← Chapters

အခန်း (၁၉)

Vol. 2 Ch. 19

အခန်း (၁၉)

Vol. 2 Ch. 19

စုန့်လင်းချွမ်က ဘေးနားကနေ မရယ်မိအောင် ကြိုးစားနေသည်။ သူ့အန်တီလေးအကြောင်း သူကောင်းကောင်းသိသည်။ သူမက ငယ်ငယ်ကတည်းက အကြီးဖြစ်ချင်ခဲ့တာ။

သူမက အကြီးတစ်ယောက်လို အရှိန်အဝါမျိုး ထုတ်လွှင့်လေ့မရှိပေမယ့် တခြားသူတွေက သူမကို အသက်ကြီးတဲ့သူအဖြစ် မြင်တဲ့အခါဆို သူမက တခြားသူတွေရဲ့ အပြုအမူတွေကို သေချာပေါက် ဆုပ်ကိုင်ထားလိမ့်မည်ဖြစ်သည်။

သူမစကားအရဆို ဒါက မလေးစားတာလို့ ပြောလို့မရဘူး။

ဒါကြောင့် အန်တီလေးရဲ့ မျှော်လင့်နေတဲ့ အကြည့်နဲ့ သူ့သူငယ်ချင်းရဲ့ လှောင်ပြောင်ချင်တဲ့ အကြည့်အောက်မှာ ဖေးခွမ်က သူ့ပါးစပ်ကို ဖွင့်လိုက်သည်။ "သူငယ်ချင်း....လေး"

[ဘုရားရေ! သူငယ်ချင်းလေး? ဖေးခွမ်က ဘယ်လိုလုပ် ခေါ်လိုက်တာလဲ?]

[ဟာဟားဟား၊ အန်တီလေး ကြောင်သွားတယ်၊ အခုလေးတင် လေးလေးနက်နက် ကြင်နာတတ်တဲ့ အပြုံးလေးနဲ့ရှိနေတာ။ အဲ့လိုအပြုံးမျိုး ငါ့အဘွားဆီမှာဘဲ တွေ့ဖူးတယ်]

[ဒါပေမယ့် သေချာစဉ်းစားကြည့်တော့ အန်တီလေးကို အပြစ်တင်လို့ မရဘူး။ အရင်ဆုံး ရိုသေသမှုနဲ့ပြောနေတာဖေးခွမ်လေ ဒီတော့ စုန့်အာ့နန်လည်း သူနဲ့အတူအဆင်ပြေအောင်နေတာပေါ့]

[အကြီးမားဆုံး troll တဲ့သူက စုန့်လင်းချွမ်ဘဲ။ ဖေးခွမ် နားလည်မှုလွဲနေမှန်း သိသိရက်နဲ့ အန်တီလေးကို တမင်လှည့်စားနေသေးတယ်။ ဖေးခွမ် သူ့ကိုယ်သူ အရူးလုပ်နေတာကို ကြည့်ဖို့ စောင့်နေတာ]

သူငယ်ချင်းလေး?

စုန့်အာ့နန် အံ့အားသင့်သွားသည်။ ဘယ်လိုတောင် ခေါ်လိုက်တာလဲ?

သူမ မှတ်မိသလောက်တော့ သူမ 10 နှစ်ပြည့်ပြီးတဲ့ နောက်မှာ ဘယ်သူကမှ ဒီလိုမျိုး မခေါ်ကြဘူး။

စုန့်အာ့နန်လည်း ကြက်သေသေသွားသည်။ စက္ကန့်နည်းနည်းလောက် အံ့အားသင့်သွားပြီးတဲ့နောက်မှာ သူမနားလည်လိုက်သည်။

တကယ်တော့ စုန့်လင်းချွမ်ရဲ့ အတန်းဖော်တွေနဲ့ သူငယ်ချင်းတွေ ငယ်ငယ်တုန်းက သူမကို တွေ့တဲ့ အခါတိုင်း ပုံမှန်ဆို သူတို့တွေ သူမကို ဘယ်လိုခေါ်ရမှန်းမသိကြပါချေ။

