အခန်း (၂၁)
Vol. 2 Ch. 21
ခဏအကြာ စုန့်လင်းချွမ်က ဝိုင်နီတစ်ပုလင်း၊ ဖန်ခွက်နှစ်ခွက်နဲ့အတူ ပြန်လာသည်။ သူက ဖန်ခွက်ထဲ ဝိုင်လောင်းထည့်လိုက်ပြီး ဖေးခွမ်ရှေ့ထားလိုက်သည်။
"ကျေးဇူးဘဲ" ဖေးခွမ်က ခေါင်းမမော့လာဘဲ ဖုန်းကိုငုံ့ကြည့်နေဆဲဖြစ်သည်။
စုန့်လင်းချွမ်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး မေးလိုက်သည်။ "အလုပ်တွေရှုပ်နေတာလား?"
ဖေးခွမ်က ခေါင်းခါလိုက်ပြီး "မဟုတ်ဘူး၊ ဒီတိုင်းအွန်လိုင်း ပေါ်မှာလိုက်ကြည့်နေတာ"
နောက်တော့ သူ့ဖုန်းကို စုန့်လင်းချွမ်ဆီ ပြလိုက်သည်။ "ကြည့်ဦး၊ မင်းရဲ့အန်တီလေးက အခုမင်းထက်အများကြီးပိုနာမည်ကြီးနေပြီ"
စုန့်လင်းချွမ်က စုန့်အာ့နန်အကြောင်း ရှာကြည့်ထားတဲ့ဝဘ်စာမျက်နှာကို စခရင်ကို ကြည့်လိုက်ပြီး မျက်ခုံးပင့်လိုက်သည်။ "ဒါပေါ့ ငါ့အန်တီလေးကို အကုန်လုံးချစ်ကြတယ်"
ဖေးခွမ်က တိုးတိုးလေး ရယ်လိုက်ပြီး ကော်ဖီ စားပွဲပေါ် ဖုန်းတင်လိုက်ကာ သူ့ရှေ့က ဝိုင်နီခွက်ကို လှမ်းယူလိုက်သည်။
အရင်တုန်းကဆို ဒါကိုကြားရင် သူစုန့်လင်းချွမ်ကို ရယ်မိမှာဘဲ။
ဒါပေမယ့် ဒီအချိန်မှာတော့ ဒါက အဓိပ္ပါယ်ရှိတယ်ဆိုတာ ဝန်ခံရမည်။ အန်တီလေးက တော်တော်သဘောကျဖို့ကောင်းတယ်။
"ငါမေးခွန်းမေးဖို့ အခွင့်ရေးမရလိုက်လို့ မင်းရဲ့အန်တီလေးကို variety show မှာပါဖို့ ဘာလို့ ရုတ်တရက် ခေါ်လာတာလဲ?" ဖေးခွမ်က မေးလိုက်သည်။
အရင်တစ်ခေါက် သူတို့တွေ့တုန်းကတောင် သူငြင်းနေသေးသည်။
စုန့်လင်းချွမ်က ပခုံးတွန့်လိုက်ပြီး "ဘာအကြောင်းကြောင့်မှ မဟုတ်ဘူး၊ ငါ့အန်တီလေးက အဲဒါကို တော်တော်စိတ်ဝင်စားနေလို့၊ ဒါကြောင့် သူနဲ့အတူလိုက်လာပေးလိုက်တာ"
ဖေးခွမ်က ဒီအဖြေအပေါ် မအံ့သြပါချေ။
နှစ်အတော်ကြာ စုန့်လင်းချွမ်အပေါ် သူနားလည်ထားပုံအရ ဒါက သူ့အန်တီလေးရဲ့ ပုံမှန်ပုံစံနဲ့ ကိုက်ညီသည်။
"မင်းကရော?" စုန့်လင်းချွမ် "ဒီဒရာမာ ရိုက်ကူးပြီးသွားရင် မင်းရဲ့ နောက်လာမယ့်အချိန်ဇယားကရော?"
ဖေးခွမ်က ဆိုဖာပေါ် ပျင်းရိပျင်းတွဲမှီလိုက်ပြီး "နောက်ထပ် ဘာများရှိနိုင်ဦးမှာလဲ? ဒီတစ်ပတ်မှာ ကြော်ငြာရိုက်စရာတွေ ရှိသေးတယ်၊ နောက်တစ်ပတ်မှာ ဒရာမာအသစ်တစ်ခု စတော့မှာမို့ ငါတော့ ဆက်တိုက်ဘဲ"
"ဒီလောက် တောင် အလုပ်ကြိုးစားနေတုန်းလား?" စုန့်လင်းချွမ်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး "ငါထင်တာမမှားရင် မင်း ဒီဒရာမာကို ရိုက်နေတာ တစ်နှစ်ခွဲရှိပြီ၊ မင်းဘာလို့ မနားတာလဲ?"
