက်ထဲဘဲလား?]

[အမ် အန်တီလေးက တကယ်တော့ အန်တီလေးငယ်ငယ်လေးဆိုတာ ဖေးခွမ် မသိသေးဘူးထင်တယ် ဟုတ်? ဒါက သူ့ကိုပထမဆုံး လာတွေ့တာလို့ သူပြောခဲ့တယ်လေ]

[မဖြစ်နိုင်ဘူး၊ ဒီရှိုးကို ထုတ်လွှင့်တာ နှစ်ရက်ရှိနေပြီကို။ စုန့်အာ့နန်နဲ့ စုန့်လင်းချွမ်တို့က နှစ်ရက်လုံး hot search တွေဖြစ်နေတာကို။ ဖေးခွမ်က အင်တာနက်မရှိတဲ့ ဝေးလံခေါင်သီတဲ့ တောင်ပေါ်ရွာလေးမှာ ရှိခဲ့ရင်တောင် တစ်ရွာလုံးကို သူသွားလာခွင့်ရှိတာဆိုတာ သူသိမှာပေါ့]

[အင်း...အသေအချာတော့ ပြောဖို့ခက်တယ်]

ဆိုဖာက တီဗီစခရင်ကို တိုက်ရိုက်မျက်နှာမူထားသည်။ ဖေးခွမ် ထိုင်နေတုန်း သူ့အကြည့်တွေ ပထမဆုံးရောက်သွားတာကရပ်ထားတဲ့ မှတ်တမ်းရုပ်ရှင်တစ်ခုဖြစ်သည်။ သူ့မျက်လုံးထဲ အံ့သြမှုတစ်ခုဖြတ်ခနဲလက်သွားသည်

"မင်းလည်း ဒီမှတ်တမ်းရုပ်ရှင်ကို ကြည့်ရတာ ကြိုက်တာလား?"

လက်တွေ့ဘဝတွင် ဖေးခွမ်သည် ဒီလိုမျိုး ဆေးမှတ်တမ်းရုပ်ရှင်တွေကို သဘောကျတဲ့သူဖြစ်သည်။ အထူးသဖြင့် ဆေးဘက်ဆိုင်ရာ ရောဂါတွေအကြောင်း ဖော်ပြထားတဲ့ စုန့်လင်းချွမ် ကြည့်နေသည့် ရုပ်ရှင်လိုမျိုးကိုပင်။

အဲ့ဒီအချိန်၊ ကျည်ဆံစခရင်က ပရိသတ်တွေက စုန့်လင်းချွမ်ကို လုံးဝ မျက်နှာသာမပေးဘဲ သူ့ရဲ့အားနည်းချက်အားလုံးကို ချက်ခြင်းထုတ်ပြလိုက်သည်။

[ဟာဟားဟား၊ ဖေးခွမ်က စုန့်လင်းချွမ်ကို အရမ်းအထင်ကြီးနေတာပဲ။ သူနားလည်လား မလည်လား ငါမသိပေမယ့် ပျင်းလွန်းလို့ အိပ်ငိုက်နေတာတော့ သိတယ်]

[စုန့်လင်းချွမ်က တကယ်အိပ်ငိုက်နေပြီး နိုးအောင် အတင်းလုပ်နေရတဲ့ပုံဘဲ၊ အရင်တုန်းက အတန်းထဲမှာ အိပ်ငိုက်နေတဲ့ ငါ့လိုဘဲ]

[အင်း စုန့်လင်းချွမ်ကို မရယ်တော့ဘူး စောစောတုန်းက ငါလည်း ကြည့်နေရင်း အိပ်ပျော်တော့မလို့]

[ဟုတ်လား? ဒီလို ပရော်ဖက်ရှင်နယ် ဆေးမှတ်တမ်းရုပ်ရှင်မျိုးကို ဆေးကျောင်းသားတစ်ယောက်ဖြစ်တဲ့ အန်တီလေးက စိတ်ဝင်စားတယ်လို့ ထင်တယ်]

[ဆေးကျောင်းသား တစ်ယောက်အနေနဲ့ ဝန်ခံရမှာကို ရှက်မိတယ်၊ ဒါပေမယ့် ငါလည်း ဒီလိုဟာတွေကို မကြည့်နိုင်ဘူး *ဟင်း* ဒါက ပညာရပ်သင်အဆင့်နဲ့ ပညာရှင်အဆင့်ကြားက ခြားနားချက် ထင်ပါရဲ့]

[အိုး... ဖေးခွမ်က 'လည်းဘဲ' ဆိုတဲ့ စကားလုံးကို သုံးလိုက်တာ သတိထားမိကြလား? ဒါနဲ့ သူလည်း ကြည့်ရတာ ကြိုက်တယ်လို့ ဆိုလိုတာလား?]