ဒါကို သူမ နားလည်ပေးနိုင်တယ်။ တကယ်တော့ သူမ သူတို့ထက် အသက်ငယ်မှန်း သူမ သိသည်။

ဒါပေမယ့် သူငာ်ချင်းလေးလို့ အခေါ်ခံရတာက သူမကို ငယ်သေးတယ်လို့ ခံစားရစေကာ အကြောင်းတစ်ခုခုကြောင့် စုန့်အာ့နန်ကို နည်းနည်းမပျော်မရွှင်ဖြစ်စေသည်။

"ကျွန်မက ဆယ့်ခုနစ်နှစ်ရှိပြီ" စုန့်အာ့နန်က ဖေးခွမ်ကိုကြည့်ရင်း လေးလေးနက်နက် ပြောလိုက်သည်။ "ကျွန်မက သူငယ်ချင်းလေး မဟုတ်တော့ဘူး"

ဖေးခွမ် စုန့်အာ့နန်နဲ့ အကြည့်ချင်း ဆုံသွားသည်။ အန်တီ‌လေးရဲ့ကြည်လင်ပြီး ရိုးသားလှပတဲ့ မျက်လုံးတွေက သူဆီတည့်တည့်ကြည့်နေသည်။

ဒီအခိုက်အတန့်မှာ သူစုန့်လင်းချွမ်ရဲ့ အတွေးတွေကို ရုတ်တရက် နားလည်သွားသည်။ အရင်က သူ့ အန်တီလေးကို သေသေချာချာ ဖုံးကွယ်ထားတာ မအံ့ဩတော့ပါဘူး။

ဒါပေမယ့် ထပ်ပြောရရင် စုန့်အာ့နန်ရဲ့သွင်ပြင်က လက်ရာမြောက်ပြီး ချစ်စရာကောင်းတဲ့ အမျိုးအစားဖြစ်သည်။ ဒီလိုပုံစံမျိုးက သူမကို ပထမကတည်းက သဘာဝအတိုင်း နုပျိုစေသည်။

အပြစ်ကင်းစင်တဲ့ ဖြူစင်တဲ့ အမူအရာတွေအပြင် သူမဟာ တကယ့်အသက်ထက် ငယ်တဲ့ပုံပေါက်သည်။

"အိုး?" ဖေးခွမ်က နားမလည်ဟန်ဆောင်ကာ မေးလိုက်သည်။ "မင်းက အရွယ်မရောက်သေးပါဘူး၊ သူငယ်ချင်းလေးဘဲ ရှိသေးတယ်မလား?"

အန်တီလေး မကျေမနပ်ဖြစ်နေတာကို သူ သတိထားမိပေမယ့် အကြောင်းတစ်ခုခုကြောင့် သူမရဲ့ တုံ့ပြန်မှုကို မြင်လိုက်ရတော့ သူမကို နည်းနည်းစချင်လာသည်။

စုန့်အာ့နန်မှာ ပြောစရာမဲ့သွားရသည်။ "... နောက်နှစ်ဆို အရွယ်ရောက်ပြီ"

ဖေးခွမ်ရဲ့ မျက်လုံးတွေထဲမှာ ရယ်မြူးရိပ်တွေ ပြည့်နှက်နေကာ ခက်ခက်ခဲခဲ စဉ်းစားနေသလိုမျိုး ခပ်လေးလေးခေါင်းညိတ်လိုက်သည်။ "ကောင်းပြီ မှတ်ထားလိုက်မယ်"

စုန့်အာ့နန် - "???"

ဘာကို မှတ်ထားမှာ?

"နောက်နှစ်ကျရင် မင်းကို သူငယ်ချင်းလေးလို့ မခေါ်တော့ဘူး" ဖေးခွမ်က လေးလေးနက်နက် ပြောလိုက်သည်။

ဆိုတာက သူက သူမကို အဲ့အချိန်ထိ ခေါ်နေဦးမယ်ပေါ့။

စုန့်အာ့နန် - "..."