ဖေးခွမ်က တိုးတိုးလေး ရယ်လိုက်ပြီး "နှစ်အကြာကြီး ကျင့်သားရနေပါပြီ။ ရုတ်တရက်ကြီး အားလပ်သွားရင် အဆင်မပြေဖြစ်မှာ သေချာပေါက်ဘဲ"
စုန့်လင်းချွမ်လည်း တွေးကြည့်လိုက်တော့ အဲ့ဒါက အဓိပ္ပါယ်ရှိမှန်း သဘောပေါက်လိုက်သည်။ ဖေးခွမ် နဲ့တွေ့ပြီးကတည်းက သူ့အနေနဲ့ တစ်နှစ်ပတ်လုံးနီးပါး အနှောက်အယှက်ကင်းတဲ့ အခြေအနေမှာ အမြဲတမ်း ဒီအရှိန်အဟုန်နဲ့ အလုပ်လုပ်ခဲ့သည်။
ဒီအကြောင်းကို တွေးကြည့်ပြီးတော့ သူကအကြံပေးလိုက်သည်။ "ဒီနှစ်တွေမှာ မင်း variety show တွေမှာပေါ်လာတာရှားတယ်။ ဒီဒရာမာရိုက်ကူးပြီးရင်၊ မင်းရဲ့ အေးဂျင့်က မင်းအတွကိ ပိုပြီး စိတ်အေးလက်အေး ရှိတဲ့ variety show ဘာလို့ မယူပေးတာလဲ? အဲ့ဒါဆို မင်းလည်း အနားယူရင်း ပရိတ်သတ်တွေနဲ့လည်း အဆက်မပြတ်တော့ဘူးပေါ့"
"အဲ့ဒါကိုမေ့ထားကြရအောင်" ဖေးခွမ်က သူ့လက်ကို ခါယမ်းပြီး "လီတုန်လည်း အရင်ကအဲ့လို စိတ်ကူးရှိပေမယ့် variety show တွေကို ငါတို့ လိုက်ကြည့်တော့ ဘာမှကို သိပ်ပြီးမသင့်တော်ဘူး"
"အိုး?" စုန့်လင်းချွမ်က မျက်ခုံးပင့်လိုက်ပြီး "ဘယ်လိုဖြစ်တာလဲ?"
ဖေးခွမ်က ပြန်ဖြေလာသည်။ "အခုခေတ် ဈေးကွက်မှာ ပိုပြီး စိတ်အေးလက်အေးရှိတဲ့ variety show ပွဲတွေကယေဘုယျအားဖြင့်ဆို အမျိုးအစား နှစ်မျိုးခွဲထားတယ်လေ၊ တစ်မျိုးက မင်း လက်ရှိရိုက်နေတဲ့ မိသားစုဘဝ variety show အမျိုးအစားဖြစ်ပြီးတော့ နောက်တစ်ခုက dating variety show တွေဘဲ"
သူကအကြည့်ကိုအောက်ပို့လိုက်ပြီး ပါးစပ်ထောင့်မှာ ထူးဆန်းတဲ့ အပြုံးတစ်ခု အရိပ်အယောင်ပေါ်လာသည် "မိသားစု variety show တွေမှာတော့ ငါ့အတွက် အခွင့်အရေး မရှိတော့ဘူး။ dating show တွေဆိုလည်း ငါမသွားနိုင်ဘူး မလား?"