[ဖေးခွမ်က ဆရာဝန်နေရာမှာ အကြိမ်ကြိမ်သရုပ်ဆောင်ရလို့များလား?]

[ရှင်းပြဖို့ ဖေးခွမ် ဖန်ရောက်လာပါပြီ! ငါ့ရဲ့ကောကောက အသက်ရှုလမ်းကြောင်းဆိုင်ရာ၊ နှလုံးသွေးကြောဆိုင်ရာနဲ့ ကင်ဆာရောဂါဆိုင်ရာ ဆရာဝန်ဇာတ်ရုပ်တွေကို သုံးကြိမ်လောက် သရုပ်ဆောင်ဖူးတယ်]

[ ဖေးခွမ်အဓိက စိတ်ဝင်စားတာက ဘာလဲ? သူ့မှာ ဆရာဝန်တွေနဲ့ပတ်သတ်ပြီး တစ်ခုခုရှိတဲ့ပုံဘဲ LOL]

စုန့်လင်းချွမ်က TVမှာ ခဏရပ်ထားတဲ့ ဆေးမှတ်တမ်းရုပ်ရှင်ကို ကြည့်လိုက်ပြီး သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ "မဟုတ်ဘူး ငါ့အန်တီလေးကြိုက်တာ"

အန်တီလေးက ကြိုက်တာလား?

ဖေးခွမ် မျက်ခုံးပင့်လိုက်ကာ အံ့သြသွားသည်။

အဲ့ဒီအချိန်မှာဘဲ အိပ်ခန်းဘက်ကနေ အသံတွေ ရုတ်တရက် ထွက်လာသည်။

ဖေးခွမ် လှည့်ကြည့်လိုက်ပြီး စုန့်အာ့နန်ကို တွေ့တော့ ကြောင်သွားသည်။ သူ့ရဲ့ပထမဆုံးတုံ့ပြန်မှုကတော့ စိတ်ရှုပ်ထွေးသွားတာပင်။

"မင်းမှာ တခြားဧည့်သည်တွေလည်း ရှိနေလား?" ဖေးခွမ်က စုန့်လင်းချွမ်ကို မေးလိုက်သည်။

စုန့်လင်းချွမ်က စုန့်အာ့နန် လက်ပြပြီး သူမနဲ့ မိတ်ဆက်ပေးလိုက်သည်။ "ငါ့အန်တီလေး"

ဖေးခွမ်ရဲ့ အပြုံးမှာ အေးခဲသွားပြီး "မင်းရဲ့အန်တီလေး?"

နောက်တော့ တီရှပ်အဖြူ၊ အပြာနုရောင် ဘောင်းဘီတို၊ ponytail နဲ့ စုန့်အာ့နန်ကို ကြည့်လိုက်သည်....

ပြီးတော့ မိတ်ကပ်မလိမ်းထားဘဲ နုပျိုဖြူစင်တဲ့ မျက်နှာလေး။ သူမက အများဆုံး ဆယ့်ငါးနှစ် သို့မဟုတ် ဒါမှမဟုတ် ဆယ့်ခြောက်နှစ်လောက်ပဲ ရှိမည်ဖြစ်ကာ သူထင်ထားတာထက်ကို ပိုပြီး ငယ်နေသည်။

စုန့်လင်းချွမ်က မေးမော့လိုက်ပြီး ပြောလိုက်သည်။ "ဟုတ်တယ်၊ ဘာလဲ၊ မင်းမှာပြဿနာရှိလို့လား?"

ဖေးခွမ် - "..."