[ဟာဟားဟား၊ ဖေးခွမ်က သူ့ကိုတမင်ကလိနေတယ်ဆိုတာ ဆင့် ၅၀ တန် အစပ်ချောင်းတွေနဲ့ ငါ လောင်းရဲတယ်]

[မရ‌တော့ဘူး၊ ရယ်ရလွန်းလို့ မျက်နှာပါနာလာပြီ။ ဖေးခွမ်က အရမ်းဆိုးတာဘဲ သူက သူငယ်ချင်းလေးကို အနိုင်ကျင့်နေတယ်ဆိုတာ သိသာနေတာကို]

[အန်တီလေးက သူ့ကို ငြင်းချင်ပေမယ့် မငြင်းနိုင်ဘူး၊ သူချစ်စရာ ကောင်းလွန်းနေတယ် မဟုတ်ဘူးလား! ငါသာ ဖေးခွမ်ဆိုရင်လည်း သူ့ကိုစမိမှာဘဲ]

စုန့်လင်းချွမ်ရဲ့ မူလရည်ရွယ်ချက်မှာ ဖေးခွမ်သူ့ကိုယ်သူအရူးလုပ်တာကို မြင်ချင်ခဲ့တာဖြစ်ပေမယ့်၊ ဒီကောင်က စားပွဲကိုလှည့်ပြီး အဲ့ဒီအစား စုန့်အာ့နန်ကို စလာလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။ ဒါပေါ့ အဲ့ဒီအတွက် သူသည်းမခံနိုင်ဘူး။

"ဖေးခွမ်၊ ခေါင်းစဉ်ပြောင်းနေတာ ရပ်လိုက်တော့။ ငါ့အန်တီလေးကို သေသေချာချာခေါ်ဖို့ ငါပြောခဲ့တယ်လေ၊ ဘာမဆိုင်တာတွေ လျှောက်ပြောနေတာလဲ?"

ဖေးခွမ်က ပခုံးတွန့်လိုက်သည်။ "မတတ်နိုင်ဘူးလေ၊ ငါလည်း ငယ်ချင်ယောင်ဆောင်ချင်တာဘဲ၊ ဒါပေမယ့် သူက အရမ်းငယ်လွန်းတော့ သူငယ်ချင်းလေးလို့ ခေါ်လိုက်တာ၊ ငါလည်း မပြောတတ်ဘူး"

စုန့်အာ့နန်က မျက်တောင်ခတ်လိုက်ပြီး အရမ်းကိုနားလည်ပေးတတ်တဲ့ လေသံနဲ့ ပြောလိုက်သည်။ “ဒါဆို နာမည်ဘဲခေါ်၊ အဲ့ဒါဆို အဆင်ပြေတယ်"

သူငယ်ချင်းလေးလို့ သူ မခေါ်‌သရွေ့အဆင်ပြေတယ်။

ဒါပေမယ့် စုန့်လင်းချွမ်ကတော့ မပျော်မရွှင်ဖြစ်သွားသည်။ "ဟေး ဘာတွေပြောနေတာလဲ? သူက ငယ်ရင်တောင် အကြီးဖြစ်နေတုန်းဘဲ...."

စကားပြောနေရင်း လမ်းတစ်ဝက်မှာ ပြဿနာတစ်ခုကို သူရုတ်တရက် သဘောပေါက်သွားပြီး သူ့အသံက ဒီဂရီပေါင်းများစွား တိုးလာသည်။ "ဖေးခွမ် မင်းလူရမ်းကားကောင်၊ ဘယ်သူက ငယ်ချင်ယောင်ဆောင်နေလို့လဲ?!"

လူတိုင်း - "..."

သူ့ဦးစားပေးကိစ္စတွေကို လေးစားရမယ်။

နောက်တော့ ဖေးခွမ်နဲ့ စုန့်အာ့နန်ကြား အဆင်မပြေမှု တွေ နည်းနည်း ပျောက်သွားသည်။

သုံးယောက်သား ဆိုဖာပေါ်မှာ ပြန်ထိုင်လိုက်ကြပြီး စုန့်အာ့နန်က စုန့်လင်းချွမ်နဲ့ ဖေးခွမ်တို့ရဲ့တစ်ဖက်မှာ ထောင့်ဖြတ်အတိုင်း ထိုင်လိုက်သည်။

သူတို့ကြားက ကော်ဖီစားပွဲပေါ်က လက်ဆောင်အိတ်မှ အထူးတလည်ကို ထင်ရှားနေသည်။

ဖေးခွမ်က လက်ဆောင်အိတ်ကို တစ်ချက်ကြည့်လိုက်ပြီးနောက်တော့ တစ်ခုခုကို သတိရသွားဟန်နဲ့ စုန့်အာ့နန်ကို ကြည့်လိုက်သည်။ သူ့ရင်ထဲ ဒိတ်ခနဲခုန်သွားသည်။

ပေါက်ကရတွေ ဖြစ်ကုန်ပြီ!