ဒါကိုကြားတော့ စုန့်လင်းချွမ် ခဏလောက် အံ့သြသွားသည်။
ဖေးခွမ်ရဲ့ မိသားစု အခြေအနေကို သူကောင်းကောင်း မသိပေမယ့် အချိန်အတော်ကြာ တစ်ယောက်ကို တစ်ယောက် နားလည်ခဲ့ကြတဲ့အတွက် 'မိသားစုနဲ့ variety show ရိုက်ဖို့ကိုတော့ အခွင့်အရေးမရှိဘူး' ဆိုတဲ့စကားလုံးတွေရဲ့ နောက်ကွယ်က အဓိပ္ပာယ်ကို သူယောင်ဝါးဝါး နားလည်နိုင်သည်။
သူက ဖေးခွမ်ပုခုံးကို ပုတ်လိုက်ပြီး "dating showကရော ဘာဖြစ်လို့လဲ? လိုက်ပြီးပရောပရည်လုပ်တာက မင်းကျွမ်းကျင်မတဲ့နယ်ပယ်ဘဲလေ၊ မင်းနဲ့ကွက်တိဘဲ"
ဖေးခွမ်က သူ့ကို လှမ်းကြည့်ရင်း ရယ်ကာကြိမ်းမောင်းလိုက်သည်။ "သွားစမ်းပါ!"
နှစ်ယောက်သား ဝိုင်သောက်ရင်း ပြတ်တောင်းပြတ်တောင်းနဲ့ စကားစမြည်ပြောဖြစ်ကြပြီး မသိလိုက်ဘာသာနဲ့ ဝိုင်နီပုလင်းအများစုမှာ ကုန်သွားသည်။
ရုတ်တရက် ဖေးခွမ်က တစ်ခုခုကို သတိရသွားပြီး စုန့်လင်းချွမ်ကိုကြည့်ကာ ပြောလာသည်။ "လွန်ခဲ့တဲ့ ခြောက်နှစ်လောက်က ငါ့ကုမ္ပဏီနဲ့ စာချုပ်ချုပ်တုန်းကဆို မင်းအန်တီလေး အသက် ၁၁ နှစ်လောက်ဘဲ ရှိသေးတာပေါ့..."
စုန့်လင်းချွမ် အံ့သြသွားပြီးနောက် ဖေးခွမ်စကားတွေရဲ့ အဓိပ္ပာယ်ကို ချက်ချင်းသဘောပေါက်လိုက်သည်။
လွန်ခဲ့တဲ့ ခြောက်နှစ်၊ ထိုအချိန်က သူနှင့် ဖေးခွမ် တို့ နှစ်ယောက်စလုံး talent show တစ်ခုတွင် ပါဝင်ခဲ့ကြပြီး နှစ်ဦးစလုံးက ထိပ်တန်းငါးဦးထဲ ဝင်သွားကာ အဖွဲ့တစ်ဖွဲ့တွင် အတူတကွ ပွဲဦးထွက်ခဲ့ကြပေမယ့် မတူညီတဲ့ ကုမ္ပဏီများရဲ့ စီမံခန့်ခွဲမှုနှင့် သက်ဆိုင်နေသည်။
သို့သော် ကွာခြားချက်မှာ ဖိုင်နယ်သို့ ဝင်ရောက်ပြီးနောက် စုန့်လင်းချွမ်ဟာ အနုပညာလောကတွင် နာမည်ရထင်ရှားတဲ့ အဓိကစီမံခန့်ခွဲတဲ့ကုမ္ပဏီတစ်ခုနဲ့ လက်မှတ်ရေးထိုးခဲ့သည်။
သို့သော် ဖေးခွမ်ကတော့ talent show မှာမပါခင် အလုပ်ရုံသဘော အသေးစား ကုမ္ပဏီတစ်ခုနှင့် လက်မှတ်ထိုးပြီးသွားပြီဖြစ်သည်။
သူ့ရဲ့ သူဌေးက အမြင်တိုပြီး ဖေးခွမ်ဟာ ကျော်ကြားလာတာကိုတွေ့တော့ သူ့ကို နည်းလမ်းပေါင်းစုံဖြင့် အသုံးချကာ အနုပညာရှင်ရဲ့ ရေရှည် ဖွံ့ဖြိုးတိုးတက်မှုအတွက် ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ လူကြိုက်များတဲ့အချိန်မှာ ငွေရှာရမည်ဆိုပြီးသူ့အတွက် အရမ်းပြည့်ကျပ်နေတဲ့ အချိန်ဇယားများကို စီစဉ်ပေးကာ သူ့အား အခွင့်ကောင်းယူဖို့ကိုသာ တွေးနေခဲ့သည်။