[ဟားဟားဟား၊ ဖေးခွမ်ရဲ့ တုံ့ပြန်မှုကို ကြည့်လိုက်ရုံနဲ့ အန်တီလေးက အသက်ငယ်ငယ်လေးဘဲရှိတယ်ဆိုတာ သူမသိတာ သိသာတယ် ။ သူ့တုံ့ပြန်မှုက အဖိုးမဖြတ်နိုင်အောင် စစ်မှန်လွန်းတယ်]

[ဖေးခွမ် - ငါရုတ်တရက် ဒီညီအစ်ကို ကို မလိုချင်တော့ဘူး]

ဖေးခွမ်ကို သူမရဲ့အိမ်မှာ ရုတ်တရက် တွေ့လိုက်ရတော့ စုန့်အာ့နန်လည်း နည်းနည်းကြောင်သွားသည်။

ကံကောင်းထောက်မစွာနဲ့ စုန့်လင်းချွမ်က အချိန်မီ မတ်တတ်ထရပ်လိုက်ပြီး စုန့်အာ့နန်ကို လက်ပြလိုက်သည်။ "အန်တီလေး၊ ဒါက ငါ့သူငယ်ချင်း ဖေးခွမ်။ အရင်က အန်တီလေး ငါနဲ့ လာနေမယ်လို့ သူ့ကိုပြောပြထားတော့ သူက အန်တီလေးဆီ အထူးတလည် လာလည်ချင်ခဲ့တာ"

စုန့်လင်းချွမ်ရဲ့စကားကိုကြားတော့ မတ်တတ်ရပ်နေဖေးခွမ်လည်း မတတ်နိုင်ဘဲ ခြေလှမ်းတွေ တုံ့ဆိုင်းသွားသည်။

သူက စုန့်လင်းချွမ်ကို မသိမသာ စိုက်ကြည့်လိုက်သည်။

အရမ်းကောင်းတယ်၊ ဒီကောင်က ရည်ရွယ်ချက်ရှိရှိ လုပ်နေတာဘဲ

စုန့်အာ့နန်လည်း အံ့သြသွားသည်။ သူမဆီ အထူးအလည် လာလည်တာလား?

သူမ တကယ် မမျှော်လင့်ထားပါပေ။

ဒါ့အပြင် စုန့်အာ့နန်လည်း ဖေးခွမ်ကို တစ်ချက်ကြည့်လိုက်သည်။ သူမ နားလည်မှုလွဲတာမဟုတ်ရင် အကြီးတွေကို လေးစားမှုပြဖို့ ငယ်ရွယ်တဲ့သူတွေ သုံးတဲ့ လေးစားမှုအမူအရာဖြစ်တဲ့ "လာလည်တာ" ဆိုတဲ့ အသုံးအနှုန်းကို သုံးလိုက်တာမလား?

အစပိုင်းမှာ နည်းနည်းထူးဆန်းတယ်လို့ ထင်ရပေမယ့် စုန့်အာ့နန်က လင်းချွမ်ရဲ့အဒေါ်ဖြစ်ပြီး ဖေးခွမ်က လင်းချွမ်ရဲ့သူငယ်ချင်းဖြစ်တာကြောင့် ဖေးခွမ်အနေနဲ့ သူမကို အကြီးတစ်ယောက်လို ဆက်ဆံတာက အဓိပ္ပာယ်ရှိသည်။

စက္ကန့်အနည်းငယ်ကြာအောင် စဉ်းစားလို့ပြီးတော့၊ စုန့်အာ့နန်က ဖေးခွမ်ကို ကြင်နာပြီး ဖော်ရွေစွာနဲ့ ပြုံးပြလိုက်သည်။ "မင်္ဂလာပါ၊ ကျွန်မက စုန့်အာ့နန် ပါ၊ စုန့်လင်းချွမ် ရဲ့ အန်တီလေး"

ဖေးခွမ်က အန်တီ‌လေးရဲ့အမူအရာမှာ နည်းနည်းထူးဆန်းတယ်လို့ ခံစားမိပေမယ့် သူ့မှာ သိပ်အများကြီးတွေးဖို့ အချိန်မရှိပေ။ " ဖေးခွမ် ပါ၊ တွေ့ရတာဝမ်းသာပါတယ် .... "

စုန့်အာ့နန် ရဲ့ အပြုံးကို ပြန်မြင်တော့ ဖေးခွမ် စကားပြောနေရင်းကနေ ရပ်သွားသည်။ သူက သိပ်ပြီးအကင်းမပါးပေမယ့် ပြဿနာက ဘယ်နေရာမှာလဲဆိုတာ သူသိလိုက်သည်။

All Chapters