သူရွေးထားတဲ့လက်ဆောင်က မသင့်တော်ဘူးထင်တာပဲ။

လက်ဆောင်ကို ပါးပါးနပ်နပ်နဲ့ ဘယ်လိုရှင်းရင်ကောင်းမလဲဆိုပြီး သူတွေးနေတုန်း စုန့်လင်းချွမ်က လက်ဆောင်ကို ရုတ်တရက် လက်ညှိုးထိုးလာကာ ပြောလာသည်။ "အန်တီလေးအတွက် လက်ဆောင် ပြင်ထားတယ်လို့ မင်းပြောခဲ့တယ် မဟုတ်လား? လာ၊ သူ့ကိုပေးလိုက်ပါလေ"

စုန့်အာ့နန် လန့်သွားပြီးဖေးခွမ်ကိုကြည့်လိုက်သည်။ "လက်ဆောင်လား?"

ဖေးခွမ်က ခိုင်ခိုင်မာမာနဲ့ ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်၊ ဒီတ်ိုင်းလက်ဆောင် သေးသေးလေးပါပဲ"

စုန့်အာ့နန်က နာနာခံခံနဲ့ "အိုး" လို့ပြောလိုက်ပြီး လက်ဆောင်ကို လက်ခံလိုက်သည်။ နောက်တော့ အန်တီလေးမျက်နှာမှာ အတွေးနက်သွားသည်။

သူက နှုတ်ဆက်လက်ဆောင်ကိုတောင် အထူးတလည်ပြင်ဆင်ထားသေးတယ် တကယ်ကို အရမ်းယဉ်ကျေးတာဘဲ။

ဒါဆိုသူမလည်း ယဉ်ကျေးမှုအရ လက်ဆောင်ပြန်ပေးသင့်တယ်လို့ စုန့်အာ့နန် တွေးလိုက်သည်။

ဒါပေမယ့် ဒီလိုရုတ်တရက်ကြီးဆိုတော့ သူမ ဘာလုပ်ရမှာလဲ? သူမ ဘာမှ မပြင်ဆင်ထားရဘူး။

တစ်ခုခုကို တွေးနေရင်း စုန့်အာ့နန်ရဲ့ မျက်လုံးတွေက တောက်ပလာသည်။ သူမသည် ဖေးခွမ်ကို ရုတ်တရက် ကြည့်ပြီး ပြောလိုက်သည်။ "ဒီမှာစောင့်နေဦး"

သူ့ကို တုံ့ပြန်ဖို့ အခွင့်အရေးတောင် မပေးဘဲ သူမက ရုတ်တရက် ထရပ်ပြီး အခန်းထဲကို ပြေးဝင်သွားသည်။

[ဟင်? အန်တီလေးက ဘာလုပ်မလို့လဲ? ရုတ်တရက် သူ့အခန်းထဲ ဘာလို့ပြန်ပြေးသွားတာလဲ?]

[ဟုတ်တယ်၊ ပုံမှန်ဆို နောက်တစ်ဆင့်က လက်ဆောင်ကို ဖောက်ကြည့်ရမှာ မဟုတ်ဘူးလား? ဖေးခွမ်က သူ့ကိုဘာသိသွားစေလို့များလဲ?]

[ ရိုးရိုးသားသား ပြောရရင် သူဝင်လာကတည်းက သူ့လက်ထဲက လက်ဆောင်အိတ်ကို ငါလှမ်းမြင်လိုက်တာ ]

[ကင်မရာမင်း၊ ဘာစောင့်နေတာလဲ? သူ့နောက်လိုက်သွားပြီး သူဘာတွေလုပ်နေလဲ သွားကြည့်လေ!]

...