ဖေးခွမ်က အဲ့ဒီအချိန်မှာ အရွယ်ရောက်လာပြီဖြစ်ပေမယ့် သူဟာ အရမ်းရည်မှန်းချက်ကြီးသူဖြစ်သည်။ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန်အတွက်၊ သူက သဘာဝအလျောက် စာချုပ်ရပ်စဲချင်ပေမယ့် သန်းပေါင်းများစွာလျော်ကြေးတွေနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့်၊ ကူကယ်ရာမဲ့စွာနဲ့ အခွင့်အရေးကောင်းရမယ့်အချိန်ကို ကြံ့ကြံ့ခံစောင့်ဆိုင်းရန်သာရှိတော့သည်။
သို့သော် သူ့ကုမ္ပဏီက ပိုပိုပြီး လွန်ကဲလာကာ နောက်ပိုင်းတွင် သူ့ကိုသီးသန့် ညစာစားပွဲများ တက်ခိုင်းချင်လာကြသည်။ အမှန်တကယ်တော့ လိင်မှုကိစ္စများ ရောင်းဝယ်ဖောက်ကားသည့် လမ်းကြောင်းပေါ် သူဆင်းသွားစေရန် ရည်ရွယ်တာဖြစ်သည်။
ဖေးခွမ်ဟာ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်သူဖြစ်ပြီး အဲ့ဒီအချိန်က သူဟာ အဖွဲ့ထဲတွင် ဆက်ဆံရေးကောင်းသည့် စုန့်လင်းချွမ်ဆီမှ ငွေချေးယူနိုင်ခဲ့သည်။
စုန့်လင်းချွမ်ဟာ သူ့မိသားစုနောက်ခံအကြောင်း လူသိရှင်ကြား တစ်ခါမှ မပြောဖူးပေမယ့် သူ့ရဲ့ အပြောအဆို၊ အပြုအမူ၊ အဝတ်အစားနဲ့ အသုံးအဆောင်တွေက ကောင်းမွန်တဲ့ မိသားစုနောက်ခံကို ညွှန်ပြနေသည်။
သို့ပေမယ့်လည်း ဖေးခွမ် သူ့ကို မှားပြီးတော့ ကောက်ချက်ချမိတာ မဟုတ်ပေ။ အဲ့ဒီအချိန်တုန်းက စုန့်မိသားစုရဲ့စီးပွားရေးဟာ မြို့တော်ရဲ့ ချမ်းသာတဲ့အသိုင်းအဝန်းတွင် သူဌေးလက်သစ်မိသားစုဖြစ်သည်။
ဒါပေမယ့် ပြဿနာက အဲဒီအချိန်တုန်းက စုန့်လင်းချွမ် ကိုယ်တိုင်ဟာလည်း ပိုက်ဆံအများကြီးမရှိပေ။ talent show မှာပါဖို့ သူ့ဘာသာသူ ကျောင်းထွက်ခဲ့တာကြောင့် သူ့မိဘတွေ ကဒေါသထွက်ပြီး သူ့ကိုသန်းနဲ့ချီပြီး ချေးပေးဖို့ နေနေသာသာ ရုတ်တရက် နေထိုင်စရိတ်တောင် ဖြတ်တောက်ခဲ့သည်။
နောက်ပိုင်းတွင်၊ စုန့်လင်းချွမ်မှာ အဲ့ဒီတုန်းက သူ့ကို ခြွင်းချက်မရှိ ပံ့ပိုးပေးတဲ့ မိသားစုရှိ တစ်ဦးတည်းသောသူဖြစ်သည့် စုန့်အာ့နန်ဘက်ကို မတတ်နိုင်ဘဲ လှည့်သွားရသည်။ စုန့်လင်းချွမ် ပိုက်ဆံလိုတယ်ဆိုတာကြားတာနဲ့ စုန့်အာ့နန်က ဘာကြောင့်လဲလို့တောင် မမေးဘဲ သူမရဲ့ ဝက်ရုပ်စုဘူးတစ်ခုလုံးကို ထုတ်ပစ်လိုက်သည်။
အဲ့ဒီပိုက်ဆံဟာ အဲ့ဒီတုန်းက ဖေးခွမ်အကြပ်အတည်းဖြစ်နေချိန် ရလာတဲ့ပိုက်ဆံတွေဖြစ်သည်။
သို့ပေမယ့် ဖေးခွမ်က အဲ့ဒီပိုက်ဆံကို လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း အတိုးအပြည့်နဲ့ ပြန်ဆပ်ခဲ့သည်မှာ ကြာပြီဖြစ်ပေမယ့် အဲ့ဒီကျေးဇူးကိုတော့ သူ့ရင်ထဲမှာ အမြဲသိမ်းဆည်းထားသည်။