ကင်မရာမင်းက သူမ နောက်ကို တကယ် လိုက်ချင်ပေမယ့် လိုက်လို့မရပါချေ။

ရိုက်ကူးရေး လိုအပ်ချက်တွေအရ သူတို့ရိုက်ကူးရေးအဖွဲ့သားတွေရဲ့ လှုပ်ရှားမှုဧရိယာထဲမှာ စုန့်အာ့နန်ရဲ့ အခန်းမပါပေ။

စုန့်လင်းချွမ်က စုန့်အာ့နန်ရဲ့ကိုယ်ရေးကိုယ်တာကို ကာကွယ်ဖို့ အထူးတလည် တောင်းဆိုထားတာဖြစ်သည်။

ဖေးခွမ် စုန့်လင်းချွမ်ကို လှည့်ကြည့်လိုက်သည်။

စုန့်လင်းချွမ်တစ်‌ယောက် စုန့်အာ့နန်ဘာလုပ်မလဲဆိုတာ ဝိုးတိုးဝါးဝါး မှန်းဆမိပေမယ့်သူကတော့ လုံးလုံးလျားလျား မပြောပြပါချေ။

စုန့်အာ့နန်ဘက်မှာတော့၊ သူမက အခန်းထဲ ပြေးဝင်လာပြီး ထောင့်နားက ခရီးဆောင်အိတ်ကို ဆွဲထုတ်လိုက်သည်။

တရုတ်နှစ်သစ်ကူးတုန်းက သူမမွေးရပ်မြေရှိ လူကြီးတစ်ယောက်ကပေးခဲ့တဲ့ စာအိတ်အနီလေးကို သူမအခုထိ မဖွင့်ရသေးဘူးဆိုတာ သတိရလိုက်သည်။ အဲ့ဒါက ခရီးဆောင်အိတ် အံဝှက်ထဲမှာ ရှိနေပြီး အခုတော့ အဆင်သင့်ဖြစ်သွားသည်။

ဘာပဲဖြစ်ဖြစ် ဖေးခွမ်က စုန့်လင်းချွမ်ရဲ့ သူငယ်ချင်းမို့လို့ သူ့ကို အငယ်အဖြစ် သတ်မှတ်လို့ ရသည်။ သူ့ကို နှုတ်ဆက်လက်ဆောင်အဖြစ် စာအိတ်အနီလေး ပေးလိုက်တာက သိပ်ပြီး မသင့်လျော်ဘူးလို့ စုန့်အာ့နန် တွေးမိသည်။

သေချာပေါက်ကိုဘဲ စာအိတ်အနီက ခရီးဆောင်အိတ်ရဲ့ အံဝှက်ထဲမှာ ရှိနေသည်။ စုန့်အာ့နန်က ဖွင့်လိုက်ပြီး အထဲက ပိုက်ဆံတွေကို ရေတွက်လိုက်သည်။

စုစုပေါင်း ခြောက်ရာခြောက်ဆယ့်ခြောက်ယွမ်ရှိနေသည်။

အ‌တော်ကောင်းတဲ့ ဂဏန်းတွေပဲ။ နှုတ်ဆက်လက်ဆောင်အတွက်ဆို တော်တော်သင့်တော်တယ်။

စုန့်အာ့နန်က စာအိတ်အနီကို ထုတ်ကာ ဧည့်ခန်းဆီ ပြန်သွားလိုက်သည်။

သူမက ဖေးခွမ် ဆီလျှောက်လာပြီး စာအိတ်အနီကို တိုက်ရိုက် ပေးလိုက်သည်။

ဖေးခွမ်မှာ ကြောင်သွားသည်။ "ဒါက ငါ့အတွက်လား?"

စုန့်အာ့နန်က ပြုံးလိုက်ပြီး သူမအသံက ပေါ့ပါးနေသည်။ "ဟုတ်တယ်၊ ရှင့်အတွက် စာအိတ်အနီ"

ဖေးခွမ် - "..."

[ဟားဟား၊ အန်တီလေးက အရမ်းရိုးသားတာဘဲ! စာအိတ်အနီပေးတာထက် တစ်စုံတစ်ယောက်ရဲ့ နှလုံးသားကို အနိုင်ယူဖို့ ပိုကောင်းတဲ့နည်းလမ်းက ဘာများလဲ?]

[ဝိုး ငါတို့ရဲ့အန်တီလေးက တော်တော်စဉ်းစားတတ်တာပဲ! လက်ဆောင်တစ်ခုရပြီးတော့ သူ့ရဲ့ပထမဆုံးတုံ့ပြန်မှုက လက်ဆောင် ပြန်ပေးမယ်ဆိုတာဘဲ။ သူက ကောင်းကောင်းမွန်မွန် ကြီးပြင်းလာခဲ့ရတာဘဲ! ငါသူ့ကိုချစ်လိုက်တာ!]

[ခဏနေပါဦး! ငါထင်တာမမှားရင် ငယ်တဲ့လူတွေကို လူကြီးတွေကဘဲ စာအိတ်နီ ပေးကြတာမဟုတ်လား? အန်တီလေးရဲ့ လှုပ်ရှားမှုကတော့ ရက်စက်လိုက်တာ]

[ ကောင်းလိုက်တာ၊ စာအိတ်နီလေးနဲ့ တူလေး ဖေးခွမ်ရဲ့ အဆင့်ကို အတည်ပြုလိုက်တာဘဲ၊ ဟက်]

တစ်ခဏလောက် တုံ့ဆိုင်းသွားပြီးတဲ့နောက်၊ ဖေးခွမ်က စုန့်အာ့နန်ရဲ့ စာအိတ်အနီကို လက်ခံလိုက်သည်။

အဓိက ကတော့ အန်တီလေးရဲ့ မျှော်လင့်စောင့်စားနေတဲ့ အကြည့်နဲ့ရင်ဆိုင်လိုက်ရတော့ သူမကို သူမငြင်းနိုင်တော့ပေ။ မဟုတ်လို့ရှိရင် သူ ဆိုးဆိုးရွာရွား အမှားလုပ်သွားပုံ ပေါ်သွားလိမ့်မည်။

သေချာပေါက်ကိုဘဲ ဖေးခွမ် စာအိတ်နီကို လက်ခံလိုက်တာနဲ့ စုန့်အာ့နန်က သိသိသာသာကိုဘဲ စိတ်သက်သာရာရသွားသည်။

သူလက်ခံလိုက်လို့၊ မဟုတ်ရင် တန်ပြန်လက်ဆောင်အနေနဲ့ ဘာပေးရမလဲဆိုတာကိုတော့ သူမ တကယ်မသိပေ။

စုန့်လင်းချွမ်က ဖေးခွမ်လက်ထဲက စာအိတ်နီကို တစ်ချက်ကြည့်လိုက်ပြီး နှာမှုတ်လိုက်သည်။

ဒီစာအိတ်အနီအကြောင်း သူသိသည်။ တရုတ်နှစ်သစ်ကူးတုန်းက အန်တီလေးက ဘိုးဘွားတွေကို ဂါရဝပြုဖို့အတွက် မွေးရပ်မြေကို မိဘတွေနဲ့အတူ ပြန်လာတော့ အိမ်နီးချင်းဖြစ်တဲ့ အဖွားက အန်တီလေးကို ပေးခဲ့တာဖြစ်သည်။ အဲ့ဒါကို ဘုရားကျောင်းမှာ ကောင်းချီးတွေဆုတောင်းခဲ့တဲ့အတွက် အဲ့ဒါကို အန်တီလေးက အဲ့ဒီအချိန်ကတည်းက တန်ဖိုးထားခဲ့တာဖြစ်သည်။ ဒီဟာကို ဖေးခွမ်ဆီ တကယ်ပေးလိုက်လိမ့်မယ်လို့ သူဘယ်သူထင်ထားမှာလဲ?

စုန့်လင်းချွမ်က အေးစက်စက်နဲ့ပြောလိုက်သည်။ "အရှက်ကိုမရှိဘူး၊ မင်းက လူကြီးဖြစ်နေပြီ၊ ငါ့အန်တီလေးရဲ့ စာအိတ်နီကို မင်းဘယ်လိုလုပ် လက်ခံရဲရတာလဲ?"

သူကျ တစ်ခုတောင်မရဘူး!

[အိုး! ငါမြင်တာမမှားရင် စုန့်လင်းချွမ် တစ်ယောက် သေချာပေါက်ကို မနာလိုဖြစ်နေတာ ဘဲ]

[စုန့်လင်းချွမ် - သူက ငါ့ကိုမဟုတ်ဘဲ ဘာလို့သူ့ကို စာအိတ်နီပေးရတာလဲ?]