"ဟုတ်တယ် ငါ့အန်တီလေးက ငယ်ငယ်ကတည်းက ချမ်းသာတာ၊ မဟုတ်လို့ရှိရင် သူဘယ်လိုလုပ် ငါ့ကိုမုန့်ဖိုးပေးမှာလဲ?" စုန့်လင်းချွမ်က ပြောလိုက်သည်။
ဖေးခွမ်ကတော့ မယုံနိုင်စွာနဲ့ ကြည့်နေဆဲပင်။ (၁၁) နှစ်အရွယ် အန်တီလေးက အရမ်းသဘောထားကြီးတာက သူတို့မိသားစုက ချမ်းသာတယ်ဆိုရင်တောင် ဒါက နည်းနည်းတော့ လွန်သည်။
စုန့်လင်းချွမ်တစ်ယောက် ဖေးခွမ်ရဲ့ အတွေးတွေကို သဘာဝအလျောက် သိပေမယ့် စုန့်အာ့နန်ရဲ့ အခန်းဘက်ဆီ တစ်ချက် ကြည့်လိုက်ရာ သူ့အကြည့်တွေက အလိုအလျောက် စူးရှလာသည်။
"အဲ့ဒါကဇာတ်လမ်းရှည်ကြီးဘဲ၊ အဲ့ဒါနောက်ကွယ်မှာ အကြောင်းပြချက်အချို့ရှိတယ်။ အခွင့်အရေးရရင် နောက်တစ်ခါကျရင် ငါပြောပြမယ်"
ဖေးခွမ်လည်း သူ့မှာ အဆင်မပြေတာရှိလိမ့်မယ်လို့ ထင်လိုက်ကာ ပေါ့ပေါ့တန်တန် ခေါင်းညိတ်ပြလိုက်ပြီး သူဆက်မမေးတော့ပေ။
အဲ့ဒီအချိန် အိပ်ခန်းတံခါးက ရုတ်တရက်ပွင့်လာပြီး စုန့်အာ့နန်က လျှောက်လာသည်။
ဧည့်ခန်းကိုရောက်တော့ ကော်ဖီစားပွဲပေါ်က တစ်ဝက်လောက်ဘဲကျန်တော့တဲ့ ဝိုင်ပုလင်းကို သူမစူးစိုက်ကြည့်လိုက်သည်။
စုန့်လင်းချွမ်ခေါင်းထဲ အချက်ပေးသံတွေမြည်လာသည်။
သေပြီ!
ဒီနေ့မနက်တုန်းကဘဲ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်နေထိုင်တဲ့ အလေ့အထကို အလေ့အကျင့်လုပ်ဖို့ သဘောတူခဲ့ကြပေမယ့် ညဉ့်နက်တော့ အရက်သောက် နေတယ်။ သူ့အန်တီလေး ထပ်ပြီးစိတ်စိုးတော့မှာဘဲ။
တန်ပြန်အစီအမံတွေကို စဉ်းစားရင်း စုန့်လင်းချွမ်ရဲ့ စိတ်ထဲမှာတုန်လှုပ်သွားသည်။
စက္ကန့်အနည်းငယ်အကြာ သူကရုတ်တရက် မတ်တတ်ရပ်လိုက်ပြီး ဖေးခွမ်ကို လက်ညှိုးထိုးလိုက်ကာ ပြောလာသည်။ "ညဉ့်နက်နေပြီဆိုတော့ ဝိုင်သောက်တာ မကောင်းဘူးလို့ ငါ ပြောပေမယ့် သူက အတင်းသောက်ခိုင်းတာ။ အိမ်ရှင်အနေနဲ့ ဧည့်သည်ကို ငြင်းလို့ မရဘူးလေ။ ဒါနဲ့ ငါလည်း အင်တင်တင်နဲ့ သူနဲ့အတူ နည်းနည်းသောက်လိုက်တာ"
ဖေးခွမ်က အံ့ဩသွားပြီး မယုံကြည်နိုင်မှုအပြည့်နဲ့ စုန့်လင်းချွမ်ကို ကြည့်လိုက်သည်။
သို့ပေမယ့် ဒီအချိန်မှာ စုန့်လင်းချွမ်အနေနဲ့ သူ့ကို ဂရုစိုက်ဖို့အချိန်မရှိပေ။ သူက စုန့်အာ့နန်ကို မျက်နှာချိုသွေးသလို ပြုံးပြလိုက်ပြီး "အန်တီလေး ငါ နည်းနည်းလေးပဲ သောက်ထားတာ"
သူစကားပြောနေရင်း သူ့လက်နဲ့ ပုံစံ အသေးလေးတစ်ခုလုပ်လိုက်သည်။
"ကျန်တာတွေအကုန်လုံးကို ဖေးခွမ်ဘဲသောက်ထားတာ။ ငါ သူ့ကို ဖျောင်းဖျဖို့လုပ်ပေမယ့် သူနားမထောင်ဘူး။ သူဘယ်လိုလုပ် ဒီလောက်အများကြီးသောက်နိုင်မှန်း မသိဘူး" စုန့်လင်းချွမ်က ပြောလိုက်သည်။
ဖေးခွမ် - "..."
သူ ရုတ်တရက် နည်းနည်း စိတ်ရှုပ်သွားသည်။ သူမှတ်မိတာမမှားရင် အရက်သောက်ဖို့ အရင်ပြောတာ စုန့်လင်းချွမ် မဟုတ်ဘူးလား၊ သူဘဲ တစ်ခွက်ပြီးတစ်ခွက် သောက်နေတာ မဟုတ်ဘူးလား?
သို့ပေမယ့် ဖေးခွမ်က မတုံးပေ။ စုန့်လင်းချွမ်ရဲ့တုံ့ပြန်မှုကိုမြင်တာနဲ့ အန်တီလေးက စုန့်လင်းချွမ်ကို သောက်ခွင့်မပေးကြာင်း အကြောင်းရင်းကို သူအကြမ်းဖျင်း ခန့်မှန်းမိလိုက်သည်။
ဖေးခွမ်က စုန့်လင်းချွမ်အတွက်လား သူ့ကိုယ်သူခုခံရမလား စဉ်းစားလိုက်သည်။ "ဝိုင်နီနည်းနည်းလောက်သောက်တာက ကျန်းမာရေးအတွက် ကောင်းတယ်လေ...ဟုတ်တယ်မလား?"
စုန့်အာ့နန်က ခဏလောက် စဉ်းစားနေပုံရပြီး သူ့ကိုကြည့်ကာ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ "အဆင်ပြေပါတယ်"
ဒါပေမယ့် စားပွဲပေါ်က အလွတ်နီးပါးဖြစ်နေတဲ့ ပုလင်းကို သူမတစ်ချက်ကြည့်လိုက်သည်။ ဒီပမာက နည်းနည်းလောက်လို့ မယူဆနိုင်ပေ။
စုန့်အာ့နန်ရဲ့ အကြည့်ကိုနောက်ကိုလိုက်ရင်း ဖေးခွမ်မှာ မသက်မသာဖြစ်ငလို ချောင်းတစ်ချက်ဆိုးလိုက်သည်။
ကံကောင်းထောက်မစွာနဲ့ စုန့်လင်းချွမ်က အကြောင်းအရာကို အချိန်မီပြောင်းလိုက်သည်။ "အန်တီလေး၊ ငါ့ကိုရှာတာ တစ်ခုခုလိုလို့လား?"
စုန့်အာ့နန်က ခေါင်းခါလိုက်ပြီး "နင့်ကို ရှာတာမဟုတ်ဘူး"
နောက်တော့ သူမက ဖေးခွမ်ကို လှည့်ကြည့်လိုက်သည်။
ဖေးခွမ်က အံ့သြသွားပြီး "ငါ့ကိုလာရှာတာလား?"
စုန့်အာ့နန်က ပေါ့ပေါ့ပါးပါး အသံပြုလိုက်သည်။
ဖေးခွမ်က မျက်ခုံးပင့်ကာ စုန့်အာ့နန်ကို လှမ်းကြည့်နေပြီး သူမရှေ့ဆက် ပြောမှာကို စောင့်နေသည်။
စုန့်အာ့နန်က သူမရဲ့ ရည်ရွယ်ချက်ကို မထုတ်ပြောခင် နှုတ်ခမ်းတွေကို တင်းတင်းကျပ်ကျပ် ဖိလိုက်သည်။ "ဒါက ငါ့သူငယ်ချင်း တစ်ယောက်က ရှင့်ရဲ့ အမာခံပရိတ်သတ်လေ၊ အဲ့ဒါ သူ့အတွက် လက်မှတ်ထိုးပေးလို့ရမလား?'