[ဟာဟားဟားဟား၊ ငါသေတော့မယ်၊ စုန့်လင်းချွမ်က သူလည်း အရွယ်ရောက်နေပြီဆိုတာကို မေ့သွားတဲ့ပုံဘဲ၊ ဒါပေမယ့် သူကတော့ အရှက်မရှိ သူ့အန်တီလေးဆီမှာ မုန့်ဖိုးတောင်းနေသေးတယ်!]

ဖေးခွမ်က သူ့သူငယ်ချင်းကို တမင်တကာဆွသလို ပြုံးပြရင်း ပြောလိုက်သည်။ "ရိုက်ကူးရေးစကတည်းက ရခဲ့တဲ့ စာအိတ်နီကလွဲရင် ငါစာအိတ်နီမရတော့တာ ဘယ်လောက်ကြာပြီလဲ မသိဘူး။ ဒါကိုကောင်းကောင်းသိမ်းထားရမယ်"

အဲ့လိုပြောပြီးတာနဲ့ စုန့်လင်းချွမ်ရှေ့မှာဘဲ စာအိတ်နီကို သူ့အိတ်ကပ်ထဲ ထည့်လိုက်သည်။

ပြီးတော့ နှစ်ခါလောက် ပုတ်လိုက်သည်။

စုန့်လင်းချွမ် - "..."

ဖေးခွမ် မငြင်းတာကို‌တွေ့တော့၊ စုန့်အာ့နန်ရဲ့ ပါးစပ်ထောင့်က ကွေးတက်လာပြီး သူမပါးပြင်ပေါ်တွင် ပါးချိုင့်သေးသေး နှစ်ဖက်ပေါ်လာသည်။

တိုက်ရိုက်ထုတ်လွှင့်ခန်းထဲက ပရိသတ်‌‌တွေက တစ်ခဏလောက်ရယ်လိုက်ကြပြီး ဖေးခွမ်ပေးတဲ့ လက်ဆောင်ထဲမှာ ဘာတွေရှိမလဲဆိုတာ သိချင်လာကြသည်။

ဒါကြောင့် လက်‌ဆောင်ကို မြန်မြန်ဖွင့်ကြည့်ဖို့ စုန့်အာ့နန်ကိုပြောတဲ့ မှတ်ချက်တွေ စခရင်မှာကျည်ဆန်လိုပြည့်လာသည်။

ဝန်ထမ်းက ပရိသတ်တွေအစား အချိန်မီပြောလာသည်။ "အန်တီလေး၊ ဆရာဖေးဆီက ရထားတဲ့ လက်ဆောင်ကို မကြည့်တော့ဘူးလား?"

စုန့်အာ့နန်က ဖေးခွမ်ကို လှမ်းကြည့်ပြီး မေးလိုက်သည်။ "ရမလား?"

ဖေးခွမ်က တုံ့ဆိုင်းသွားပြီး ခက်ခက်ခဲခဲနဲ့ ခေါင်းညိတ်လိုက်သည်။ "... ရပါတယ်"

[အားး အန်တီလေးမှာ ဒီလိုအမူအကျင့်ကောင်းတွေ ရှိတာဘဲ။ သူက လက်ဆောင်ပေးတဲ့သူကို သူ့အရှေ့မှာ လက်ဆောင်မမဖွင့်ခင် မေးလိုက်သေးတယ်]

[ခဏနေဦး! ဖေးခွမ်ကို ကြည့်ရတာ နည်းနည်းစိတ်ပူ‌နေတဲ့ပုံဘဲ။ အထဲမှာ မသင့်တော်တဲ့ဟာတွေ ထည့်ထားလို့များလား?]