ဖေးခွမ်က ဒါကို မမျှော်လင့်ထားပါချေ။
စက္ကန့်အနည်းငယ်လောက် သူ ခဏရပ်သွားပြီး တစ်ခုခုကို တွေးလိုက်သည်။ သူက ဘေးနားကစုန့်လင်းချွမ်ကို တစ်ချက်ကြည့်လိုက်ပြီး စုန့်အာ့နန် ကို ရုတ်တရက် ပြုံးပြလိုက်သည်။ "တခြားတစ်ယောက်ဆိုတာ ဟုတ်လို့လား?
စုန့်အာ့နန်က မျက်တောင်ခတ်လိုက်ကာ နည်းနည်းနားမလည်ဖြစ်သွားသည်။ "တခြားတစ်ယောက်ဆိုတာ ဟုတ်လို့လာ?"
သူဘာကိုဆိုလိုတာလဲ?
သူမက လိမ်နေတာလို သူ သံသယဝင်နေတာလား?
ဖေးခွမ်ရဲ့နှုတ်ခမ်းထောင့်တွေက တွန့်တက်လာပြီး သူမကို ညင်သာစွာကြည့်ကာ ပြောလိုက်သည်။ "စိတ်မပူပါနဲ့ လင်းချွမ်က အဲ့လိုသဘောထားသေးတဲ့သူ မဟုတ်ပါဘူး၊ မင်းက ငါ့ရဲ့ ဖန် မှန်းသူသိရင်တောင် မနာလိုဖြစ်မှာမဟုတ်ဘူး"
သူကစကားပြောနေရင်းနဲ့ စုန့်လင်းချွမ်ဘက်ကို တမင်သက်သက်ခေါင်းညိတ်ပြလိုက်သည်။ "ဟုတ်တယ်မလား?"
"ငရဲလိုပဲ!" စုန့်လင်းချွမ်က သူ့ကို တံတောင်ဆစ်နဲ့ ထိုးလိုက်ပြီး "ဆုတောင်းနေလိုက်"
သူ့အန်တီလေးက ကြယ်ပွင့်တွေနောက်ကို မလိုက်ဘူးဆိုတာမပြောနဲ့ဦး၊ အဲ့လိုသာဖြစ်ခဲ့မယ်ဆိုရင် သူမက သူ့ရဲ့ဖန်ဘဲ ဖြစ်လိမ့်မှာ။
စုန့်အာ့နန်မှာ တစ်ခဏလောက် အံ့အားသင့်နေပြီး နောက်ဆုံးမှာမှ ဖေးခွမ် စကားရဲ့ အဓိပ္ပာယ်ကို သဘောပေါက်သွားသည်။
သူ သူမကို ထပ်စနေပြန်ပြီ!
စုန့်အာ့နန်က ဖေးခွမ်ကို စိုက်ကြည့်ရင်း သူမ မျက်နှာက မကျေမနပ်ဖြစ်နေသည်။
ဖေးခွမ်ရဲ့ မျက်ခုံးထောင့်တွေက ပင့်တက်လာပြီး သူအကျယ်ကြီး ရယ်မိလုနီးပါးပင်။
ဒါပေမယ့်ဘယ်အချိန်မှာ တိတ်နေရမလဲဆိုတာလည်း သူသိသည်။ သူရယ်ချင်တာကို ထိန်းထားရင်း ညင်ညင်သာသာနဲ့ပြောလိုက်သည်။ "လက်မှတ်ထိုးထားတဲ့ ဓာတ်ပုံဆို အဆင်ပြေရဲ့လား? အဲဒါဆိုရင် ငါ့အေးဂျင့်မှာရှိ..."
"နေပါဦး နင့်အခန်းဖော်က ငါ့ဖန်မဟုတ်ဘူးလား?" စုန့်လင်းချွမ်က ဖေးခွမ် စကားကို ရုတ်တရက် ဖြတ်ပြီး စုန့်အာ့နန်ကို မေးလိုက်သည် ။
စုန့်အာ့နန်လည်း လန့်သွားသည်။
မကောင်းတော့ဘူး၊ ဒါကို သူမ မေ့သွားတယ်
သူမက စုန့်လင်းချွမ်ကိုကြည့်နေပြီး ပါးစပ်ကိုဖွင့်လိုက်ပိတ်လိုက် လုပ်နေကာ နည်းနည်း အားနာစွာနဲ့ပြောလိုက်သည်။ "ငါအဲ့လိုမပြောခဲ့ပါဘူး၊ နင့်ဘာသာထင်သွားတာလေ"
စုန့်လင်းချွမ် - "..."
စုန့်အာ့နန်က တာဝန်ဝတ္တရားတွေကို ခေါင်းရှောင်တတ်တဲ့သူမဟုတ်ပေ။ သူမက ခဏလောက် ကိုယ့်ဘာသာကိုယ် ပြန်စဉ်းစားလိုက်ပြီး "ဒါပေမယ့် နင့်ရဲ့အမှားလည်း မဟုတ်ပါဘူး၊ ငါ ရှင်းရှင်းလင်းလင်း မရှင်းပြခဲ့လို့ နင့်ကို အထင်မှားအောင်လုပ်လိုက်မိတာ"
စုန့်လင်းချွမ် ဂရုစိုက်တာက ဘယ်သူ့မှာ တာဝန်ရှိလဲဆိုတာ မဟုတ်ပေ။ သူဂရုစိုက်တာက...
"မဟုတ်သေးဘူး၊ နင့်အတန်းဖော် အကြိုက်က ဘယ်လိုတောင်လဲ?"
ပြောပြီးတဲ့နောက် သူက ဒေါသတွေအပြည့်နဲ့ ဖေးခွမ်ကိုစိုက်ကြည့်လိုက်သည်။
အဲ့ဒီအချိန် စုန့်အာ့နန်က လုပ်လေ့လုပ်ထမရှိစွာ ဆောင့်ကြီးအောင့်ကြီးနဲ့ ပြောလာသည်။ "ဟုတ်တယ်၊ သူ့အကြိုက်တွေက အမြဲတမ်း ဆိုးနေတာပဲ"
ဖေးခွမ် - "..."
စုန့်အာ့နန်ရဲ့ စကားကိုကြားတော့ စုန့်လင်းချွမ်လည်း ချက်ချင်းဘဲ ပြုံးသွားသည်။
ဒီတူဝရီးနှစ်ယောက်က သူ့ကို ဝိုင်းဖွဲ့ပြီး လှောင်ပြောင်နေတာတွေ့တော့ ဖေးခွမ်မှာ မရယ်ဘဲမနေနိုင်တော့ပေ။
တစ်ခုခုကိုတွေးမိသွားပြီး သူက မျက်ခုံးပင့်ကာ ရွှတ်နောက်နောက် ပြုံးလိုက်သည်။ "ငါ့ကို သဘောကျတာက အကြိုက်ဆိုးတယ်ဆိုတာ သေချာလား?"
သူဟာ ဘယ်သူ့ကို ဆွဲဆောင်နိုင်တဲ့ ဆွဲဆောင်မှုရှိတဲ့ မျက်လုံးတစ်စုံနဲ့ မွေးဖွားလာခဲ့တာဖြစ်သည်။ ဘာအမူအရာမှမရှိဘဲ စိုက်ကြည့် နေရင်တောင် တစ်ယောက်ယောက်ကို ကျရှုံးသွားစေနိုင်သည်။ သူပြုံးလိုက်တဲ့အခါဆို သူ့မျက်ခုံးကြားရှိ ကြည့်ကောင်းမှုမှာ ရိုးရိုးရှင်းရှင်းကို လှုံ့ဆော်ပေးနေပြီး မသိစိတ်ကနေ ညှို့ယူတတ်သည်။
စုန့်အာ့နန်မှာ ရုတ်တရက် အေးခဲသွားပြီး စက္ကန့်အတော်ကြာ အံ့အားသင့်သွားကာ ဖြည်းဖြည်းချင်း သတိပြန်ဝင်လာသည်။
သူမရှေ့မှ ချောမောလှပတဲ့ မျက်နှာကို စိုက်ကြည့်ရင်း သူမရင်ဘတ်ထဲတွင် မယုံနိုင်လောက်အောင် လျင်မြန်နေတဲ့ နှလုံးခုန်သံကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။
လီစစ်ရွေ့မကြာခဏပြောလေ့ရှိတဲ့ - သူ့အကြည့်က 'သေစေလောက်တဲ့ဆွဲဆောင်မှု' ဆိုတာ ဒါများလား? !
"ဖေးခွမ် သေစမ်း! ပရောပရည်လုပ်နေတာ ရပ်လိုက်!" စုန့်လင်းချွမ်က ရွံရှာမှုအပြည့်နဲ့ ဖေးခွမ်ရဲ့ကျောကို ရိုက်လိုက်သည်။ "မင်းက အရမ်းငယ်သေးပေမယ့် အရမ်းစိတ်ကြီးဝင်နေတာဘဲ ကျွတ်စ် ကျွတ်စ် "