[ဝိုး! ကိစ္စတွေက စိတ်ဝင်စားစရာ ကောင်းလာပြီ။ အထဲမှာ ဘာတွေပါလဲ သိချင်လာပြီ ! ]

စုန့်အာ့နန်က မတုံးပေ။ သူမက ဖေးခွမ် တုံ့ဆိုင်းနေတာကို သတိထားမိပြီး တစ်ခဏလောက် အထုပ်ကိုဖွင့်ရမလား မဖွင့်ရမလား မသိဖြစ်သွားသည်။

ဒါပေမယ့် သူမစိတ်ထဲ မပြင်ဆင်ရသေးခင် စုန့်လင်းချွမ်က ကော်ဖီစားပွဲပေါ်က လက်ဆောင်အိတ်ကို အမြန်ယူလိုက်သည်။ "ငါ့ကိုပေးဖွင့်"

လက်ဆောင်အိတ်ထဲကနေ brand တစ်ခုက ထုပ်ပိုးထားတဲ့ဘူးတစ်ခုကို ထုတ်လိုက်သည်။ ထုပ်ပိုးထားပုံအရ ကြည့်ရတာ အရမ်းလက်ရာမြောက်သည်။

စုန့်လင်းချွမ်က ဖွင့်နေရင်း ရေရွတ်လိုက်သည်။ "အထဲမှာ ဘာလဲလို့ သိချင်လိုက်တာ၊ ခပ်တင်းတင်းကို ထုပ်ပိုးထားတာဘဲ"

အချိန်အတော်ကြာအောင် ရုန်းကန်ပြီးတဲ့နောက် နောက်ဆုံးတော့ ဖွင့်လိုက်နိုင်သွားသည်။

စုန့်အာ့နန်လည်း စူးစမ်းလိုစိတ်နဲ့ လည်ပင်းဆန့်လိုက်သည်။ သင်းပျံ့တဲ့ မွှေးရနံ့က သင်းပျံ့လာသည်။

ဗူးအတွင်းမှာတော့ အရမ်းမွှေးကြိုင်တဲ့ ပုလင်းခုနစ်လုံးနဲ့ ရေမွှေးအမျိုးအစား ခုနစ်မျိုးရှိသည်။

[အိုး! ဒီရေမွှေးလက်ဆောင် set ကို ငါသိတယ်၊ ဒါက ** ကဒီနှစ်ရဲ့ နောက်ဆုံး ထွက်ထားတဲ့ဟာဘဲ၊ ရဖို့ တော်တော်ခက်တယ်လို့ ကြားတယ်]

[ ဝါး အရမ်းအားကျတာဘဲ! ဒါက ငါ့ကောကော ဒီနှစ်မှာ စပြီး ကြော်ငြာပေးတဲ့ တန်ဖိုးကြီး ဇိမ်ခံအမှတ်တံဆိပ်ဘဲ။ ဒီ set က limited edition လေ၊ ငါဝယ်ချင်တာတောင် အချိန်မီမလုနိုင်လိုက်ဘူး]

[‌ဖေးခွမ်က သူကိုယ်တိုင်ကြော်ငြာထားတဲ့ ပစ္စည်းကို လက်‌ဆောင်ပေးတာက သိပ်မသင့်တော်ဘူးလားလို့?]

[ဟားဟား၊ ကိုယ်တိုင် ကြော်ငြာထားတဲ့ ပစ္စည်းကို တခြားသူတွေဆီ လက်ဆောင်ပေးလို့မရဘူးဆိုတဲ့ စည်းကမ်းကို ဘယ်သူက ချမှတ်ထားလို့လဲ? အဲ့ဒါက ပစ္စည်းကောင်းဘဲကို ဘာပြဿနာရှိလို့လဲ?]

[Tsk tsk၊ ဖေးခွမ်က သူဘာလုပ်နေလဲဆိုတာကို သူသိတယ်၊ ရေမွှေးက မိန်းကလေးတွေအတွက် အရမ်းသင့်တော်တဲ့ လက်ဆောင်ဘဲ]

[သင့်တော်တယ်လား? အိုး... စောစောက ဖေးခွမ်ဘာကို တုံ့ဆိုင်းနေလဲဆိုတာ ငါနားလည်လာပြီ။ ဒီရေမွှေးက အရမ်းကောင်းပေမယ့် အန်တီလေးအတွက်တော့ မသင့်တော်ဘူး]

[အင်း ငါလည်း သိပြီလို့ထင်တယ်...]

[အားး ညီအစ်မတို့ မချန်ထားခဲ့ပါနဲ့! ရှင်းပြပါဦး ဖေးခွမ် က ဘာကို တုံ့ဆိုင်းနေတာလဲ? အန်တီလေးအတွက် ဘာလို့ မသင့်တော်တာလဲ?]

All Chapters